← Chapters

ထန်ဂူ၏ ရည်ရွယ်ချက်

Vol. 41 Ch. 574

ထန်ဂူ၏ ရည်ရွယ်ချက်

Vol. 41 Ch. 574

ဒုန်း... ဒုန်း... ဒုန်း...

ဝေ့ဝူယင်၏ နှလုံးသားမှာ စည်းချက် ပြင်းပြင်နှင့် ခုန်နေ၏။ ဟင်းလင်းပြင် သင်္ဘောကြီး ပင်လျှင် ငလျင် တစ်ခု လှုပ်ခတ်သည့် အလား လိုက်လံ တုန်လှုပ်နေသည်။ သူ၏ အသက်ရှူသံများမှာ မတိုင်းတာနိုင်လောက်သည့် ပမာဏ အထိ လေးပင်နေ၏။

လွန်ခဲ့သည့် ကိုးရက်တည်းက ထန်ဂူအား ရင်ဆိုင်ရန် စိတ်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် လက်တွေ့ မြင်တွေ့ရသော အခါတွင်တော့ ဝေ့ဝူယင်မှာ ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ချေ။ သတ်မှတ်ထားသည့် အချိန်ထက် နှစ်ရက် စောရောက်လာခြင်းကို ထောက်ချင့်ရပါက ၎င်းမှာ အရှိန်ကို မြှင့်လိုက်ပုံ ရလေသည်။

ထိုသတ္တဝါကြီးအား စကားလုံး တစ်လုံး၊ သို့မဟုတ် စကားစု အနည်းငယ်ဖြင့် ဖော်ပြရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ၎င်းက အလွန်တရာ ကြီးမားလှသည်။ အမြင်အာရုံ တစ်ခုလုံး ဖုံးအုပ်သွားနိုင်သည် အထိ ကြီးမားလှသည်။ သူ အာရုံစိုက်နိုင်သမျှ အတိုင်းအတာ ပမာဏထက်ပင် ကြီးမားလှသည်။

သို့သော်လည်း ၎င်း၏ အသွင်အပြင်ကတော့ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ အတွက် ထူးဆန်းအံ့ဖွယ် မဟုတ်ပါချေ။ ‌‌

၎င်းက စုတ်ချွန်းချွန်း နှာခေါင်း၊ ခပ်ပြားပြား ကျောရိုး ဖွဲ့စည်းပုံနှင့် တြိဂံ အလား ချွန်ထက်သည့် နားရွက်တို့ကို ပိုင်ဆိုင်ထား၏။ ပြောရလျှင် ၎င်းက မြေခွေးသားရဲ အနွယ်ဝင် တစ်ဦးလိုပင်။

သို့သော်လည်း ၎င်း၏ မျက်လုံးများကတော့ ဝေ့ဝူယင် မြင်တွေ့ဖူးသမျှ အရာရာတိုင်းနှင့် ကွာခြားလှ၏။ ၎င်းတို့က မျက်ဆံနှင့် မျက်ရစ်တို့ ကင်းမဲ့နေကာ အလွန်အမင်း လှပသည့် သလင်းကျောက် ပြင်ကျယ်ပြီး တစ်ခုလိုပင်။ သို့သော်လည်း အထဲတွင် အနန္တ ကြယ်တာရာများ ပါဝင်နေသည့် အလား ၎င်းတို့က တဖျပ်ဖျပ် တောက်ပနေ၏။ ဝေ့ဝူယင်မှာ သတ္တဝါကြီး၏ အဆုံးမဲ့လှသော မျက်ဝန်းများကို ကြည့်ရင်း သူ့အား တည့်တည့် ကြည့်နေသလို ခံစား လိုက်ရ၏။

ထန်ဂူ…

ထိုသတ္တဝါကြီးကား စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ကြီးမား လွန်းလှသည်။ ၎င်းက အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ၏ အနားစွန်း၌ ရပ်ကာ သူ့ကို စိုက်ကြည့်၍ လေ့လာနေဟန် ရ၏။ ၎င်း၏ အမွေးဖြူကြီးများက တဖျပ်ဖျပ် လွင့်ခါနေ၏။

