← Chapters

မက်မောဖွယ်အနမ်း

Vol. 72 Ch. 1004

မက်မောဖွယ်အနမ်း

Vol. 72 Ch. 1004

ဧည့်သည်တော်အချို့မှာ ထိုရေသူမအား သိရှိနေကြသည်။

“အဲ့ဒါ ဝိဥာဥ်ငါးကလန်ရဲ့ ဟုန်မန်နတ်စင်မြင့်က ဒုတိယ မင်းသမီး လန်ရှောင်နီပဲ။”

“ဘုရားရေ... သူမက ချန်းနန်နဲ့ ဘယ်လိုပက်သတ်နေတာလဲ။”

“သူမက သတို့သားကို ခိုးပြေးတော့မှာလား။”

အားလုံးမှာ အံ့အားသင့်ကုန်ကြသည်။

“ချင်းဟုနန်းတော်မှာ ဒီလိုလုပ်ရဲတယ်လား။”

မြေခွေးစိမ်းမျိုးနွယ်စုမှ အကြီးအကဲတစ်ဦး ဒေါသထွက်သွားကာ ဝိဥာဥ်ငါးကလန်၏ အကာအရံများအား တိုက်ခိုက်ပစ်လိုက်သည်။

အခြားသော မြေခွေးများလည်း အတူတကွ ပါဝင်လာကြသည်။

ဖန်ဆင်းခြင်းနယ်မြေမှ အခြားဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ၎င်းတို့နှင့် မသက်ဆိုင်သည့်အလား မျက်လုံးများကို ပိတ်ထားလေသည်။

လန်ရှောင်နီမှာ ချန်းနန်ထံ ပျံဝဲလာသည်။

“ချန်းနန် မင်းတော်သင့်ပြီနော်။”

ပိုင်မုယွီ စကားဆိုလိုက်သည်။

ထိုအချိန်မှာပင် ချန်းနန်ရှေ့သို့ ပုံရိပ်တစ်ခု ရောက်ရှိလာသည်။

“ရှင်.....”

ပိုင်မုယွီ စိတ်တိုသွားသည်။

ထိုသည်မှာ မြေခွေးနက်ဧကရာဇ် ချန်းဟောင် ဖြစ်သည်။

“ဟားဟားဟား..... ကလေးတွေကြား ဝင်မပါစမ်းပါနဲ့။”

ချန်းဟောင်သည် မဟူရာ ရတနာတစ်ခုအား ဆင့်ခေါ်ကာ ၎င်းနှင့်ပိုင်မုယွီကို လွှမ်းခြုံသွားစေလိုက်သည်။ ပိုင်မုယွီမှာ ထိုပြဿနာထဲ ဝင်ပါနိုင်တော့မည် မဟုတ်ပေ။

ချန်းနန် ပိုင်ယောင်အားကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ အေးခဲနေတဲ့ ယန်စွမ်းအင် အမြစ်အတွက် ငါ့ရဲ့ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်ကို လိုအပ်တယ်မလား။ ငါလည်း ခန္ဓာကိုယ်ထဲက မီးတောက်စွမ်းအင်ကို ဖိနှိပ်ဖို့ မင်းရဲ့ အေးခဲနေတဲ့ ယန်စွမ်းအင် အမြစ်ကိုလိုတယ်။ မတူတာကတော့ မင်းခန္ဓာကိုယ်ထဲက အေးခဲနေတဲ့ ယန်စွမ်းအင် အမြစ်ကို ငါဆွဲထုတ်နိုင်တာပဲ။”

ပိုင်ယောင် မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ အနောက်ဆုတ်လိုက်သည်။

“ငါလည်း နင့်ကိုလက်မထပ်ချင်ပါဘူး။ ဒီလိုဖြစ်လာတော့ ပိုတောင်ကောင်းသေးတယ်။”

ချန်းနန်မှာ အေးစက်ခက်ထန်စွာဖြင့် အရှေ့တိုးလာသည်။

“မလောပါနဲ့ သခင်လေး ချန်းနန်....”

ချင်းရင်ဟု ဝင်တားလိုက်သည်။

“ဖယ်စမ်း.....”

လန်ရှောင်နီမှာ ချင်းရင်ဟုအား တိုက်ခိုက်လိုက်လေသည်။

ချင်းရင်ဟုမှာ ချက်ချင်းပင် လွင့်ထွက်သွားရသည်။

ချန်းနန်မှာ သတ္ထုလက်အိတ်ဝတ်ကာ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်အား ထုတ်လွှတ်လိုက်သည်။

“စိတ်မပူပါနဲ့။ မင်းမရုန်းရင် အသက်မပါစေရဘူး။”

သူမ၏ ကျင့်ကြံရေးအခြေခံ ဆုံးရှုံးသွားနိုင်ကြောင်း မပြောပြဖြစ်ပေ။

ဝုန်း.....

