အမှတ်တရများ
Vol. 41 Ch. 569
ကြယ်တာရာ နယ်မြေတစ်ခုလုံး ခြောက်ကပ်နေသည့်တိုင် ဂြိုဟ်များ၊ ကုန်းမြေတိုက်ကြီးများ၊ နေကြယ်များမှာ သူ့ ပတ်လမ်းအတိုင်း ဆက်လက် ရွေ့လျားနေဆဲ ဖြစ်သည်။ ထိုအထဲ၌ လူမသိ၊ သူမသိ ဆိတ်ငြိမ်စွာ တည်ရှိနေသည့် ကုန်းမြေတိုက်ငယ်လေး တစ်ခုလည်း အပါအဝင် ဖြစ်သည်။
ဝမ်... ဝမ်...
ဝင်္ကပါ လည်ပတ်သံများနှင့် အတူ ဝူ နက္ခတ် မျှော်စင်မှာ ရောင်စုံ အလင်းတန်းများနှင့် လင်းလက်လာကာ ဝေ့ဝူယင် ပေါ်လာခဲ့သည်။ လောက ရွှေ့ပြောင်းခြင်း ကွန်ယက်ကြောင့် ဟင်းလင်းပြင် ဂိတ်တံခါး အားလုံး ပျက်စီးသွားခဲ့သည့်တိုင် ဟင်းလင်းပြင် ပဲ့တင်သံလှိုင်း ဆယ်ခုကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင် အတွက်တော့ ပြန်လည် ပြုပြင်ရန် မိနစ်ပိုင်းမျှသာ ကြာမြင့်ပေသည်။
ဝေ့ဝူယင် မွေးရပ်မြေ၏ လေထုကို ရှူသွင်းရင်း ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ ခံစားချက် အရိပ်အယောင် အချို့က သူ့ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။ ထိုအရာက အကိုကြီး အမြဲတမ်း အိပ်မက်မက်ခဲ့ရသည့် ဝူနက္ခတ် မျှော်စင်ပင် ဖြစ်သည်။ သူက တစ်နေ့တွင် ဝေ့ဝူယင်ကို ခေါ်သွားပေးရန် ကတိပေးခဲ့သည်။ သို့သော်လည်း ဘယ်တော့မှ မလုပ်နိုင်ခဲ့။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင် ကိုယ်ပိုင် အစွမ်းအစဖြင့် ထိုနေရာကို ရောက်ရှိအောင် ခရီးနှင်နိုင်ခဲ့ပေသည်။ ထို့အပြင် ဝူနက္ခတ် မျှော်စင်မှာ အကိုကြီး ပြောပြခဲ့သည်များထက်ပင် ပိုမို ဆန်းကြယ်ကာ ကြီးကျယ် ခမ်းနားသည်ဟု သူခံစားရသည်။ ၎င်းက သည်အတိုင်း မျှော်စင်ပျံ တစ်ခုမျှသာ မဟုတ်ချေ။ ကျင့်ကြံသူများအား မည်သည့် နေရာကို မဆို သွားလာနိုင်အောင် ပို့ဆောင်ပေးနိုင်သည့် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု ဖြစ်ပေသည်။
“အကိုကြီးသာ သိရင် တကယ် အံ့သြမှာပဲ”
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်သွားကာ ကောင်းကင်ဝူမြို့တော် အထက်သို့ ရောက်ရှိလာသည်။
သက်ရှိ အရိပ်အယောင် ကင်းမဲ့နေသည့် လမ်းများ၊ အဆောက်အဦများကို ကြည့်ရင်း သူ နောက်တစ်ကြိမ် သက်ပြင်းချ လိုက်မိ၏။ စုမေ့ထံမှ တစ်ဆင့် ဝူတိုင်းပြည်၏ ဇာတ်လမ်း တစ်စိတ်တစ်ပိုင်းကို သူ သိရှိခဲ့ရပြီး ဖြစ်သည်။
သူတို့ ထွက်ခွာသွားပြီးနောက်တွင် ဝူကျိုးမှာ အနန္တ ကုန်းမြေတိုက်ကြီးကို သိမ်းပိုက်ကြောင်း ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် သူက လုံချန်၏ မရေမတွက်နိုင်သော မဟာမိတ်များကို အမုန်းတရားနှင့် အတူ သွေးချောင်းစီးသည် အထိ သတ်ဖြတ်ခဲ့သည်။ ရှန်းလင်မှာ ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့။ ၎င်းက လုံချန်၏ ကမ္မတန်ဖိုး လျော့နည်းနေကြောင်း ပြသခဲ့သည့် ပထမဆုံး လက္ခဏာပင် ဖြစ်သည်။
