နဂါးငွေ့တန်း ကွင်းပြင်
Vol. 41 Ch. 571
ဝမ်ယုထျန်းမှာ အနည်းငယ် အံ့သြသွားခဲ့၏။ ထိုကဗျာမှာ အတိတ်နှင့် အနာဂတ်ကို တွေး၍ ပူနေလျှင်ပင် ပစ္စုပ္ပန်မှာ မပြောင်းလဲကြောင်း စပ်ဆိုထားသည့် ကဗျာတို တစ်ပုဒ် ဖြစ်သည်။ လူတစ်ဦး အရှေ့ဖြင့် လက်ရှိ ပစ္စုပ္ပန်ကိုသာ အကောင်းဆုံး စဥ်းစား၍ ရှေ့ဆက်သင့်သည်။
“ဆွေးနွေးဝိုင်း တစ်ခုမှာ ငါ့ မိတ်ဆွေ တစ်ယောက် ရွတ်ခဲ့တဲ့ ပေါ့ပေါ့ပါးပါး ကဗျာတို တစ်ပုဒ်ပါ... မင်း အဲဒါကို ကြားဖူးလို့လား”
နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်ပင် ထိုကဗျာကို မှတ်မိနေသည့် လူတစ်ယောက် ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။
“ ... “
ဝေ့ဝူယင်မှာ စိတ်တည်ငြိမ် စေရန် အတွက် အသက် ငါးရှိုက်စာမျှ အချိန်ယူလိုက်ရ၏။
“အဲဒီ ကဗျာကို အကိုကြီးဆီကနေ ကျုပ် ကြားခဲ့ဖူးတယ်... သူ ကျင့်ကြံခြင်း အဆင့် ချိုးဖျက်ဖို့ ခက်ခဲ နေခဲ့တဲ့ အချိန်မှာ အမေက အဲဒီ ကဗျာကို ရွတ်ပြခဲ့တယ် တဲ့... တကယ်လို့ ဘဝက အတိတ်ထဲမှာ နစ်မြုပ်ပြီး ရှေ့ဆက်ဖို့ ခက်ခဲနေရင် အဲဒီ ကဗျာကို ရွတ်ဖို့ သူက ကျုပ်ကို မှာခဲ့တယ်”
“ ... “
ဝမ်ယုထျန်းမှာ မယုံကြည်နိုင်အောင် ဖြစ်သွား၏။ ထိုအရာက တိုက်ဆိုင်မှု တစ်ခုလော။ အတန်ကြာ တိတ်ဆိတ်ပြီးနောက်တွင် သူက မေးလိုက်သည်။
"ကဗျာရဲ့ ဒုတိယပိုဒ်ကိုရော မင်းသိလား...”
“ဒုတိယပိုဒ်...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။ ဒုတိယပိုဒ် ရှိသေးသည်လား။
“ဟုတ်တယ်...”
ဝမ်ယုထျန်းက ခေါင်းတစ်ချက် ညိတ်ရင်း ဆက်ပြောလိုက်၏။
“နောက်ပြီးတော့ ကဗျာရဲ့ ဒုတိယပိုဒ်က အရေးအကြီးဆုံးလို့ ငါ့မိတ်ဆွေက ပြောခဲ့ဖူးတယ်... အဲဒါက ဘယ်လိုမျိုးလဲ ဆိုတော့...
အတိတ်က မျက်ကန်း ပစ္စပ္ပုန်ကို ချည်နှောင်တယ်...
ဆန္ဒတွေဟာ ပြောင်းလဲ၊ စိတ်ဟာ ပြောင်းလဲ...
လွတ်လပ်ခြင်းနဲ့ အနာဂတ်က ငါမျက်လုံးထဲမှာပဲ တဲ့”
ဝေ့ဝူယင်က နားထောင်ရင်း အသာအယာပင် ပြုံးလိုက်၏။ ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ်က ဂျိုးငှက်နီ မြို့တော်၏ လေပိုင်နက်ကို တဖြည်းဖြည်း ကျော်လွန်လာနေခဲ့ပြီ ဖြစ်သည်။
“မင်း ဘယ်လို သဘောရလဲ...”
