← Chapters

အမှတ်တရများ (၂)

Vol. 41 Ch. 570

အမှတ်တရများ (၂)

Vol. 41 Ch. 570

ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာပင် မီးတိုင်ထက်ရှိ မီးအိမ်ဆီ ရွေ့လျားသွား၏။ ၎င်းတွင် အလှဆင် ထားသည့် အပွင့်အခက်များ မရှိသော်လည်း ဒီဇိုင်းကတော့ အတူတူပင် ဖြစ်သည်။ များစွာ ပြောင်းလဲသွားခြင်း မရှိချေ။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်ရင်း လမ်းမကြီး အတိုင်း ဆက်လက် လျှောက်လှမ်း လာခဲ့၏။ အစားအသောက်နှင့် အဝတ်အစားများ အပါအဝင် အမျိုးမျိုးသော ဆိုင်တန်းများကို သူ ဖြည်းညင်းစွာပင် ဖြတ်ကျော် လာခဲ့၏။

“ကျုပ် ငယ်ငယ်တုန်းက ဒီနေရာကို လာပြီး တွေ့သမျှ အသစ်အဆန်း အရုပ်လေးတွေကို ဝယ်လေ့ ရှိတယ်... နောက်ပြီး အားလုံးကို အခန်းငယ်လေး တစ်ခုထဲမှာ ထည့်ပြီး သိမ်းထားတာပေါ့... အဲဒီလိုပဲ ကျုပ်က အသစ်အဆန်းလေးတွေကို စိတ်ဝင်စားလေ့ ရှိတယ်”

ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း ပြောလိုက်၏။

“ကျုပ်ရဲ့ အိပ်မက်ကတောင် လောကအနှံ့ ခရီးထွက်ပြီး အသစ်အဆန်းတွေကို လျှောက်ကြည့်ဖို့ပဲ”

“မင်း လုပ်ဖြစ်ခဲ့လား...”

ဝမ်ယုထျန်းက မေးလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက တည်ငြိမ်စွာပင် ကျယ်ပြန့် ရှည်လျားလှသော လမ်းမကြီး တစ်လျှောက် ရွေ့လျားသွားသည်။ မကြာခင်မှာပင် အနားသတ် မိုးကုပ် စက်ဝိုင်းကို သူ မြင်တွေ့ လိုက်ရသည်။ ရီဝေ လွမ်းမောသည့် အရိပ်အငွေ့ အချို့က သူ့ ငွေရောင် မျက်လုံးများအတွင်း နေရာယူလာခဲ့၏။

“ကျုပ် စုဆောင်းခဲ့သမျှ အရာ အားလုံး ဖျက်ဆီးခံလိုက်ရပေမဲ့ အိပ်မက်ကိုတော့ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်... နေသွေးနီနီးဂိုဏ်းက ထွက်ပြီးတဲ့ နောက်မှာ ကျုပ် စိတ်ကူးယဥ်ခဲ့သမျှ နေရာ အားလုံးကို ရောက်အောင် သွားနိုင်ခဲ့တယ်... နောက် အသစ်အဆန်း ပစ္စည်းလေးတွေကိုလည်း ကျုပ် ပြန်ပြီး စုဆောင်းခဲ့တယ်... ကျုပ်ရဲ့ စိတ်က အရင်လို မဟုတ်တော့ဘူး ဆိုပေမဲ့ ဝါသနာကတော့ သုံးနှစ်သားတုန်းက ဝေ့ဝူယင် ဖြစ်နေတုန်းပါပဲ”

ဝေ့ဝူယင်မှာ မြို့တော် ဗဟိုသို့ ရောက်သည် အထိ တိတ်တဆိတ်ပင် ဆက်လက် လျှောက်လာခဲ့၏။ ထိုနေရာမှာ တရား စီရင်မှုများ၊ မြို့တော် ကြေညာချက်များ ထုတ်ပြန်သည့် နေရာ ဖြစ်သည်။

လွန်လေခဲ့ပြီးသော နှစ်များက ဝတုတ်တုတ်နှင့် ရယ်စရာ ကောင်းသည့် လူကြီး၏ “ဗိုက်ဆာတယ်” ဆိုသည့် စကားကို သူ ယနေ့ထိတိုင် အမှတ်ရနေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူက ထိုဖက်တီးကို ကယ်တင်ခဲ့ကာ လက်အောက်တွင် အမှုထမ်း စေခဲ့သည်။