ရုတ်ချည်းဆိုသလို အကာအရံမှာ ပြင်းထန်စွာ တုန်ခါသွားသည်။

“ဘာတွေဖြစ်နေတာလဲ။”

ချန်းနန် အမူအရာ ပြောင်းလဲသွားရသည်။

နတ်ကျောက်တုံးမျိုးနွယ်မှ ယွီဒူသည် မြေခွေးစိမ်းမျိုးနွယ်စုနှင့် ပူးပေါင်းကာ ဝိဥာဥ်ငါးကလန်အား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

“အဖိုးရေ.... ကျွန်တော့် သူငယ်ချင်းရဲ့ ချစ်သူက အသက်အန္တရာယ် ရှိနေပြီနော်။”

ဟုန်ဒူ အော်ဟစ်လိုက်သည်။

ယွီဒူလည်း အားပါးတရ တိုက်ခိုက်ကာ ဟစ်ကြွေးလိုက်သည်။

“သခင်လေး အန်လင်းရဲ့ ချစ်သူကို လွှတ်ပေးလိုက်စမ်း။ ငါတော့မင်းကို ပညာပြရတော့မယ်။”

သူသည် ဟုန်ဒူ၏ ပြောပြချက်များကြောင့် ဖြစ်ပျက်နေသည်များကို အနည်းအကျဥ်း နားလည်ထားသည်။

သခင်လေး အန်လင်းသည် သတို့သမီးအား ခိုးပြေးရန် ရောက်ရှိနေလေသည်။

ထိုသည်သာမက သတို့သားဘက်တွင်လည်း ရေသူမလေးတစ်ဦး ရှိနေသည်။

ယွီဒူသည် မြေးဖြစ်သူ၏ သူငယ်ချင်းဘက်မှ ပါရန်ဆုံးဖြတ်ကာ မြေခွေးစိမ်းမျိုးနွယ်စုနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

မြေခွေးစိမ်းမျိုးနွယ်စုမှာ ကြောင်တောင်တောင် ဖြစ်သွားကြရသည်။

အန်လင်းရဲ့ ချစ်သူက ပိုင်ယောင်လား......

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“အန်လင်း.... မိုးကြိုးကပ်ဘေး အရှင်သခင် အန်လင်းလား။”

“ပိုင်ယောင်က အန်လင်းနဲ့ ကြိုက်နေတာလား။”

“အခု ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူး။”

“အန်လင်းက တကယ်ရှိနေတာဟ။”

“လန်ရှောင်နီက ချန်းနန်ကိုခိုးပြီး အန်လင်းက ပိုင်ယောင်ကို လာခိုးတာလား။ တကယ့်သတင်းကြီးပဲဟေ့။”

ဧည့်သည်တော်များ တအံ့တသြ ဖြစ်ကုန်သည်။

အန်လင်းလည်း အူကြောင်ကြောင် ဖြစ်နေမိသည်။

ဘာတွေဘယ်လို ဖြစ်ကုန်တာလဲ.....

ငါက ဘာကိစ္စနဲ့ ပိုင်ယောင်ကို ပက်သတ်ရမှာလဲ... သောက်ဂွပဲ...

ရှောင်လန်သာကြားရင် ငါတော့သေပြီပဲ.....

“ရှောင်ချိုး ငါရှင်းပြပါရစေ....”

အန်လင်း သွေးအန်ချင်နေသည်။

တရားခံကိုသာ သိလို့ကတော့ နုတ်နုတ်စင်းပစ်မယ်....

“အစ်ကိုကြီးအန် ပိုင်ယောင်ကို ကျွန်တော် သိပါတယ်။ အထင်လွဲနေကြတာ ဖြစ်မှာပါ။”

ရှောင်ချိုးမှာ သူ၏တောင်ဝှေးအား ထုတ်လိုက်သည်။

အန်လင်း : “.....”

ရှောင်ချိုးက အရမ်းနားလည်ပေးတာပဲ.....

