ရောက်ရှိလာခြင်း
Vol. 41 Ch. 573
"ဆိုတော့… မင်းရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ…"
ရုတ်တရက် ထွက်ပေါ်လာသည့် ဝမ်ယုထျန်း၏ အသံက ဝေ့ဝူယင်၏ အတွေး အာရုံကို ကျိုးပျက်သွားစေ၏။ သို့သော်လည်း သူ စိတ်မရှိပါချေ။ လူသူ ကင်းမဲ့နေသည့် နေရာတွင် စကားပြောနိုင်သည့် ဉာဏ်ရည်မြင့် အဖော် တစ်ယောက် ရှိခြင်းက မဆိုးလှချေ။
"အစတုန်းကတော့ ဒီကြယ်တာရာ နယ်မြေမှာ ရှိတဲ့ ကုန်းမြေတိုက်ကြီးနဲ့ ဂြိုဟ်တွေပါ အန္တရာယ် ကင်းတဲ့ နေရာတစ်ခုကို ရောက်သွားဖို့ ကျုပ် မျှော်လင့်ခဲ့တာ… ဒါပေမဲ့ ကြည့်ရတာ လောက နေရာ ရွှေ့ပြောင်းခြင်း ကွန်ယက်တောင် အဲဒီလို မလုပ်နိုင်တဲ့ပုံ ရတယ်… အဲဒါက ထားလိုက်ပါလေ… ကျုပ် အနန္တ ကုန်းမြေတိုက်ကြီးကို လာခဲ့တာ အမှတ်တရ လမ်းဟောင်းတွေထဲ ပြန်လျှောက်ရုံ သက်သက် မဟုတ်ဘူး"
ဝမ်ယုထျန်း၏ မေးခွန်းကို ပြန်ဖြေရင်း ဝေ့ဝူယင်၏ ငွေရောက် မျက်လုံးများက တဖိတ်ဖိတ် တောက်ပလာ၏။
"မင်းက ဒီကမ္ဘာပြားကို နေရာပြောင်း မလို့လား…"
ဝမ်ယုထျန်းက မေးလိုက်၏။ အနန္တ ကုန်းမြေတိုက်ကြီးမှာ မိုင်သန်းပေါင်း များစွာ ကြီးမားသည် ဆိုသော်လည်း အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးနှင့် ယှဉ်ပါက များစွာ သေးငယ်ပေသေးသည်။ အကယ်၍ ဝေ့ဝူယင်သာ ဆန္ဒရှိပါက ၎င်းကို အခြားနေရာ တစ်ခုသို့ ရွှေ့ပြောင်းနိုင်ပေသည်။ သို့သော်လည်း မေးခွန်းထုတ်စရာ တစ်ခု ရှိသည်က မည်သည့် နေရာသို့ ရွှေ့ပြောင်းမည် ဆိုခြင်းပင်။
ဝေ့ဝူယင်က သူ့ ခန္ဓာကိုယ်ကို လှည့်လိုက်ရင်း အနန္တ ကုန်းမြေတိုက်ကြီးကို မျက်နှာမူ လိုက်၏။
"မဟုတ်ဘူး…"
သူက လက်နှစ်ဖက်ကို စက်ဝိုင်း ပုံသဏ္ဌဌာန် ဆန့်ထုတ်ရင်း တစ်စုံတစ်ရာကို လက်ချောင်းထိပ် များကို ထိတွေ့လိုက်သည်။
"ကျုပ် အဲဒါကို ယူသွားမလို့…"
စကားအဆုံး၌ သူ၏ ငွေရောင် မျက်လုံးများက ပြောင်းလဲသွား၏။
သူ၏ သူငယ်အိမ်များက ဒေါက်လိုက် ကျဉ်းမြောင်း သွားကာ မီးခိုးရောင် ဆဋ္ဌဂံ အကြေးခွံများမှာ ခန္ဓာကိုယ် အနှံ့ ပေါ်လာခဲ့သည်။ တစ်ခဏအတွင်းမှာပင် ဝေ့ဝူယင်မှာ အစစ်အမှန် နဂါးအသွင်ပြောင်းခြင်းကို ထုတ်ဖော်ခဲ့ပြီး ဖြစ်လေသည်။
ဘုန်း… ဘုန်း…
လေးပင်သော အသက်ရှူသံများနှင့် အတူ ရှစ်ဆယ့် တစ်မီတာ ရှည်သော အတောင်ပံ များမှာ သူ့ကျောထက်၌ ပေါ်လာခဲ့၏။ ဝေ့ဝူယင်က ထိုအတောင်ပံများကို ခတ်လိုက်ရင်း မတုန့်မဆိုင်းပင် နှလုံးသားထဲရှိ ဟင်းလင်းပြင် အင်အားများကို ဆွဲထုတ် လိုက်သည်။