သူ ဂိုဏ်းမှ ထွက်ခွာသွားပြီးနောက်တွင် တုလင်မှာ ပျော်ရွှင်စရာ ကောင်းသည့် မိသားစု တစ်ခုကို တွေ့ရှိခဲ့ကာ နေသွေးနီနီဂိုဏ်း၏ အပြင်စည်း အကြီးအကဲ တစ်ဦး ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်များက ဝေ့ဝူယင် နေသွေးနီနီးဂိုဏ်းသို့ ပြန်ကာ တုလင်ကို ခေါ်ဆောင်ဖို့ ပြင်ခဲ့သေးသည်။ သို့သော်လည်း အမျိုးမျိုးသော အကြောင်းများက ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်စေခဲ့သည်။ တုလင်မှာ ပါရမီ မြင့်မားသော ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ ထို့အပြင် သူက တစ်ဘဝလုံး စိတ်ကူးယဥ်ခဲ့ရသည့် ဘဝတွင် နေထိုင်နေခဲ့ခြင်း ဖြစ်သည်။ မိသားစု ပျက်စီးခဲ့ဖူးသူ တစ်ယောက် အနေဖြင့် တစ်ပါးသူ၏ အသိုက်အမြုံလေးကို သူ မဖျက်ဆီးလိုပေ။ တုလင်၏ ဘဝ လုံခြုံရေးနှင့် မိသားစု တိုးတက်ရေးတို့ကို သေချာစေရန်သာ အဝေး တစ်နေရာမှ သူ စီမံပေးသည်။

“တစ်နေ့ကျရင်တော့ ငါတို့ ပြန်တွေ့ကြမှာပါ”

မြို့တော် ဗဟိုတွင် ရပ်ရင်း အ‌ရှေ့ဘက်ရှိ တောင်တစ်လုံးကို ဝေ့ဝူယင် လှမ်းကြည့် လိုက်မိ၏။ ၎င်းမှာ ခရမ်းရောင် မြူနှင်းများဖြင့် လွှမ်းခြုံနေကာ နတ်ဆိုး အငွေ့အသက် အချို့ကို ထုတ်လွှတ်လျှက် ရှိသည်။ သို့သော်လည်း ယခုတွင်တော့ ၎င်းမှာ အသက်ဓာတ် ကင်းမဲ့သည့် တောင်တစ်လုံး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

...

အသက် ဆယ့်သုံးနှစ်မျှသာ ရှိဦးမည့် ဆယ်ကျော်သက် ကောင်လေး တစ်ယောက်မှာ ခရမ်းရောင် မြူနှင်းများ ဝန်းရံနေသည့် တောင်ခြေသို့ ရောက်ရှိလာခဲ့၏။ မြူနှင်းများက သက်တောင့်သက်သာ မရှိသည့် အငွေ့အသက် တို့ကို ထုတ်လွှတ်နေသည့်တိုင် ကောင်လေး၏ ငွေရောင် မျက်လုံးများကတော့ စွန့်စားလိုသည့် အငွေ့အသက် တို့ဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။

“ဝေ့ဝူယင် စောင့်ဦး...”

နူးညံ့ သိမ်မွေ့ပြီး လှပသည့် ဆယ်ကျော်သက် မိန်းမငယ်လေ တစ်ယောက်မှာ ကောင်လေး၏ နောက်မှ ပြေးလိုက်လာ၏။ သူမ၏ မျက်နှာက ကြောက်ရွံ့မှုဖြင့် အနည်းငယ် ဖြူရော်နေကာ အသက်ရှူသံများပင် မြန်ဆန်နေသည်။ အနားသို့ ရောက်သည်နှင့် သူမက ကောင်လေး၏ လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်၏။

“ငါတို့ သွားလို့ မဖြစ်ဘူး... အဲဒီမှာ ရှေးဦး မိစ္ဆာကောင်တွေ ရှိတယ် တဲ့”

“ရှေးဦး မိစ္ဆာ... ဟဟ အဲဒါက အဘိုးကြီးတွေ လျှောက်ပြောတဲ့ ပေါက်ကရတွေပါဟာ... မျက်စိနဲ့ မမြင်မချင်း ငါတို့ ဘယ်လိုလုပ် သိမှာလဲ”

