← Chapters

နောက်ထပ်မင်္ဂလာပွဲ

Vol. 72 Ch. 1011

နောက်ထပ်မင်္ဂလာပွဲ

Vol. 72 Ch. 1011

ပိုင်မုယွီ ရှောင်ချိုးအားကြည့်ကာ ကူကယ်ရာမဲ့နေသော မျောက်ငယ်လေးအား ပြန်လည်မြင်ယောင်လာသည်။

သူမသည် သနားစိတ်သက်သက်နှင့်သာ ကယ်တင်ပေးခဲ့ပြီး သမီးဖြစ်သူနှင့် ချစ်ခင်စုံမက်သွားကြမည်ဟု ထင်မှတ်မထားခဲ့ပေ။

ရှောင်ချိုးသည် ရုပ်ဆိုးလွန်းသောကြောင့် ပိုင်ယောင်အနေဖြင့် ချစ်မိသွားစရာ အကြောင်းမရှိနိုင်ပေ။ ထို့ကြောင့်ပင် သူမသည် ရှောင်ချိုးအား ပိုင်ယောင်၏ ဆော့ဖော်ဆော့ဖက် လုပ်စေခဲ့ခြင်း ဖြစ်သည်။

ရှောင်ချိုးသည် ပိုင်ယောင်အတွက် အလုံခြုံဆုံး ကစားဖော်ဟု သူမ သတ်မှတ်ခဲ့သည်။

ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ.....

ပိုင်မုယွီမှာ လောကကြီး၏ လှည့်စားမှုအား ခံလိုက်ရသည်ပင်။

ရှောင်ချိုးသည် ခရမ်းကြယ်စင် သုတေသနစခန်းမှ အံ့ဖွယ်မီးတောက်အား အမွေရရှိခဲ့သည်။

စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်ကတည်းကပင် ထိုမီးတောက်သည် အံ့ဖွယ်မီးတောက်အဆင့် သန့်စင်မှု ရှိနေလေပြီ။

ယခု စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ရောက်လာပြီးနောက် သူ၏ ယင်းစွမ်းအင် အမျိုးအစား အံ့ဖွယ်မီးတောက်မှာ ပိုမိုသန့်စင်လာသည်။

တစ်နည်းဆိုသော် ပိုင်ယောင်အတွက် ရှောင်ချိုး၏ အံ့ဖွယ်မီးတောက်သည် ချန်းနန်၏ အံ့ဖွယ်မီးတောက်ထက် ပိုမိုသင့်တော်ပေသည်။

“ပိုင်ယောင်ရဲ့ အခြေအနေအရ အချိန်မဆွဲနေသင့်ဘူး။ မြန်မြန်လက်ထပ်ပေးသင့်ပြီ။”

ပိုင်မုယွီ အတွေးလွန်နေစဥ်မှာပင် အန်လင်း စကားဆိုလာသည်။

ပိုင်မုယွီသည် အလွန်ပျော်နေပုံရသော အန်လင်းအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

ထို့နောက် ရှောင်ချိုးအား အကဲခတ်လိုက်သည်။

ရှောင်ချိုးသည် ယောက္ခမကြီး၏ အကြည့်ကြောင့် တောင့်တောင့်ကြီး ရပ်နေကာ ရုပ်ဆိုးသော မျက်နှာသည်ပင် လေးလေးနက်နက် ဖြစ်နေသည်။

ပိုင်မုယွီ မျက်ခုံးနှိပ်လိုက်မိသည်။

“ကောင်းပြီလေ။ ရုပ်ဆိုးနေတာလည်း နင့်အပြစ်မှ မဟုတ်တာ။ အချင်းချင်းလည်း ချစ်နေကြတယ်ဆိုတော့ ငါကန့်ကွက်စရာ မရှိပါဘူး။”

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။

ထို့နောက် အော်ဟစ်အော်ပွဲခံသံများ ဟေးခနဲ ထွက်ပေါ်လာလေသည်။

ရှောင်ချိုးလည်း မျက်ဝန်းများ တောက်ပသွားသည်။

“မေမေ.....”

ပိုင်မုယွီ မျက်နှာပျက်သွားသည်။

“ငါ့မှာ နင့်လိုရုပ်ဆိုးတဲ့သား မရှိဘူး။”

ရှောင်ချိုး : “......”

“ကျွန်တော့်ကို ဖက်ပါဦး ခမည်းခမက်....”

အန်လင်း အရှက်မဲ့စွာ ပြောလိုက်သည်။

“လစ်စမ်း....”