အမွေးအမျှင် တစ်ခုချင်းစီက ကိုယ်ပိုင် မြေဆွဲအားကို သယ်ဆောင်ထားကာ အရွယ်အစားတွင် အနန္တ ကုန်းမြေတိုက်ကြီး ကိုပင် နှိုင်းယှဉ်နိုင်လိမ့်မည် ဖြစ်သည်။ ၎င်း အသက်ရှူလိုက်တိုင်း၌ အမှောင် ဟင်းလင်းပြင်မှာ စုပ်ယူခံရကာ အာကာသ တစ်ခုလုံးမှာ ကစဉ့်ကလျား အခြေအနေသို့ ကျရောက်သွား၏။

သို့သော်လည်း အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေအတွင်းရှိ ကောင်းကင် ခန္ဓာကြီးများမှာ လှုပ်ရှားမှု ကင်းမဲ့နေဆဲ ဖြစ်သည်။

နေများမှာ ဆက်လက် ထွန်းလင်း နေဆဲ ဖြစ်သလို ဂြိုဟ်များမှာလည်း မလှုပ်မယှက် ရပ်တန့်နေဆဲ ဖြစ်၏။ ၎င်းတို့က ထန်ဂူ၏ တည်ရှိမှုကို နည်းနည်းလေးမှ သတိမထားမိကြပုံ ရသည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ ထူးထူးခြားခြား စိမ့်ဝင်နေသည့် အငွေ့အသက် တစ်ခုကို သတိထားမိနေ၏။

အငွေ့အသက်…

သေခြင်းတရားနှင့် ရင်ဆိုင်ရသည့် အခါ မျိုး၌ ထွက်ပေါ်လာသည့် အငွေ့အသက်…

ပြင်းပြသော အကြပ်အတည်းနှင့် အတူ ခိုကိုးရာမဲ့ အခြေအနေမျိုး၌ နိုးထလာသည့် ကြောက်ရွံ့မှု…

ကောင်းကင်ခန္ဓာကြီးများမှာလည်း ထိုကဲ့သို့ အတွေ့အကြုံ ခံစားနေရသည်လား။

သို့သော်လည်း ကြယ်တာရာ ဝါးမြိုသူ ထန်ဂူကို ကြည့်မိသော အခိုက်၌ ဝေ့ဝူယင်ကတော့ ဘာကြောက်ရွံ့မှုကိုမှ မခံစားရချေ။ သူ၏ ငွေရောင် မျက်လုံးများမှာ တွန့်ဆုတ်ခြင်း ကင်းမဲ့နေ၏။ သူ့ နှလုံးခုန်ခြင်းက ကြောက်ရွံ့မှုကြောင့် မဟုတ်ချေ။ စိတ်လှုပ်ရှားမှု၊ ထူးဆန်းကာ ရှင်းမပြနိုင်သည့် စိတ်လှုပ်ရှားမှု တစ်ခုကြောင့်ပင်။

ဟူး… ဟူး…

ထန်ဂူ၏ အသက်ရှူမှုကြောင့် ထွက်ပေါ်လာသည့် ဟင်းလင်းပြင် ဂယက်များမှာ ဝေ့ဝူယင်ထံသို့ပင် ရိုက်ခတ် လာ၏။ အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မြောနေသည့် ဟင်းလင်းပြင် သင်္ဘောမှာ စတင်၍ မတည်မငြိမ် ဖြစ်လာသည်။

ဘုန်း…

ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် ၎င်းက နောက်သို မိုင်တစ်သန်းခန့် လွင့်စဉ်သွား၏။ ဝေ့ဝူယင် သင်္ဘော၏ ဝင်္ကပါများကို ထိန်းချုပ်ရင်း နောက်ရှိ ဂြိုဟ်များနှင့် ဝင်မတိုက်ရန် တားဆီးလိုက်ရသည်။

