အစွမ်းအထက်ဆုံး ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ
Vol. 62 Ch. 855
အမှောင်ဂိုဏ်းသားများအတွက် အမှောင်နယ်မြေမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ကမ္ဘာကြီးတစ်ခုကဲ့သို့ပင်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား ယင်နှင့်ယန်အဖြစ် ခွဲခြားထားသကဲ့သို့ အမှောင်ဂိုဏ်းသားများမှာလည်း အမှောင်နယ်မြေထဲတွင် ဝိညာဥ်များကို ထိန်းကျောင်းရုံသာမက ကျင့်ကြံခြင်း လေ့ကျင့်နိုင်စွမ်းလည်း ရှိပေသည်။
အမှောင်နယ်မြေထဲရှိ ထူးခြားသော အမှောင်ချီများမှာ အမှောင်ဂိုဏ်းအတွက်ဆိုလျှင် အလွန်အင်မတန်မှ အာဟာရဓာတ်ကြွယ်ဝသည့် ဝိညာဉ်ချီများကဲ့သို့ပင်။ ထို အမှောင်ချီများကြောင့် သူတို့မှာ ယင်နှင့်ယန်စွမ်းအားများအား သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများထဲ၌ အခြားဂိုဏ်းသားများထက် ပို၍ ပေါင်းစည်းနိုင်စွမ်း ရှိပေသည်။
ရှေးယခင်တုန်းကဆိုလျှင် အမှောင်ဂိုဏ်းသားတိုင်းမှာ အမှောင်နယ်မြေထဲသို့ ဝင်ရောက်ကာ ကျင့်ကြံခြင်းလေ့ကျင့်ခွင့် ရှိကြပေသည်။ သို့သော် ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက်များ ရှိခဲ့ဆဲပင်။ သူတို့မှာ အနိမ့်ဆုံး ဂြိုဟ်အဆင့်တွင် ရှိနေပါမှ ဝင်ရောက်ခွင့်ရှိပေသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ထိုနယ်မြေအကြောင်းကို ကြားသိခဲ့ရပါသော်လည်း လုံးဝ မဝင်ဖူးခဲ့ပေ။
မိုးကောင်ကင်တာအို ပျက်စီးသွားသဖြင့် အမှောင်ဂိုဏ်း ပျက်သုဉ်းသွားရပြီးနောက် အမှောင်နယ်မြေမှာလည်း အတိုင်းအတာတစ်ခုအထိ အားအင်ဆုတ်ယုတ်လာရ၏။ ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုမှာ ၎င်းအား အလုံပိတ်ထားခဲ့သည်ဖြစ်ရာ မည်သည့် အမှောင်ဂိုဏ်းသားကမှ အချိန်အတော်အတန်ကြာအောင် အမှောင်နယ်မြေထဲသို့ ပြန်လည်ဝင်ရောက်ခွင့် မရှိခဲ့ပေ။
အလားတူပင် ထိုနေရာသို့ မည်သူမှ ရောက်မလာခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်ရာ အဆုံးမဲ့တာအိုနယ်မြေ၏ အမှောင်နယ်မြေထဲရှိ အမှောင်ချီများမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် ထူထပ်သိပ်သည်းကာ ပေါကြွယ်ဝနေပြီ ဖြစ်သည်။ မိုးကောင်းကင်တာအို ပျက်စီးသွားသည့် အချက်ကြောင့် ဂြိုဟ်အဆင့်နှင့် အထက်တွင်ရှိနေသည့် ဝိညာဥ်များမှာ အမှောင်နယ်မြေထဲသို့ ဝင်ရောက်လာခွင့် မရှိတော့သဖြင့် အမှောင်နယ်မြေတစ်ခုလုံးမှာ ၎င်း၏ စွမ်းအင်ရင်းမြစ်ကို ဆုံးရှုံးလိုက်ရသည့်တိုင်အောင် ကျန်ရှိနေသေးသည့် အမှောင်ချီများမှာ ဝမ်ပေါင်လဲ့အတွက် အလွန်အင်မတန်မှ ထူးကဲသည့် အာဟာရဓာတ်များ ဖြစ်နေဆဲပင်။
ဤနေရာကြီးမှာ အမှောင်နယ်မြေဖြစ်ပြီး ဤနေရာရှိ အငွေ့အသက်များမှာ သူ၏ စုတ်ပြတ်ပေါက်ပြဲနေသော ခန္ဓာကိုယ်ကြီးအား အကောင်းအတိုင်း ပြန်ဖြစ်လာအောင် ကုသပေးနိုင်စွမ်း ရှိနေသည်ကို သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အစစ်အား ဤနယ်မြေကြီးထဲသို့သာ နစ်ဝင်သွားစေလိုက်မည်ဆိုပါက အရာအားလုံးမှာ ပြီးပြည့်စုံသွားမည်ဖြစ်ကြောင်း ခံစားနေရတော့သည်။
" နှမြောစရာပဲကွာ... " ဝမ်ပေါင်လဲ့မှာ နှမြောတသ ဖြစ်နေရပါသော်လည်း တဖြည်းဖြည်းနှင့် ပို၍ပင် စိတ်လှုပ်ရှားလာရ၏။ အဘယ်ကြောင့်ဆိုသော် သူ လေ့ကျင့်ထားသည့် အမှောင်ပညာရပ်များအရဆိုလျှင် သူသည် ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် အမှောင်နယ်မြေကြီးအား ဖွင့်ကာ သူ၏ ခန္ဓာကိုယ်အစစ်ဖြင့် ထိုနယ်မြေထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိနေသောကြောင့်ပင်။