ဘုန်း… ဘုန်း…
တစ်ခဏ အတွင်းမှာပင် မီးခိုးရောင် စွမ်းအင်များမှာ အတောင်ပံများမှ စီးထွက်လာကာ အနန္တ ကုန်းမြေ တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွား၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို နေရာ ရွှေ့ပြောင်းခဲ့ပြီး နောက်တွင် ဝေ့ဝူယင်မှာ သွေးမျိုးဆက် ရင်းမြစ် ခမ်းခြောက်မှုနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် နဂါးစွမ်းအင် ပါဝင်နေသည့် ပျက်သုဉ်းခြင်း ပုလဲများကို သုံးကာ သူ ပြန်လည် ဖြည့်တင်းခဲ့ပြီး ဖြစ်သည်။
"…"
ဝမ်ယုထျန်းမှာ ဘာမှ မပြောပဲ တိတ်တဆိတ်ပင် လေ့လာနေ၏။ ဝေ့ဝူယင်က ကုန်းမြေတိုက်ကြီးကို ယူဆောင်သွားမည် ဟုလည်း ဆိုသည်။ ထို့အပြင် နေရာမပြောင်း ဟုလည်း ပြောပြန်သေးသည်။ သူက ဘာလုပ်ရန် စီစဉ်နေသနည်း။
ဘုန်း… ဘုန်း…
ဝေ့ဝူယင်မှာ ဟင်းလင်းပြင် စွမ်းအင် များကို ကုန်းမြေတိုက်ကြီး တစ်ခုလုံး ခြုံငုံမိအောင် ဆက်လက် ထုတ်လွှတ် နေခဲ့၏။
မြစ်များ၊ ချောင်းများ၊ ဝောာင်တန်းများ၊ လွင်ပြင်များ၊ သစ်တောများ…
နောက်ဆုံး ကုန်းမြေတိုက်ကြီး အမြုတေကိုပင် သူ အလွတ်ပေးခြင်း မရှိပဲ ဟင်းလင်းပြင် စွမ်းအားနှင့် တိုက်ရိုက် ချည်နှောင် ပစ်လိုက်သည်။
ဝေ့ဝူယင် နောက်ဆုံး အနေနှင့် အနန္တ ကုန်းမြေ တိုက်ကြီးကို တစ်ချက် ခြုံကြည့် လိုက်၏။ သူ၏ နဂါးမျက်ဝန်းများထဲတွင် ခံစားချက် အရိပ်အငွေ့ အချို့ ဖြတ်ပြေးသွားသည်။ အနန္တ ကုန်းမြေတိုက်ကြီးမှာ သူ့ငယ်ဘဝ တစ်ခုစာလုံး နီးပါး အမှတ်တရများနှင့် ပြည့်နှက်နေသည့် နေရာ ဖြစ်သည်။ သူ့ ဘဝအတွက် အရေး အကြီးဆုံး ဖြစ်ခဲ့သည့် လူများ၏ အုတ်ဂူများ လှဲလျောင်းရာ နေရာ ဖြစ်သည်။ အတိတ်က အတိတ်သာ ဖြစ်သော်လည်း ထိုနေရာကို သူ မစွန့်ပစ်နိုင်ချေ။
ပထမ၌ သူ ကုန်းမြေတိုက်ကြီးကို နေရာ ရွှေ့ပြောင်းဖို့ တွေးခဲ့သေးသည်။ သို့သော်လည်း အကြိမ်ကြိမ် စဉ်းစားပြီး နောက်တွင် ထိုအကြံကို သူ ပယ်ချခဲ့သည်။ နောက်နောင် အခါတွင် အမှောင် ဟင်းလင်းပြင် အတွင်း တစ်ကိုယ်တည်း ရွေ့လျားနေသည့် ကုန်းမြေထုကြီးကို အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က တွေ့ရှိကာ မဖျက်ဆီးဟု မည်သူ အာမခံနိုင်မည်နည်း။
အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း၏ သေမျိုး ဒဏ္ဍာရီ အဆင့် ခုနစ်ကို ရောက်ရှိပြီး နောက်တွင် ဝေ့ဝူယင်မှယ ဟင်းလင်းပြင် နဂါး၏ စွမ်းရည်တစ်မျိုးကို ရရှိလာခဲ့သည်။ ၎င်းကို ဟင်းလင်းပြင် ပုံဆောင်ခဲခြင်း ဟု ခေါ်၏။
ဝေ့ဝူယင်က လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ဆွဲယူလိုက်၏။ ချက်ချင်းပင် သူ့ အရှေ့ရှိ ဟင်းလင်းပြင်မှာ အင်အားပြင်း ငလျင် တစ်ခုနှင့် ရင်ဆိုင် ရသည့် အလား ကစဉ့်ကလျား ဖြစ်လာ၏။ တစ်လက်မမျှ ရွေ့လျားသွားတိုင်း ဝေ့ဝူယင်၏ လက်က ကမ္ဘာတစ်ခုကို ထမ်းပိုးထားရသလို တုန်ရီလာနေသည်။
"အိုး…"
ဝမ်ယုထျန်းမှာ ဝေ့ဝူယင် ပြုလုပ်နေသည့် အရာကို ရိပ်စားလိုက်မိရာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီ၍ပင် သွားခဲ့၏။
ဂါး…
ဝေ့ဝူယင်၏ နှုတ်မှ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် နဂါး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများကတော့ အနန္တ ကုန်းမြေတိုက်ကြီး ကိုသာ ပေါက်ထွက်လု မတတ် စိုက်ကြည့် နေ၏။
ဘုန်း… ဘုန်း…
ကုန်းမြေတိုက်ကြီးမှာ ဟင်းလင်းပြင် စွမ်းအင်များနှင့် အတူ လဲပြိုလု မတတ် တုန်ရီလာ၏။ သို့သော်လည်း ၎င်းက လဲပြိုခြင်း မရှိချေ။ ထို့အစား အလွန်တရာ ထူးခြား ဆန်းကြယ်စွာပင် စတင် ကျုံ့ဝင်လာခဲ့၏။
ဘုန်း… ဘုန်း…
မီးခိုးရောင် စွမ်းအင်များ၏ ဝန်းရံမှုနှင့် အတူ ကီလိုမီတာ သိန်းနှင့်ချီ ကျယ်ပြန့်သော ကုန်းမြေတိုက်ကြီးမှာ တဖြည်းဖြည်း သေးငယ် လာနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် လက်ကို တစ်လက်မခန့် ပိုမို စုလိုက်သည့် အခါတိုင်း၌ ၎င်းက မိုင်ထောင်ပေါင်းများစွာတိုင် သေးငယ်သွား၏။
ဝေ့ဝူယင်၏ လက်ဝါး နှစ်ဖက် ထိသွားသည့် အချိန်၌ လက်ထဲတွင် ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ ကုန်းမြေတိုက်ကြီးမှာ အစအန ရှာမရအောင် ပျောက်ကွယ် သွားခဲ့တော့သည်။
ရွှမ်း… ရွှမ်း…
မီးခိုးရောင် အလင်းများမှာ ဝေ့ဝူယင်၏ လက်ဝါးနှစ်ဖက် ကြားတွင် တိုးဝှေ့ ထွက်ပေါ် နေကာ တစ်စုံတစ်ရာကို ဖန်တီးနေဟန် ရ၏။ ၎င်းတို့က အလွန်တရာပင် တောက်ပလှကာ နေကြယ်တစ်စင်းနှင့်ပင် ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။
"မင်းရဲ့ ဟင်းလင်းပြင် စွမ်းအင်က တကယ် ကြောက်ဖို့ကောင်းတာပဲ"