ကြယ်တာရာ ဝါးမြိုသူက ခေါင်းကို လှည့်ကာ နေသုံးစင်းကို ကြည့်လိုက်၏။ မည်မျှပင် ကြီးမားသည် ဖြစ်စေ… ‌၎င်း၏ ခန္ဓာကိုယ်က အမှောင် ဟင်းလင်းပြင်နှင့် တစ်သားတည်း ပေါင်းစပ်ထားသည့် အလား သက်တောင့် သက်သာပင် ဖြစ်သည်။

ဝေ့ဝူယင်က ဟင်းလင်းပြင် သင်္ဘော၏ အစွန်းတွင် ရပ်ရင်း ထန်ဂူ၏ ကိုယ်လုံးကြီးကို ကောင်းကင် ထောက်တိုင်ကြီးများ သဖွယ် ပင့်မထာသည့် ခြေထောက်ကြီးများကို လေ့လာလိုက်၏။ ထိုခြေထောက်ကြီးများမှာ အမှောင် ဟင်းလင်းပြင်ကို ခိုင်မာသော မြေပြင် တစ်ခုလိုပင် နင်းထားသည်။ ထိုဧရိယာထက်၌ ထူးဆန်းသော ဖိအားတစ်ခု တည်ရှိနေ၏။

"ဒီလောက်ကြီးတဲ့ ကောင်ကြီး တစ်ခါမှ မမြင်ဖူးဘူး"

ဝမ်ယုထျန်းက မှတ်ချက်ချလိုက်၏။ သူက ထိုမြေခွေးဖြူ ကဲ့သို့ သားရဲကြီးကို ကြည့်ကာ အလွန် အံ့ဩနေဟန် ရလေသည်။

"ဘာလို့လဲ…"

ဝေ့ဝူယင်က မေးလိုက်၏။ ထိုနေရာ၌ လေထု ကင်းမဲ့၍ အသံလှိုင်းများ မရှိသည့်တိုင် သူတို့မှာ စိတ်ချင်း ဆက်သွယ်၍ စကားပြောနိုင်ဆဲ ဖြစ်သည်။

"ငါ တွေ့ဖူးတဲ့ ကြယ်တာရာ ဝါးမြိုသူ ထန်ဂူတွေက အများဆုံးမှ နေတွေ အရွယ်အစားလောက်ပဲ ရှိကြတာ… ဒါပေမဲ့ ဒီကောင်ကြီးက ကြယ်တာရာ နယ်‌မြေတွေ စုပေါင်းထားတာထက်တောင် ပိုကြီးသေးတယ်… ဘယ်လို အကြောင်းရင်းက ဒီလောက် ကြီးတဲ့ ထန်ဂူကြီးကို အပျက်အစီး ကြယ်တာရာ နယ်မြေဆီ လာစေခဲ့တာလဲ"

ဝမ်ယုထျန်း၏ လေသံက အံ့ဩမှု၊ သံသယ၊ မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်နေသည်။

"..."

ဝေ့ဝူယင်က တိတ်တဆိတ်ပင် ထန်ဂူ သတ္တဝါကြီးကို ငေးကြည့်လိုက်၏။ ၎င်းက ကြယ်တာရာ နယ်မြေ ဗဟိုရှိ နေသုံးစင်းကို အပြည့်အဝ အာရုံစိုက်နေဟန် ရသည်။ ထို့နောက် ဖြည်းညင်းစွာပင် ၎င်း၏ မေးရိုးကြီးများက ရွေ့လျားလာ၏။ သို့သော်လည်း ထိုအရာက အရွယ်အစား၏ လှည့်စားမှုကြောင့်သာ ဖြစ်ကာ သတ္တဝါကြီး၏ လှုပ်ရှားမှုမှာ အလွန်အမင်း မြန်ဆန်ကြောင်း ဝေ့ဝူယင် သိပေသည်။

"အဲဒါက…"

