← Chapters

အခန်း (၁၁၄၅)

Vol. 82 Ch. 1145

အခန်း (၁၁၄၅)

Vol. 82 Ch. 1145

ထုံမင်က သက်ပြင်းချလိုက်သည်

“ ဒီဂြိုလ်ရဲ့ ဗဟိုချက်ကို ကျင့်ကြံရေးအတွက် အသုံးပြုထားလိမ့်မယ်လို့ ဘယ်လိုလုပ် သိမှာလဲ။ အခု စည်းမျည်းတွေက ရှုပ်ထွေးကုန်တော့ ငါ့သလင်းကျောက်တောင် တည်နေရာ မပြနိုင်တော့ဘူး ”

“ ငါတို့ ဒီမှာ ဆက်မနေသင့်ဘူး။ ငါတို့တွေ အချိန်တစ်ခု သတ်မှတ်ပြီး ခွဲရှာကြည့်ရအောင် …. ပြီးရင် ဒီမှာ ပြန်ဆုံကြမယ် ” ဟွမ်တိက ပြောလိုက်သည်။

ထုံမင်က ခေါင်းညိတ်ကာ  “ ငါတို့ လုပ်နိုင်တာ ဒါပဲ ရှိတော့တယ်။ မဟုတ်ရင် ငါတို့နှစ်ယောက်တည်းနဲ့ ဒီနေရာကို ဖွင့်ဖို့ မလုံလောက်သေးဘူး ”

ဟွမ်တိက ထုံမင် ဆိုလိုသည့် အဓိပ္ပါယ်ကို ကောင်းကောင်း သိပေသည်  “ ဒါက ဒီကမ္ဘာကြီးရဲ့ မူလစွမ်းအားတွေ တည်ရှိနေတာဆိုတော့ ပုံမှန်ပါပဲ။ ဒီမူလဗဟိုချက်က ဂြိုလ်ဗဟိုချက်နဲ့အတူတူ ရှိတယ်။ ငါတို့နှစ်ယောက်ရယ်၊ အစ်ကိုမို ရယ်ဆိုရင် ဒီနေရာကို ဖွင့်နိုင်ရုံလေးပဲ … ”

ဟွမ်တိက ကျီလီနှင့် လျန်ကျီတို့ကို ထည့်မတွက်ထားပေ။

“ ဘာဖြစ်တာလဲ  ” ဟွမ်တိနှင့် ထုံမင်တို့က ဆက်မပြောတော့ပေ။ သူတို့နှစ်ယောက်လုံးက သူတို့ရှေ့ရှိ တောင်ကြားကို လှည့်ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်ရှေ့တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကြောင်းမှာ ပို၍ ပို၍ ကြီးမားလာသည်။

ထိုအက်ကြောင်းမှ စုစည်းနေသည့် မူလစွမ်းအား စိမ့်ထွက်လာသည်။ ထို့အပြင် ဖြူနှစ်ရောင်မြူများဖြင့် ကာရံထားသေး၏။

“ ငါ သိပြီ။ တစ်ယောက်ယောက်‌တော့ ဂြိုလ်ရဲ့ ဗဟိုချက်ကို တွေ့သွားပြီးတော့ အခု လှုပ်ရှားနေပြီ။ မူလစွမ်းအားကို ချုပ်ကိုင်ထားတဲ့ စည်းမျည်းတွေက ပြေလျော့သွားတော့ မူလစွမ်းအားတွေ ထွက်လာစေတာပဲ။ မြန်မြန် ကျင့်ကြံ … မြန်မြန် ကျင့်ကြံ ….” ထုံမင်က စိတ်လှုပ်ရှားလွန်း၍ စကားလုံးများပင် ဗလုံးဗထွေး ဖြစ်သွားလေ၏။

ဟွမ်တိလည်း စိတ်လှုပ်ရှားလွန်း၍ ခန္ဓာကိုယ်ပင် တုန်တုန်ယင်ယင် ဖြစ်နေမိသည်။ နတ်ဘုရားအရိုက်အရာကမ္ဘာ၏ မူလဇာစ်မြစ် ပေါ်လာလေပြီ။ အကယ်၍ သူသာ ဒဏ်ရာအပြင်းအထန် ရထားခဲ့လျှင်ပင် ဤသို့နေရာမျိုး၌ ကျင့်ကြံပါက မြန်မြန်ဆန်ဆန် ကောင်းမွန်လာနိုင်၏။

