← Chapters

ကျီလီအား ထိရဲသည့်သူ

Vol. 82 Ch. 1147

ကျီလီအား ထိရဲသည့်သူ

Vol. 82 Ch. 1147

“ ကလေးမ ခဏနေဦး ….” ကျီလီက လူအုပ်ကြားမှ ထွက်သွားတော့မည့်ဆဲဆဲတွင် ပုံရိပ်တစ်ခုက သူမရှေ့ ရောက်ရှိလာသည်။

ဤသည်မှာ အသက်အရွယ်ရနေသည့် မိန်းမအိုကြီး တစ်ယောက် ဖြစ်၏။ သူမက ကျီလီကို လှမ်းခေါ်လိုက်သူ ဖြစ်ပေသည်။

ကျီလီက ထိုမိန်းမအိုကြီးအား သတိထား ကြည့်ကာ  “ စီနီယာက ဘာကိစ္စများ ရှိလို့လဲ ”

“ မင်းရဲ့ မွေးရာပါ ပါရမီက မဆိုးဘူးပဲ … မင်းကို တပည့်အဖြစ် လက်ခံချင်တယ်။ ငါ့နောက် လိုက်ခဲ့ ” ထိုမိန်းမအိုကြီးက ရက်ရက်စက်စက် ရယ်မောလိုက်သည်။ သူမ ရယ်သံက အတော်လေး ခြောက်ခြားဖွယ် ဖြစ်နေလေ၏။

ကျီလီက နောက်ဆုတ်လိုက်ပြီးနောက် လက်နှစ်ဖက် ယှက်ကာ  “ စီနီယာရဲ့ အလေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီဂျူနီယာလေးက ဆရာလက်ခံဖို့ စိတ်ကူး မရှိပါဘူးရှင့် ”

ကျီလီ၏ အရည်အချင်းမှာ အတော်လေး ကောင်းမွန်နေသည့်အပြင် ပင်းထန်းဝါးဖြင့်လည်း အားဖြည့်ထားသေး၏။ ထို့အပြင် သူမ ပထမတန်းစား ကျင့်ကြံရေး အရင်းအမြစ်နှင့်လည်း ကြုံတွေ့ခဲ့ပေသည်။ နှစ်တစ်ရာလောက်ဖြင့် သူမ ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရား အဆင့် ၈ နောက်ပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်၏။ သူမအနေနှင့် သဟဇာတ နတ်ဘုရား အဆင့် ၉ သို့ ရောက်ဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

အကယ်၍ ကျီလီသာ ယခင် သူမအား တားဆီးထားသည့် အလယ်အလတ်အဆင့် သဟဇာတ နတ်ဘုရား လေးဦးနှင့် ရင်ဆိုင်ရလျှင် သူတို့အား အလွယ်လေး အနိုင်ယူနိုင်လေပြီ။

သို့သော်လည်း ကျီလီက သူမ ကျင့်ကြံဆင့် ပိုမြင့်နေလျှင်ပင် သူမရှေ့တွင် ရှိနေသော မိန်းမအိုကြီးအတွက် ပြိုင်ဖက် မဟုတ်သေးကြောင်း သိပေသည်။ ဤမိန်းမအိုကြီး၏ အငွေ့အသက်က သူမကို လွှမ်းခြုံထားလေ၏။ ထိုမိန်းမအိုကြီး၏ တာအိုလှိုင်းများ စီးဆင်းနေမှုက ပို၍ သိပ်သည်းပေသည်။ သူမက ဝိဇ္ဇာတပိုင်းအဆင့်မှန်း သိသာလှသည်။

“ ဟားဟား ” ထိုမိန်းမအိုကြီးက ရယ်မောလိုက်ကာ

“ ဒီမိန်းမပျိုလေးက တပည့် လက်ခံချင်တာကို တခြားသူတွေဆို လက်ခံဖို့ တောင်းပန်ကြရတာနော် … ဒါပေမဲ့ မင်းက ငါ့ကို ငြင်းတယ်ပေါ့။ ငါ့ကို လုံးဝ မျက်နှာသာမပေးဘူးပဲ  ”

မိန်းမပျိုလေးတဲ့လား ….

