ဝိဇ္ဇာအဆင့်အောက်ရှိ နံပါတ်တစ်လူ
Vol. 82 Ch. 1148
မိုဝူကျိက ကျီလီအား မသိစိတ်၏ စေ့ဆော်မှုအရ ပြန်ဖက်ထားလိုက်မိသည်။ ထိုစဉ် သူ့ရင်ဘတ်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။
ကျီလီက မိုဝူကျိ၏ ခန္ဓာကိုယ် အပူတက်လာသည်ကို ချက်ချင်း ခံစားမိလိုက်ကာ အသိပြန်ဝင်လာပြီး မိုဝူကျိ၏ ရင်ခွင်ထဲမှ ထွက်ဖို့ ကြိုးစားလိုက်သည်။
သူမ ဖက်ထားမိလိုက်သည့် အကြောင်းအရင်းမှာ ဖန်းရှီယူက သူမကို ဝင်ပူးကပ်နိုင်ရန် ခြိမ်းခြောက်ကတည်းက အလွန်အမင်း အားနည်းမှုကို ခံစားနေမိခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် သူမက မိုဝူကျိကို ထပ်မံ မြင်တွေ့လိုက်ရသည့်အခါ နှစ်ခါမစဉ်းစားမိဘဲ ဖက်မိသွားခြင်း ဖြစ်ပေသည်။ ဤသည်မှာ စိတ်လှုပ်ရှားမှုနှင့် အထိအခိုက်လွယ်သော ခံစားချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ လက်တွေ့၌ သူမ အပြုအမူတွင် ယောက်ျားနှင့် မိန်းမကြား ရှိမည့် ခံစားချက်မျိုး မရှိပေ။
သို့သော်လည်း မိုဝူကျိ၏ အပြုအမူက သူမအား အသိပြန်ကပ်လာစေသည်။ ဤသည်မှာ ပုံမှန် မဟုတ်တော့ချေ။
မိုဝူကျိနှင့် သူမတို့လို အဆင့်ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်အတွက် အချိန်တိုလေးအတွင်း သူ့အနေနှင့် ဤသို့တုံ့ပြန်မှုမျိုး သေချာပေါက် ရှိလာမည် မဟုတ်ပေ။
သို့သော်လည်း ကျီလီက မိုဝူကျိ၏ ရင်ခွင်ထဲမှ ရုန်းထွက်ခြင်းအား လက်လျော့လိုက်တော့သည်။ မည်သို့ပင်ဆိုစေကာမူ မိုဝူကျိသည် သူမနှင့် အရင်းနှီးဆုံးသူ ဖြစ်၏။ သူမ၏ သဟဇာတ နတ်ဘုရားတစ်ပါး၏ အင်အားမှာ အငွေ့ပျံသွားဟန်ဖြင့် တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားလေသည်။
မိုဝူကျိက ကျီလီ ရုန်းလိုက်သည်ကို ချက်ချင်း သတိထားမိလိုက်ကာ မြန်မြန် လွှတ်ပေးလိုက်ပြီး သူမ ပခုံးကို ပုတ်ပေးလိုက်ရင်း
“ အစ်မ စိုးရိမ်နေဖို့ မလိုတော့ဘူး။ ကျုပ် ဒီလူတွေကို သင်ခန်းစာ ပေးပြီးရင် အင်မော်တယ်လောကဆီ ပြန်ကြတာပေါ့။ ပြီးတော့ ကျုပ် အနည်းငယ် စိတ်လွတ်သွားမိတယ် ”
လက်တွေ့၌ မိုဝူကျိက သူ အဘယ်ကြောင့် ဤသို့တုံ့ပြန်မှု ဖြစ်သွားကြောင်း သိပေသည်။ အကယ်၍ သူသာ ကျီလီအတွက် ခံစားချက် မရှိဘူးဟု ပြောလိုက်လျှင် လိမ်ညာနေခြင်းသာ ဖြစ်ပေမည်။ ကျီလီက သူ သိသမျှအထဲ အလှဆုံး မိန်းကလေး ဖြစ်ကာ ကြင်နာတတ်ပြီး စိတ်ထားပြည့်ဝသောကြောင့် သူမကို တန်ဖိုးထားချင်စိတ် ဖြစ်လာစေသည်။