ဝမ်ယုထျန်းက မေးလိုက်သည်။ ကဗျာ၏ နောက်ဆက်တွဲ အဓိပ္ပာယ်ကို သူ အတိအကျ မသိသော်လည်း အခြေအနေများကို ဆက်စပ် ကြည့်ပါက သဘောပေါက်ရန် လုံလောက်ပေသည်။ မည်သို့ပင် ဆိုစေ... ဆန္ဒနှင့် စိတ်ကို ပြင်ဆင်ခြင်းက အနည်းငယ် အစွန်းရောက်လွန်းကာ မိမိကိုယ်ကို ဆုံးရှုံးခြင်း၊ အနာဂတ်ကို ဆုံးရှုံးခြင်းဟု ဆိုလိုပေသည်။
“ကျုပ်ဆီမှာ အဲဒီ ကဗျာပိုဒ်နဲ့ ပတ်သက်ပြီး ဘာအတွေးအမြင်မှ မရှိပါဘူး... ဒါပေမဲ့ စာသားတွေကတော့ လှတယ်လို့ ခံစားရတယ်”
ဝေ့ဝူယင်က ပြောလိုက်၏။ ကျေနပ်သည့် အဖြေတစ်ခု မရသည့်တိုင် ဝမ်ယုထျန်းက ထိုအကြောင်း ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဆိုစေ လူငယ်မျိုးဆက် တစ်ဦး အနေဖြင့် ၎င်း၏ နောက်ကွယ်ရှိ အမှန်တရားကို နားလည်ရန် အလှမ်းကွာဝေး လွန်းနေသေးသည် မဟုတ်ပါလား။
မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူတို့ နှစ်ယောက်မှာ အနန္တ ကုန်းမြေတိုက်ကြီး၏ ကောင်းကင် ပထမ အလွှာထက်သို့ ရောက်ရှိလာခဲ့၏။ အနန္တ ဧကရာဇ်ဂြိုဟ် ကဲ့သို့ ကောင်းကင်အလွှာ အထပ်ထပ် မရှိလေရာ အမှောင် ဟင်းလင်းပြင်ကိုပင် သူတို့ လှမ်းမြင်နေရပြီ ဖြစ်လေသည်။
“ဒါနဲ့ ထန်ဂူ အကြောင်း ခင်ဗျား ဘာတွေသိထားလဲ”
ဝေ့ဝူယင်က အဝေးရှိ အဖြူရောင် အစက်အပျောက်ကို ကြည့်ရင်း မေးလိုက်၏။ ၎င်းက အချိန်တိုင်း၌ ကြီးသထက် ကြီးမာလာကာ နီးကပ်သထက် နီးကပ် လာနေခဲ့ပြီ ဖြစ်လေသည်။
“ကြယ်တာရ ဝါးမြိုသူတွေက ထူးဆန်းတဲ့ တည်ရှိမှုကြီးတွေပဲ... သူတို့က များသောအားဖြင့် စည်ပင် ဝဖြိုးတဲ့ ကြယ်ကွင်းပြင်ကြီးတွေမှာပဲ နေတာ... ဒီလို အပျက်အစီး နေရာမျိုးတွေမှာ ပေါ်လာလေ့ မရှိဘူး”
ဝမ်ယုထျန်းက အနည်းငယ် ထူးဆန်းနေဟန်နှင့် ပြောလိုက်သည်။
“ကြယ်ကွင်းပြင်... အဲဒါက ဘာကို ပြောတာလဲ”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ဝမ်ယုထျန်းက ဝေ့ဝူယင်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
“ငါတို့ နေထိုင်တဲ့ လောကကြီး ဘယ်လောက်ကျယ်တယ်လို့ မင်းထင်လဲ”
“အရမ်း ကျယ်မှာပေါ့”
ဝေ့ဝူယင်က အဖြေပေးလိုက်သည်။ ဝမ်ယုထျန်းက ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ဟုတ်တယ်... အရမ်းကို ကျယ်တယ်... ဒါပေမဲ့ မင်း နားလည်ထားတဲ့ အရမ်း ကျယ်တယ် ဆိုတဲ့ ဝေါဟာရက အမှန်တရားနဲ့ နည်းနည်းလေးမှတောင် မနီးစပ်ဘူး...”