ချန်းနန်တို့မှာ အန်လင်း ရှိနေသည်ဟူသော စကားကြောင့် စိတ်မသက်မသာ ဖြစ်ကုန်သည်။

“ပိုင်ယောင် မင်းရဲ့ အေးခဲနေတဲ့ ယန်စွမ်းအင် အမြစ်က ငါ့အပိုင်ပဲ။”

ချန်းနန် အော်ဟစ်လိုက်သည်နှင့် လက်မည်းကြီးတစ်ခုမှာ ပိုင်ယောင်ထံ ရောက်ရှိလာသည်။

ပိုင်ယောင်မှာ အန္တရာယ် အငွေ့အသက်အား ခံစားနေရသည်။

သူမသည် ရေခဲအလွှများထုတ်ကာ ခုခံလိုက်သည်။

သို့သော် ချန်းနန်၏ တိုက်ခိုက်မှုမှာ အားကောင်းလွန်းလှပေသည်။

ပိုင်ယောင် သွေးအန်သွားရသည်။

တိုက်စားခြင်း မီးတောက်များမှာ သူမအား လွှမ်းခြုံစပြုလာပြီပင်။

ဝုန်း.....

ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

“ပိုင်ယောင်.....”

ရင်းနှီးနေသော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေသည်။

မဟူရာ မီးတောက်များလည်း ရုတ်တရက် ပြိုကွဲသွားသည်။

ပိုင်ယောင်၏ မျက်ဝန်းများ တောက်ပသွားရသည်။

မျက်နှာဖုံး တပ်ထားသော မျောက်တစ်ကောင်သည် သူရဲကောင်းဆန်စွာ ချန်းနန်၏ မီးတောက်များအား တိုက်ခိုက်ပစ်လိုက်သည်။

ထို့နောက် ပိုင်ယောင်၏ ခါးလေးအားပွေ့ကာ တစ်ဖက်သို့ ဆွဲခေါ်သွားလေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ချန်းနန် မျက်လုံးပြူးသွားရသည်။

“မင်းက....”

စကားမဆုံးသေးခင်မှာပင် ပုံရိပ်တစ်ခု ရောက်ရှိလာကာ ချန်းနန်အား လက်သီးဖြင့် ထိုးလိုက်သည်။

ထိုးနှက်ချက်မှာ ပြင်းထန်လွန်းသောကြောင့် ချန်းနန်မှာ ခုခံနိုင်စွမ်းပင် မရှိလိုက်ပေ။

ဝုန်း.....

ချန်းနန် နှာခေါင်းကြီး ပြားဝင်သွားကာ သွားများကျွတ်ထွက်ကုန်ပြီးနောက် အဝေးသို့ လွင့်ထွက်သွားသည်။

အားလုံး အလန့်တကြား ဖြစ်ကုန်သည်။

ထိုအချိန်၌.....

ပိုင်ယောင်မှာ တောက်ပစွာ ပြုံးနေသည်။

မျောက်တစ်ကောင်မှ သူမအား ကယ်တင်လိုက်ခြင်းပင်။

ဧည့်သည်တော်များမှာလည်း ဖြစ်ပျက်နေသည်များကို စိတ်ဝင်တစား ကြည့်ရှုနေမိကြသည်။

“မျောက်လေး နင်လာမယ်လို့ ငါသိသားပဲ။ အခုလိုတွေ ဖြစ်သွားပေမယ့် နင့်ကိုတွေ့ရတာ အရမ်းပျော်တယ်။”

ပိုင်ယောင်မှာ ရှောင်ချိုး၏ မျက်နှာဖုံးအား ချွတ်လိုက်သည်။

ငိုကြွေးထားသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

နှာခေါင်းမှာလည်း အပေါ်သို့လန်ကာ နှုတ်ခမ်းများမှာ ကြည့်ရဆိုးလွန်းလှပါသော်လည်း ထိုသည်မှာ သူမ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာပင်။

ရှောင်ချိုးမှာ ရုပ်ဆိုးလွန်းလှသောကြောင့် ဧည့်သည်တော်များ သတိလစ်မတတ် ဖြစ်သွားရသည်။

ပိုင်ယောင်ဘေးတွင် ရှိနေသောကြောင့် ပို၍ပင် သိသာနေလေသည်။

“မတွေ့ရတာ ကြာပြီနော် မျောက်လေး....”

ပိုင်ယောင်သည် ရှောင်ချိုး၏ မျက်နှာအားကိုင်ကာ သူမ၏ ပတ္တမြားရောင် နှုတ်ခမ်းနှစ်လွှာအား ထိုအချိုးအစားမညီသော နှုတ်ခမ်းပေါ် ထပ်တင်လိုက်တော့သည်။

ထိုသည်မှာ နက်ရှိုင်းလွန်းလှသော အနမ်းတစ်ပွင့်ပင်။

All Chapters