သူ ဝိဇ္ဇာတပိုင်းအဆင့် ရောက်ကတည်းက သူ့လူသားတာအိုမှာ ပို၍ ကြည်လင်ပြတ်သားလာသည်။ တခြားအမြင်တစ်ခုမှ ကြည့်လျှင် မိုဝူကျိက သေမျိုးဖြစ်နေဆဲ ဖြစ်၏။ ထို့ကြောင့် သူက တခြားသူများနှင့် ကွဲပြားကာ သူ့တွင် ခံစားချက်များနှင့် အလိုဆန္ဒများ ရှိနေသေးပေသည်။
ကျီလီက ခေါင်းခါလိုက်ပြီး ဘာမှမပြောတော့ပေ။
“ မင်းက ရန်စလို့ မဖြစ်တဲ့ အဲဒီ မိုဝူကျိလား ” ဖန်းရှီယူက ဟမ်ခနဲ လှောင်ကာ မိုဝူကျိအား ခြုံငုံကြည့်လိုက်သည်။
အရိုးသားဆုံး ပြောရလျှင် သူက မိုဝူကျိဆီမှ ထူးခြားနေသည်ကို ဘာမှ သတိမထားမိပေ။ သူ့အမြင်၌ လက်ရှိ မိုဝူကျိက သေမျိုးတစ်ယောက်နှင့် ကွာခြားမှု ရှိမနေချေ။ ဤသည်မှာ မိုဝူကျိက ဖုံးကွယ်ရေး ပညာရပ်တစ်မျိုးမျိုးကို လေ့ကျင့်ထား၍ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူ့တာအိုအငွေ့အသက်များကို ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်၏။
ဟားဟား အဲဒါက အသုံးဝင်လို့လား …. ပညာမဲ့တဲ့သူပဲ တကယ့်ပညာရှင်ရှေ့မှာ သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားလိမ့်မယ် …
“ အစ်ကိုမို ” ဟွမ်တိနှင့် ထုံမင်တို့က မိုဝူကျိအား တစ်ပြိုင်နက် လာရောက်နှုတ်ဆက်ကြသည်။
ဟွမ်တိ၏ ဝိညာဉ်အမှတ်အသားက မိုဝူကျိလက်ထဲ ကျရောက်နေပြီ ဖြစ်သောကြောင့် သူက မိုဝူကျိအား မလေးမစား မလုပ်ဝံ့ပေ။ တစ်ဖက်တွင် ထုံမင်က မိုဝူကျိနောက်လိုက်ကာ လော့ရှုအား ပူးပေါင်းရင်ဆိုင်ရန် သဘောတူထားပေသည်။ မိုဝူကျိက ကမ္ဘာ၏ မူလဇာစ်မြစ် စွမ်းအား ကျင့်ကြံရေး၌ မပါဝင်ခဲ့သော်လည်း ထုံမင်က မိုဝူကျိသည်လည်း သူတို့ထက် မနည်းသည့် ကံကောင်းမှုမျိုးနှင့် ကြုံတွေ့ခဲ့ကြောင်း သံသယရှိမိသည်။
ဟွမ်တိနှင့် ထုံမင်တို့ နှစ်ယောက်လုံးက ဝိဇ္ဇာဟောင်းများ ဖြစ်ကြသည်။ ယခု သူတို့နှစ်ယောက်လုံးက မိုဝူကျိအား “ အစ်ကိုမို” ဟု ခေါ်ဆိုနေကြသည်။ ဘေးနားရှိ ကျင့်ကြံသူအားလုံးတို့က တိတ်ဆိတ်သွားကြသည်။ ဖုန်းချီကူအား ကူညီပေးလိုသူများပင် ရပ်တန့်သွားကြ၏။
မိုဝူကျိက ဟွမ်တိနှင့် ထုံမင်တို့အား ခေါင်းညိတ်ပြလိုက်ပြီး ဖန်းရှီယူအား ပြောလိုက်သည်
“ ခင်ဗျားက ဘယ်သူလဲ … ကျုပ်ကို ရန်စလို့ မဖြစ်တာ ဖြစ်တာက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ”