သို့သော်လည်း လုံချန်မှာ သူ့ ကျိန်ဆိုခဲ့သည့် ကတိကို တည်ခဲ့ပေသည်။ လုံလောက်သည့် ကျင့်ကြံခြင်း အဆင့် တစ်ခုသို့ ရောက်ရှိပြီးနောက်တွင် သူက အနန္တ ကုန်းမြေတိုက်ကြီးသို့ ပြန်သွားကာ ဝူကျိုးကို အင်ပါယာ တိုက်ပွဲ စိန်ခေါ်ခဲ့သည်။ ထိုတိုက်ပွဲက လျှင်လျှင်မြန်မြန်ပင် ပြီးဆုံးသွားကာ လုံချန် အနိုင်ရခဲ့သည်။ ဝူကျိုးကတော့ အလောင်းကောင်ပင် မကျန်သည် အထိ ဖျက်ဆီးခံခဲ့ရသည်။
ဝူကျိုး သေဆုံးပြီးနောက်တွင် သားဖြစ်သူ ဝူချန်းက ဧကရာဇ် ပလ္လင်ကို ဆက်ခံခဲ့သည်။ သူက လုံချန်၏ ပံ့ပိုးမှုကို ရရှိထားရာ မည်သူမှ ထိုသြဇာအာဏာကို စောဂက မတက်ဝံ့ခဲ့ကြချေ။ ထို့အပြင် ဝူချန်းက ဘုရင်ကောင်း တစ်ပါး ဖြစ်ပေသည်။
ဟူး... ဟူး...
ဝေ့ဝူယင် ကောင်းကင်ဝူမြို့တော်ထက်တွင် ဖြည်းညင်းစွာပင် ပျံ့သန်းလာနေခဲ့၏။ နောက်သို့ ပြန်လှည့်ကြည့်လိုက်တိုင်း လမ်းမတိုင်းက သူ့အတွက်တော့ အမှတ်တရများနှင့် ပြည့်နှက် နေပေသည်။ မကြာခင်မှာပင် ချင်ချူးမူနှင့် စတင် ဆုံတွေ့ခဲ့သည့် နေရာကိုပင် သူ လှမ်းမြင်လိုက်ရ၏။ ထိုနေ့က သူ ချင်ချူးမူကို ကျူးလန်နှင့် မှားခဲ့ခြင်း ဖြစ်သည်။
ကျူးလန်...
ထိုလှပ ကောက်ကျစ်သည့် မိန်းကလေးမှာ သူ့ကဲ့သို့ပင် နေသွေးနီနီးဂိုဏ်း၏ အဓိက တပည့် တစ်ယောက် ဖြစ်သည်။ သူတို့ နှစ်ယောက် ပေါ်တင်ရော၊ နောက်ကွယ်တွင်မှာပါ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြဖူးသည်။ သူ့ထံတွင် ကျင့်ကြံခြင်း ရတနာ တစ်ခု ရှိနေသည်ဟု ယူဆခဲ့ခြင်းက သူမ၏ လောဘများကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့ဟန် တူသည်။
ကျူးလန်အတွက် စိတ်မကောင်းစရာပင် တကယ်တမ်း၌ သူ ပိုင်ဆိုင်ခဲ့သမျှက ပါရမီ နည်းနည်းနှင့် ကံနည်းနည်းသာ ဖြစ်သည်။
ဦးတည်ချက် မရှိသည့် အတွေးစများ အတွင်း ဆက်လက် နစ်မြောနေရင်း ကိုယ့်ကိုယ်ကို သတိမထားမိခင်မှာပင် ဝေ့ဝူယင်မှာ ဝူတိုင်းပြည်၏ တောင်ပိုင်းသို့ ရောက်ရှိလာခဲ့၏။
ရှေ့မိုင်ပေါင်းများစွာ အကွာရှိ ရှင်းတိုင်းပြည်ကိုပင် သူ လှမ်းကာ မြင်တွေ့နေရပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်လောက်က ထိုနေရာတွင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှ မြင်နိုင်သည့် သစ်ပင်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ ၎င်းက ပြင်းပြသော ဆန္ဒနှင့် အတူ နေနှင့်လတို့ကို ထိတွေ့ခွင့် ရရှိရန် ကောင်းကင်ဆီ ချီတက်ခဲ့သည်။ သို့သော်လည်း လမ်းခုလတ်တွင်ပင် ပြိုလဲကာ သန်းပေါင်းများစွာသော အသက်များနှင့် အတူ အဆုံးသတ်ခဲ့ရသည်။
အသိစိတ်ပင်လယ်ထဲမှာ ဧဒင်၏ အကိုင်းအခက်များမှာ အနည်းငယ် လှုပ်ရှားသွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ၎င်းထံမှ စိတ်လှုပ်ရှားမှုများကို ဝေ့ဝူယင် ထင်ထင်ရှားရှားပင် ခံစားနိုင်ပေသည်။ ရှင်းတိုင်းပြည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ဧဒင်၏ အိမ်ဖြစ်ခဲ့သော နေရာ ဖြစ်သည်။ ၎င်းက သူ့ မွေးရပ်မြေ၊ သူ့အတိတ် ဖြစ်ပေသည်။
“မင်း လွမ်းနေတာလား...”