“ကြယ်ကွင်းပြင် တစ်ခုမှာ မရေမတွက်နိုင်တဲ့ ကြယ်တာရာ နယ်မြေတွေ ပါတယ်... နောက်ပြီး ကြယ်တာရာ နယ်မြေတစ်ခုချင်းစီမှာ အနည်းဆုံး နေကြယ်တစ်လုံးနဲ့၊ လူလုပ် ကမ္ဘာပြားတွေ၊ ဂြိုဟ်တွေ၊ ဂြိုဟ်ရံလတွေ အများကြီး ပါတယ်... ကြယ်ကွင်းပြင်တစ်ခုမှာ ကြယ်တာရာ နယ်မြေ ပျမ်းမျှ ဘယ်နှစ်ခုလောက် ပါတယ်လို့ မင်းထင်လဲ”
ဝေ့ဝူယင်က ပြန်မဖြေချေ။ မဖြေချင်သောကြောင့် မဟုတ်ပဲ အဖြေကို သူ မသိသောကြောင့်ပင် ဖြစ်သည်။
“အကြမ်းဖျဥ်း တစ်သောင်း အထိ ပါတယ်... အဲဒါတောင် အကြမ်းဖျဥ်းနော်... နောက်ပြီး တရားဝင် ကြယ်တာရာ နယ်မြေတွေကိုပဲ ရေတွက်ထားတာ... အဲဒီ ကြယ်တာရာ နယ်မြေတွေ အပြင် အမှောင် ဟင်းလင်းပြင်ထဲမှာ သီးခြား တည်ရှိနေတဲ့ နေကြယ်တွေ သန်းနဲ့ချီ ရှိသေးတယ်...”
“...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ အံ့သြမှုနှင့် အတူ တဖြည်းဖြည်း ပြူးကျယ်လာ၏။
သို့သော်လည်း ဝမ်ယုထျန်းက ထိုအရာကို သတိထားမိဟန် မရပဲ ဆက်ပြောလိုက်သည်။
“ငါတို့ ရှိနေတဲ့ ကြယ်ကွင်းပြင်ကို နဂါးသားရဲ မျိုးစိတ်တွေ သိမ်းပိုက်ထားတဲ့ အပျက်အစီး နေရာတစ်ခု အဖြစ် ရည်ညွှန်းကြတယ်... ဒီနေရာမှာ အပျက်အစီး ဆိုတဲ့ ဝေါဟာက သေးငယ်ပြီး အခြား ကြယ်ကွင်းပြင်တွေနဲ့ ယှဥ်ရင် ရင်းမြစ်၊ ကျင့်ကြံခြင်း အဆင့်အတန်း အကုန် နိမ့်ပါးတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့”
“ဒါပေမဲ့ ငါတို့ကတော့ ငါတို့ရဲ့ ကြယ်ကွင်းပြင်ကို နဂါးငွေ့တန်း ကွင်းပြင် ဆိုပြီး ခေါ်ကြတယ်”
“နဂါးငွေ့တန်း ကွင်းပြင်...”