ကံကောင်းသည်က သူတို့နှစ်ယောက်မှာ ဝိဇ္ဇာဟောင်းနှစ်ယောက် ဖြစ်ပေသည်။ သူတို့က ပြန်ပြီး အသိပြန်မဝင်လာခင် ခဏတာမျှသာ စိတ်လှုပ်ရှားသွားကြခြင်း ဖြစ်၏။

နှစ်ယောက်လုံးက ထိုဆိုလိုရင်းကို ကောင်းကောင်း သိပေသည်။ ဤအက်ကြောင်းမှာ ဤသို့ရပ်တန့်သွားမည် မဟုတ်ပေ။ ဂြိုလ်၏ ဗဟိုချက်က ဆက်တိုက် ရွေ့လျားနေသောကြောင့် ဤအက်ကြောင်းသည်လည်း ပို၍ ကြီးလာပေမည်။ တစ်ဂြိုလ်လုံးကနေ မြင်ရလောက်သည့်အထိ အရွယ်အစား  ကြီးမားလာမည် ဖြစ်၏။

ဒီဂြိုလ်ပေါ်မှာ ကမ္ဘာဦး စိတ်ဝိညာဉ် မည်မျှ ရှိမည်နည်း။ ထိုဂြိုလ်၏ မူလဇာစ်မြစ်သာ ပေါ်လာပါက မြောက်များစွာသော ကမ္ဘာဦး စိတ်ဝိညာဉ်တို့က ပိုးကောင်များအလား ပေါ်လာကြမည် ဖြစ်၏။ အကြောင်းမှာ ဤအရာက ခန္ဓာကိုယ် တည်ဆောက်နိုင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။ ဤသည်က ဂြိုလ်တစ်ခု ပျက်သုန်းရေးကို သင်္ကေတထားသည့် ရတနာတစ်ခု ဖြစ်၏။

“ ငါတို့ ဘာလုပ်ကြမလဲ ” ထုံမင်က ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်၏။ သူက ဟွမ်တိအား ကြည့်ကာ မေးလိုက်သည်။

ဟွမ်တိက အလေးအနက် ပြောလိုက်သည်

“ ငါတို့ လုပ်နိုင်တာက အဲဒီမူလဇာစ်မြစ်စွမ်းအား ထွက်ပေါ်လာတဲ့အခါကျ ကျင့်ကြံဖို့အတွက် အကောင်းဆုံးနေရာ ရှာထားဖို့ပဲ … အဲဒီအခါကျ အပြင်းအထန် ကျင့်ကြံရမယ် ”

ထုံမင်က ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်လုံးက ထိုအက်ကြောင်းကြီးကို အနီးကပ်ကြည့်လိုက်ကြ၏။ မိုဝူကျိကို ရှာမည့်ကိစ္စကို လုံးဝ မေ့လျော့သွားကြလေပြီ။

***

ကမ္ဘာကွဲကြေလုမတတ် သက်ရှိလောက၏ တာအိုအငွေ့အသက်များ ထွက်ပေါ်လာကာ အဝါရောင်ဝတ်စုံနှင့် အမျိုးသားကို လွှမ်းခြုံသွားလေ၏။ ထိုအဝါရောင်ဝတ်စုံနှင့် အမျိုးသားက မတုံ့ပြန်နိုင်ခင် ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

အာကာပြင်မှာ မီးပြင်းဖို ဖြစ်လာပြီး အရာအားလုံးက မီးပြင်းဖိုအတွင်းမှ ကြေးနီအပိုင်းအစများအဖြစ် ဖြစ်လာမည် ….

ထိုစဉ် ထိုမီးပြင်းဖိုအတွင်း အရာအားလုံး၏ သေခြင်းရှင်ခြင်းမှာ ရှင်းလင်းလာလေ၏။ ရွေးချယ်စရာပင် မရှိပေ။

သက်ရှိလောက၊ မိုးမြေ၊ ကံတရား၊ ယင်ယန် ….