ပိုင်မုယွီ ရိုက်ထုတ်လိုက်သောကြောင့် အန်လင်း လွင့်ထွက်သွားရသည်။

ရှောင်ချိုးနှင့် တပိုင်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားမိကြသည်။

၎င်းတို့သာ ထိုသို့အရိုက်ခံရပါက အသားပြား ဖြစ်သွားပေလိမ့်မည်။

..........

ထိုက်ချူကုန်းမြေ အနောက်ဘက်ဆုံး၌

ထိုနေရာသည် အနောက်ပင်လယ်ဟုခေါ်သော သမုဒ္ဒရာကြီး ဖြစ်သည်။

အနောက်ပင်လယ်တွင် များပြားလှသော သက်ရှိများ နေထိုင်ကျက်စားကာ အန္တရာယ်များလွန်းလှသော နေရာတစ်ခုဟု ဆိုနိုင်သည်။

အနောက်ပင်လယ်တွင် ဝိဥာဥ်ငါးကလန်နှင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုမှာ အင်အားအကြီးဆုံးပင်။

ဝိဥာဥ်ငါးကလန်သည် အနောက်ပင်လယ်၏ ကြမ်းပြင်တွင် ဟုန်မန်နတ်စင်မြင့်အား တည်ထောင်ကာ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုသည် ဂမ္ဘီရနယ်မြေအား ဖန်ဆင်းထားသည်။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုသည် သီးသန့်နေထိုင်ကြပြီး မည်သူကမှ အနှောင့်အယှက် မပေးရဲကြပေ။

.........

ဟုန်မန်နတ်စင်မြင့်အနီးရှိ ပင်လယ်နှလုံးသားနန်းတော်၌

ချောမောခန့်ညားသော အမျိုးသားတစ်ဦးမှာ ပင်လယ်ကြမ်းပြင်ရှိ ယင်းစွမ်းအင်များ ပါဝင်သော အစိမ်းရောင် သေရည်များကို သောက်သုံးနေသည်။

“ချန်းနန် အဆင်ပြေရဲ့လား။ အခုထိ အဲ့ကောင်မ ပိုင်ယောင်အကြောင်း မကြားရသေးဘူး။”

အပြာရောင်အမြှီးနှင့် ရေသူမ မျက်မှောင်ကျုံ့လိုက်သည်။

“စိတ်မပူပါနဲ့။ ပိုင်ယောင် အခြေအနေက ငါ့ထက်ဆိုးတယ်။ ပိုင်မုယွီကိုယ်တိုင် သူ့သမီးကို လက်ထပ်ပေးဖို့ လာတောင်းပန်ရလိမ့်မယ်။”

ချန်းနန် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

သူ၏ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်သည် တစ်နေ့တခြား ပိုမိုဆိုးရွားလာပါသော်လည်း ထိန်းချုပ်မရသော အခြေအနေ မဟုတ်သေးပေ။

တစ်ဖက်တွင်မူ ပိုင်ယောင်၏ အခြေအနေမှာ အသက်ဆက်ရှင်ရန်ပင် မသေချာတော့ပေ။

လန်ရှောင်နီ နှာခေါင်းရှုံ့လိုက်သည်။

“အဲ့ကောင်မက ကံကောင်းလိုက်တာ။ ငါတစ်ခါတည်း ပြောထားမယ်နော်။ သူ့ကို ကိုယ်လုပ်တော် အဆင့်ပဲထား။ ငါ့ထက်ပိုမချစ်နဲ့။”

“မစိုးရိမ်ပါနဲ့။”

ချန်းနန် ပြုံးကာပြောလာသည်။

“ငါ့နှလုံးသားထဲမှာ ဒင်းက ဘာမှမဟုတ်ဘူး။ ဝါးပြီးရင် ထွေးလိုက်ရုံပဲ။”

လန်ရှောင်နီ ရှက်သွေးဖြာသွားရသည်။

ချန်းနန် ခပ်ဖွဖွပြုံးကာ သူမအနား ကပ်သွားလိုက်သည်။

လန်ရှောင်နီအနေဖြင့် ပိုင်ယောင်အား လက်ခံနိုင်ရန် သူအတော်ကြိုးစားထားခဲ့ရသည်။

အချိန်တန်ရင် ရေသူမ မင်းသမီးကိုရော မြေခွေးမျိုးနွယ်စုက အလှဆုံး ပိုင်ယောင့်ကိုပါရမှာ..... ဘယ်လောက်မိုက်လဲ......

ဝိဥာဥ်ငါးကလန်သည် စည်းမျဥ်းစည်းကမ်း တင်းကြပ်သောကြောင့် သူသည် ယခုထိတိုင် လန်ရှောင်နီ၏ အပျိုစင်ပန်းဦးအား မဆွတ်ခူးရသေးပေ။

အခုအချိန်မှာ အခွင့်အရေးလေး ယူလိုက်ရင် မကောင်းဘူးလား.......