ကျီလီက သစ်ခေါက်နှင့်တူသည့် အသားရည်နှင့် မိန်းမအိုကြီးအား ကြည့်ကာ သီးလုမတတ် ဖြစ်သွားသည်။

“ ဖုန်းချီကူ .. သူမကို ခွင့်လွှတ်ပေးလိုက်ပါ။ ဒီဂျူနီယာညီမလေးက ငါ့မိတ်ဆွေရဲ့ တာအိုလက်တွဲဖော်လေးပါ။ သူမက မင်းကို ဆရာအဖြစ် လက်ခံနိုင်မှာ မဟုတ်ဘူး ” ကြည်လင်ပြတ်သားသည့် အသံတစ်သံက ထိုမိန်းမအိုကြီး၏ ရယ်မောသံကို ချိုးဖောက်လိုက်လေ၏။

ဖန်းချီကူက ဆက်မရယ်တော့ပေ။ သူမက ရောက်လာသည့်သူအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်

“ ဟွမ်ဖန်းဟုန် … ဒီကောင်မလေးကြောင့် ဒီမိန်းမပျိုလေးနဲ့ ဝင်ရှုပ်ချင်တာလား။ ရှင်လည်း တာအိုအုပ်စိုးသူအရှင် … ကျွန်မလည်း တာအိုအုပ်စိုးသူအရှင်ပဲ။ ဒေါသထွက်အောင် လာလုပ်မနေနဲ့ ”

တာအိုအုပ်စိုးသူအရှင် မြစ်ဝါက အေးအေးဆေးဆေး ပြောလိုက်သည်  “ ငါက သူမရဲ့ တာအိုလက်တွဲဖော်အပေါ် ကျေးဇူးကြွေးတင်နေတာ။ ငါ ဒီမှာ ရှိနေသ‌ရွေ့ သူမကို ထိခွင့် မပြုနိုင်ဘူး ”

တာအိုအုပ်စိုးသူအရှင် လေးပါးအနက် တာအိုအုပ်စိုးသူအရှင် မြစ်ဝါသည် အားအနည်းဆုံးဖြစ်ကာ ဤတာအိုအုပ်စိုးသူ အရှင်မ ရွှေရေကန် ဖုန်းချီကူက အားအကောင်းဆုံး ဖြစ်ပေသည်။ လက်ရှိ အားလုံးက သူတို့အင်အားအများစု ပြန်ရထားပြီးကြလေပြီ။ ထို့ကြောင့် တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက ဤဖုန်းချီကူအပေါ် ကြောက်လန့်မှုတချို့ ရှိပေသည်။

“ ဟွမ်ဖန်းဟုန် … ဒီဝိဇ္ဇာကို ခြိမ်းခြောက်ရအောင် မင်းဆီမှာ ဘယ်လိုစွမ်းရည်တွေ ရှိနေလဲ ကြည့်ရသေးတာပေါ့ ” ဝတ်ရုံစိမ်း အမျိုးသားတစ်ဦးက ရယ်မောရင်း တာအိုအုပ်စိုးသူ အရှင်မြစ်ဝါရှေ့ ရောက်လာသည်။

တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက ထိုဝတ်ရုံစိမ်း အမျိုးသားကို မြင်လိုက်သည့်အခါ အမူအယာ ပြောင်းလဲသွားလေ၏။ သို့သော်လည်း သူ့လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်ကာ

“ ဖန်းရှီယူ မင်းက ဒီကမ္ဘာရဲ့ မူလဇာစ်မြစ်စွမ်းအားကြောင့် ခန္ဓာကိုယ် ဖွဲ့စည်းနိုင်ခဲ့ပေမဲ့ ငါ ဟွမ်ဖန်းဟုန်က မင်းကို မကြောက်ဘူး ”

