ပြီးပြည့်စုံသော ဆေးညွှန်း
Vol. 41 Ch. 572
ဝမ်ယုထျန်းက ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“လူငယ်လေး... မင်းက ငါတွေဖူးသမျှထဲမှာ အထူးချွန်ဆုံးပဲ... ဆေဘာ နှလုံးသား ရည်ရွယ်ချက်၊ ဒြပ်စင် ရည်ရွယ်ချက်နဲ့ အစစ်အမှန် နဂါးသွေးမျိုးဆက် နောက်ပြီး သေမျိုး အဂ္ဂိရတ် အာဏာရှင်... အဲဒါတွေ ထားလိုက်ဦး... မင်းရဲ့ အမှီအခို ကင်းမဲ့တဲ့ ကြယ်တာရာ ဝိညာဥ်တစ်ခုနဲ့တင် ငါတို့ ကြယ်ကွင်းပြင် တစ်ခုလုံးကို တုန်လှုပ်စေဖို့ လုံလောက်တယ်... ဒါတောင် မင်းအသက်က ငါးဆယ် မပြည့်သေးဘူးနော်... တကယ်ဆို မင်းလို လူမျိုးက ဒီလို အပျက်အစီး ကြယ်ကွင်းပြင်မှာ ရှိမနေသင့်ဘူး”
“အရင်တုန်းကဆို မင်းက ပိုပြီး အဆင့်မြင့်တဲ့ ကြယ်ကွင်းပြင်တစ်ခုက လာတဲ့လူလို့တောင် ငါ သံသယ ဖြစ်မိတယ်... ဒါပေမဲ့ ငါ အခု မင်းရဲ့အိမ်ကို မြင်ပြီးပြီ... အမှတ်တရတွေနဲ့ မင်းရဲ့ ခံစားချက်တွေကို တွေ့ပြီးပြီ... မင်းက သေမျိုးကမ္ဘာလို့တောင် သတ်မှတ်လို့ ရတဲ့ ဒီလိုမျိုး မထင်မရှား ကမ္ဘာပြားလေး တစ်ခုမှာ တကယ့်ကို ကြီးပြင်းခဲ့တာပဲ... တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတယ်”
“ဒါပေမဲ့ ကိုယ့်ခွန်အား အပေါ် အလွန်အကျွံ ယုံကြည်ချက် ပြင်းထန် မနေဖို့တော့ ငါ မင်းကို သတိပေးချင်တယ်... မင်းနဲ့ အတူတူ ရွေးချယ်ခံ ဖြစ်လာတဲ့ ကောင်လေးကလည်း တကယ် ထူးချွန်တယ်... ဒီအတိုင်း ဆက်ပြီး တိုးတက် သွားမယ် ဆိုရင် သူက ဆယ်စုနှစ် တစ်ခုအတွင်းမှာပင် လောကသခင် အဆင့်ကို ရောက်လိမ့်မယ်... အဲဒီ အခါက မင်း သူ့ကို ယှဥ်ဖို့ လွယ်တော့မှာ မဟုတ်ဘူး”
ပါရမီ မည်မျှ မြင့်မားစေကာမူ ကျင့်ကြံခြင်း လောကတွင် အရေး အကြီးဆုံးက ကျင့်ကြံခြင်း အခြေခံပင် ဖြစ်သည်။ ဝေ့ဝူယင် ထိုအချက်ကို သတိမလပ်ပါချေ။ အကယ်၍ ဆုတ်ယုတ်မှု ရာသီ၏ အကျိုးသက်ရောက်မှုများကြောင့်သာ မဟုတ်ပါက အစွန်းလေးဖက် လောကနယ်မြေတွင် လောကသခင်နှင့် အချိန်သခင်များကို သူ ယှဥ်ရဲခဲ့လိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်က တည်ငြိမ်စွာ ပြုံးရင်း ခေါင်းညိတ်လိုက်၏။ သို့သော်လည်း အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဖြစ်ရာ လင်းမင်နှင့် ပတ်သက်၍ သူ နည်းနည်းလေးမျှ မစိုးရိမ်ပါချေ။ အကယ်၍ သူသာ ဆန္ဒရှိပါက လင်းမင် ရရှိထားသည့် ထိုအားသာချက်ကို အချိန်မရွေး ရယူနိုင်စွမ်း ရှိပေသည်။
“ဒါနဲ့ အတုအယောင် လောက နယ်မြေတစ်ခုကို ဖန်တီးပေးနိုင်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ ရှိလားဗျ...”
