အန်လင်း ဒေါသထွက်နေလား
Vol. 72 Ch. 1006
ရှောင်ချိုး ကြောင်တောင်တောင် ဖြစ်သွားသည်။
နှလုံးသားထဲတွင်လည်း ခံစားချက်များ ပြည့်လျှံလာသည်။
မိန်းမတစ်ယောက်သည် ချစ်ခင်နှစ်သက်ရသူအား ယုံကြည်သွားသောအခါ အရာအားလုံးကို ထားရစ်ခဲ့နိုင်သည်။
“မျောက်လေး ငါတို့အတူတူ ဘဝသစ်တစ်ခု စရအောင်လေ။”
ပိုင်ယောင် ရှောင်ချိုးအားကြည့်ကာ ပြောလိုက်သည်။
ရှောင်ချိုးသည် ပိုင်ယောင်အား တွေ့ရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့ပါသော်လည်း သူမ၏ သေချာလွန်းသော ယုံကြည်မှုကြောင့် အလွန်အမင်း ပျော်ရွှင်နေမိသည်။
သူပိုင်ယောင်အားကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ။”
လေဟာနယ် ခုန်ကျော်ခြင်းအဆောင် အသက်ဝင်လာသည်နှင့်အတူ သက်တံ့ရောင်စဥ်များမှာ ၎င်းတို့နှစ်ဦးအား လွှမ်းခြုံသွားသည်။
“ဟာ.... ဒင်းတို့ ထွက်ပြေးတော့မှာပဲ။”
ချန်းဟောင် အမူအရာ ပြောင်းလဲသွားရသည်။
ထိုအချိန်တွင် ရုတ်တရက် ဗိုက်အောင့်ကာ အရည်များ ထွက်ကျကုန်လေသည်။
“ယီးတွေလား.....”
ချန်းဟောင် မျက်လုံးပြူးသွားသည်။
သူတအံ့တသြ ဖြစ်နေစဥ်မှာပင် ပုံရိပ်တစ်ခု ပျံဝဲလာကာ ထိုးချလိုက်သည်။
ချန်းဟောင်မှာ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအား လက်နှစ်ဖက်ဖြင့် ကာထားလိုက်သည်။ စွမ်းအင်လှိုင်းဂယက်များသည် ဆယ်ကီလိုမီတာတိုင် ပျံ့နှံ့သွားသလို ချန်းဟောင်မှာလည်း အဝေးသို့ လွင့်ထွက်သွားသည်။
ဟုန်ဒူ ထိတ်လန့်သွားမိသည်။
“ဘုရားရေ အဲ့ဒါအန်လင်းလား။”
ဘာတွေဖြစ်နေတာလဲ..... အန်လင်းကို တွေ့လိုက်တိုင်း ဘာလို့ အရင်ကထက် ပိုပိုကြမ်းနေတာလဲ..... သူက ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုတောင် ယှဥ်ချနိုင်နေပြီလား.....
