ရှောင်ချိုး၏ တစ်ဖက်သတ်အချစ်
Vol. 72 Ch. 999
အန်လင်းတို့ တိတ်ဆိတ်သွားကြသည်။
ရှောင်ချိုးသည် အမျိုးသမီးလေး၏ အပြုံးအားကြည့်ကာ ရပ်တန့်ရတော့မည်ဖြစ်ကြောင်း တွေးတောနေမိသည်။
သူမ၏ အပြုံးသည် သူ၏နှလုံးသားကို နာကျင်စေသည်။
ပိုင်ယောင်အတွက် ပျော်ရွှင်ပေးသင့်ပါသော်လည်း စိတ်ဝိဥာဥ်တစ်ခုလုံး ဝမ်းနည်းနေမိသည်။
ရှောင်ချိုးမှာ ပိုင်ယောင်အား အချိန်ကြာမြင့်စွာ ငေးကြည့်နေခဲ့သည်။
“သွားရအောင် အစ်ကိုကြီးအန်.....”
ရှောင်ချိုး အက်ကွဲစွာ ပြောလာသည်။
သူသည် ပိုင်ယောင်အား ခေါ်သွားရန် မပြောတော့ပေ။
ရှောင်ချိုးသည် သေသေချာချာ ဆုံးဖြတ်လိုက်ပုံ ရသည်။
အန်လင်း သက်ပြင်းချလိုက်သည်။
ဆက်ဆံရေးတွေက ဖိအားပေးလို့မှ မရတာ......
တစ်ဖက်သတ် အချစ်ဆိုတာ ဆိုးဆိုးရွားရွား အဆုံးသတ်ရတာပဲလေ.....
ဒါက အကောင်းဆုံး ဖြစ်မှာပါ...... မင်္ဂလာပွဲ မဖျက်တော့ပဲ တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ပြန်သွားတော့လည်း ဘယ်တော့မှ မလာခဲ့သလို ဖြစ်သွားတာပေါ့......
အန်လင်းမှာ စိုးရိမ်စွာဖြင့် ရှောင်ချိုးအား ကြည့်ရှုလိုက်သည်။
ရှောင်ချိုးသည် အလွန်အမင်း အသဲကွဲနေပါသော်လည်း အချိန်တစ်ခုသို့ရောက်လျှင် ဒဏ်ရာကျက်သွားပေလိမ့်မည်။
ထင်မှတ်ထားခဲ့သော အပြန်အလှန် ချစ်ခြင်းမေတ္တာသည် စိတ်ကူးယဥ် သက်သက်သာဖြစ်ကြောင်း သိရှိလိုက်ရသည်မှာ ရက်စက်လွန်းရာ ကျပါသော်လည်း ထိုနည်းဖြင့်သာ သူ၏ခံစားချက်များအား ဖယ်ရှားပစ်နိုင်မည် ဖြစ်သည်။
........
ချင်ဟုမြို့တော်၏ သစ်သီးဆိုင်တစ်ဆိုင်၌
ရှောင်ချိုးမှာ စိတ်ဝိဥာဥ်သစ်သီးများအား တစ်ဝတပြဲ စားနေသည်။
ချင်ဟုမြို့တော်၏ သစ်သီးများအား စျေးမချိုလှပေ။ စားပြီးလျှင် ထပ်စားချင်လောက်အောင် စွဲမက်ဖွယ် ကောင်းပါသော်လည်း ထိုကဲ့သို့ အများအပြား တထိုင်တည်း စားပစ်သည်ကို မြေခွေးများပင် မမြင်ဖူးခဲ့ပေ။
၎င်းတို့သည် ရှောင်ချိုးအား တအံ့တအား ကြည့်ရှုနေပြီးနောက် ဆိုးရွားလှသောရုပ်ကြောင့် ကြာကြာမကြည့်နိုင်ကြပေ။
မြေခွေးမျိုးနွယ်စုများသည် အလှတရားကို နှစ်သက်ခုံမင်ကာ ချောမောမှုများနှင့်သာ နေထိုင်ကြသောကြောင့် ထိုမျှရုပ်ဆိုးသူကို မမြင်ဖူးကြပေ။
“ဘုရားရေ..... ဒီမျောက်က ရုပ်ဆိုးလိုက်တာ။”
“ငါတော့ အိပ်မက်ဆိုး မက်တော့မှာပဲ။”
“ဒီလောကမှာ အဲ့လောက်ရုပ်ဆိုးတာလည်း ရှိတာပဲလား။”
“ငါအစာစားချင်စိတ်တောင် မရှိတော့ဘူး။”
မြေခွေးများမှာ တိုးတိုး၊ တိုးတိုးနှင့် အတင်းတုပ်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ကြားခဲ့လေသည်။
သို့သော် ရှောင်ချိုးမှ တားလာသည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော် အသားကျနေပြီ။”
ရှောင်ချိုး ရုပ်ဆိုးစွာ ပြုံးပြလိုက်သည်။
အန်လင်းသည် မကျေမနပ် ဖြစ်နေပါသော်လည်း ရှောင်ချိုးကြောင့် ငြိမ်နေလိုက်ရသည်။
ရှောင်ချိုးမှာ မျက်ရည်များနှင့် ဆက်စားနေသည်။
“ဖြည်းဖြည်းစားပါ။ နင်နေဦးမယ်။ မြေခွေးစိမ်းသစ်သီး တစ်ထောင်ထပ်ပေးဦး။”
အန်လင်းမှာ စိတ်ဝိဥာဥ်ကျောက်တုံး ငါးသောင်းအား စားပွဲပေါ် ပစ်တင်လိုက်သည်။
“ဝါး.....”
မြေခွေးများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
၎င်းတို့သာ ထိုသို့စားပါက မွဲတေသွားပေလိမ့်မည်။
သို့သော် အန်လင်းတို့မှာ သောင်းနှင့်ချီသော စိတ်ဝိဥာဥ်ကျောက်တုံးများအား အေးအေးဆေးဆေး ထုတ်ပေးနေလေသည်။
လုံးဝသူဋ္ဌေးကြီးပဲ......
ဆိုင်ရှင်မှာ ဝမ်းသာအားရပင် သစ်သီးများ လာချပေးလိုက်သည်။
မြေခွေးစိမ်းသစ်သီးများမှာ စားပွဲပေါ် ပြည့်လျှံသွားတော့သည်။
ဆိုင်ထဲတွင် သစ်သီးရနံ့များ သင်းပျံ့နေသည်။
ရှောင်ချိုးမှာ တစ်ဖြဲနှစ်ဖြဲ စားနေဆဲပင်။
“အရင်တုန်းက သူမလည်း မြေခွေးစိမ်းသစ်သီးတွေ ကျွန်တော့်ကို ကျွေးဖူးတယ်။ ကျွန်တော်သာ ချင်ဟုမြို့တော်ကိုလာရင် အားရပါးရ အတူစားကြမယ်တဲ့။”
ရှောင်ချိုးမှာ အတိတ်အား လွမ်းဆွတ်နေမိသည်။
“ကျွန်တော့်ကို မြေခွေးစိမ်းသစ်သီးစေ့တွေလည်း ပေးသွားသေးတယ်။ အပင်စိုက်လို့ ရအောင်တဲ့။”
“ကျွန်တော် စိုက်ခဲ့ပေမယ့် အပင်တစ်ပင်တောင် ပေါက်မလာခဲ့ဘူး။”
“ကျွန်တော်တို့ ပြန်တွေ့ကြဖို့ သဘောတူခဲ့ကြတယ်။ ကွာခြားမှုတွေ များလွန်းလို့ ကျွန်တော်လည်း အသေအလဲ ကြိုးစားခဲ့တာပဲ။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ရောက်ပြီး စုကျိုးအင်မော်တယ်ဂိုဏ်း အကြီးအကဲ ဖြစ်လာတဲ့ အချိန်ကြတော့ သူမက.....”