“ တာအိုရောင်းရင်းဖန်း … ဘာလဲ ဟွမ်ဖန်းဟုန်က ရှင့်ကိုလည်း စိတ်အနှောင့်အယှက် ပေးထားတာလား ” ဖုန်းချီကူက ချက်ချင်း မေးလိုက်သည်။

ထိုစဉ် ဖုန်းချီကူက စိတ်သက်သာရာ ရသွားမိသည်။ တာအိုအုပ်စိုးသူ အရှင်လေးပါးအနက်က သူမက အားအကောင်းဆုံး ဖြစ်ပေသည်။ သူမ တစ်ယောက်တည်းဆိုလျှင်ပင် တာအိုအုပ်စိုးသူ အရှင်မြစ်ဝါကို ကြောက်နေဖို့ မလိုပေ။ ယခု ဖန်းရှီယူက သူမနှင့် ပူးပေါင်းလာသည့်အတွက် စိုးရိမ်နေဖိုပင် မလို‌တော့ချေ။

ယခင် သူမ ကျင့်ကြံနေစဉ် ကျီလီနှင့် သိပ်မလှမ်းလှပေ။ ထိုအကြောင်းအရင်းကြောင့် သူမက ကျီလီ၏ ပါရမီကို သေချာသိလိုက်ခြင်း ဖြစ်၏။ ဤသည်မှာ အရေးကြီးဆုံး မဟုတ်သေးပေ။ ပို၍ အရေးကြီးသည်က ကျီလီ၏ အလှတရားသည် သူမကို လိုချင်တပ်မက်လာစေခြင်း ဖြစ်၏။ အကယ်၍ ဤခန္ဓာကိုယ်သာ သူမ ဖုန်းချီကူအပိုင် ဖြစ်မလာပါက သူမကိုယ်ကို ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမ မူလဇာစ်မြစ် စွမ်းအားကို စုပ်ယူနေသည့်အခါ အသိစိတ်ပင်လယ်နှင့် တာအိုကို ဖွဲ့စည်းဖို့အတွက်သာ အာရုံစိုက်ထားခဲ့သည်။ သူမ ခန္ဓာကိုယ်အတွက်ကို အချိန်များစွာ မပေးခဲ့ပေ။ အကြောင်းမှာ သူမက ကျင့်ကြံပြီးသည်နှင့်  ကျီလီ၏ ခန္ဓာကိုယ်ကို အပိုင်စီးရန် ကြံရွယ်ထားသောကြောင့် ဖြစ်၏။

“ ဟားဟား … ဒီလိပ်က ငါ့ဆီမှာ ခန္ဓာကိုယ်မရှိတုန်းက ရန်လုပ်ထားတာလေ။ အခု တာအိုအုပ်စိုးသူအရှင် မြစ်ဝါ ဘယ်လောက် အားကောင်းလဲဆိုတာ ကြည့်ရသေးတာ‌ပေါ့ ” ထိုစဉ် ဖန်းရှီယူက ခန္ဓာကိုယ် ဖွဲ့စည်းပြီးသွားပြီ ဖြစ်ရာ ကျီလီကို မလိုအပ်တော့ပေ။ သို့သော်လည်း သူက အမုန်းတရား ကြီးမားသူ ဖြစ်ရာ တာအိုအုပ်စိုးသူအရှင် မြစ်ဝါ သူ့အား လုပ်ခဲ့သည့် အပြုအမူများကို မေ့မထားနိုင်သည်မှာ ပုံမှန် ဖြစ်၏။

“ ကောင်းပြီလေ … အဲဆို တာအိုရောင်းရင်းဖန်းက ဟွမ်ဖန်းဟုန်ကို သင်ခန်းစာ ပေးလိုက်လေ … ကျွန်မက ဒီကောင်မလေးကို ကိုင်တွယ်လိုက်မယ်  ” ဖုန်းချီကူက ထိုသို့ပြောပြီးနောက် ကျီလီအား လှမ်းဆွဲဖို့ လုပ်လိုက်သည်။