“ဟားဟား..... ဒူလေး မင်းသူငယ်ချင်းက ငါ့လောက်နီးနီး ကြမ်းသားပဲ။”
ယွီဒူ ပြုံးကာပြောလိုက်သည်။
ဟုန်ဒူ ခံစားချက်များ ရှုပ်ထွေးသွားသည်။ အန်လင်းသည် သူ၏ပြိုင်ဘက် ဖြစ်ခဲ့ပါသော်လည်း ယခုအခါ အဖိုးဖြစ်သူနှင့်ပင် ယှဥ်နိုင်နေလေပြီ။
ချန်းဟောင်မှာ အန်လင်း၏ ထိုးနှက်မှုကြောင့် ပိုင်ယောင်နောက်သို့ မလိုက်နိုင်ခဲ့ပေ။
သက်တံ့ရောင်စဥ်များမှာ ရှောင်ချိုးနှင့် ပိုင်ယောင်တို့အား တောက်ပနေစေသည်။
ထို့နောက် ၎င်းတို့နှစ်ဦးလုံးမှာ အရှိန်အဝါပင် မကျန်ရစ်ပဲ ပျောက်ကွယ်သွားတော့သည်။
နန်းတော်အတွင်း ရှိနေသူများအားလုံး မျက်လုံးပြူးသွားရသည်။
ထိုလေဟာနယ် ခုန်ကျော်ခြင်းအဆောင်နောက်သို့ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များပင် လိုက်မမှီနိုင်ပေ။
“အဲ့မျောက်က မင်းသမီးနဲ့တူတူ ထွက်ပြေးသွားတာလား။”
“ဘာတွေဖြစ်သွားတာလဲ။”
“လုံးဝစိတ်ကူးယဥ်ဆန်တယ်။”
“မဟုတ်ဘူး။ ငါတို့ မြေခွေးမျိုးနွယ်စုရဲ့ အချောဆုံး မင်းသမီးလေးက မျောက်ရုပ်ဆိုးကိုမှ ကြိုက်တယ်တဲ့လား။ ငါလက်မခံနိုင်ဘူး။”
မင်္ဂလာပွဲသည် ယခုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ပိုင်ယောင်နှင့် ရှောင်ချိုးသည် နန်းတော်အတွင်း တိုက်ခိုက်မှုများအား ဂရုပင် မစိုက်ပဲ ရွှေလက်တွဲကာ ထွက်ပြေးသွားကြသည်။
တိုက်ခိုက်နေသော မြေခွေးများမှာ လက်နက်ချလိုက်ကြသည်။
သတို့သမီး ထွက်ပြေးသွားပြီ ဖြစ်သောကြောင့် တိုက်ခိုက်နေစရာ အကြောင်းမရှိတော့ပေ။
ကျောက်ဘီလူးများလည်း လက်နက်ချကာ အန်လင်းအား သနားသလို ကြည့်ရှုလာကြသည်။
အန်လင်း သွေးအန်ချင်သွားရသည်။
ယီးပဲဟေ့.....
ယီးဖြစ်လို့ လာကြည့်နေတာလား.....
အန်လင်း ဟုန်ဒူအား စူးစိုက်ကြည့်ရှုလိုက်သည်။
ဟုန်ဒူ ထိတ်လန့်သွားရသည်။
“ငါကမင်းကို ကူညီပေးတာနော်။ မင်းကောင်မလေးက မင်းမျောက်နဲ့ ထွက်ပြေးသွားတာတော့ ငါလည်းမတတ်နိုင်ဘူး။”
အန်လင်း : “......”
တခြားလူကို စိတ်အနှောင့်အယှက်ပေးတာ ဒေါသထွက်ဖို့ကောင်းတယ်.....
အဲ့ဒါကိုမှ ကိုယ့်အကြောင်းကိုယ်မသိရင် ပိုတောင်ဆိုးသေးတယ်......
အန်လင်း မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။
ဟုန်ဒူမှာ အဖိုးဖြစ်သူနောက်သို့ ပြေးပုန်းလိုက်သည်။
“ယောင်လေး.... နင်တကယ်ပဲ....”
ပိုင်မုယွီ သက်ပြင်းချလိုက်သည်။
“သက်ကယ်ရတနာကို အဲ့မျောက်နဲ့ ထွက်ပြေးဖို့ သုံးလိုက်တယ်ပေါ့။”
သူမ၏ မျက်ဝန်းများမှာ ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
လွန်ခဲ့သော နှစ်တစ်ရာကျော်က ပိုင်ယောင်၏ အေးခဲနေသော ယန်စွမ်းအင် အမြစ်အား ကုသရန် ဆေးလိုက်ရှာရင်း ရှောင်ချိုးနှင့် တွေ့ဆုံခဲ့သည်။
ထိုမျောက်ရုပ်ဆိုးလေးအား သနားမိကာ အသက်ဘေးမှ ကယ်တင်ပေးခဲ့သည်။
ထို့နောက် ပိုင်ယောင်နှင့် ရှောင်ချိုးတို့လည်း သူငယ်ချင်း ဖြစ်လာပြီး သူမလည်း သမီးဖြစ်သူအတွက် ဝမ်းသာခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အချင်းချင်း ချစ်ကျွမ်းဝင်သွားမည်ဟု မျှော်လင့်မထားခဲ့ပေ။
“ပြန်ဆုတ်ကြ....”