ဝေ့ဝူယင်က ညာဘက်လက်ဖြင့် မျက်နှာကို ဆုပ်ကိုင်လိုက်မိ၏။

"ထန်ဂူမက ဒီကို ရောက်လာတာ အဲဒါကြောင့်…"

ထိုအခိုက်၌ သူ၏ ငွေရောင် မျက်လုံးများ အတွင်းတွင် ကောင်းကင်ဘုံ နတ်မျက်လုံးကြောင့် ဖြစ်ပေါ်လာသည့် ဝိညာဉ် ဝင်္ကပါ တစ်ခု ရှိနေခဲ့၏။ ထိုဝင်္ကပါက ပြိုင်ဘက်ကင်းသည့် အော်ရာ တစ်ခုကို ထုတ်လွှတ်နေကာ ထန်ဂူကို ထွင်းဖောက် စစ်ဆေးနေဟန် ရလေသည်။

"ထန်ဂူမ ဟုတ်လား… သူတို့မှာ အထီးအမ ရှိလို့လား"

ဝမ်ယုထျန်းက ဝေ့ဝူယင်၏ အသုံးအနှုန်း အသစ်ကြောင့် အံ့ဩသွားကာ မေးလိုက်၏။

"သူက အကူအညီတောင်းနေတာ…"

ဝေ့ဝူယင်က ပြောလိုက်၏။ ထိုအခိုက်တွင်ပင် ထန်ဂူ၏ မေးရိုးကြီးများက ဖြည်းညင်းစွာ ပွင့်ဟလာသည်။ ထို့နောက် ရုတ်ချည်း ဆိုသလိုပင် အလွန် ပြင်းထန်သည့် စုပ်အား တစ်ခု ထွက်ပေါ် လာသည်။

ဘုန်း… ဘုန်း…

ပြင်းထန်သည့် တော်လဲသံကြီးများနှင့် အတူ အသက်ပေါင်း များစွာကို မွေးဖွား ပေးခဲ့သည့် နေသုံးစင်းမှာ ကျောက်တုံးစများလိုပင် စုပ်ယူ ခံရလိုက်တော့၏။

ဘုန်း… ဘုန်း…

နေသုံးစင်းမှာ အလွန် လျှင်မြန်သော အရှိန်အဟုန်နှင့် ရွေ့လျား သွားကြ၏။ လမ်းကြောင်း တစ်လျှောက်ရှိ ကုန်းမြေတိုက်ကြီးများနှင့် ဂြိုဟ်များမှာလည်း နေသုံးစင်းနှင့် အတူ ဆွဲငင်ခံရကာ ထန်ဂူကြီး၏ ပါးစပ် အတွင်း လိုက်လံ ဝင်ရောက် သွားကြရ၏။ ထိုအထဲ၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အဓိက ဂြိုဟ်ကြီးပင်လျှင် တစ်ခု အပါအဝင် ဖြစ်လေ၏။

နေသုံးစင်း ဝါးမြိုခံလိုက်ရပြီးနောက် ကြယ်တာရာ နယ်မြေမှာ စတင်၍ မည်းမှောင် သထက် မည်းမှောင်လာ၏။ တစ်ချိန်တည်း၌ ထန်ဟူ၏ ဖြူလွလွ အမွေးအမျှင်များမှာလည်း စတင် မည်းမှောင်လာကာ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် ပေါ်တွင် သိသာ ထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

၎င်း၏ ဦးခေါင်းခွံမှာ ပိုမို၍ ကြီးလာကာ နှာခေါင်းများမှာ ပိုမို ထူလာခဲ့၏။ ၎င်း၏ နားရွက်များကလည်း ပိုမို ချွန်ထက်လာကာ ခန္ဓာကိုယ်မှာ ဝိတ်တက်သည့် လူတစ်ယောက် အလား ပြန့်ကားလာသည်။

အသက်ကို ဝဝ ရှူလိုက်ပြီးနောက် ထန်ဂူကြီးမှာ ငြိမ်ကျသွားကာ တောက်ပသော အလင်းရောင် များမှာ ကုန်းမြေတိုက်ကြီးတမျှ ကြီးမားလှသော သူမ၏ အမွေးအမျှင်များမှ စတင် ထွက်ပေါ်လာ၏။