တာအိုအုပ်စိုးသူ အရှင်မြစ်ဝါ ဟွမ်ဖန်းဟုန်က အမူအယာ ပျက်ယွင်းနေလေ၏။ သူက ကျေးဇူးကြွေးကို မည်သို့ ပြန်ပေးဆပ်ရမှန်း သိသည့်သူ ဖြစ်သော်လည်း သူ တစ်ယောက်တည်း ဖန်းရှီယူနှင့် ဖုန်းချီကူတို့ကို ရင်ဆိုင်ရလျှင် သေဆုံးမည်မှာ မလွဲဧကန်ပင် ဖြစ်၏။ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ထွက်ပြေးပြီး ကျီလီ၏ တာအိုလက်တွဲဖော် မိုဝူကျိထံ ဤကိစ္စ အပ်ထားလိုက်ဖို့ ဖြစ်ပေသည်။

“ တာအိုရောင်းရင်း ကျီလီကို ဘယ်သူ ထိရဲလဲ ကြည့်ရသေးတာပေါ့ ” ထိုအသံအဆုံးတွင် ဖုန်းချီကူရှေ့သို့ ပုံရိပ်တစ်ခု ပေါ်လာသည်။

ဤလူ၏ သွင်ပြင်မှာ အတော်လေး ထူးခြားနေပေသည်။ သူက အလွန်ပိန်ပါးနေသော်လည်း သူ့အနီရောင် သရဖူမှာ ထင်းလွန်းနေ၏။ ထိုမျှတင် မကသေးဘဲ သူ့ပိန်ရှည်ရှည် မျက်နှာအထက်ရှိ မျက်လုံးကျဉ်းကျဉ်းသေးသေးလေးက ပို၍ ဂရုစိုက်မိဖွယ် ဖြစ်နေသည်။

ဖုန်းချီကူက ချက်ချင်း ရပ်တန့်လိုက်သည်။ သူမက ထိုလူအား စိုက်ကြည့်ကာ မယုံနိုင်ဖွယ် ရေရွတ်လိုက်၏  “ ဝိဇ္ဇာဟွမ်တိလား ”

“ ဟားဟား ” ဟွမ်တိက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ အချိန်ခဏအကြာမှ သူက ပြောလိုက်၏

“ ဒီဟွမ်တိကို မှတ်မိနေသေးတဲ့သူ ရှိနေမယ်လို့ ထင်မထားမိဘူး။ ဒီကမ္ဘာကြီးထဲမှာ ဘယ်သူမှ ဟွမ်တိကို မမှတ်မိတော့ဘူးလို့ ထင်နေတာ ”

ဖုန်းချီကူ မျက်ဝန်း၌ အကြောက်တရားတချို့ ဖြတ်ပြေးသွားသည်။ သူမက ဟွမ်တိသည် ဝိဇ္ဇာမဟုတ်တော့မှန်း သိထားသော်လည်း မသိမသာ  နောက်ဆုတ်လိုက်ပေသည်။ ဤသည်မှာ ဝိဇ္ဇာတစ်ယောက်၏ အင်အား ဖြစ်၏။ သူမက အရိုက်အရာခံ နတ်ဘုရားတစ်ဦး ဖြစ်ပေသည်။ သို့သော်လည်း သူမ၏ တာအိုအုပ်စိုးသူ အရိုက်အရာနှင့် ဝိဇ္ဇာအရိုက်အရာတို့ကြားရှိ ကွာခြားချက်မှာ ရိုးရိုးရှင်းရှင်း မဟုတ်ချေ။