ရှောင်ချိုး ငိုကြွေးတော့သည်။
“သူမနဲ့ အတူရှိနေရတာက ကမ္ဘာပေါ်မှာ အကောင်းဆုံး ခံစားချက်ပဲ။ ဘာမှတောင် မလိုပါဘူး။ သူမနဲ့ အတူတူ သာမန်ဘဝလေး တစ်ခုရရင်ကို အဆင်ပြေပါတယ်။ အရင်ကဆို တူတူဆော့လိုက်၊ ငါးဖမ်းလိုက်၊ စကားပြောလိုက်နဲ့ ပျော်ခဲ့ကြတာလေ။”
“မြေခွေးတစ်ကောင်ကို တာအိုလက်တွဲဖော်အနေနဲ့ သဘောကျလားလို့တောင် ကျွန်တော့်ကို မေးခဲ့သေးတယ်။”
ရှောင်ချိုး သစ်သီးအား မြိုချလိုက်သည်။
“အဲ့တုန်းက စကားအဓိပ္ပါယ် နားမလည်ပေမယ့် သူမကို ချစ်မိနေပြီးပြီ။ ထူးခြားမှုတွေ မလိုပါဘူး။ သူမကို အရမ်းချစ်တာမို့လို့ သူမအနားမှာ နေနေရရင်ကို ကျေနပ်တယ်။”
ရှောင်ချိုးမှာ လက်ထဲမှ မြေခွေးစိမ်းသစ်သီးအား ငေးကြောင်ကြည့်နေသည်။
ထို့နောက် မျက်ရည်များ စီးကျလာပြန်သည်။
ရှောင်ချိုးမှာ ခံစားလွယ်လွန်းသော မျောက်တစ်ကောင်ပင်။
သို့သော် စိတ်ကူးယဥ်မှုများကြောင့် အသဲကွဲခဲ့ရသည်။
အန်လင်း သက်ပြင်းချလိုက်သည်။
“တစ်ခါတလေကြရင်လည်း တချို့ဟာတွေကို လက်လွှတ်ပေးလိုက်ရတာပဲ။ မင်းအတွက် ပိုသင့်တော်မယ့်သူ ရှိလာမှာပါ။”
ရှောင်ချိုး ခေါင်းညိတ်ကာ သစ်သီးများအား စားလိုက်သည်။
“ဒါတွေကိုစားပြီး မေ့ပစ်လိုက်ကွာ။”
အန်လင်း အားပေးလိုက်သည်။
ရှောင်ချိုး ခေါင်းညိတ်ကာ တစ်ဖြဲနှစ်ဖြဲ စားလိုက်ပြန်သည်။
အန်လင်း၊ တီနာနှင့် တပိုင်တို့လည်း အတူတကွ လိုက်စားလိုက်ကြသည်။
မကြာမီပင် မြေခွေးစိမ်းသစ်သီးများ ကုန်သွားလေသည်။
“ကျွန်တော် ဗိုက်ဝပြီ..... ဝုတ်။”
တပိုင် ဗိုက်ပွတ်ကာ ပြောလိုက်သည်။
တီနာမှာမူ စားလို့မဝသေးသော အမူအရာ ဖြစ်နေသည်။
သူမ၏ ကျင့်ကြံရေးအဆင့်နှင့် မဖြစ်မနေ စားသောက်ရန် မလိုအပ်ပါသော်လည်း သစ်သီးများမှာ အရသာ ရှိလွန်းနေသည်။
ရှောင်ချိုးမှာ အနည်းငယ် သက်သာသွားပုံ ရသောကြောင့် အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
“ပိုင်ယောင်က သူမ ပျော်ရွှင်မှုနောက်ကို လိုက်နေပြီဆိုတော့ မင်းလည်း ဆက်ဆံရေး အသစ်အတွက် တွေးသင့်ပြီ။ ငါတို့ ပြန်ကြရအောင်။”
အန်လင်း အားပေးလိုက်သည်။
“ဟုတ်တယ်။ အစ်ကိုကြီးချိုးက စုကျိုးအင်မော်တယ်ဂိုဏ်းက အကြီးအကဲပဲဟာ။ မောင်းမဆောင် တစ်ခုလောက်ကတော့ အေးဆေးပါ..... ဝုတ်....”
တပိုင် စားပွဲအား လက်ဖြင့်ရိုက်လိုက်သည်။
ရှောင်ချိုး ရုပ်ဆိုးစွာ ပြုံးလာပြန်သည်။
တီနာလည်း ဝင်ပြောလိုက်သည်။
“သစ်ပင်တစ်ပင်ကို ထားခဲ့လိုက်တာနဲ့ သစ်တောတစ်တောလုံး နင့်ကိုစောင့်နေမှာ။”
ရှောင်ချိုး မျက်ရည်များ စီးကျလာသည်။
“ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်ပါတယ်။ အကုန်လုံးနဲ့ တွေ့ခွင့်ရတာ တကယ်ကံကောင်းတာပဲ။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
တစ်ဖက်သတ် အချစ်ကို လွှတ်ချနိုင်ခဲ့ပြီပဲ.....
ရှောင်ချိုး စကားဆက်လိုက်သည်။
“ဒါပေမယ့် မင်္ဂလာဆောင်ကိုတော့ သွားမှဖြစ်မယ်။ သူမ ပျော်ရွှင်နေတာကို သေချာကြည့်ပြီး အတည်ပြုချင်တယ်။”
အန်လင်း : “......”
တပိုင် : “......”
တီနာ : “.....”
ယီးဖြစ်လို့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာလား.....
ကြည့်ရတာ ရှောင်ချိုးရဲ့ တစ်ဖက်သတ်အချစ်က ထင်ထားတာထက်တောင် ပိုဆိုးတာပဲ......