မိုဝူကျိက ရောက်လာခါ ဖြစ်ကာ သူ မသိသေးသည့်အရာများစွာ ရှိနေသေး၏။ အစက သူက ဖုန်းချီကူကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားသည်မှာ သူမက ကျီလီအား ခြိမ်းခြောက်၍ ဖြစ်သည်။ ဖန်းရှီယူကိုတော့ သူက များများစားစား မတွေးမိပေ။ သို့သော်လည်း လက်ရှိ ဖန်းရှီယူက သူ့အား စိမ်လာခေါ်သူ ဖြစ်နေသည်။
ကျီလီက မြန်မြန် ပြောလိုက်၏ “ အရင်တုန်းက အဲဒီလူက ကျွန်မကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒီစီနီယာက ကယ်ပေးခဲ့တာ ”
ထိုစဉ် တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက ရှေ့ထွက်လာကာ လက်နှစ်ဖက် ယှက်ရင်း “တာအိုရောင်းရင်းမို မတွေ့တာ ကြာပြီနော် ”
မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်မြစ်ဝါသည် ကျီလီအား ကယ်တင်ပေးခဲ့ကြောင်း ကြားသောအခါ ချက်ချင်း လက်နှစ်ဖက် ယှက်လိုက်ပြီး “ ကျုပ်ရဲ့ စီနီယာအစ်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်ကျ ကျုပ် မိုဝူကျိရဲ့ အကူအညီ လိုအပ်တာရှိရင် စိတ်ကြိုက်လာတောင်းဆိုလို့ ရပါတယ်။ အခုတော့ တာအိုရောင်းရင်းက အခြေအနေကို ရှင်းပြပေးပါဦး ”
တာအိုအုပ်စိုးသူအရှင် မြစ်ဝါက မိုဝူကျိ၏ အလားအလာကို ကောင်းကောင်း သိပေသည်။ ယခု မိုဝူကျိဆီမှ ကတိစကား ကြားလိုက်ရပြီ ဖြစ်ရာ အင်မတန် စိတ်ပေါ့ပါးသွားလေ၏။ အစတုန်းက သူသည် မိုဝူကျိ၏ ကျေးဇူးကြွေးကို ပြန်ပေးဆပ်လိုရုံမျှ ဖြစ်၏။ မိုဝူကျိလို ပညာရှင်မျိုးနှင့် ရင်းနှီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခု မိုဝူကျိက သူ့အား မေးလာပြီ ဖြစ်ရာ ချက်ချင်း ဖြေပေးလိုက်၏
“ တာအိုရောင်းရင်းမိုနဲ့ ကျုပ် လမ်းခွဲလာတော့ အဲဒီဖန်းရှီယူက တာအိုရောင်းရင်းကျီလီကို ပူးကပ်ဖို့ လုပ်နေတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရတယ်။ အဲဒီမှာ ကျုပ် တာအိုရောင်းရင်း ကျီလီနဲ့ တာအိုရောင်းရင်းမိုတို့ရဲ့ ဆက်ဆံရေးကို သိသွားတော့ ဖန်းရှီယူကို ဝင်တားလိုက်တာ … အခု ဖန်းရှီယူက ခန္ဓာကိုယ် ဖွဲ့စည်းပြီးသွားတော့ ကျုပ်အပေါ် ပြန်ပြီး လက်စားချေချင်နေတာ ”
ဖန်းရှီယူက ကျီလီကို ပူးကပ်လိုသည့်အကြောင်းကို ကြားပြီးနောက် မိုဝူကျိဆီမှ သတ်ဖြတ်ငွေ့များ ပြန့်လွှင့်လာသည်။ သူ့သတ်ဖြတ်ငွေ့များက ရုပ်သဏ္ဍာန်ရှိဟန် ပေါ်ကာ ဖန်းရှီယူအား ရစ်ပတ်ထားလေ၏။ ဖုန်းချီကူကိုပင် အလွှတ်မပေးချေ။
အကယ်၍ သူသာ ကျီလီကို ပူးကပ်ဖို့ လုပ်သည့်သူများကို မသတ်လျှင် သူ့အနေနှင့် စိတ်ချမ်းသာရမည် မဟုတ်ပေ။