ဖန်းရှီယူ၏ မျက်ဝန်းကလည်း အေးစက်သွားသည်။ သူက မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်  “ ဟွမ်တိ … တခြားသူတွေကသာ မင်းကို ကြောက်ရင် ကြောက်ကြမယ်။ ငါ ဖန်းရှီယူက မကြောက်ဘူးကွ ”

ဖန်းရှီယူက ထိုစကားများကို ပြောနိုင်သည့် စွမ်းဆောင်ရည်လည်း ရှိပေသည်။ ယခင်က သူ့ဓားသည် ဝိဇ္ဇာအဆင့်အောက်၌ ပြိုင်ဖက်ကင်းခဲ့ပေသည်။ သူက နတ်ဘုရားအရိုက်အရာ မရှိခဲ့ရုံမျှသာ ဖြစ်၏။

အကယ်၍ ဟွမ်တိသာ ဝိဇ္ဇာဖြစ်နေလျှင် သူက တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးမိမည် ဖြစ်၏။ သို့သော်လည်း ယခုတွင် ဟွမ်တိမှာ ဝိဇ္ဇာ မဟုတ်တော့ပေ။ ဝိဇ္ဇာအကြောင်းကို ထည့်ပြောနေဖို့ပင် မလိုအပ်ပေ။ ဟွမ်တိက ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်ပင် မရောက်သေးပေ။

ထို့ကြောင့် ဖန်းရှီယူက ဟွမ်တိသည် လက်ရှိ သူ့ပြိုင်ဖက် မဟုတ်ကြောင်း သေချာသိနေသည်။

ကမ္ဘာ၏ မူလဇာစ်မြစ် စွမ်းအားက သေချာပေါက် ပထမတန်းစား ဖြစ်၏။ သို့သော်လည်း နှစ်တစ်ရာလောက်တည်းဖြင့် ပစ္စည်းကောင်းများက ဟွမ်တိအတွက် သူ့ကျင့်ကြံဆင့်ကို ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်အထိ ပြန်လည် ရောက်ရှိစေဖို့ မလုံလောက်သေးပေ။

ဟွမ်တိ၏ မျက်နှာအမူအယာမှာ ပျက်ယွင်းသွားလေသည်။ သူက ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့၏။ နတ်ဘုရားအရိုက်အရာ မရဖူးသည့် ဖန်းရှီယူက သူ့အား စိမ်ခေါ်ရဲလိမ့်မည်ဟု မထင်ထားပေ။ ထို့အပြင် လက်တွေ့မှာ သူက ယခု ဖန်းရှီယူအတွက် တကယ်ကို ပြိုင်ဖက် မဖြစ်ပေ။

“ တကယ်လို့ မင်း ဖန်းရှီယူက အရမ်းကို အံ့ဩဖို့ ကောင်းနေရင် ငါ ထုံမင်လည်း မင်းနဲ့ အကွက်ချင်း နည်းနည်းလောက် ဖလှယ်ကြည့်ရအောင်လေ ” ထုံမင်က နှာခေါင်းရှုံ့ကာ ဝင်ရောက်လာလေ၏။

“ မင်းက အခုထိ ဒီမှာ ရှိနေတုန်းလား ” ဖန်းရှီယူက ထုံမင်အား မြင်လိုက်ပြီးနောက် သူ့မျက်နှာပေါ်က ထိတ်လန့်မှုမှာ ဟွမ်တိကို မြင်လိုက်စဉ်ထက် ပို၍ ကြီးမားပေသည်။

ဖန်းရှီယူ တစ်ယောက်တည်း အံ့အားသင့်သွားခြင်း မဟုတ်ပေ။ ဘေးပတ်လည်ရှိ ကျင့်ကြံသူအားလုံးက ထုံမင်အား တအံ့တဩ ကြည့်လိုက်ကြသည်။