ဝမ်ယုထျန်းက မှတ်ချက်ချလိုက်၏။ အလင်းပြန်ခြင်း အဆင့်ဖြင့် ကုန်းမြေတိုက်ကြီး တစ်ခုကို သယ်ဆောင်ခြင်းက အလွန် အံ့အားသင့်ဖို့ ကောင်းသည် ဆိုလျှင် ကုန်းမြေတိုက်ကြီးတစ်ခု၏ အရွယ်အစားကို ချုံ့ပစ်ခြင်းအား အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည်ဟု သုံးနှုန်းနိုင်ပေည်။
အတန်ကြာပြီးနောက် မီးခိုးရောင် အလင်းများမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွား၏။ ဝေ့ဝူယင်က ဖြည်းညင်းစွာပင် လက်ဝါးကို ဖွင့်လိုက်သည်။ သူ့လက်ပေါ်၌ ရှိနေသည်က တစ်လက်မခန့် အရွယ်အစား ရှိသည့် မီးခိုးရောင် သလင်းကျောက် တစ်ခုသာလျှင် ဖြစ်ပေါ်သည်။ အကယ်၍ သေချာကြည့်မည် ဆိုပါက ၎င်း၏ အတွင်းတွင် ကုန်းမြေထုတစ်ခု တည်ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
၎င်းက အနန္တ ကုန်းမြေတိုက်ကြီးပင်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ...”
ဝမ်ယုထျန်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က ခါသီးစွာ ပြုံးရင်း ခေါင်းခါရုံသာ ခါလိုက်သည်။ ဟင်းလင်းပြင် ပုံဆောင်ခဲခြင်း စွမ်းရည်ကို အသုံးပြုပြီးနောက်တွင် သူ၏ သွေးမျိုးဆက် ရင်းမြစ်မှာ နောက်တစ်ကြိမ် ကုန်ခမ်းသွားခဲ့သည် မဟုတ်ပါလား။ ထိုအရာက တတိယ အကြိမ်မြောက် ကုန်ခမ်းခြင်းပင်။
ဟူး... ဟူး...
အနန္တ ကုန်းမြေတိုက်ကြီး ပျောက်ကွယ်သွားပြီး နောက်တွင် အမှောင်ဟင်းလင်းပြင်၏ အအေးဓာတ်မှာ ဝေ့ဝူယင်ကို အဖက်ဖက်မှ နေ၍ တိုးဝင် တိုက်ခတ်လာ၏။ သွေးမျိုးဆက် စွမ်းအင် ကုန်ခမ်းနေပြီ ဖြစ်လေရာ ဝေ့ဝူယင်မှာ ဆက်လက် ပျံသန်းလိုစိတ် မရှိတော့ချေ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ဒြပ်စင် ရတနာသိုက်ထဲမှ ရရှိထားသည့် ဟင်းလင်းပြင် သင်္ဘောကို ထုတ်ယူလိုက်၏။ ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သင်္ဘောအတွင်း ရောက်ရှိသွားကာ နေရာယူလိုက်သည်။
“မင်းရဲ့ ဟင်းလင်းပြင်ကို ဖိနှိပ်နိုင်တဲ့ စွမ်းရည်က တော်တော် ကောင်းတာပဲ... ဘယ်လို နဂါး သွေးမျိုးဆက်ကို မင်း ပိုင်ထားတာလဲ... ကောင်းကင် ဦးချို နဂါး မျိုးဆက် မဟုတ်တာတော့ သေချာတယ်”