ဤသည်မှာ မိုဝူကျိ ဆက်တိုက် ထုတ်လွှင့်လိုက်သော သတ္တကမ္ဘာ လက်ချောင်းပညာရပ်မှ ပထမဆုံးလေးကွက် ဖြစ်ပေသည်။ သူတို့က နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်အပေါ် ကျရောက်လာကာ အဝါရောင်ဝတ်စုံနှင့် အမျိုးသားကိုလည်း အပြည့်အဝ လွှမ်းခြုံထားသည်။

အကယ်၍ ပုဆိန်လှံရှည်၏ လေဟုန်ဆန်မြစ်က ထိုနတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်အပေါ် သဘာဝလှိုင်းတွန့်များ ဖြစ်ပေါ်စေခဲ့သည်ဆိုလျှင် ထိုလက်ချောင်း ပညာရပ် လေးခုကား စကြဝဠာတစ်လျောက် ပြင်းထန်သော လှိုင်းလုံးများ ဖြစ်ပေါ်စေလိမ့်မည်။

အကယ်၍ နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်က ပို၍ အားကောင်းနေလျှင်ပင် ခန္ဓာကိုယ်မရှိသည့် အဝါရောင်ဝတ်စုံနှင့် အမျိုးသားကို ထိုလက်ချောင်း ပညာရပ် လေးကွက်မှ ဖိအားကို အလွယ်လေး တားဆီးနိုင်အောင် ကူညီပေးနိုင်မည် မဟုတ်ချေ။

နေရာတစ်ခုလုံး၌ စည်းမျည်းများ၏ ကြောက်မက်ဖွယ် အငွေ့အသက်များ ပြည့်နှက်သွားသည်။ အဝါရောင်ဝတ်စုံနှင့် အမျိုးသား၏ ပုံပေါ်လုနီးပါး ကမ္ဘာဦး စိတ်ဝိညာဉ်ပင် စတင် တုန်ခါလာလေ၏။ ထိုတုန်ခါမှုအောက်တွင် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်က အမြန်နှုန်းဖြင့် အားလျော့နည်းလာသည်။

“ ဝုန်း ဝုန်း ဝုန်း ” နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်ကြောင့် ဦးတည်ချက် လွဲနေသည့် သဘာဝစွမ်းအားများနှင့် စည်းမျည်းများက ရွှေရောင်အလုံးဆီ ရောက်ရှိလာသည်။ ထိုရွှေရောင်အလုံးက လေးလံနေလျှင်ပင် စည်းမျည်းအမျိုးမျိုး၏ စွမ်းအားများစွာ ထိမှန်ခဲ့သောကြောင့် ယခင်အတိုင်း မကျန်ရှိနိုင်တော့ပေ။

“ နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ် သတ်စမ်း ….” အဝါရောင်ဝတ်စုံနှင့် အမျိုးသားက အသံဩဩဖြင့် အော်လိုက်သည်။ ထို နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်မှ သက်တန့်ရောင် အလင်းတန်း သန်းပေါင်းများစွာ ထွက်ပေါ်လာသည်။

မိုဝူကျိ၏ လက်ချောင်းလေးကွက်မှာ နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်က သူတို့ဆီမှ တာအိုအငွေ့အသက်ကို မဖိနိုင်ထားခင် အဝါရောင်ဝတ်စုံနှင့် အမျိုးသားကို အပြီးသတ် မရှင်းထုတ်နိုင်ခဲ့ပေ။

သက်ရှိလောက ပျက်စီးသွားလေသည်။ မိုးမြေသည်လည်း တစစီ ဖြစ်သွားလေ၏။ မီးပြင်းဖိုအောက်က မီးငြိမ်းသတ်ခံလိုက်ရ၍ ယင်ယန်သည်လည်း ဝေဝါးလာသည် ….

နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်မှ အဆုံးမဲ့ အရှိန်အဝါများ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ မိုဝူကျိ၏ ဦးခေါင်းပေါ် ဧရာမတောင်ကြီးများစွာ ကျရောက်လာသလို ဖြစ်၏။

မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ ဖြည်းဖြည်းချင်းစီ ကြေမွပျက်စီးသွားလေ၏။ သူက ဆက်မထိန်းထားနိုင်တော့ဘဲ သွေးအန်လိုက်ရသည်။ သူက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ တကယ်တော့ သူက နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်ကြောင့် လျိုအတွင်း ဆက်တိုက် တွန်းချခံနေရလေ၏။

မိုဝူကျိ၏ မျက်နှာမှာ ဖြူဖျော့နေလေသည်။ မိုဝူကျိအနေနှင့် ဤသို့ပညာရှင်မျိုးနှင့် တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ သူက သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သော်လည်း ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရသေးသည်။

