← Chapters

ထွက်ပြေးရအောင်

Vol. 72 Ch. 1005

ထွက်ပြေးရအောင်

Vol. 72 Ch. 1005

အနမ်းနှင့်အတူ ပန်းပွင့်ချပ်များ ကျဆင်းလာသည်။

တိုက်ခိုက်နေသော မြေခွေးများသာမက ဧည့်သည်တော်များပါ ကြောင်တောင်တောင် ဖြစ်ကုန်သည်။

မြေခွေးမျိုးနွယ်စု၏ အလှဆုံး မင်းသမီးလေးမှာ ရုပ်ဆိုးလွန်းသော မျောက်တစ်ကောင်အား နမ်းရှိုက်ခဲ့သည်။

ကောင်းကင်နှင့်မြေပြင်သည်ပင် အရောင်အဝါများ မှေးမှိန်သွားသယောင် ထင်မှတ်ရသည်။

အားလုံးမှာ ဦးနှောက်များ တစ်ဒင်္ဂမျှ အေးခဲသွားသည်။

အန်လင်း၊ တပိုင်နှင့် တီနာသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

ပိုင်ယောင်သည် ရှောင်ချိုးအား သဘောကျနေနိုင်ကြောင်း ခန့်မှန်းထားကြပါသော်လည်း ထိုမျှအထိ နှစ်သက်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။

မာယာမြေခွေးအိမ်တော်တွင် ရှောင်ချိုးသည် အနမ်းပေးသူနှင့် တစ်ညတာ ကုန်ဆုံးမည်ဟု ပြောခဲ့သည်ကိုပင် အန်လင်း ပြန်လည်မြင်ယောင်လာသည်။

ရှောင်ချိုး မျက်နှာဖုံး ချွတ်လိုက်သောအခါ မြေခွေးမလေးများအားလုံး ထွက်ပြေးသွားခဲ့သည်။

မြေခွေးမျိုးနွယ်စုသည် အလှတရားအား မက်မောကြသောကြောင့် ရှောင်ချိုး၏ မျက်နှာသည် နျူကလီးယား လက်နက်လိုပင်။

သို့သော် ပိုင်ယောင်သည် နှစ်ခါပင်မတွေးပဲ ရှောင်ချိုးအား နမ်းရှိုက်ခဲ့သည်။

ထို့အပြင် သူမ၏ အပြုံးမှာလည်း စစ်မှန်လွန်းလှသည်။

အန်လင်း အပါအဝင် အားလုံးမှာ တူညီသော အတွေးတစ်ခုအား တွေးလိုက်မိကြသည်။

ပိုင်ယောင်က မျက်စိကန်းနေတာလား....

“အချစ်စစ်ဆိုတာ ဒါပဲထင်ပါရဲ့။”

အန်လင်း ရေရွတ်လိုက်သည်။

ရှောင်ချိုးနှင့် ပိုင်ယောင်သည် ပါရမီချင်း မကွာလှပါသော်လည်း အဆင့်အတန်း ကွာခြားပြီး ရုပ်ရည်ဆိုလျှင် ယှဥ်စရာပင် မလိုအပ်ပေ။

မည်သို့ပင်ဆိုစေကာမူ ပိုင်ယောင်သည် ရှောင်ချိုးအား ချစ်မြတ်နိုးနေဆဲ ဖြစ်သည်။

ထိုသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာပင် ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ဟုန်ဒူ အော်ဟစ်လိုက်သည်။

“အန်လင်း.... ငါ့ကောင်ကြီး မင်းတော့သွားပြီပေါ့။”

အန်လင်း ကောင်မလေးက မျောက်ရုပ်ဆိုးကို နမ်းလိုက်တာဟ......

ဧည့်သည်တော်များမှာလည်း အော်ဟစ်သံကြောင့် အသိပြန်ဝင်လာကြသည်။

အန်လင်း ဖောက်ပြန်ခံရသည်ဟူသော စကားမှာ ခန်းမတစ်ခုလုံး ပျံ့နှံ့သွားလေသည်။

အန်လင်း သွေးအန်ချင်သလို ဖြစ်သွားရသည်။

ထို့နောက် ရင်းနှီးနေသော ကျောက်ဘီလူးအား လှမ်းကြည့်လိုက်မိသည်။

ဒင်းပဲကိုး.....