ထုံမင်က ဟွမ်တိထက်ပင် အသက်ပိုကြီးသည့် ဝိဇ္ဇာတစ်ပါး ဖြစ်သောကြောင့် ဖြစ်၏။ ယခင်နှစ်များဆီက သူ လုပ်ကြံခံရပြီးနောက် အားလုံးက သူ့အား သေဆုံးပြီဟုသာ တွေးခဲ့ကြသည်။ ထုံမင်သည် မသေသေးဘဲ အသက်ရှင်လျက် အဆင်ပြေနေဦးမည်ဟု မည်သူမှ မထင်ထားကြပေ။

ထုံမင်က နှာခေါင်းရှုံ့ကာ

“ မင်း ဖန်းရှီယူက မသေသေးမှတော့ ငါ ထုံမင်က ဘယ်လိုလုပ် သေရမှာလဲ ”

“ ထုံမင် … မင်းက တကယ်ကြီး ဒီကောင်မလေးကြောင့် လုပ်နေတာလား။ ဟိုးအရင်တုန်းက မင်းက စကြဝဠာမှာ ရပ်တည်ခဲ့တဲ့ ပညာရှင်တစ်ယောက် … ကမ္ဘာပျက်ကပ်ကြီးက နီးလာပြီ။ မင်းက ငါနဲ့ တိုက်ပွဲ ဖြစ်ချင်သေးတာလား ….” ဖန်းရှီယူ၏ မျက်နှာမှာ မကြည်မသာ ဖြစ်လာသည်။ ထုံမင်က သူ့ဝိဇ္ဇာတာအိုကို ပြန်လည် အသက်မသွင်းနိုင်ခင် သူ ဖန်းရှီယူက ထုံမင်အား ကြောက်နေဖို့ မလိုအပ်ပေ။ သို့သော်လည်း သူက သဘာဝစွမ်းအားများ ပြန်ကောင်းလာစ ဖြစ်၍ ထုံမင်လိုမျိုး ပညာရှင်မျိုးနှင့် ရင်ဆိုင်ပြီး မဖြုန်းတီးပစ်လိုပေ။

“ တာအိုရောင်းရင်း ကျီလီက အစ်ကိုမိုရဲ့တာအိုလက်တွဲဖော်ပဲ … တကယ်လို့ သူ ရောက်လာရင် မင်း ဖန်းရှီယူလည်း သူ့ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး ” ထုံမင်က ထေ့ငေါ့ ရယ်မောလိုက်သည်။

“ ဟားဟား … သူက ကောင်မလေး တစ်ယောက်ပဲ။ ငါ ဖန်းရှီယူ ဘယ်လိုခံရမလဲ မြင်ချင်မိသား ” ဖန်းရှီယူက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြန်သည်။ ယခင်က သူသည် ဝိဇ္ဇာအဆင့်ပြီးလျှင် ထိပ်တန်းအဆင့် ဒုတိယတည်ရှိမှုမျိုး ဖြစ်ခဲ့သည်။ သို့သော်လည်း အားလုံးက ထိုမိန်းကလေး၏ တာအိုလက်တွဲဖော်ကို အသုံးချ၍ သူ့အား ခြိမ်းခြောက်နေကြသည်။

သူ ဖန်းရှီယူက သတ်သတ်လွတ်စားတဲ့ အရွက်စားသတ္တဝါ ထင်နေလား ….

“ အစ်ကိုဖန်း … ကျွန်မ ဖုန်းချီကူ ကူပေးမယ်။ သူမက ကောင်မလေး တစ်ယောက်ပဲလေ။ နာမည်က ကျီလီ ဟုတ်တယ်မလား။ ကျွန်မက သူမကို လိုချင်တယ် ”