၎င်းက ခေါင်းတစ်ချက် စောင်းလိုက်ရင်း ‌မိုင်ဘီလျံပေါင်း များစွာ အကွာအဝေးမှ ဝေ့ဝူယင်ကို တစ်ချက် ကြည့်လိုက်၏။ သူ၏ သလင်းကျောက် မျက်လုံးများထဲတွင်တော့ နေသုံးစင်းမှာ ထပ်ပေါင်း ရောက်ရှိလာဟန် ရ၏။

ထန်ဂူ၏ ၎င်း၏ ခန္ဓာကိုယ်ကြီးကို အောက်သို့ နှိမ့်ရင်း ဖြည်းညင်းစွာ ခွေလိုက်သည်။ ပြီးသည်နှင့် သူမက နောက်ဆုံး တစ်ချက် လှမ်းကြည့်ကာ မျက်လုံးကျယ်ကြီးများကို မှိတ်လိုက်လေတော့၏။

ဝေ့ဝူယင် စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ဝမ်ယုထျန်းက အထိတ်တလန့်နှင့် အော်ဟစ် လိုက်လေ၏။

"ပြေးတော့… နေသုံးစင်းကို စားပြီးတဲ့ နောက်မှာ ကြယ်တာရာ ဝါးမျိုသူက ကမ္ဘာဖျက် လှိုင်းလုံးတွေကို ထုတ်လွှတ်တော့မယ် ပြေးတော့…"

ထိုစကားလုံးများက ‌ဝေ့ဝူယင်ကို ရှူပ်ထွေးသည့် အတွေးများ အတွင်းမှ နိုးထလာစေ၏။ သူက ထန်ဂူကို နောက်ဆုံး အနေဖြင့် လှမ်းကြည့်လိုက်ရင်း ဟင်းလင်းပြင် သင်္ဘောကို အမြင့်ဆုံး အမြန်နှုန်းထိတိုင် မြှင့်တင်လိုက်၏။

ဤနေ့ကို မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် မွေးရပ်‌ ကြယ်တာရာ နယ်မြေ ဖျက်ဆီးခံရတော့မည့် အဖြစ်က သူ့ကို ဝမ်းနည်း စေသည်။

သို့သော်လည်း တစ်ချိန်တည်းတွင် သူ့နှလုံးသားကတော့ အဆုံးမဲ့ ဆန္ဒတို့ဖြင့် ပြည့်နှက်နေ၏။

အသံလှိုင်းများ ထုတ်လွှတ်ချိန်တွင် ထန်ဂူ ဘာပြောသည်ကို သိလိုသည့် ဆန္ဒ၊ သူမ ဘာအကူအညီ တောင်းသည်ကို နားလည်လိုသည့် ဆန္ဒ… ကောင်းကင်ဘုံ နတ်မျက်လုံးများက အဘယ်ကြောင့် သူမအား နားလည်နေခဲ့ရသည်ကို သိလိုသော ဆန္ဒ…

ဟင်းလင်းပြင် သင်္ဘော ကြယ်တာရာ နယ်မြေမှ ထွက်ခွာခါနီးတွင် ဝမ်ယုထျန်းက ရုတ်တရက် ပြောလိုက်၏။

"ငါ ကျန်ခဲ့ရတော့မယ်… လူငယ်လေးရေ"

ထာဝရ ဧကရာဇ်နှင့် ချည်နှောင်ထားသည့် ဝိညာဉ် ကျိန်စာ အရ နောက်နှစ်ထောင်ဂဏန်း အနည်းငယ် ကြာအောင် သူ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင် နေရဦးမည် ဖြစ်သည်။ ထိုအတောအတွင်းတွင် အပြင်သို့ ခြေတစ်လှမ်းမှ ထွက်၍ မရချေ။