ထိုစဉ် နောက်ဆုတ်ရန် လမ်းကြောင်းလည်း မရှိတော့ချေ။ မိုဝူကျိက သူ့ကြိုတင်ခင်းကျင်းထားသည့် အာကာပြင် အစီအရင်သင်္ကေတများကို အတင်းကျပ် အသုံးပြုရင်း ရွှေရောင်အလုံး ဆက်လက် ရွေ့လျားသွားမည်ကို တားဆီးထားလိုက်သည်။

နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်၏ ဖိနှိပ်အားမှာ ဆက်လက် ကျရောက်နေဆဲ ဖြစ်၏။ မိုဝူကျိတွင် လူသားကမ္ဘာ ရှိသော်လည်း သူ့ကိုယ်ပိုင် တာအိုစည်းမျည်းများကို မယူသုံးနိုင်ပေ။ သူ့တာအိုစည်းမျည်းများအားလုံးမှာ ကန့်သတ်ခံထားရ၏။

ဝါးတစ်ချောင်းကို ဖိအားပြင်းပြင်းအောက် ထားလိုက်သကဲ့သို့ မိုဝူကျိ၏ နောက်ကျောမှာလည်း နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်၏ ဖိအားကြောင့် စတင်၍ ကွေးညွှတ်လာသည်။ သူက ရုန်းကန်လိုသော်လည်း နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်၏ ဖိအားက သူ့အား ကူကယ်ရာမဲ့စေ၏။

မိုဝူကျိက ဆိုးဆိုးရွှားရွား ဖိနှိပ်ခံနေရသည်။ သို့သော်လည်း အဝါရောင်ဝတ်စုံနှင့် အမျိုးသားသည်လည်း သိပ်မကောင်းလှချေ။ သူ့ခန္ဓာကိုယ်မှာ ဆက်တိုက် တုန်ခါနေပြီး ယခုအခါ သူ့မျက်နှာပင် မှုန်ဝါးဝါး ဖြစ်လာလေ၏။

အဝါရောင်ဝတ်စုံနှင့် အမျိုးသား၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ‌ ပျောက်ကွယ်တော့မည့်အလား  ပို၍ မှုန်ဝါးလာသည်။

မိုဝူကျိနှင့် အဝါရောင်ဝတ်စုံနှင့် အမျိုးသား နှစ်ယောက်လုံးက ဇွဲလုံ့လ တိုက်ပွဲမှန်း သိလိုက်ကြသည်။ မတောင့်ခံနိုင်သူမှာ ကျရှုံးမည် ဖြစ်၏။ အဆုံးအထိ တောင့်ခံပြီး ဇွဲနပန်းကြီးသူသာ အစစ်အမှန် အောင်နိုင်သူ ဖြစ်ပေမည်။

အဝါရောင်ဝတ်စုံနှင့် အမျိုးသားက တစ်ခွန်းမှ မပြောတော့ပေ။ ဤသည်မှာ စကားပြောရမည့် အချိန်မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။ သို့သော်လည်း သူက မိုဝူကျိသည် အရင်ဆုံး ကျရှုံးလိမ့်မည်မှန်း အသေအချာ သိနေသည်။

နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်က ဘယ်လို ရတနာမျိုးလဲ …

ယခင် နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်ကြောင့်သာ မဟုတ်လျှင် သူ ကွမ်းရီကျန်းလည်း အခြားသော မြေခွေးအိုကြီးများကဲ့သို့ အချိန်မြစ်ကြောင်းထဲ ပျောက်ကွယ်သွားလောက်လေပြီ။

ယခု သူက နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်ကို အပြည့်အဝ အသက်သွင်းထားပြီးပြီ ဖြစ်၏။ သူ့အသက်နှင့် တာအိုကိုပင် စွန့်စားထားခဲ့သည်။ အကယ်၍ သူသာ သဟဇာတ နတ်ဘုရားအဆင့်လေးကို မကိုင်တွယ်နိုင်လျှင် သူ့ဘဝ၌ ဘာအဓိပ္ပါယ်ရှိတော့မည်နည်း။