ဝေ့ဝူယင်က စုံစမ်းလိုက်၏။ ဝမ်ယုထျန်းမှာ အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေထက် အဆများစွာ ပိုမို တိုးတက်သည့် ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်းမှ လာသော လောကရှန့်ထို တစ်ယောက် ဖြစ်ရာ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သိရှိရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။
“အတုအယောင် လောကနယ်မြေလား...”
ဝမ်ယုထျန်းက မျက်မှောင်ကြုတ်ရင်း တစ်ခဏမျှ စဥ်းစားလိုက်၏။
“အဲဒါကို ချောချောမွေ့မွေ့ ဖန်တီးနိုင်အောင် ကူညီပေးတဲနိုင်တဲ့ နည်းလမ်း အချို့တော့ ရှိတယ်... ဒါပေမဲ့ ကျိန်းသေခွာသေ အောင်မြင်ပါမယ်လို့တော့ ဘယ်အရာကမှ အာမ မခံနိုင်ဘူးပေါ့”
“ချောချောမွေ့မွေ့ ဟုတ်လား... ခင်ဗျားလေသံကို နားထောင်ရတာ အဲဒီလို အဖြစ်အပျက်မျိုး တော်တော်များများ ဖြစ်ဖူးသလိုပဲ”
ဝေ့ဝူယင်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ ဝမ်ယုထျန်းက ခေါင်းညိတ်လိုက်သည်။
“အင်းလေ... အနည်းဆုံး ငါလာခဲ့တဲ့ ကြယ်ကွင်းပြင်မှာပေါ့... ကျင့်ကြံသူ တစ်ယောက်က လောကရှန့်ထို အဆင့်ကို ရောက်သွားတာနဲ့ ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် လူငယ်မျိုးဆက်တွေကို နယ်မြေမျိုးစေ့ တစ်ခု ဖန်တီးနိုင်အောင် ကူညီပေးနိုင်ကြတယ်... ငါတောင် အဲဒီလိုမျိုး နှစ်ခါ လုပ်ပေးခဲ့ဖူးတယ်... ဒါပေမဲ့ လုပ်ငန်းစဥ် ပြီးမမြောက်ဖို့ အတွက်ဆိုရင် လျှို့ဝှက် အဆင့် ရင်းမြစ်တွေ၊ အဂ္ဂိရတ် ထုတ်ကုန်တွေရဲ့ အကူအညီတော့ လိုအပ်တာပေါ့”
ဝမ်ယုထျန်းက ပခုံးတွန့်ရင်း ပြောလိုက်၏။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ထူးဆန်းသည့် အပိုင်းကို သူ ရှာမတွေ့ပုံပင်။
ဝေ့ဝူယင်ကတော့ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ သူဖန်တီးခဲ့သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တစ်ခု ဖြစ်ပြီး အတုအယောင် လောကနယ်မြေတစ်ခုကို အောင်အောင်မြင်မြင်နှင့် ဖန်တီးပေးနိုင်စွမ်း ရှိသည်။ အကြိမ်ကြိမ် အဖန်ဖန် လေ့လာဆန်းစစ်မှု အရ ထိုအရာကပင် ၎င်း၏ အားသာချက် ဖြစ်သည်။
“ခင်ဗျားပြောတဲ့ နည်းလမ်းမှာ ဆိုးကျိုးရော ရှိလား...”