ဝေ့ဝူယင်က မေးလိုက်၏။ ဘာ့ကြောင့်မှန်း မသိသော်လည်း ထိုမေးခွန်းကို မေးရန် လိုအပ်သည်ဟု သူ ခံစားရသည်။
“အင်း... ဒါပေမဲ့ အခု ကျုပ်က အကောင်းဆုံး အိပ်မက်တွေထဲမှာ ရှင်သန်နေတာ... ကျုပ် လိုချင်ခဲ့တဲ့ အကောင်းဆုံး ဘဝမှာ အကောင်းဆုံး အဖော်၊ အကောင်းဆုံး မိသားစုဝင်တွေနဲ့ပေါ့လေ... ကျုပ်မှာ နောင်တ ရစရာ မရှိဘူး”
ဧဒင်၏ အသံက နှေးကွေးလှသော်လည်း သံမဏိ ကဲ့သို့ ခိုင်မာ ပြတ်သားခြင်းများနှင့် ပြည့်နှက် နေသည်။
“ဟီး ဟီး... အကောင်းဆုံး အဖော်... ငါက အကောင်းဆုံးပဲ”
အိုရီက ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်၏။ ဘုရင်ကလည်း အနည်းငယ် ထူးဆန်းသေည့် “ကလန့်” ဆိုသော အသံကို ထုတ်လွှတ်လိုက်သည်။
“...”
ခရာတိုမှာ ထူးထူးခြားခြားပင် ငြိမ်သက်နေ၏။ သို့သော်လည်း ပုံမှန် မဟုတ်သည့် နှလုံးခုန်သံက သူ့ခံစားချက်များကို သစ္စာဖောက် နေပေသည်။
ဝေ့ဝူယင်၏ ကြယ်တာရာ ဝိညာဥ် လေးခုတွင် ဧဒင်မှာ ကိုယ်ပိုင် ဘဝနှင့် ရှင်သန်ခဲ့ဖူးသည့် တစ်ခုတည်းသော ဝိညာဥ် ဖြစ်သည်။ သူ့တွင် မရေမတွက်နိုင်သော မှတ်ဉာဏ်များ၊ အတွေ့အကြုံများ ရှိခဲ့ဖူးသည်။ မြေကြီးထဲမှ တိုးထွက်ခါစ အပင်ပေါက်ငယ် ဘဝတည်းက ဧဒင်၏ ဆန္ဒက မိသားစုကို ရှာဖွေရန် ဖြစ်သည်။ ထိုအတွက် သူ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ အပင်ပေါက်ငယ် ဘဝမှ နေ၍ မိုးထိလု မတတ် အမြင့်တိုင်အောင် သူ ကြီးထွားခဲ့သည်။ နေနှင့် လတို့ကို မိခင်နှင့် ဖခင်တို့ အဖြစ် သူ မှတ်ယူခဲ့သည်။
ဤသို့နှင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်တွင် ပျော်ရွှင်စရာ ကောင်းသည့် မိသားစု တစ်ခုကို သူ တွေ့ရှိခဲ့ရပြီ ဖြစ်သည်။
အိုရီယန်နာ...
ဘုရင်...
ခရာတို...
နောက်ပြီး သူကိုယ်တိုင်...
နာရီ အနည်းငယ် ကြာအောင် ပျံသန်းပြီးနောက်တွင် ဝေ့ဝူယင်မှာ မြို့တစ်မြို့ကို လှမ်းကာ တွေ့လိုက်ရ၏။
မြို့...