“ဟုန်ဒူ ငါမင်းကို သတ်ပစ်မယ်။”

အန်လင်း မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။

ပိုင်ယောင်နှင့် ရှောင်ချိုး၏ အနမ်းမှာ ပြီးဆုံးသွားလေသည်။

ပိုင်ယောင်မှာ ရှောင်ချိုးအား ငေးမောကြည့်ရှုလိုက်သည်။

ရှောင်ချိုး မျက်ရည်ဝဲသွားသည်။

“ယောင်လေး မင်းကအရင်လို လှနေတုန်းပဲ။”

ပိုင်ယောင် ချိုမြိန်စွာ ပြုံးလိုက်သည်။

“နင်လည်း ရုပ်ဆိုးနေတုန်းပါပဲ။”

“ငါ.... ငါက မင်းနဲ့ မတန်ပါဘူး။ ဘာလို့ နမ်းရတာလဲ။ မင်းနဲ့ငါက သူငယ်ချင်းတွေလေ။”

ရှောင်ချိုး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ဘဝတလျှောက်လုံး မည်သူကမှ သူ့အားမနမ်းဖူးပေ။

သူ၏ရုပ်ရည်ကြောင့် အားလုံးမှာ ကြောက်လန့်ကြပါသော်လည်း သူချစ်ရသော မိန်းမပျိုသည် တွေဝေခြင်းပင် မရှိပဲ သူ့အားနမ်းရှိုက်ခဲ့သည်။

ပိုင်ယောင် မကျေမနပ် ဖြစ်သွားသည်။

“နင်နဲ့ငါက သူငယ်ချင်းတဲ့လား။ မြေခွေးတစ်ကောင်ကို တာအိုလက်တွဲဖော်အဖြစ် လက်ခံနိုင်လားလို့ ငါမေးလိုက်ထဲက ငါတို့ ဆက်ဆံရေးက အဆင့်တက်သွားပြီ ထင်ခဲ့တာ။”

ရှောင်ချိုး အံ့အားသင့်သွားသည်။

ထိုစဥ်က သူနှင့်ပိုင်ယောင်သည် သစ်ပင်ပေါ်တွင်ထိုင်ကာ ကြယ်စင်များအား ငေးကြည့်လျက် အေးအေးအေး စကားပြောနေခဲ့ကြသည်။

ထို့နောက် ပိုင်ယောင်မှာ ထိုမေးခွန်းအား မေးလာခဲ့ပြီး သူသည်လည်း တွေဝေခြင်းမရှိ အဖြေပေးခဲ့သည်။

ထိုအချိန်မှစ၍ ၎င်းတို့၏ ဆက်ဆံရေးမှာ မသိမသာ အဆင့်တက်သွားလေသည်။

ထိုညသည် သာမန်ညတစ်ညသာ ဖြစ်ပါသော်လည်း လေးနက်သော ခံစားချက်များကြောင့် ယခုထိတိုင် မေ့မရခဲ့ပေ။

ထိုအတိတ်သည် နှစ်တစ်ရာကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့နှစ်ဦးလုံးလည်း အရွယ်ရောက်လာခဲ့ကြသည်။

ပိုင်ယောင်သည် ရာစုနှစ်တစ်ခု ကြာမြင့်သွားပါသော်လည်း ထိုအတိတ်အား လက်မလွှတ်ခဲ့ပေ။

သူမသည်လည်း ရှောင်ချိုးကဲ့သို့ ခေါင်းမာနေခဲ့သည်။

ရှောင်ချိုးမှာ ပိုင်ယောင်၏ လက်အားကိုင်ကာ စကားဆိုလိုက်သည်။

“မဟုတ်ပါဘူး။ ငါမင်းနဲ့ ရှိရတာ သဘောကျတယ်။ အမြဲတမ်း သဘောကျခဲ့တယ်။ ငါ.... ငါမင်းကို အရမ်းချစ်တယ်။”

အန်လင်းမှာ ၎င်းတို့အားကြည့်ကာ နွေးထွေးသွားမိသည်။

ရှောင်ချိုးသည် အချစ်ရေးတွင် စိတ်ကူးယဥ်ဆန်လွန်းသည်ဟု ထင်ထားခဲ့ပါသော်လည်း ပိုင်ယောင်မှာ ထိုကဲ့သို့ပင် ဖြစ်နေသည်။

အူကြောင်ကြားနှစ်ကောင် ချစ်ကျွမ်းဝင်သွားကြခြင်းပင်။

ပိုင်ယောင် တောက်ပစွာ ပြုံးလာသည်။

“ငါဒီနေ့ကို စောင့်နေခဲ့ရတာ။ မင်္ဂလာဝတ်စုံနဲ့ နင့်လက်ကိုတွဲပြီး တစ်နေရာရာကို ထွက်ပြေးကြဖို့ မျှော်လင့်နေခဲ့တာ။”

ရှောင်ချိုးမှာ ပိုင်ယောင်အား ပွေ့ချီလိုက်သည်။

ပိုင်ယောင်၏ အဖြူရောင် မင်္ဂလာဝတ်စုံသည် ရှောင်ချိုး၏ အနက်ရောင်ဝတ်စုံနှင့် တွဲမြင်ရသောအခါ ပနံသင့်နေသည်။