မြေခွေးနက်ဧကရာဇ် ချန်းဟောင် အမိန့်ပေးလိုက်သည်။
မြေခွေးနက်များအားလုံး ထွက်ပြေးကုန်သည်။
၎င်းတို့၏ ပစ်မှတ်လည်း မရှိတော့သဖြင့် ဆက်နေစရာ အကြောင်းမရှိတော့ပေ။
“ဒီအတိုင်း ထွက်သွားလို့ ရမယ်ထင်နေလား။”
မြေခွေးစိမ်းမျိုးနွယ်စုမှ ဟင်းလင်းပြင်သို့အပြန်အဆင့် အကြီးအကဲမှာ ခြေတစ်ချက်ဆောင့်လျက် ဝင်္ကပါများကို အသက်သွင်းလိုက်သည်။
သတို့သားမှာ ခန်းမအတွင်း ရှိနေသေးသည်ပင်။
လန်ရှောင်နီသည် ချန်းနန်အားမကာ အဝေးသို့ ထွက်ပြေးတော့သည်။
အန်လင်း၏ ထိုးနှက်မှုကြောင့် ရုပ်ဆိုးသွားပါသော်လည်း အင်မော်တယ်ဆေးလုံးဖြင့် ပြန်ပြင်နိုင်လောက်ပေသည်။
“ဦးလေး.... ကျွန်မကို ကူညီပေးပါဦး။”
လန်ရှောင်နီသည် ကြည်လင်နေသော ရေလုံးတစ်လုံးထဲတွင် ရှိနေကာ ဝင်္ကပါအား ဝင်တိုးလိုက်သည်။
ဝိဥာဥ်ငါးကလန်သည် ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ထားခဲ့သည်။
တစ်ဦးသည် လှံဖြူအားကိုင်ကာ တစ်ဦးသည် လှံနက်အားကိုင်လျက် ဝင်္ကပါ တစ်နေရာအား အပေါက်ကြီးတစ်ခု ဖန်တီးလိုက်သည်။
မြေခွေးနက်များမှာ ထိုအပေါက်ထံ ပြေးသွားကြသည်။
ဝိဥာဥ်ငါးကလန်မှာလည်း တိုက်ခိုက်နေရင်း ဆုတ်ခွာနေကြသည်။ ၎င်းတို့သည် ဟင်းလင်းပြင်သို့အပြန် အဆင့်များ ဖြစ်သောကြောင့် မြေခွေးမျိုးနွယ်စုသည် အသက်နှင့်လဲကာ မတိုက်ခိုက်ရဲပါက ၎င်းတို့အတွက် ပူပန်စရာ မရှိပေ။
အဆုံးတွင် လန်ရှောင်နီသည် ချန်းနန်အားမကာ ထွက်ပြေးလိုက်နိုင်သည်။
မြေခွေးဖြူမျိုးနွယ်စုနှင့် မြေခွေးစိမ်းမျိုးနွယ်စုမှာ ဒေါသထွက်နေပါသော်လည်း ယခုပြဿနာသည် အသေအကြေ တိုက်ခိုက်စရာ မလိုအပ်ပေ။
အန်လင်း သက်ပြင်းချလိုက်သည်။
“ပြီးသွားလို့ တော်သေးတာပေါ့။”
သူသည် မင်္ဂလာပွဲ ပြီးသွားပါက ရှောင်ချိုးအားခေါ်ကာ ဘုံဆိုင်သွားရန် တွေးထားခဲ့သည်။
သို့သော် သတို့သားသည်လည်း အချိုးမပြေ ဖြစ်နေပြီး ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့်အတူ ရှောင်ချိုးနှင့် ပိုင်ယောင်မှာ ထွက်ပြေးသွားခဲ့သည်။
တကယ်ရင်မောစရာကြီးပဲ....
အဆိုးဆုံးက ဟုန်ဒူရဲ့ သောက်ကျိုးနည်း ကောလဟလပဲ.....
ယီးတဲ့မှ....