သူ၏ အကြီးမားဆုံးနှင့် အနာကျင်ရဆုံး မှတ်ဉာဏ်များ စီခြယ်ထားရာမြို့...
ဂျိုးငှက်နီမြို့...
ဂျိုးငှက်နီ မြို့လေးမှာ နည်းပညာနှင့် လူမှု အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်သည့် မြို့တစ်မြို့တော့ မဟုတ်ချေ။ သို့သော်လည်း အဆင့်နိမ့် ကျောက်တုံး မိုင်းတွင်း အချို့နှင့် စိုက်ခင်းများကို ပိုင်ဆိုင်ထားလေရာ ကိုယ်ပိုင် ဖူလုံမှု ရှိပေသည်။
ဂျိုးငှက်နီမြို့ အတွင်းမှ နေ၍ အမျိုးမျိုးသော ဆေးပင်များကို အခြားမြို့များသို့ တင်ပို့သည်။ ထိုအထဲတွင် ဂျိုးငှက်နီ သူတော်စင် ဟု ခေါ်သော ဆေးပင် တစ်မျိုးမှာ အလွန်ပင် ထင်ရှားကာ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက် အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရာတွင် အသုံးပြုသည်။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ အစောင့်ကင်းမဲ့နေသည့် ဂိတ်တံခါးများ အနားသို့ ရောက်ရှိ လာခဲ့၏။ ၎င်း၏ စက်ဝိုင်း ပုံသဏ္ဌာန် ဝင်ပေါက်က သူ မှတ်မိသည်နှင့် များစွာ ကွာခြားနေပေသည်။ ဤနေရာသို့ မရောက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မြို့တံခါးကို ထိတွေ့လိုက်သည်နှင့် အရောင်ပြယ်လု ဆဲဆဲ အမှတ်တရ များစွာမှာ ဝေ့ဝူယင်၏ အာရုံ အတွင်း ထင်ရှားစွာ ပြန်လည် တိုးဝင်လာခဲ့၏။ သွေးစိမ်းရှင်ရှင် ရနံ့၊ နာကျင်သော အော်ဟစ်သံများနှင့် ငိုကြွေးသံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများ...
“ဒါက မင်းရဲ့ အိမ်လား...”
ဝမ်ယုထျန်း၏ အသံက ဝေ့ဝူယင်၏ အသိစိတ်ကို လက်တွေ့သို့ ပြန်လည် ရောက်ရှိသွားစေ၏။ သို့သော်လည်း သူ ပြန်လည် ဖြေကြားခြင်း မပြုချေ။ ဂိတ်တံခါးနားတွင် တစ်နာရီခန့် ကြာမြင့်အောင် ဦးတည်ချက်မဲ့ ရပ်နေခဲ့မိ၏။ ထိုအခိုက်အတန့်၌ အချိန်၏ အရေးပါမှုက သူ့အတွက် လျော့ကျသွားသယောင်ပင်။
“ဟုတ်တယ်...”
ခပ်တိုးတိုး ပြန်လည် ဖြေလိုက်ပြီးနောက် သူက တည်ငြိမ်သော ခြေလှမ်းများနှင့် မြို့တံခါး အတွင်း လှမ်းဝင် လိုက်သည်။ အဆောက်အဦများမှာ အားလုံး ဖွင့်နေကြကာ စားသောက်ဆိုင်များ အတွင်းရှိ ပန်းကန်များ၊ ခွက်ယောက်များမှာလည်း သည်အတိုင်း ရှိနေကြဆဲ ဖြစ်သည်။ ပြင်ဆင်ချိန် မရလိုက်ခင်မှာပင် လူအားလုံးမှာ ပျောက်ကွယ်သွားကြဟန် ရသည်။
ဝေ့ဝူယင်မှာ အဓိက လမ်းမကြီးထက်တွင် ရပ်ရင်း ဆယ်ပေခန့် မြင့်မားလှသည့် လမ်းဘေး မီးတိုင် ကြီးများကို ကြည့်လိုက်မိ၏။
...