“ ဟားဟား ငါ ဖုန်းချီကူ ဒီလို မောက်မာတဲ့ ဂျူနီယာကို တွေ့ဖူးတာ ပထမဆုံးပဲ ” ဖုန်းချီကူက ရယ်မောလိုက်သည်။ သူမက နောက်မဆုတ်ရုံသာမက ရှေ့တိုးကာ ဖန်းရှီယူဘေး ရပ်လိုက်သေး၏။
“ တာအိုအုပ်စိုးသူအရှင် မြစ်ဝါ … အဲဒီသစ်ခေါက်က ဘာလို့ စီနီယာအစ်မကို တိုက်တာလဲ ” မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ ဆက်တိုက် ပျံ့နှံ့လာလေ၏။ သို့သော်လည်း သူက မလှုပ်ရှားရသေးပေ။
တာအိုအုပ်စိုးသူအရှင် မြစ်ဝါနှင့် အဖြစ်အပျက်အပြီးတွင် မိုဝူကျိက မလှုပ်ရှားခင် အကြောင်းအရင်းကို အရင်ဆုံး နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူက သတ်လို့ လိုအပ်လျှင် သက်ညှာမှု ပြသမည် မဟုတ်ပေ။ အကယ်၍ သူ သတ်ဖို့ မလိုအပ်လျှင်လည်း သင့်တော်သလို ပြုမူဆက်ဆံပေးမည် ဖြစ်၏။
တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက ဘာမှမပြောနိုင်ခင် ဟွမ်တိက နှာခေါင်းရှုံ့ကာ “ အစ်ကိုမို … အဲဒီမိန်းမက ဖုန်းချီကူတဲ့ … သစ်ခေါက်လို အရည်ပြားရှိတာကိုပဲ မကြည့်နဲ့ဦး … သူမက သူ့မဘာသာ မိန်းမပျိုလေးလို့ ခေါ်သေးတာ … ”
ထိုသစ်ခေါက် မိန်းမအိုကြီးက သူမဘာသာ မိန်းမပျိုလေးဟု သုံးစွဲကြောင်း ကြားလိုက်ရသည့်အခါ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက စားခဲ့သည့်အစားပင် ပြန်အန်ချင်မိသွားသည်။
ဟွမ်တိအား ဖုန်းချီကူအား မျက်နှာသာပေးရန် ရည်ရွယ်ချက် မရှိပေ
“ အဲဒီမိန်းမက တာအိုအုပ်စိုးသူအရှင်လေးပါးထဲက တစ်ယောက်ပဲ။ တိုက်ခိုက်စွမ်းအရတော့ သူမက အားအကောင်းဆုံး …. ဒါပေမဲ့ သူမရဲ့ တာအိုအုပ်စိုးသူအရှင် ဂုဏ်ပုဒ်က တာအိုအုပ်စိုးသူအရှင်လေးပါးနဲ့ ဘာမှမသက်ဆိုင်ဘူး။ သူမကို တာအိုအုပ်စိုးသူအရှင်မ ရွှေရောင်ကန်လို့ ခေါ်ကြတယ်။
လူတစ်ယောက်က အမျိုးသားဆိုတာနဲ့ အတူတူသွားလိုက်တော့တာပဲ ….. သူမရဲ့ ရေကန်က အမျိုးသားအမျိုးမျိုး ရနံ့တွေနဲ့ ပြည့်နေတာ … အခုတောင် အဲဒီမိန်းမက တာအိုရောင်းရင်း ကျီလီကို ပူးကပ်ချင်နေတာ။ ဒါပေမဲ့ သူမကို တာအိုရောင်းရင်းထုံမင်၊ တာအိုအုပ်စိုးသူအရှင်မြစ်ဝါနဲ့ ကျုပ်တို့ တားထားလိုက်လို့ … ”
“ ဟားဟား အဲဆို သူမက အများသုံးယာဉ်ပေါ့ ” မိုဝူကျိက နှာခေါင်းရှံ့လိုက်ပြီး စွမ်းအားစက်ကွင်းကို အပြင်းအထန် ဖော်ထုတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို လက်တစ်ချောင်းဖြင့် ချိန်ရွယ်ထားလိုက်သည်။
သတ္တကမ္ဘာ လက်ချောင်း ပညာရပ် - သက်ရှိလောက
မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့် ဝင်ရောက်ပြီးနောက် သူ့လူသားတာအိုမှာ သူ့ကိုယ်ပိုင်စည်းမျည်းများ ဖြစ်ပေါ်လာလေပြီ။ ဤလက်ချောင်းမှာ ယခင်နှင့် အဆင့်မတူတော့ပေ။
သက်ရှိလောကမှ တာအိုလှိုင်းများ ထွက်ပေါ်လာသည်။ နေရာတစ်ခုလုံးမှာ မိုဝူကျိအောက် ကျရောက်သွားလေ၏။ မိုးမြေစည်းမျည်းများက ချက်ချင်း ပြောင်းလဲသွားသည်။ ဖန်းရှီယူနှင့် တာအိုအုပ်စိုးသူအရှင်မ ရွှေရောင်ကန်တို့လည်း မတတ်နိုင်ဘဲ မိုဝူကျိ၏ သက်ရှိလောက လွှမ်းမိုးမှုအောက် ကျရောက်သွားလေသည်။
“ အစ်ကိုမိုကို ကူပေးမယ် ” ဟွမ်တိက ပြောလိုက်ရင်း ကူညီပေးဖို့ ကြိုးစားလိုက်သည်။ မိုဝူကျိ၏ စွမ်းဆောင်ရည် တစ်ခုတည်းဖြင့် ဖန်းရှီယူနှင့် ဖုန်းချီကူတို့အား ရင်ဆိုင်ဖို့ရာ မလုံလောက်သေးပေ။
ယခင်နှစ်များဆီက ဖန်းရှီယူသည် နာမည်ကျော်ကြားသော ဓားသမား တစ်ဦး ဖြစ်ခဲ့ကာ ဝိဇ္ဇာအဆင့်အောက်တွင် ဒုတိယတည်ရှိမှုမျိုး ဖြစ်ခဲ့သည်။ ဖန်းရှီယူက အပြည့်အဝ ပြန်ကောင်းမွန် မလာသေးသော်လည်း သူက အလွန်ကြောက်ဖို့ ကောင်းနေဆဲ ဖြစ်၏။
မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်
“ တာအိုရောင်းရင်း ဟွမ်တိက ဝင်ပါဖို့ မလိုပါဘူး။ ကျုပ်အတွက် စောင့်ကြည့်ပေးထားလိုက်ပါ။ တကယ်လို့ ဒီတစ်ယောက်ယောက် ထွက်ပြေးသွားရင် ပိတ်ပေးထား ”
“ ဒါက သတ္တဗုဒ္ဓ ပဋိကကျမ်းကနေ ဆင်းသက်လာတာပဲ ဖြစ်ရမယ်။ ဒါက သာမာန်လူသားတွေကို မွေးဖွားပေးတဲ့ ကမ္ဘာတစ်ခုပဲ ….” ဖန်းရှီယူက သက်ရှိလောကမှ ချက်ချင်း နိုးထလာသည်။ ဖုန်းချီကူအား သတိပေးပြီးနောက် သူက ထူးခြားဖွယ် မီးခိုးရောင်ဓားပြားကြီးကို ထုတ်ယူလိုက်သည်။
မိုဝူကျိက ထိုဓားပြားကြီးကို ရေနှင့် ပြုလုပ်ထားတာလားဟု တွေးမိသွားသည်။ ရေကဲ့သို့ လှိုင်းတွန့်လေးများ ပါရှိနေပေသည်။ ကြည့်ရသည်မှာ ထိုဓား၏ တိုက်ခိုက်မှုကို တားဆီးထားနိုင်မည့်အရာ ရှိဟန် မပေါ်ပေ။
ဖန်းရှီယူက မြန်မြန်ဆန်ဆန် နိုးထလာသည်။ သို့သော်လည်း သူ့တာအိုစည်းမျည်းများက ပြန်ကောင်းမလာသေးပေ။ သူက မိုဝူကျိ နောက်ထပ် တိုက်ကွက် မိုးမြေ ကို ထပ်ထုတ်ပြီးသည့်နောက်မှ ခုတ်ပိုင်းနိုင်လိုက်ရုံမျှ ဖြစ်၏။
အာကာပြင်ကြီးမှာ မိုဝူကျိ၏ သက်ရှိလောက ပိတ်ဆို့မှုကို ခံထားရသော်လည်း မိုဝူကျိ၏ မိုးမြေ လက်ချောင်းက ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်များကို ယူဆောင်လာနိုင်သေး၏။ ဤကျယ်ပြောလှသည့် မိုးမြေအတွင်း ပြိုကျသွားသည့် အရာအားလုံးမှာ မိုးမြေတင် မကဘဲ မိုးမြေအတွင်းရှိ အာကာပြင်နှင့် စည်းမျည်းများလည်း ပါဝင်ပေသည်။
မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့် ရောက်ရှိသွားပြီး နှစ်တစ်ရာကျော် ကျင့်ကြံလာသော်လည်း သူ့လူသားတာအိုမှာ သူ အလိုရှိသလို ထုတ်သုံးပြီး မရုတ်သိမ်းနိုင်သေးပေ။ သူ့လူသားတာအိုမှ ခမ်းနားကြီးကျယ်ဖွယ် အငွေ့အသက်တို့က ပျက်စီးလုနီးပါး ဖြစ်နေသည့် အပြိုအပျက်ကမ္ဘာအား တစစီ ဖြစ်သွားစေသည်။
အပြိုအပျက်ကမ္ဘာမှာ တစစီ ဖြစ်သွားပြီး နေရာအနှံ့ လွှင့်စင်သွားလေသည်။
“ ဝုန်း ” ပျက်စီးသွားသော မိုးမြေက ဖန်းရှီယူအား တစစီ စုတ်ဖြဲပစ်တော့မည့်အချိန် ဖန်းရှီယူ လက်ထဲရှိ ရေဓားမှာ မိုဝူကျိ၏ မိုးမြေလက်ချောင်းရှိ တာအိုလှိုင်းတွန့်များနှင့် ထိပ်တိုက် ရင်ဆိုင်လာသည်။
မိုဝူကျိက မရဏစွမ်းအားမျိုးကို ခံစားမိလိုက်၏။ ဤသည်က မိုဝူကျိ၏ မိုးမြေကို ဆက်လက် မကျဆင်းနိင်အောင် ဖြစ်သွားစေသည်။
ထိုဓားပြားကြီးမှ မရဏတာအိုလှိုင်းများ ထုတ်လွှင့်နေလေ၏။ သို့သော်လည်း ထိုအရာက မိုဝူကျိ၏ စွမ်းအားစက်ကွင်းနှင့် သူ့သက်ရှိလောကကို မချိုးဖောက်နိုင်သေးချေ။
အားပြင်းပြင်း ထိပ်တိုက်တွေ့မှု၌ အရာအားလုံးက စတင်၍ ပျက်စီးကြေမွသွားသည်။
သူတို့အောက်ရှိ အပြိုအပျက်ကမ္ဘာမှာ ပျက်စီးလာရုံသာမက မိုဝူကျိ၏ သက်ရှိလောကသည်လည်း စတင်၍ တုန်ခါလာသည်။ သူ့မိုးမြေသည်လည်း စတင်၍ ပြိုကျလာသည်။ ထိုအရာက ဖန်းရှီယူနှင့် ဖုန်းချီကူတို့ကို ဆက်လက် မဖိနှိပ်ထားနိုင်တော့ပေ။
ဖုန်းချီကူ၏ စွမ်းဆောင်ရည်မှာ ဖန်းရှီယူထက် နိမ့်ကျပေသည်။ ယခုအချိန်အထိ သူမက ပြန်ကောင်းမလာသေးပေ။ အကယ်၍ ဖန်းရှီယူ၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူမက မိုဝူကျိ၏ လက်ချောင်း တိုက်ကွက် နှစ်ခုဖြင့် ချုပ်နှောင်ခံထားရလောက်ပြီ။ မိုဝူကျိ၏ တတိယမြောက် လက်ချောင်း ဆင်းသက်လာသည့်အခါ သူမ အသတ်ခံရမည် ဖြစ်၏။
“ အစ်ကိုမို .. ဖန်းရှီယူရဲ့ ကျင့်ကြံဆင့်က အဓိက မဟုတ်သေးဘူး။ အဓိက သူ့ဓားက ဂြိုလ်ဗဟိုချက် ရေသေကနေ ထုဆစ်ထားတာ ။ ဒီလက်နက်ကို ထုဆစ်ဖို့ ဂြိုလ်အများကြီးနဲ့ အသက်ပေါင်းများစွာကိုလည်း ဖျက်စီးပစ်ခဲ့တယ်၊ တကယ်လို့ အဲဒီ ရေဓားရဲ့ ချုပ်နှောင်မှုကို ခံရးမယ်ဆိုရင် ဝိဇ္ဇာတွေတောင် လွှတ်မြောက်ဖို့ အတော်လေး အားစိုက်ရလိမ့်မယ် ” ဟွမ်တိ အသံက ထွက်ပေါ်လာပြန်သည်။
***