ထိုအတွေးများကြောင့် ဝမ်ပေါင်လဲ့မှာ ပြန်၍ စိတ်ဓာတ်တက်ကြွလာတော့သည်။ ထို့ကြောင့် သူသည် ရုပ်တုကြီးပေါ်တွင် ရပ်ရင်း သူ၏ ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာ သူ့ဆီသို့ ဦးတည်လာကာ ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ့အား ဗဟိုချက်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေတော့သည်။
ထိုဝဲကြီး ထိုကဲ့သို့ လည်ပတ်နေစဉ် အမှောင်ချီ အမြောက်အမြားမှာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြ၏။ ၎င်းတို့မှာ သူ၏ ဒွာရခုနစ်ပေါက်ထဲမှနေ၍ စီးဝင်လာကြပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ နေရာတိုင်းသို့ ပျံ့နှံ့သွားတော့သည်။
အခြားသူများမှာဆိုလျှင် ထို သေမင်းအငွေ့အသက်များအား ထိမိလိုက်ရုံနှင့် အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားသွားရမည် ဖြစ်ရာ ၎င်းတို့အား ရှောင်ကျဉ်လိုက်ကြမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းတို့မှာ အလွန်အင်မတန်မှ အာဟာဓာတ်ပြည့်ဝသည့် ပစ္စည်းတစ်မျိုး ဖြစ်နေ၏။
သူ ၎င်းအား စုပ်ယူနေစဉ် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အောက်ရှိ အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေသော သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကြီးမှာ အလျင်အမြန် ပြန်လည်သက်သာလာ၏။ ထို့အပြင် သေမင်းအငွေ့အသက်များ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ တိုးတက်လာခြင်း မရှိပါသော်လည်း တည်ငြိမ်စပြုလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့် အလျင်အမြန် တိုးတက်သွားခဲ့သည်ဖြစ်ရာ သူ ရရှိစုဆောင်းမိခဲ့သည့် ကျင့်ကြံခြင်းစွမ်းအားများကို ကောင်းကောင်းကြီး နားမလည်ခဲ့ပေ။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့်တိုင်အောင် သူသည် ထိုအဆင့်၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နိုင်စွမ်း မရှိဘဲ ဖြစ်နေခဲ့ရ၏။ သို့သော် ယခုတွင်မူ သေမင်းအငွေ့အသက်များ၏ အားဖြည့်ပေးမှုကြောင့် ထိုပြဿနာများအားလုံးမှာ ပြေလည်သွားပြီဖြစ်သည်။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော ကျင့်ကြံခြင်းစွမ်းအား တုန်ခါမှုလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာတိုင်းဆီမှ စွမ်းအားအငွေ့အသက်များ ပျံ့လွင့်လာပြီး သူ၏ အသိစိတ်ထဲ၌ စုစည်းသွားသကဲ့သို့ပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
ထို အော်သံကြီး ထွက်ပေါ်လာသည်နှင့် ဘေးပတ်ပတ်လည်ရှိ ဝဲကြီးမှာ ထပ်၍ တုန်ရီသွားပြီး သေမင်းအငွေ့အသက်များမှာလည်း အဆုံးအစ မရှိသည့်အလား ရှေ့သို့ ဆက်လက်ထိုးထွက်လာကြ၏။ ထို သေမင်းအငွေ့အသက်များမှာ အသိဉာဏ်များရှိနေပြီး အမှောင်နယ်မြေထဲ၌ အချိန်အကြာကြီး ပိတ်လှောင်ခံထားရသည့်အတွက် မကျေမချမ်း ဖြစ်နေကြသည့်ပုံပင်။ ထို့ကြောင့် ၎င်းတို့မှာ ဝမ်ပေါင်လဲ့နှင့်အတူ ပေါင်းစည်းကာ သူ၏နောက်မှ လိုက်သွားပြီး ပြင်ပကမ္ဘာထဲရှိ နေမင်းကြီးအား ကြည့်ချင်နေသည့်ပုံ ပေါက်နေတော့သည်။