“ဆိုးကျိုးလား... အင်းပေါ့... လောက ရှန့်ထို အဆင့်က ပုံသွင်းထားတာ ဆိုတော့ နယ်မြေမျိုးစေ့က တည်ငြိမ်ဖို့ ခက်ခဲတယ်... နောက်ပြီး ဝိညာဥ်အော်ရာတွေကို သန့်စင် မပစ်နိုင်ဘူး ဆိုရင် စိတ်ရှုပ်ထွေးမှုတွေကို ခံစားရမှာ သေချာတယ်”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ အခြေခံ ဝါးမျိုခြင်း နည်းလမ်းကြောင့် မိန်းကလေး သုံးယောက်၏ ဝိညာဥ်အော်ရာများမှာ လင်းမင်၏ နယ်မြေ မျိုးစေ့ အတွင်း ရောထွေး ပါဝင်နေကြောင်း သူ တွေ့မြင်ခဲ့ပြီး ဖြစ်သည်။
သူကတော့ ထိုပြဿနာကို ဖြေရှင်းရန် အတွက်ဆန် ဆန်းကြယ်ကျောက်စိမ်း ဝိညာဥ်ပြာနှင့် ဝိညာဥ်မန်နာတို့ကို အသုံးပြုခဲ့သည်။ ဝေ့ဝူယင်မှာ ဆက်လက်၍ အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား ပေါင်းစပ် ဖွဲ့စည်းထားသည့် အခြား ရင်းမြစ်များ အကြောင်းကိုပါ ဆက်လက် တွေးတောလိုက်မိ၏။
“သေစမ်းကွာ...”
ရုတ်တရက် သူက ထကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ အံကို တင်းတင်းကြိတ်လိုက်ရင်း သူ့ ပုံစံက မခံမရပ်နိုင် ဖြစ်နေပုံ ပေါ်သည်။
“ဘာဖြစ်တာလဲ...”
ဝမ်ယုထျန်းက မေးလိုက်၏။ အသက်ကို လေးငါးခါ ရှူသွင်း ရှူထုတ်ပြီးနောက် ဝေ့ဝူယင်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာသည်။ တည်ငြိမ်မှုကို အလုံးစုံ ပြန်လည် ရရှိသည်နှင့် သူက ဝမ်းဗိုက်ကို နှိပ်ကာ တဟားဟား ရယ်မောလိုက်၏။
ဝမ်ယုထျန်းမှာ ထိုမြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ငေးမောကာသာ ကြည့်နေမိခဲ့၏။ ထိုလူငယ်က ရူးသွားတာတော့ မဖြစ်နိုင်ဘူး မလား”
အားရအောင် ရယ်မောပြီးနောက်မှ ဝေ့ဝူယင်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
“ဘာမှမဟုတ်ပါဘူး... ကျုပ် ဆေးညွှန်းမှာ အမှားတစ်ခု ပါသွားတဲ့ အကြောင်းတွေးလိုက်မိလို့ပါ.. တကယ်လို့ နည်းလမ်းကို ပြောင်းလဲပြီး နည်းနည်း ထပ်ထည့်နိုင်မယ် ဆိုရင် ဆေးလုံးက အရည်အသွေးနိမ့်ကနေ အရည်အသွေး အထွတ်အထိပ် အဆင့်ကို ရောက်သွားမှာ သေချာတယ်...”
အကယ်၍ အာရုဏ်ဦး နေမီးတောက် ဆေးလုံးသာ အရည်အသွေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိသွားပါက အစစ်အမှန် လောကနယ်မြေကို ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။ ၎င်းက လင်းမင် ကဲ့သို့ အတုအယောင် လောကနယ်မြေ ဖြစ်တော့မည် မဟုတ်ချေ။
လွန်ခဲ့သည့် ရက်ပိုင်းက မည်သည့် အရာ လိုအပ်နေကြောင်း သူ ရှာမတွေ့ခဲ့သော်လည်း ယခုတွင်တော့ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ၎င်းက သဟဇာတ ဖြစ်ခြင်းပင်။ အကယ်၍ သူသာ နည်းလမ်းကို အနည်းငယ် ပြုပြင်ကာ ဝိညာဥ်မန်နာကို နည်းနည်းပို၍ သုံးခဲ့ပါက ဆေးညွှန်းက ပြီးပြည့်စုံ သွားလိမ့်မည် ဖြစ်သည်။ ၎င်းက အလွန် သေးငယ်သည့် အမှားလေး တစ်ခုသာ ဖြစ်သည့်တိုင် ရရှိလာသည့် ရလဒ်ကတော့ ကြောက်စရာ ကောင်းအောင် ကြီးမားလွန်းသည်။ သူရော ဧဒင်ပါ ၎င်းကို မျက်စိအောက်တွင်ပင် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဝမ်ယုထျန်းသာ ဝေ့ဝူယင် ပြောနေသည့် အရာကို အသေးစိတ် သိရှိပါက ရူးသွပ်၍ပင် သွားလိမ့်မည် ဖြစ်သည်။
လောက ရှန့်ထို တစ်ပါးပင် စွမ်းဆောင်ရန် ခက်ခဲသည့် အရာကို အဆင့်ကိုး ဆေးလုံး တစ်ခုက အပြစ်အနာအဆာ မရှိ ပြီးမြောက် စေနိုင်ခြင်း...