သူက အားကုန်ထုတ်သုံးတာ နောက်ကျနေမိသည့်အတွက် နောင်တရနေမိသည်။ အကယ်၍ သူ စရောက်လာကတည်းက မိုဝူကျိအား မလုပ်ကြံခဲ့ဘဲ အားကုန်သုံးတိုက်ခဲ့လျှင် ဤသဟဇာတ နတ်ဘုရားက သေနေလောက်လေပြီ။ ထိုရွှေရောင်အလုံးသည်လည်း သူ့အပိုင် ဖြစ်လာလောက်လေပြီ။ ထိုရွှေရောင်အလုံးဖြင့် မည်သည့်ဒဏ်ရာကများ ပြန်မကောင်းဘဲ ရှိမည်နည်း။

နှစ်များစွာကြာပြီးနောက် ဤသို့သော အပြုအမူအသေးလေးအပေါ် ပထမဆုံး နောင်တရမိခြင်း ဖြစ်၏။

ဘယ်နှနှစ်တောင် ကြာနေပြီလဲ …. နောက်ဆုံးတွင် သူ နောင်တတရားကို ထပ်မံ ခံစားမိပြန်ပြီ …

မိုဝူကျိ၏ နောက်ကျောမှာ ပုဇွန်ကွေးသဖွယ် ဖြစ်နေလေပြီ။ သူ့စိတ်ထဲ၌လည်း ထိတ်လန့်နေမိ၏။

အဝါရောင်ဝတ်စုံနှင့် အမျိုးသားက သိသလို သူလည်း သိပေသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက ကျရှုံးသူမှာ သူ ဖြစ်သွားပေမည်။ သူက အဝါရောင်ဝတ်စုံနှင့် အမျိုးသားကို သတိကြီးကြီးထားသောကြောင့် လက်ချောင်းတိုက်ကွက် လေးကွက်လုံး ထုတ်သုံးလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း သူ ဆိုးဆိုးရွားရွား ဖိနှိပ်ခံရဦးမည်ဟု မထင်ထားခဲ့ပေ။ ဤသည်မှာ သူ့တိုက်ခိုက်မှုများက အဝါရောင်ဝတ်စုံနှင့် အမျိုးသား၏ သဘာဝစွမ်းအား ပမာဏတော်တော်များများကို ကုန်ခမ်းပြီးသွားစေသည့်နောက်တွင် ဖြစ်ပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူက ဆိုးဆိုးရွားရွား သေနေလောက်လေပြီ။

ထိုအရှုပ်အထွေးအတွင်း အာကာပြင်ကြီးက ငြိမ်သက်နေသည်။ ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။

မိုဝူကျိ၏ နဖူးမှ သွေးချွေးစက်များ စိမ့်ထွက်လာလေ၏။ သူတို့က တပေါက်ပေါက်နှင့် ကျသွားသည်။ ထိုသွေးသံရဲရဲ ချွေးစက်များက ရွှေရောင်အလုံးပေါ် ကျရောက်သွားသည်။

မိုဝူကျိက သူ့စွမ်းအားများ ဆုတ်ယုတ်လာသည်ကို ခံစားမိပေသည်။ သူ့လူသားကမ္ဘာထဲပင် မဝင်နိုင်တော့ပေ။

သူက ဒီနေရာမှာ သေရတော့မှာလား ….

သူက သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိခါစ ဖြစ်၏။ သူက ဝိဇ္ဇာတပိုင်းအဆင့်ပင် မတက်လှမ်းရသေးပေ။

သူက ဤအရာကို လုံးဝ လက်မခံနိုင်ပေ….

မိုဝူကျိက ရုန်းကန်ရင်း ခေါင်းမော့ကြည့်လိုက်သည်။ သို့သော်လည်း သူ ရုန်းလိုက်တိုင်း နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်၏ ဖိအားက ပို၍ အားကောင်းလာသည်။

ငါ သေသွားရင် စုယင် ဘယ်လိုဖြစ်မှာလဲ ….

ငါ သေသွားရင် ငါ့လူသားကမ္ဘာ ဘယ်လိုဖြစ်သွားမှာလဲ …. ငါ့လူသားတာအို ဘယ်လို ဖြစ်သွားမှာလဲ ….

ငါ သေသွားရင် လူသားတာအိုကို ဆက်လက် ဆင့်ကမ်းနိုင်ဦးမှာလား ….