ပိုင်ယောင်၏ မျက်ဝန်းထဲတွင် အချစ်စိတ်များ ယိုစီးကျနေ၏။

ထိုမြင်ကွင်းမှာ လှပလွန်းလှပေသည်။

တစ်ခုတည်းသော အကျည်းတန်မှုမှာ ရှောင်ချိုး၏ ရုပ်သာ ဖြစ်သည်။

တစ်နေရာတွင်မူ အမျိုးသမီးတစ်ဦး အော်ဟစ်ငိုကြွေးနေသည်။

“ဘုရားရေ... အချစ်လေး ချန်းနန် သွားတွေလည်းကျွတ်ပြီး မျက်နှာကလည်း စုတ်ပြတ်နေတာပဲ။ ရှင့်ကို ဘယ်လိုလုပ် ချစ်ရတော့မှာလဲ..... ဝါး.....”

ချန်းနန် ဒေါသထွက်နေသည်။

သောက်ကျိုးနည်း.... ဆေးအရင်တိုက်ပါဟ....

ဝုန်း.....

စွမ်းအင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

မြေခွေးနက်ဧကရာဇ် ချန်းဟောင်သည် ပိုင်မုယွီအား တားဆီးထားသည်ကို ရုတ်သိမ်းကာ ပိုင်ယောင်အား တိုက်ခိုက်ရန် ပြင်လိုက်သည်။

သားတော်အတွက် သူကိုယ်တိုင် လှုပ်ရှားရတော့မည်ပင်။

ပိုင်ယောင်၏ အေးခဲနေသော ယန်စွမ်းအင် အမြစ်အား သူကိုယ်တိုင် ဆွဲထုတ်ပေးမည် ဖြစ်သည်။

အန်လင်းနှင့် တီနာမှာ ပိုင်ယောင်ရှေ့တွင် ကာထားလိုက်ကြသည်။

“မင်းတို့က သေချင်နေတာလား။”

ချန်းဟောင်မှာ အံ့ဖွယ်တာအို စွမ်းအင်များ ပါဝင်သော လက်ဝါးချက်ကို ထုတ်ဖော်လိုက်သည်။

အန်လင်းမှာ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ဆင့်ခေါ်လိုက်ရလေသည်။

အုတ်ခဲနက်သည် တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သည်။

“နတ်ဘုရားကျင့်စဥ်... မဟူရာအံ့ဖွယ်ခုတ်ချက်....”

တီနာသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ရရှိထားသော ထိပ်တန်းအဆင့် ကျင့်စဥ်အားထုတ်ကာ ချန်းဟောင်ကို တိုက်ခိုက်လိုက်သည်။ ပတ်ဝန်းကျင် တခွင်လုံး အေးခဲတိတ်ဆိတ်သွားကာ သူမ၏ ဓားခွင်းသံသာ ကြားရတော့သည်။

ချန်းဟောင်မှာ အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သောကြောင့် လက်နှစ်ဖက်နှင့် ကာထားလိုက်သည်။

တီနာ၏ တိုက်ခိုက်မှုကြောင့် သူသည်လည်း အဝေးသို့ လွင့်ထွက်သွားရသည်။

“မင်းသမီး ပိုင်ယောင်ကို ကာကွယ်ကြ။”

ပိုင်မုယွီ အမိန့်ပေးလိုက်သည်။

မြေခွေးဖြူမျိုးနွယ်စုနှင့်အတူ မြေခွေးစိမ်းမျိုးနွယ်စုအပြင် နတ်ကျောက်တုံးမျိုးနွယ်စုပါ ပါဝင်လာလေသည်။

မြေခွေးနက်မျိုးနွယ်စုမှာမူ ဝိဥာဥ်ငါးကလန်နှင့် ပူးပေါင်းလိုက်ကြသည်။

ပိုင်ယောင်မှာ အေးအေးဆေးဆေးပင် ကျောက်စိမ်းဖြူ ဆွဲပြားတစ်ခုအား ထုတ်လိုက်သည်။

ရှောင်ချိုး အံ့အားသင့်သွားသည်။

“ဒါက.....”

“လေဟာနယ် ခုန်ကျော်တဲ့ အဆောင်လေ။ နင်နဲ့ပြန်တွေ့ရင်သုံးဖို့ ပြင်ထားတာ။”

ပိုင်ယောင် အသက်ပြင်းပြင်းရှူကာ ရှောင်ချိုးအား ကြည့်လိုက်သည်။

“မျောက်လေး.... အတူတူ ထွက်ပြေးကြရအောင်။”

All Chapters