ထိုအချက်တစ်ခုဖြင့်ပင် အဂ္ဂိရတ် လမ်းစဥ် အပေါ် တစ်သက်တာလုံး သူ ယုံကြည်ထားသမျှက ပျက်ရွင်းသွားနိုင်သည်။ ထို့အပြင် ပို၍ ဆိုးသည်က ထိုအဂ္ဂိရတ် ဆေးလုံးအား တီထွင်ခဲ့သူမှာ အသက် ငါးဆယ်ပင် မပြည့်သေးသည့် အဂ္ဂိရတ် ပညာရှင်လေး ဖြစ်နေခြင်းပင် ဖြစ်သည်။
အတွေးများကို ရုတ်သိမ်းလိုက်ရင်း အေးအေးဆေးဆေး ရှိသည့် အချိန်သို့ ရောက်မှ အရည်အသွေးမြင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်သည်။ အောင်မြင်ရန် အတွက် သူ့တွင် ရာနှုန်းပြည့် ယုံကြည်ချက် ရှိပေသည်။ အရည်အသွေးနိမ့် ဆေးလုံးကိုမူ နောက်မှ အခြားလူများကို ပေးရန် သူ ဆုံးဖြတ်လိုက်၏။ မည်သို့ပင် ဆိုစေ... သူတို့မှာ ဆိုးကျိုး တစ်စုံတစ်ရာ မရှိပဲ အတုအယောင် လောကနယ်မြေ တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါလား။
“အတုအယောင် လောကနယ်မြေ အကြောင်း ပြောနေတာနဲ့ အဓိက ကိစ္စတောင် ပျောက်သွားပြီ... ကြယ်တာရာ ဝါးမျိုသူက ဘယ်လိုမျိုးလဲဗျ... ခင်ဗျား ပြောပုံ အရဆို အဲဒီ သတ္တဝါ ဒီကြယ်ကွင်းပြင်မှာ ပေါ်လာတာ ထူးဆန်းတယ်ပေါ့ ဟုတ်လား... ဘာလို့လဲ”
ဝေ့ဝူယင်က ပထမဆုံး မေးခွန်းကို ပြန်လည် အစဖော်လိုက်၏။
“ဟုတ်သားပဲ... ကြယ်တာရာ ဝါးမျိုသူတွေက ပိုပြီး စည်ပင်ဝပြောတဲ့ ပတ်ဝန်းကျင်တွေမှာပဲ ရှင်သန်တယ်လို့ ငါ မင်းကို ပြောဖူးတယ် မလား... နောက်ပြီး သူတို့က အဖျက်အဆီး သက်သက် သတ္တဝါတွေတော့ မဟုတ်ဘူး... ဂေဟစနစ်ထဲမှာ ပါဝင်နေတဲ့ သက်ရှိတွေလိုပဲ သူတို့ ရှင်သန်ရတဲ့ အကြောင်းရင်း ရှိတယ်... ကြယ်တာရာ ဝါးမျိုသူတွေက နေကြယ်တွေကို အလွန်အကျွံ ပေါ်ထွက်လာခြင်းမျိုး မဖြစ်အောင် တားဆီးပေးနိုင်ကြတယ်... ဒါပေမဲ့ ဒီလိုမျိုး အပျက်အစီး ကြယ်ကွင်းပြင်မှာတော့ အဲဒါက ပြဿနာ တစ်ခု မဟုတ်ဘူးပေါ့... အဲဒါကြောင့်ပဲ အပျက်အစီး ဆိုတဲ့ နာမည် တပ်ပြီး ခေါ်ကြတာ... ဆိုတော့ကာ ဒီထန်ဂူက သားကောင် မရှိတဲ့ နယ်မြေထဲ ဝင်လာတဲ့ မုဆိုးတစ်ယောက်လိုပဲ... သိမ်တော့ သဘာဝ မကျဘူးပေါ့”