ကောင်လေး၏ အသံက ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။ အန္တရာယ်ကို ဖြတ်သန်း၍ စွန့်စားလိုသည့် ဆန္ဒက လူငယ်တိုင်း၏ နှလုံးသားထဲတွင် ပြင်းပြစွာ တောက်လောင်နေတတ်သည့် မီးတောက်တစ်ခု ဖြစ်ပေသည်။

“မဖြစ်ဘူး ဝေ့ဝူယင်... မသွားနဲ့ဟာ”

မိန်းမငယ်လေးမှာ ကြောက်ရွံ့မှုကြောင့် မျက်ရည်များပင် ဝဲလာခဲ့၏။

“တိုင်လင်း... နင် ငါ့ကို မယုံဘူးလား”

ကောင်လေးက နုပျိုလတ်ဆတ်လှသည့် လက်ကလေးကို ညင်ညင်သာသာ ဆုပ်ကိုင်ရင်း မေးလိုက်၏။

“ငါ...”

မိန်းမငယ်လေးမှာ ဘာပြန်ပြောရမှန်း မသိပဲ ဆွံ့အသွားသည်။ ကောင်လေးက ထိုအရာကို ကြည့်ကာ သဘောကျဟန်နှင့် ပြုံးလိုက်၏။

"ဒါဆိုရင် သွားကြမယ်”

ထိုနေ့က ဝေ့ဝူယင်၏ ဘဝတစ်ခုလုံးကို ထာဝရ ပြောင်းလဲ သွားစေခဲ့သော နေ့ပင် ဖြစ်သည်။

ဝေ့ဝူယင် ခပ်ဖြည်းဖြည်းပင် လျှောက်လှမ်းရင်း နာကျင်ဖွယ်ရာ ငယ်ဘဝ အမှတ်တရ စတင် နေရာသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာကား သူ၊ အကိုကြီးနှင့် မိဘများ အတူတူ နေထိုင်ခဲ့ဖူးသည့် နေရာပင် ဖြစ်လေ‌တော့သည်။

...

ကပ်ဘေး ရောက်ရှိလာရန် အချိန် နှစ်ရက်သာ ကျန်ရှိပေတော့သည်။ တစ်နေ့နှင့် တစ်ညတိုင်တိုင် ဝေ့ဝူယင်မှာ အိမ်အပြင်ဘက် လှေခါးရင်းတွင် ရပ်နေခဲ့မိသည်။ သူ၏ ငွေရောင် မျက်လုံးများက ခံစားချက် အလုံးစုံ ကင်းမဲ့နေကာ ရေကန်တစ်ခု အလား ငြိမ်သက်နေသည်။

“အထဲကို မဝင်ဘူးလား”

ဝမ်ယုထျန်းက မေးလိုက်၏။ မှန်ကန်သည့် အချိန်တွင် ကောင်းကင်ကို ကြည့်ပါက အမှောင် ဟင်းလင်းပြင် အတွင်းရှိ အဖြူရောင် အစက်မှာ တဖြည်းဖြည်း ပို၍ နီးကပ်လာနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ကြယ်တာရာ နယ်မြေ၏ အဆုံးသတ်ကား လာနေချေပြီ ဖြစ်သည်။

"မဝင်တော့ဘူး...”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် အဖြေပေးရင်း လေထုကို တဝကြီး ရှူသွင်းလိုက်၏။ ခြံစည်းရိုး တစ်လျှောက် ပေါက်ရောက်နေသည့် စပျစ်နွယ်ပင်များ၏ ရနံ့က သူ့နှာသီးဝဆီသို့ တိုးဝင်လာသည်။

“ဘာလို့လဲ... တကယ်လို့ ခု မဝင်တော့ဘူး ဆိုရင် နောက်တစ်ခါ အခွင့်အရေး ရှိ‌တော့မှာ မဟုတ်ဘူး”

ဝမ်ယုထျန်းက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်၏။

“ ... “

ဝေ့ဝူယင်မှာ တိတ်ဆိတ်နေ၏။ သရဲအိုကြီး၏ စကားက မှန်ကန်ပေသည်။ အကိုကြီး၊ တိုင်လျဲ့နှင့် မမွေးဖွား လာခဲ့သည့် သူ့ကလေး၏ အုတ်ဂူများမှာ ဤနေရာတွင် ရှိနေပေသည်။

အကယ်၍ ထန်ဂူ ကပ်ဘေးတွင် ကြယ်တာရာ နယ်မြေ မလွှဲမရှောင်သာ ပျက်စီးသွားခဲ့မည် ဆိုပါက သူတို့ကို တွေ့မြင်ရန် နောက်ထပ် အခွင့်အရေး ရတော့မည် မဟုတ်ချေ။ သို့သော်လည်း အဆုံးသတ်တွင်တော့ ဝေ့ဝူယင်က ဖြည်းညင်းစွာသာ ခေါင်းခါလိုက်၏။

“ကျုပ် သွားမကြည့်တော့ဘူး”

“...”