ဝမ်ယုထျန်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ကောင်းကင် ဦးချို နဂါး... အန်နုကို ပြောတာလား... သူ့မှာရော ဟင်းလင်းပြင် သွေးမျိုးဆက် ရှိတာလား”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်၏။ ထိုအဇူရာ အကြေးခွံနှင့် နဂါးကြီးက မည်သည့် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြောင်း သူ အမြဲ သိလိုနေခဲ့ခြင်း ဖြစ်သည်။
“ဟုတ်တယ်... ကောင်းကင်ဦးချို နဂါး မျိုးဆက်တွေက ဟင်းလင်းပြင် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်... သူတို့က ကိုယ်ပိုင် လောကတွေကိုတောင် ဖန်တီးနိုင်စွမ်း ရှိကြတယ်... ဥပမာ ပေးရရင် အဲဒါက ငါတို့တွေ ပစ္စည်း သိုလှောင်ဖို့ သုံးတဲ့ လျှို့ဝှက် နယ်မြေတွေလိုမျိုးပဲ... ဒါပေမဲ့ သူတို့က သက်ရှိတွေကိုပါ သိုလှောင်နိုင်စွမ်း ရှိတယ်... ကောင်းကင် ဦးချို နဂါးသွေးမျိုးဆက်တွေက ငါလာခဲ့တဲ့ ကြယ်ကွင်းပြင်မှာတောင် အတော်လေး ကျော်ကြားကြတယ်”
ဝမ်ယုထျန်းက ဖြည်းညင်းစွာပင် ရှင်းပြလိုက်သည်။
“ခင်ဗျားတို့ ကြယ်ကွင်းပြင်မှာလည်း နဂါးတွေ ရှိတာပဲလား...”
ဝေ့ဝူယင်မှာ ဝမ်ယုထျန်း၏ နောက်ဆုံး စကားကြောင့် အံ့အားသင့် သွားခဲ့၏။ ဝမ်ယုထျန်းက အသာအယာပင် ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့... ဒီကြယ်ကွင်းပြင်က အပျက်အစီး ကွင်းပြင်တစ်ခုပဲ... ဒါကြောင့်ပဲ နဂါးတွေကလည်း အရိုင်းအစိုင်းလိုမျိုး ဖြစ်နေတာ... မင်း အနေနဲ့ သူတို့ ဘယ်လို ဆက်ဆံခံရတယ် ဆိုတဲ့ အပေါ် မျှော်လင့်ချက် ကြီးကြီး မထားသင့်ဘူး”
ဝမ်ယုထျန်းမှာ နဂါးသွေးမျိုးဆက်ကြောင့် ဝေ့ဝူယင် နဂါးမျိုးဆက် အပေါ် ထိုမျှ ဆတ်ဆတ်ထိ မခံ ဖြစ်နေသည်ဟု ယူဆနေခြင်း ဖြစ်သည်။ ဝေ့ဝူယင် အသာအယာပင် ခေါင်းခါလိုက်၏။
“နဂါးမျိုးဆက် အပေါ် ဆက်ဆံတာထက် ကျုပ် ပိုပြီး စိတ်ဝင်စားတာက အားကြီးသူက အားနည်းငယ်ကို ဘယ်လို ဆက်ဆံတာလဲ ဆိုတာပဲ”
ဝေ့ဝူယင်မှာ သူ့ မိုးကောင်းကင်က ကန့်သတ်ချက်များစွာ ရှိနေသေးသလို ခံစားနေရ၏။ စကြဝဠာကြီးထဲတွင် ကြယ်တာရာ ဝါးမြိုသူတို့လိုမျိုး တည်ရှိမှု ဘယ်နှစ်ခု ရှိနေမည်နည်း။ နောက် ကြယ်ကွင်းပြင်ကရော ဘယ်လောက် များများ ရှိသနည်း။
သူ မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက်...
“အဲဒါက ရောက်လာပြီ...”
ဝမ်ယုထျန်းက အော်ဟစ်လိုက်၏။ ဝေ့ဝူယင်က အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ရာ မြင်တွေ့လိုက်ရသော အရာက နှလုံးခုန်သံများပင် ရပ်တန့် သွားစေခဲ့တော့သည်။
***