“ကြယ်အမြုတေ အဆင့် ကျင့်ကြံသူတွေ သေဆုံးသွားတဲ့ နောက်မှာ သူတို့ရဲ့ ကြယ်အမြုတေတွေက တဖြည်းဖြည်းနဲ့ နေကြယ်တွေ အဖြစ်ကို ပြောင်းလဲသွားတယ်... ကြယ်ကွင်းပြင် တစ်ခုမှာ နေကြယ်တွေ သိပ်ပြီး များလာခဲ့ရင် တစ်ခုနဲ့ တစ်ခု တိုက်မိပြီး ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်လာတယ်... အဲဒီ အကျိုးဆက်က ကြယ်တာရာ နယ်မြေတွေကိုပါ ပေါက်ကွဲအား ကြီးကြီးနဲ့ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိတယ်... ငါတို့ကတော့ အဲဒီ ဖြစ်စဥ်ကို ကြယ်တိုက်မိခြင်း လို့ ရည်ညွှန်းကြတယ်”
“ကြယ်တိုက်မိခြင်း ဖြစ်စဥ်က နေကြယ်နှစ်ခုတည်းကိုပဲ ကန့်သတ် မထားဘူး... သုံးခု၊ လေးခုကနေ ဆယ့်သုံးခု အထိ တစ်ချိန်တည်း ဖြစ်နိုင်တယ်... သမိုင်းတွေထဲမှာ ဆိုရင် ကြယ်ကွင်းပြင်ကြီး တစ်ဝက်လောက် ဖျက်ဆီးခံရတဲ့ ဖြစ်စဥ်တောင် ဖြစ်ခဲ့ဖူးတယ်... အဲဒါကြောင့်ပဲ ဂေဟ စနစ်ကြီးက ကြယ်တာရာ ဝါးမြိုသူတွေကို မွေးထုတ်ပေးခဲ့တာပဲ”
“ဒါပေမဲ့ အပျက်အစီး ကွင်းပြင်တွေမှာ ကြယ်အမြုတေ အဆင့် ကျင့်ကြံသူတွေက အရမ်းကို ရှားပါးတယ်... ဒါကြောင့် သူတို့က ကြယ်ဝါးမြိုသူတွေကို အစာကျွေးနိုင်လောက်တဲ့ နေကြယ်တွေကို မထုတ်လုပ်နိုင်ကြဘူး... ဒါကြောင့်ပဲ ငါက ထူးဆန်းတယ် လို့ပြောတာ... နောက်ပြီး ငါမြင်ရသလောက် ဆိုရင် အဲဒီ ထန်ဂူက လမ်းတစ်လျှောက်မှာ နေကြယ်အချို့ကို စားပြီးပြီ... တကယ်လို့ ဗိုက်ဆာနေသေးတယ် ဆိုရင် ဒီလောက် အဝေးကြီးကို လာစရာ အကြောင်း မရှိဘူး... နောက်ပြီး သူသာ တကယ်စားမယ် ဆိုရင် ဒီကြယ်ကွင်းပြင်လေးထဲက နေတွေအားလုံး ဆယ်စုနှစ် တစ်ခုလောက် အတွင်းကို ကုန်သွားမှာ သေချာတယ်”
ဝမ်ယုထျန်း၏ ရှင်းပြမှုကို နားထောင်ရင်း ဝေ့ဝူယင်၏ နှလုံးသားက ပိုမို လေးပင်လာ၏။ သူက ငွေရောင် မျက်လုံးများကို ဖွင့်ရင်း ချည်းကပ်လာနေသည့် အဖြူရောင် အစက်အပျောက်ကို ကြည့်လိုက်သည်။ ၎င်းက တစ်ခုခုအား ရှာဖွေနေခြင်းလော။
***