ထို့ကြောင့် မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများ၏ အောက်တွင် ဝဲကြီးမှာ ပို၍ အရွယ်အစားကြီးမားလာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများ အားလုံးမှာလည်း ပျောက်ကင်းသက်သာသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းနှင့် အပြင်ပိုင်းနှစ်ခုစလုံးတွင် ရှိနေသည့် ဒဏ်ရာများအားလုံး ပျောက်ကင်းသွားသောအခါ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အပေါ်ယံတွင် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း ယင်နှင့်ယန် စွမ်းအားများ၏ ပေါင်းစည်းမှုကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ အားကောင်းနေပြီဖြစ်သည်။
လက်ရှိ အဆုံးမဲ့တာအိုနယ်မြေထဲတွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများလောက် အားကောင်းသည့် ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားသော ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအချို့ ရှိနိုင်ပါသော်လည်း ထိုကျင့်ကြံသူများအားလုံးမှာ ငွေဇွန်းကိုက်ကာ ဆွေကြီးမျိုးကြီးများမှ ပေါက်ဖွားလာကြသည့် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။
ထိုကဲ့သို့သော မိသားစုမျိုးနွယ်စုများသာလျှင် မိမိတို့၏ ဂိုဏ်းသားများအား ထိုကဲ့သို့ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ကြမည် ဖြစ်သည်။ ထို့အပြင် အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲ၌ ဝမ်ပေါင်လဲ့ကဲ့သို့ ယင်နှင့်ယန် စွမ်းအားများကို ပေါင်းစည်းကာ တောင့်တင်းခိုင်မာသည့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်တစ်ခုအား ဖန်တီးနိုင်ခဲ့သည့် ကျင့်ကြံသူ အရေအတွက်ဟူ၍ များများစားစား ရှိနေမည် မဟုတ်ပေ။
အမှန်တွင် ဤ ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း၏ စိတ်ကူးဖြစ်သည်ဆိုသည့် အချက်ကိုလည်း ဝမ်ပေါင်လဲ့က သိရှိထားခြင်းမရှိပေ။ ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား ပြည်ထောင်စုကြီးထဲမှ ခေါ်ထုတ်လာခဲ့ပြီး အမှောင်ဂိုဏ်း၏ တစ်ခုတည်းသော လျှို့ဝှက်ဆုံမှတ်နေရာသို့ သွားနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့ ဂြိုဟ်အဆင့်သို့ ရောက်ရှိပြီးသွားလျှင် အမှောင်နယ်မြေ၏ စွမ်းအားများကို အသုံးပြုနိုင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့မှာ လမ်းတွင် မတော်တဆမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်သို့ မရောက်သေးသည့်တိုင်အောင် ချန်ရှင်း၏ အစီအစဉ်များအတိုင်း ဆက်ဖြစ်နေသည်ဟု သတ်မှတ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ အစီအစဉ်များကို မသိခဲ့သည့်တိုင်အောင် သူ မျှော်လင့်ထားခဲ့သည့် အကျိုးကျေးဇူးများကို ရရှိသွားခဲ့သောကြောင့်ပင်။ တစ်ချိန်ထဲမှာပင် သူသည် သူ မီးတောက်ခေါင်းဆောင်ကြီး၏ တာဝန်အား ထမ်းဆောင်နေခဲ့စဉ်တုန်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးနှင့် သူ့ကိုယ်သူပြန်၍ နှိုင်းယှဥ်ကြည့်လိုက်၏။
မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့မှာ သူ အဆင့်မြှင့်ထားသည့် ဓမ္မရတနာများကို ထည့်မတွက်ပါက ထို နှောင်းပိုင်းထာဝရဝိညာဉ်အဆင့် အဘိုးကြီးနှင့် လက်ရည်တူနေခဲ့သည်ဟု ခံစားနေရ၏။ သို့သော် ယခုတွင်မူ သူသည် သေမင်း အငွေ့အသက်များကို စုပ်ယူလိုက်သည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲ၌ နဂါးနှင့် ကျားများ အတူတကွ ပေါင်းစည်းသွားသကဲ့သို့ ခံစားလိုက်ရပြီ ဖြစ်သည်... သို့ဖြစ်ရာ ယခုတွင် သူသည် မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးနှင့် အခြား ဓမ္မရတနာများ၏ အားဖြည့်မှုများကို ပိုင်ဆိုင်ထားခြင်း မရှိလျှင်တောင် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအား တစ်မျိုးတည်းနှင့် ထို နှောင်းပိုင်းထာဝရဝိညာဉ်အဆင့် အဘိုးကြီးအား သတ်ဖြတ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ထို့အပြင် သူသည် အချိန်အကြာကြီး ပေးနေစရာပင် လိုမည်မဟုတ်ဟု ယုံကြည်မှုအပြည့်ရှိနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းအဆင့် ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားသည့်အချိန်တွင် အမှောင်နယ်မြေထဲသို့ နောက်ထပ်တစ်ကြိမ်ပြန်လာပြီး သေမင်းအငွေ့အသက်များကို ထပ်၍စုပ်ယူရမည်ဟု ဆုံးဖြတ်ချက် ချပြီးသွားပြီ ဖြစ်သည်။ ထိုသို့သာဆိုပါက သူ၏ ကျင့်ကြံခြင်းစွမ်းများမှာ တည်ငြိမ်သွားမည်ဖြစ်ပြီး သူသည် ချက်ချင်းဆိုသလိုပင် အခြားသူများထက် ပို၍ အစွမ်းထက်သွားမည် ဖြစ်ပေသည်။
" အခု ငါ့မှာ လက်နက်အစုံအလင် ရှိနေပြီဆိုတော့ အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်တိုက်လို့ ရလောက်ပြီလားမသိဘူး " ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရ၏။ သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် လုံးဝမတိုက်ခိုက်ဖူးသောကြောင့် စိတ်ထဲတွင်သာ ခန့်မှန်းကြည့်နိုင်ပေသည်။ သူ၏ နောက်ဆုံးအဖြေမှာ...
" ငါ မီးတောက်ခေါင်းဆောင်ကြီးရဲ့ တာဝန် ထမ်းဆောင်နေခဲ့တုန်းက ကြုံခဲ့ရတဲ့ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးရဲ့ စွမ်းအားတွေနဲ့ ချိန်ဆကြည့်လိုက်မယ်ဆိုရင်.... မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကို ဝတ်ထားရင် အဲဒီလို အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူတွေကို အနိုင်မယူနိုင်သေးရင်တောင်မှ သူတို့က ငါ့ကို သတ်ဖြတ်နိုင်စွမ်း ရှိမှာမဟုတ်တော့ဘူး "
ဝမ်ပေါင်လဲ့မှာ ထိုသို့ကောက်ချက်ချလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် သူ သေမင်းအငွေ့အသက်များကို စုပ်ယူနေသည့် နှုန်းမှာ နှေးကွေးလာပြီဖြစ်ကြောင်း သတိထားမိလိုက်၏။ သို့ဖြစ်ရာ သူသည် ဆက်လက်စုပ်ယူနိုင်စွမ်း မရှိတော့ခြင်း ဖြစ်ရပေမည်။ သူသည် ဆက်လက်စုပ်ယူလိုက်မည်ဆိုပါက ယင်နှင့်ယန်စွမ်းအားများ ဟန်ချက်မညီ ဖြစ်သွားမည်ကို စိုးသောကြောင့် အရဲမစွန့်လိုပေ။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး စုပ်ယူခြင်းအား ရပ်တန့်လိုက်တော့သည်။ ထို့နောက် သူသည် သူ၏အောက်ရှိ ရုပ်တုကြီးကို ငုံ့ကြည့်ရင်း ၎င်းအား သိမ်းဆည်းပစ်ချင်စိတ်များ ပေါက်လာ၏။
သို့သော် ထို ရုပ်တုကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းသောကြောင့် သူသည် ၎င်းအား သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာ နှမြောတသ ဖြစ်သွားရပါသော်လည်း ၎င်းအား အမှောင်နယ်မြေထဲ၌ ချန်ရစ်ခဲ့ခြင်းမှာ သူ့အတွက်အဆင်ပြေကြောင်း မှတ်ယူလိုက်သည်။ ထို့ကြောင့် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး အမှောင်ပညာရပ်အား အသုံးပြုကာ ထို ရုပ်တုကြီးအား ထပ်၍ ချုပ်နှောင်လိုက်ပြန်သည်။ ထို့နောက် သူသည် သူ ဤ နေရာသို့ ပြန်ရောက်လာချိန်တွင် ထိုရုပ်တုကြီး၏ တည်နေရာအား ချက်ချင်းရှာတွေ့နိုင်ရန်အတွက် သူ၏ကိုယ်ပိုင် အမှောင်ပညာရပ် အမှတ်အသားတစ်ခုအား ၎င်းပေါ်၌ ချန်ရစ်ခဲ့လိုက်ပြီးနောက် အသက်ပြင်းပြင်းရှုကာ သူ၏ အထက်ရှိ ဟင်းလင်းပြင်ကြီးအား မော့ကြည့်လိုက်တော့သည်။