အသက် သုံးနှစ် မကျော်သေးသည့် အနက်ရောင် ဆံပင်၊ ငွေရောင် မျက်လုံးများနှင့် လူငယ်လေး တစ်ယောက်မှာ သူ့ ခြေတိုတို၊ လက်တိုတို လေးများကို သုံးကာ မီးတိုင်တစ်ခုကို ဖက်တက်ရန် ကြိုးပမ်းနေ၏။ မီးတိုင်၏ ထိပ်တွင်တော့ အရှိန်အဝါဝါ တညီးညီး ထွန်းလင်းနေသော မီးအိမ် တစ်ခု ရှိကာ အမှောင်ထုကို ဖြတ်သန်း၍ အလင်းရောင် ပေးနေခဲ့သည်။ မီးအိမ်နှင့် နီးနိုင်သမျှ နီးအောင် ကြိုးပမ်းရင်း လူငယ်လေး၏ နဖူးများမှာ ချွေးစများဖြင့် စိုရွှဲနေ၏။
“ဘာလုပ်နေတာလဲ...”
နူးညံ့ သိမ်မွေ့သည့် အသံတစ်ခုမှာ နောက်နားမှ ထွက်ပေါ်လာ၏။ အသံကို ကြားသည်နှင့် လူငယ်လေး၏ ငွေရောင် မျက်လုံးများက ချစ်ခင်မှု အရိပ်အငွေ့များနှင့် ပြည့်နှက်သွားသည်။
“သား မီးအိမ်ဆီ ရောက်အောင် သွားမလို့”
ထိုအခိုက်တွင်ပင် ခြေချော်သွားကာ လူငယ်လေးမှာ လျှော၍ ပြန်လည် ပြုတ်ကျလာ၏။ သို့သော်လည်း သူက တုန့်ဆိုင်းခြင်း မပြုပဲ နောက်တစ်ကြိမ် ပြန်တက်ရန် ကြိုးပမ်းလိုက်သည်။
“မီးအိမ်... အဲဒါကို လိုချင်လို့လား...”
အသံပိုင်ရှင်က နောက်တစ်ကြိမ် မေးလိုက်ပြန်၏။
“ဟုတ်တယ်...”
လူငယ်လေးက အံကို တင်းတင်းကြိတ်ရင်း လက်များကို မြဲမြံအောင် အားထုတ်နေ၏။
“ဘာလို့ အဲဒါကို ယူနေမှာလဲ... အိမ်မှာလည်း အများကြီး ရှိတာကို”
လူငယ်လေးမှာ နောက်တစ်ကြိမ် ပြန်လည် လျှောကျသွားပြန်၏။ သူက ချက်ချင်းပင် ပြန်လည် ကုန်းရုန်း ထရင်း နှုတ်ခမ်းကလေးကို စူလိုက်သည်။
“တိုင်လင်းက အမှောင်ကို ကြောက်တယ်တဲ့... နောက်ပြီး သူက ဒီလိုလှလှလေးတွေကို ကြိုက်တယ်... သား သူ့ကို ပေးမလို့”
“အိုး... တိုင်လေးလား... သိပြီ သိပြီ”
အသံပိုင်ရှင်က သဘောကျဟန်နှင့် အနည်းငယ် ရယ်မောလိုက်သည်။
“ဒါဆိုလည်း ဆက်ပြီး ကြိုးစားလိုက်ပါဦး”
“အမေ... သားအတွက် အဲဒါကို ယူပေးပါလား”
လူငယ်လေးက အသနား ခံဟန်နှင့် တောင်းဆိုလိုက်၏။
“အမေက ယူပေးရင် တိုင်လေး အတွက် အမေပေးသလို ဖြစ်သွားမှာပေါ့... သားပေးတာ ဘယ်ဟုတ်တော့မလဲ... သား အဲဒီလို ဖြစ်ချင်လို့လား”
နွေးထွေးသည့် အသံပိုင်ရှင်က လှပစွာ ပြုံးရင်း မေးလိုက်သည်။
“မဖြစ်ချင်ဘူး...”
လူငယ်လေးက ခေါင်းခါလိုက်၏။
“တော်တယ်... ဒါဆို ထပ်ကြိုးစားတော့”
အသံပိုင်ရှင်က ပြောလိုက်၏။
လူငယ်လေးက အသက်ကို ပြင်းပြင်းရှူရင်း မီးတိုင်ပေါ်ကို နောက်တစ်ကြိမ် ထပ်တက်လိုက်သည်။ ထိုအခိုက်၌ အနိုင်မခံ အရှုံးမပေး ဆိုသော စိတ်ဓာတ်မှာ သူ့နှလုံးသား အတွင်း စွဲထင်နေပြီ ဖြစ်၏။ ထိုနေ့တွင် ဂျိုးငှက်နီ မြို့တော် လမ်းမထက်ရှိ မီးအိမ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့လေသည်။
***