ထိုအရာပြောပြီးနောက် ဖုန်းချီကူက လှည့်ပြောလိုက်သည်

“ တာအိုရောင်းရင်းတို့ … ဟွမ်တိက နတ်ဘုရားအရိုက်အရာ ဆုံးရှုံးသွားပါပြီ။ ဝိဇ္ဇာအဆင့်ကို ထည့်ပြောနေဖို့တောင် မလိုတော့ဘူး။ သူက ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်တောင် မရောက်သေးဘူး။ နောင်ကျ အစ်ကိုဖန်း ဝိဇ္ဇာအဆင့် ရပြီးသွားရင်  ကျွန်မတို့ဘက်က ရပ်တည်ပေးတဲ့သူတွေက ကျွန်မတို့ မိတ်ဆွေတွေ ဖြစ်လာလိမ့်မယ် ”

အချိန်တိုလေးအတွင်း ဖုန်းချီကူက အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။ ဟွမ်တိသည် ဝိဇ္ဇာ ဖြစ်ခဲ့ဖူးသည်မှာ မှန်သော်လည်း ယခုအခါ အမွေးမရှိသည့် ဇာမဏီ၊ အစွမ်မရှိသည့်ကျားလို  ဖြစ်နေလေပြီ။ ဖန်းရှီယူက သူ့ကို အနိုင်ယူလိုက်သည်နှင့် ထုံမင်သည်လည်း ကျီလီအတွက် သူ့အသက်ကို စတေးခံမည် မဟုတ်တော့ချေ။ ဤနေရာ၌ ပညာရှင်များစွာ ရှိလေရာ သူမက ဝိဇ္ဇာတပိုင်းအဆင့်နည်းနည်းကို ဆွဲခေါ်နိုင်ဖို့သာ လိုအပ်ပေသည်။

ဖုန်းချီကူအတွက် လူတချို့ သူမဘက် ရောက်ရှိလာစေဖို့ လွယ်ကူလွန်းလှပေသည်။ ဤနေရာတွင် နတ်ဘုရားအရိုက်အရာ ရှိသူများ၊ မရှိသူများ ရှိနေကြပေသည်။ သူမနှင့် ရင်မဆိုင်ဖူးသည့်သူ မည်မျှ ပါရှိမည်နည်း။ သူမက တာအိုအုပ်စိုးသူအရှင်မ ရွှေရေကန်ဟု အမည်ရထားသူလည်း ဖြစ်ပေသည်။

ဖုန်းချီကူက ထိုစကားများ ပြောပြီးနောက် လူတော်တော်များများက ထွက်လာကြသည်။ ကပ်ဘေးမတိုင်ခင် အလားအလာကောင်းသည့် ဝိဇ္ဇာတစ်ယောက်နောက် လိုက်ခွင့်ရသည်မှာ ကြီးမားသည့် အခွင့်အရေး တစ်ခု ဖြစ်၏။

“ ကျီလီကို ဘယ်သူ ထိရဲတာလဲ ” နောက်ကျောတွင် ပုဆိန်လှံရှည် လွယ်ထားသည့် သာမာန် ရုပ်ရည်နှင့် လူငယ်လေးက ကောင်းကင်မှ ဆင်းသက်လာသည်။

“ ဝူကျိ …” တာအိုအုပ်စိုးသူ အရှင်မြစ်ဝါ ကယ်ပေးလိုက်သည့် အချိန်မှစ၍ ကျီလီ စိတ်ထဲတွင် ပြောမပြတတ်သည့် ခံစားမှုတချို့ကို ခံစားမိနေခဲ့သည်။ ထိုခံစားချက်က ပစ်မှတ်ကို တွေ့လိုက်ရပြီးနောက် ပေါက်ကွဲထွက်လာ၏။ ကျီလီက နှစ်ခါပြန် မစဉ်းစားဘဲ မိုဝူကျိရှေ့သွားကာ သိုင်းဖက်ထားလိုက်သည်။

နွေးထွေးနူးညံ့သည့် ခံစားချက်က သူ့ကို လွှမ်းခြုံသွားသည်။ မိုဝူကျိက နည်းနည်း အိုးတိုးအမ်းတမ်း ဖြစ်မိသွားသည်။

ကျီလီက ဘာဖြစ်သွားတာလဲ ….

***

All Chapters