ရွှေရောင်ပုစွန်ထုပ်တစ်ကောင် အသည်းအသန် ပြေးဝင်သွားသည်။

“သတင်းဆိုး....... သတင်းဆိုး.....”

ချန်းနန် ဒေါသထွက်သွားရသည်။

“ဘာဖြစ်တာလဲ။ မြန်မြန်ပြော ပြီးရင်လစ်တော့။”

“မနက်ဖြန် ပိုင်ယောင်နဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ ရှောင်ချိုးတို့ မင်္ဂလာပွဲ ကျင်းပတော့မယ်တဲ့။”

ရွှေရောင်ပုစွန်ထုပ် သတင်းပေးလိုက်သည်။

ဘန်း.......

ချန်းနန် ဝိုင်ခွက်ပြုတ်ကျသွားလေသည်။

သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါများ ဖြာထွက်လာသည်။

“ပိုင်ယောင်.... စုကျိုးအင်မော်တယ်ဂိုဏ်း..... ဟားဟားဟား သိပ်ကောင်းတယ်။”

........

ဖန်ဆင်းခြင်းနယ်မြေ၏ ချင်ဟုမြို့တော်၌...

မြေခွေးမျိုးနွယ်စုမှာ အခမ်းအနားအတွက် ထပ်မံပြင်ဆင်ရပြန်သည်။

ယခုအခမ်းအနားသည် မြေခွေးဖြူမျိုးနွယ်စု၏ မင်းသမီး ပိုင်ယောင်နှင့် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ ရှောင်ချိုးတို့အတွက် ဖြစ်သည်။

အလှပဆုံး မြေခွေးမလေးနှင့် ရုပ်အဆိုးဆုံး မျောက်တို့၏ အချစ်ပုံပြင်မှာ မြေခွေးမျိုးနွယ်စုကြား ပျံ့နှံ့နေပြီပင်။

ဒဏ္ဍာရီလာ အချစ်ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်နေပြီ ဖြစ်သည်။

ပိုင်ယောင်သည် ငယ်စဥ်အချိန်က လမ်းပျောက်သွားခဲ့ပြီး မျောက်ရုပ်ဆိုးလေးမှ ကယ်တင်ကာကွယ်ကာ ချစ်ကျွမ်းဝင်သွားသည့် အကြောင်းကို အားလုံးလိုလို သိနေကြသည်။

နတ်ဘုရားများသည် အလှပဂေးနှင့် ရုပ်ဆိုးကောင်အား တွဲဖက်စေကာ ကမ္ဘာကြီးအား အလှတရားနှင့် ရုပ်ဆိုးခြင်းကို ပိုမိုမြင်သာစေခဲ့သည်ဟုလည်း ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် နတ်ဖတ်သောဖူးစာပင်။

ရှောင်ချိုး တစ်ဦးတည်းကသာ လောကကြီး၏ အလှပဆုံး မင်းသမီးလေးနှင့် ထိုက်တန်ပေသည်။

ပိုင်ယောင်နှင့် ရှောင်ချိုးတို့၏ အချစ်ပုံပြင်မှာ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်လာလေသည်။

ဖန်ဆင်းခြင်းနယ်မြေမှ သက်ရှိများသည်လည်း ထိုမင်္ဂလာပွဲအား မဆန့်ကျင်ကြတော့ပဲ ကောင်းချီးများ ပေးနေကြသည်။

အချစ်စစ်ကြောင့်သာ ယခုကဲ့သို့ ဖြစ်လာသည် မဟုတ်ပါလော။

မင်္ဂလာပွဲအား မြေခွေးဖြူမျိုးနွယ်စု၏ နန်းတော်တွင် ကျင်းပမည်ပင်။

အချိန်အကန့်အသတ်ကြောင့်သာ မဟုတ်ပါက အန်လင်းသည် စုကျိုးအင်မော်တယ်ဂိုဏ်းတွင် ကျင်းပပေးမည် ဖြစ်သည်။

သို့သော် ပိုင်ယောင်အတွက် အချိန်လက်ကျန် သိပ်မရှိတော့ပေ။

ပိုင်ယောင်သည် ရှောင်ချိုး၏ သွေးအဆီအနှစ်အား သောက်သုံးကာ နိုးထလာခဲ့သည်။

နောက်တစ်နေ့၌.....

အားလုံးစောင့်မျှော်နေခဲ့သော မင်္ဂလာပွဲသို့ ရောက်ရှိလာခဲ့လေပြီ။

All Chapters