" ပြန်ဖို့ အချိန်ကျပြီ "
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ သူ၏ ခန္ဓာကိုယ်ကြီးမှာ ပြန်လည်သက်သာလာပြီ ဖြစ်သည့်တိုင်အောင် သူသည် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဖယ်ရှားလိုက်ခြင်း မရှိသေးပေ။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အားဖြည့်မှုများကြောင့် ထို စွမ်းအင်လှိုင်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတိမ်းမယိမ်း အနေအထားတွင် ရှိနေပြီဟုပင် ဆိုနိုင်ပေသည်။
ထို ပေါက်ကွဲမှုများကြောင့် သူ၏လူရိပ်မှာ ကြယ်ပျံတစ်လုံးကဲ့သို့ မိုးကောင်းကင်ထဲသို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားပြီး တဖြည်းဖြည်းနှင့် ပို၍မြန်ဆန်လာ၏။ သူ ထိုသို့ မြန်ဆန်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ် အပြင်ဘက်၌ ရှိနေသည့် အမှောင်နယ်မြေထဲမှ မြူခိုးများမှာလည်း သူ့အား လိုက်လံနှုတ်ဆက်နေသည့်အလား သူ၏နောက်သို့ လိုက်လာကြပြီး သူ၏ ပတ်ပတ်လည်၌ ရစ်ပတ်နေကြတော့သည်။ သူ အရှိန်ကုန် မြှင့်တင်လိုက်သည့် အချိန်တွင် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ သို့ဖြစ်ရာ ထို ဟင်းလင်းပြင်ကြီးမှာ ပေါက်ကွဲသွားသကဲ့သို့ပင်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ရှေ့၌ ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ထားသည့် ဝဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့သို့ ပြေးထွက်သွားကာ ထိုဝဲကြီးထဲသို့ ဝင်သွားလိုက်၏။ ထို့နောက် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဝိညာဉ်ကိုးပါးနယ်မြေထဲမှ ထွက်ခွာလာပြီး နတ်မျက်လုံးပင်မဂြိုဟ်ပေါ်၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။
ထိုအခါ စကြဝဠာကြီးမှာ တုန်ရီသွားပြီး စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ အဝေးကြီး၌ ရှိနေသည့် လူများပင်လျှင် ၎င်းတို့အား မြင်နိုင်ပေသည်။ အကယ်၍ ထိုအဖြစ်အပျက်များမှာ ယခင်တုန်းက ပေါ်ပေါက်လာခဲ့မည် ဆိုပါက နတ်မျက်လုံးပင်မဂြိုဟ်၏ အပြင်ဘက်တွင် တာဝန်ကျနေသည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ ချက်ချင်းသတိထားမိသွားကြမည်သာ ဖြစ်သည်။ ထိုမျှသာမက နတ်မျက်လုံးပင်မဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများပင်လျှင် ခေါင်းမော့ကြည့်လိုက်မည်ဆိုပါက စကြဝဠာကြီးထဲရှိ ပြောင်းလဲမှုများကို မြင်လိုက်ရမည်ဖြစ်သည်။
သို့သော် ယခုတွင်မူ... နတ်မျက်လုံး ပင်မဂြိုဟ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ထို နေရာတွင် တာဝန်ကျနေကြသည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ စစ်တပ်များမှာမူ တိတ်ဆိတ်ငြိမ်သက်နေသည့် စကြဝဠာကြီးထဲ၌ မျောလွင့်နေကြသော ဖုန်မှုန့်လေးများအဖြစ်သို့ ရောက်ရှိသွားကြပြီဖြစ်သည်...
ထိုအချိန်တွင် မလှမ်းမကမ်းမှနေ၍ ခိုကိုးရာမဲ့နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံအား ပိုင်ဆိုင်ထားသည့် ခေါင်းပြတ်ကြီးတစ်လုံးမှာ သူ၏ရှေ့သို့ မျောလွင့်လာပြီး သူ၏ဘေးမှ ဖြည်းဖြည်းချင်း ဖြတ်သန်းသွားတော့သည်။