ယန်အာရော …အဆင်ပြေရဲ့လား … အခုထိ ကျန်းရှင်းမှာပဲ ရှိနေတုန်းလား …

သူမက သူ့အတွက် အသက်ရှင်နေထိုင်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်၏။ သူ့လို သခင်လေးမျိုး ရှိသည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်ပေသည်။

ဒဏ်ရာကြောင့် သူမ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့ကာ အကျင့်စရိုက်တို့ ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း မိုဝူကျိက သူ့ရင်ဘတ်ထဲ၌ သူမအတွက် နေရာတစ်နေရာစာ အမြဲတမ်း ချန်ထားပေးခဲ့သည်။

ကျီလီရော အဆင်ပြေရဲ့လား …. ငါ သေသွားရင် ဟိုမြင်းအိုကြီး ထုံမင်က သူမကို သတ်လိုက်မှာလား ….

နှမြောစရာပဲ … ငါ မလုပ်ရသေးတာတွေ အများကြီး ရှိသေးတယ် … မတွေ့ရသေးတဲ့သူတွေလည်း ကျန်နေသေးတယ် ….

မိုဝူကျိ မျက်ဝန်း၌ ဝမ်ရှောင်ချီ မျက်နှာလေး ဖြတ်ခနဲ ပေါ်လာသည်။ သူမ မျက်နှာမှာ ပို၍ ရှင်းလင်းလာလေ၏။ သူမ မျက်ဝန်းတွင် မျက်ရည်များခိုတြွနေကာ မိုဝူကျိအား ကြည့်နေသည်။ သူမက တစ်ခုခု အော်ပြောနေဟန် ပေါ်သည်။ သူမက သူ့အား သူမဆီ  မလာဖို့ လက်တခါခါဖြင့် တားမြစ်နေဟန် ပေါ်၏။ သို့သော်လည်း မိုဝူကျိက သူ့စိတ်မှာ တဖြည်းဖြည်း ဝေဝါးလာကြောင်း ခံစားမိပေသည်။ သူ့အသိစိတ်ပင်လယ်ပင် ဝေဝါးလာလေ၏။ သူက ဝမ်ရှောင်ချီ ဘာပြောနေမှန်း လုံးလုံး နားမလည်နိုင်ပေ။

မဟုတ်ဘူး …. သေလို့ မဖြစ်ဘူး

စုယင်ကိုလည်း မတွေ့ရသေးဘူး ….

ယန်အာ‌ ဘာလုပ်နေလဲဆိုတာလည်း မမြင်ရသေးဘူး ….

ပြီးတော့ ငါ့လူသားတာအိုက စကြဝဠာရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ပါ့မလားဆိုတာလည်း မသိရသေးဘူး  … ငါ မလုပ်ရသေးတာတွေ အများကြီး ကျန်နေသေးတယ် ….

နောက်ကျော ပြန်တည့်မတ်လိုက်စမ်း ….

မိုဝူကျိ မျက်ဝန်းမှာ သွေးနီရောင် ပြောင်းသွားလေပြီ။ သူ့တစ်ကိုယ်လုံး၌ ရူးရူးမူးမူး ပုံစံမျိုုးနှင့် ပြည့်နှက်နေသည်။

သူ့နောက်ကျောမှာ အမှန်တကယ် တည့်မတ်လာလေ၏။

အဝါရောင်ဝတ်စုံနှင့် အမျိုးသား၏ မှိန်ဖျော့ဖျော့ ခန္ဓာကိုယ်မှာ ပို၍ပင် တုန်ခါလာလေ၏။ သူ့လက်နှစ်ဖက်က ဖြည်းဖြည်းချင်း လက်ဟန်ဖော်ကာ  “ နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ် အသင်္ချေစည်းမျည်းကို ဖွဲ့စည်းပြီး ငါ့အတွက် ဖိနှိပ်လိုက်စမ်း ”

“ ဝုန်း ” အင်မတန် လေးလံသည့် ဖိအားက မိုဝူကျိဆီ ကျရောက်လာသည်။

ငါ သေရင်တောင် ထပ်ပြီး ဖိနှိပ်မခံတော့ဘူး ….

မိုဝူကျိ၏ မျက်ဝန်းထောင့်မှ သွေးများ စီးကျလာသည်။ သူ့အရိုးများပင် တစစီ စတင် ကြေမွလာလေ၏။

“ ဂျွတ် ” အက်သံက မိုဝူကျိ၏ နဖူးအထက်မှ ထွက်ပေါ်လာသည်။ ဤသည်မှာ အစေ့တစ်စေ့ အက်လာသကဲ့သို့ တစ်ဟုန်ထိုး လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။

***

All Chapters