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေလိုပင် နဂါငွေ့တန်း ကွင်းပြင်မှာလည်း တစ်ချိန်တစ်ခါက နဂါးတို့၏ လက်အောက်တွင် ရှိခဲ့သည်လား။ ဤသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ကျဆုံးခဲ့ရသနည်း။
ဝေ့ဝူယင်၏ အတွေးကို ဖတ်မိသည့် အလား ဝမ်ယုထျန်းက ရှင်းပြလိုက်၏။
“စောစောက ငါပြောခဲ့တဲ့ အတိုင်း နဂါးငွေ့တန်း ကွင်းပြင်ကြီးက အခြား ကြယ်ကွင်းပြင်တွေနဲ့ ယှဥ်ရင် အရည်အသွေး အတော်လေး နိမ့်ပါးတယ်... ဒီနေရာမှာ ရှင်သန် ပေါက်ဖွားတဲ့ သားရဲမှန်သမျှက အမြင့်ဆုံး ကြယ်အထွတ်အထိပ်အဆင့်ကိုပဲ တက်လှမ်းနိုင်ကြတယ်... အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်တစ်ယေက် ပေါ်လာတဲ့ သူတို့အားလုံး ကံကြမ္မာကို လက်ခံရုံပဲ ရှိတော့တယ်”
“ကံကြမ္မာ...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အမှန်တကယ်တွင်တော့ ထိုအသုံးအနှုန်းမှာ အကြောင်းပြချက် သက်သက် တစ်ခုပင် ဖြစ်သည်။
သူ တွေ့မြင်ရသည့် ကံကြမ္မာ ဆိုသည်က အားကြီးသူ လုပ်သမျှကို အားနည်းသူက ခံနေရခြင်းပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှ နဂါး အားလုံးကို ဖမ်းဆီးကာ အော်ရစ်ပင်လယ်အောက်တွင် အကျဥ်းချခဲ့သည်။ ကြီးငယ်၊ ကျားမ မရွေး ရက်စက် ပြင်းထန်သည့် နာကျင်မှုများ၊ နှိပ်စက်မှုများကို ခံစားစေခဲ့သည်။ ထိုအရာကရော ကံကြမ္မာလော။
ဝေ့ဝူယင် ညင်သာစွာ သက်ပြင်းတစ်ချက် ချရင်း အတွေးများကို သိမ်းဆည်းလိုက်၏။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် နဂါးမျိုးနွယ် အကြားမှ ဇာတ်လမ်း မပြည့်အစုံကို မသိရသေးပဲ ကောက်ချက်ချ မစောသင့်ကြောင်း သူ သိပေသည်။
“အစစ်အမှန် ဒြပ်စင်ဂိုဏ်းက ကျုပ် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာတာကို သိလား”
ဝေ့ဝူယင်က မေးလိုက်၏။ အကယ်၍ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့သာ ယနေ့အထိ အသက်ရှင်နေသေးပါက သူ့ သွေးကြောများ အတွင်း စီးဆင်းနေသည့် နဂါးသွေးမျိုးဆက်မှာ အန္တရာယ် တစ်ခု ဖြစ်လာနိုင်သည်။ ထိုမျှ အဆင့်မြင့်သည့် ကျင့်ကြံသူ တစ်ဦးနှင့် သူ မတိုက်ခိုက်လိုသေးချေ။
“အခုတော့ မသိသေးဘူး... အခြား ရွေးချယ်ခံရဲ့ အကြောင်းကိုပဲ ငါ အစီရင်ခံထားတယ်... ဒါပေမဲ့ မကြာခင်မှာပင် သူတို့က အမှန်တရားကို ရှာဖွေ တွေ့ရှိသွားမယ်လို့ ငါ ထင်တယ်... မင်းရဲ့ အဆင့်အတန်း၊ မင်းရဲ့ ပုံရိပ်နဲ့ သူတို့ မျက်လုံးအောက်ကနေ ရှောင်တိမ်းနေဖို့ မလွယ်ကူလှဘူး... ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ သူတို့ သတိထားမိဦးမှာ မဟုတ်ပါဘူး”
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ သူ့တွင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို မဝင်ရောက်လိုသည့် အကြောင်းပြချက် များစွာ ရှိပေသည်။ ပထမဆုံးနှင့် အရေးအကြီးဆုံး အကြောင်းပြချက်က သူက နဂါးသွေးမျိုးဆက် တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်... လောလောဆယ်တွင်တော့ ဝမ်ယုထျန်း၏ ကျေးဇူးကြောင့် သူ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ရောက်ဦးမည် မဟုတ်ချေ။
“ကျေးဇူးပါပဲ...”
ဝေ့ဝူယင် ညင်သာစွာပင် ပြောလိုက်လေ၏။
***