ဝေ့ဝူယင်က ဟင်းလင်းပြင် သင်္ဘောကို ရပ်လိုက်သည်။ ထို့နောက် သူက လေးလေးစားစားပင် ဦးတစ်ချက် ညွှတ်လိုက်၏။

"ကျေးဇူးတင်ပါတယ်…"

ဝမ်ယုထျန်းမှာ စတင်‌ တွေ့ဆုံခဲ့သည့် အချိန်ကတည်းက သူ့ကို နည်းအမျိုးမျိုးဖြင့် ကူညီပေးခဲ့သူ ဖြစ်သည်။ ထိုကျေးဇူးကို သူ ပြန်ဆပ်ချင်သည့်တိုင် ထိုလူအိုကြီး တိုင်တည်ထားသည့် ဝိညာဉ် ကျိန်စာက သူ ချိုးဖျက်နိုင်သည့် အကန့်အသတ်ထက် ကျော်လွန်နေချေသည်။

သို့ဖြစ်လေရာ နှုတ်ဆက်ရုံသာ ရှိပေတော့သည်။

"ဟဟ… ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ… မင်းနဲ့ ဆုံတွေ့ခဲ့ရတာက ငါ့ရဲ့ မိတ်ဆွေဟောင်းတွေ ကျင့်ကြံခြင်း အခက်အခဲတွေကို ပြန်ပြီး သတိရစေတယ်… ငါ့ကို အသက်ရှင်နေသေးတဲ့ ကျင့်ကြံသူ တစ်ယောက်လို ပြန်ခံစားရအောင် မင်းပဲ လုပ်ပေးခဲ့တာ"

သူတို့ နှစ်ယောက် အကြားတွင် တစ်ခဏမျှ တိတ်ဆိတ်သွား၏။

ထို့နောက် ဝေ့ဝူယင်က ကတိပေးလိုက်သည်။

"တကယ်လို့ ကျုပ်ဆီမှာ ဝိညာဉ် ကျိန်စာကို ဖျက်ဆီးနိုင်တဲ့ စွမ်းရည် ရှိလာတဲ့ တစ်နေ့ကျရင် ဒီနေရာကို ပြန်လာခဲ့မယ်… တကယ်လို့ ကျုပ် ရောက်မလာခဲ့ဘူး ဆိုရင် သေသွားတာ ဒါမှမဟုတ် ပိုဆိုးတဲ့ အ‌‌ခြေအနေတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်… တကယ်လို့ အဲဒီလို ဖြစ်ခဲ့မယ် ဆိုရင် နှစ်ထောင်ချီ ကြာလို့ ခင်ဗျား လွတ်မြောက်လာတဲ့ အခါ ကျုပ် မျိုးဆက်တွေကို ရှာဖွေပြီး ဂရုစိုက်ပေးပါ"

"မင်းက သေမယ့်ကောင် မဟုတ်ပါဘူး… ဟားဟား"

ဝမ်ယုထျန်းရ ရယ်မောလိုက်၏။

"ဘုန်း…"

ထိုအခိုက်တွင်ပင် အသံတစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ ထန်ဂူ၏ အနက်ရောင် အမွေးအမျှင် များမှာ ထူးထူးခြားခြားပင် စတင် တောက်ပလာ၏။

"သွားတော့…"

ဝမ်ယုထျန်းက ဝေ့ဝူယင်အား ဆော်ဩ လိုက်သည်။

ဝေ့ဝူယင်က ချက်ချင်းပင် ဟင်းလင်းပြင် သင်္ဘော၏ အမြန်နှုန်းကို အမြင့်ဆုံးထိ မြှင့်တင်လိုက်၏။ ထို့နောက် တစ်စက္ကန့်၏ အပုံတစ်ထောင်ပုံ တစ်ပုံမျှ အတွင်းမှာပင် သူ၏ သင်္ဘောမှာ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေကြီး၏ နယ်နိမိတ်ကို ဖြတ်ကျော်ကာ ထွက်ခွာ သွားခဲ့တော့သည်။

***

All Chapters