ဝမ်ယုထျန်းက ဘာမှ ဆက်မပြောပဲ တိတ်တဆိတ်ပင် စောင့်ဆိုင်းနေခဲ့သည်။ ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်လိုက်ရင်း ခြံဝန်းကို ကျောခိုင်းလိုက်သည်။

“ကျုပ် အသက်ရှင်သန်နေသမျှ ကာလပတ်လုံး သူတို့က ကျုပ် နှလုံးသားထဲမှာ ဆက် ရှိနေဦးပါ... ဒါပေမဲ့ အတိတ်က အတိတ်ပဲ မလား... ဘယ်လောက်ပဲ နောင်တရရ ပြန်ပြင်ဆင်လို့ မရနိုင်တော့ဘူး... ဒီတော့ အတိတ်က အနာဂတ်ကို သက်ရောက်မယ့် အဖြစ်မျိုးကိုတော့ ကျုပ် ခွင့်မပြုနိုင်တော့ဘူး”

ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ကောင်းကင်ကို ပျံတက်သွား၏။ တစ်ခဏအတွင်းမှာပင် သူ တိုက်တိုက်များကြားထဲ အထိ ရောက်ရှိသွားသည်။

“ဒါဆို မင်း ဘာလို့ ပြန်လာနေခဲ့သေးလဲ... အမှတ်တရတွေက မင်းကို မနာကျင်စေဘူးလား”

ဝမ်ယုထျန်းက အောက်ရှိ မြို့ငယ်လေးကို ငုံ့ကြည့်ရင်း မေးလိုက်၏။

“ကျုပ် ဘယ်နေရာက လာတယ်... ဘယ်လို အကြောင်းရင်းတွေက ကျုပ်ကို ဖန်တီးခဲ့တယ်... ဘာအကြောင်းရင်းကြောင့် ကျုပ် ကျင့်ကြံခဲ့တယ် ဆိုတာ မှတ်မိဖို့...”

ဝေ့ဝူယင်၏ ပုံရိပ်က ဂျိုးငှက်နီ မြို့တော်နှင့် ဝေးသထက် ဝေးလာသည်။ လူငယ်၏ ပြတ်သားသည့် ငွေရောင် မျက်ဝန်းများကို ကြည့်ရင်း ဝမ်ယုထျန်းမှာ အနည်းငယ် နားလည်သွားသလို ခံစားလိုက်ရ၏။ ဘယ်လောက်ပဲ ရင်းနှီးခဲ့သည် ဖြစ်စေ... သေဆုံးသွားသူများမှာ အတိတ်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ နာကျင်ဖွယ် အတိတ်ကို ချန်ထားခဲ့သင့်သည့် နေရာတွင် ချန်မထားခဲ့နိုင်ခြင်းက အနာဂတ်ကို အဆိပ်ခတ်နေသည်နှင့် အတူတူပင် ဖြစ်သည်။

“အတိတ်ဘဝက အနှောင်အဖွဲ့တွေနဲ့

အနာဂတ်ရဲ့ နှောင်ကြိုး

ပစ္စုပ္ပန်ကတော့ မပြောင်းလဲပါ...”

ဝမ်ယုထျန်းက ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုး ရေရွတ်လိုက်၏။ ချက်ချင်းပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က တုန်ရီကာ လေထုထဲတွင် ရပ်တန့် သွားခဲ့သည်။

“ခင်ဗျား အဲဒီ ကဗျားကို ဘယ်ကနေ ကြားလာခဲ့တာလဲ”

(မှတ်ချက် ။ တိုင်လင်နှင့် တိုင်လျဲ့တို့က မတူညီသည့် မိန်းကလေးများ ဖြစ်သည်။)

***

All Chapters