စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဒုတိယမြောက်အခမ်းအနား
Vol. 72 Ch. 1012
ရှောင်ချိုးမှာ စိတ်လှုပ်ရှားစွာဖြင့် နေမင်းအား ငေးကြည့်နေသည်။
ချင်ဟုမြို့တော် ခရီးစဥ်တွင် ပိုင်ယောင်နှင့်ပါ လက်ထပ်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အရာအားလုံးမှာ အိပ်မက်တစ်ခုလိုပင်။
အံ့အားသင့်စရာ ကောင်းသည်မှာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာအား ကောင်းချီးပေးသူများ ရှိနေခဲ့သည်။
သူသည် နတ်ဘုရားများကိုသာ အကြိမ်ကြိမိအခါခါ ကျေးဇူးတင်မိတော့သည်။
ပိုင်ယောင်ကိုလည်း သူမ၏ အချစ်အတွက် ကျေးဇူးတင်မိသည်။
အစ်ကိုကြီးအန်တို့ကိုလည်း ၎င်းတို့၏ ကူညီဖေးမမှုများအတွက် ကျေးဇူးတင်ရသည်။
ရှောင်ချိုးမှာ အားလုံးကို ကျေးဇူးတင်နေမိလေသည်။
“ဘာတွေတွေးနေတာလဲ။”
ညင်သာသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ချိုး လှည့်ကြည့်လိုက်သောအခါ လှပလွန်းသော အမျိုးသမီးလေးအား တွေ့လိုက်ရသည်။
“မင်းမနိုးလာတုန်းက ငါဘယ်လောက်ထိ ကြောက်နေမိလဲ ပြန်တွေးနေတာ။”
ရှောင်ချိုး ပြုံးကာပြောလာသည်။
ပိုင်ယောင် အနည်းငယ် ရှက်သွေးဖြာသွားသည်။
“ငါ.... ငါလည်း နင်ဝမ်းနည်းမှာကို ကြောက်နေတာ။”
“မင်းကို ထွက်သွားခွင့် မပေးတော့ဘူး။”
ရှောင်ချိုး လေးနက်စွာ ပြောလိုက်သည်။
“ဒီညပဲ မင်းကိုကုပေးမယ်။ အဲ့ဒါပြီးရင် စုကျိုးအင်မော်တယ်ဂိုဏ်းကို လိုက်ခဲ့နော်။”
ပိုင်ယောင် ခေါင်းညိတ်ပြလိုက်သည်။
“ချန်းနန်က မင်္ဂလာပွဲ လာဖျက်မယ်ထင်တယ်။ သူ့ရဲ့ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်အတွက် ငါ့ကိုလိုအပ်တယ်လေ။”
ပိုင်ယောင် စိုးရိမ်နေသည်။
ရှောင်ချိုး ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
“လာပါစေ။ သူ့ဘက်မှာ ဝိဥာဥ်ငါးကလန် ရှိတယ်မလား။ ဒါပေမယ့် ငါတို့ဘက်မှာ စုကျိုးအင်မော်တယ်ဂိုဏ်းနဲ့ ကောင်းကင်ဘုံခုံရုံး ရှိတယ်လေ။”
“ဒီကိုလာရဲရင် ဒီမှာပဲ တသက်လုံး နေသွားစေရမယ်။”
ပိုင်ယောင်သည် ရှောင်ချိုးအားကြည့်ကာ ပျော်ရွှင်မှုများကြောင့် တောက်ပစွာ ပြုံးလာသည်။
၎င်းတို့၏ မင်္ဂလာပွဲသည် ဖန်ဆင်းခြင်းနယ်မြေ တစ်ခုလုံးအား သည်းသည်းလှုပ်စေခဲ့သည်။
အချိန်တိုအတွင်း စီစဥ်ခဲ့ရသော ယခင်တစ်ခါကကဲ့သို့ပင် ဂိုဏ်းကိုယ်စားလှယ်များအားလုံး တက်ရောက်လာကြသည့်အပြင် အဆင့်မြင့် ကျင့်ကြံသူများပါ ရောက်ရှိလာကြသေးသည်။
မင်္ဂလာ အခမ်းအနားမှာ စည်ကားနေလေသည်။
ဧည့်သည်တော်များသည် မင်္ဂလာပွဲတွင် တစ်ခုခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
ဘာမှဖြစ်မလာလျှင်ပင် မြေခွေးမျိုးနွယ်စု၏ အလှပဆုံး မင်းသမီးလေးနှင့် ရုပ်အဆိုးဆုံး မျောက်တို့၏ မင်္ဂလာပွဲမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
ထို့ကြောင့်ပင် ယခု မင်္ဂလာပွဲမှာ ယခင်မင်္ဂလာပွဲထက် စည်ကားနေသည်။
တစ်ကမ္ဘာလုံးမှ အဆင့်မြင့် ကျင့်ကြံသူများလည်း အသီးသီး ရောက်ရှိလာကြသည်။
မြေခွေးဖြူမျိုးနွယ်စု၏ အင်ပါယာနန်းတော်မှာ သက်ဝင်စည်ကားနေလေသည်။
အန်လင်းမှာ ဟုန်ဒူနှင့် ယွီဒူတို့အား ပြန်လည်တွေ့ဆုံခဲ့သည်။
“ဟားဟား.... အန်လင်း ငါတို့ ထပ်တွေ့ရပြန်ပြီ။”
ယွီဒူ ပြုံးကာပြောလာသည်။
အန်လင်း နှုတ်ဆက်လိုက်သည်။
“စီနီယာ ယွီဒူ.... သခင်လေး ဟုန်ဒူ ဒီတစ်ခါတော့ အထင်မလွဲဖို့ မျှော်လင့်ပါတယ်။”
ဟုန်ဒူ ကြက်သီးထသွားရသည်။
“စိတ်မပူပါနဲ့ သခင်လေး အန်လင်း ကျွန်တော်က ပြဿနာ မရှာတတ်ပါဘူး။”
“ဟုတ်ပါပြီ။”
အန်လင်း တုံ့ပြန်လိုက်သည်။
ဟုန်ဒူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
အန်လင်း စကားဆက်လိုက်သည်။
“ဒါပေမယ့် လူတွေကိုတော့ စိတ်ဒုက္ခ တော်တော်ပေးတယ်။”
ဟုန်ဒူ : “......”
ဟုန်ဒူ စိတ်ဆင်းရဲသွားမိသည်။
အဖိုးရှိနေတာကို အဲ့လောက်ထိ မပြောလို့ မရဘူးလား....
ထိုအချိန်တွင် ပန်းကန်ပြားပျံတစ်ခု ပေါ်ထွက်လာသည်။
ပန်းကန်ပြားပျံသည် ကောင်းကင်ဘုံမှ ဖန်ဆင်းထားသည့်အလား ဖြူဖွေးချောမွေ့နေသည်။
ဖန်ဆင်းခြင်းနယ်မြေမှ သက်ရှိများသည် ထိုသို့သော ပန်းကန်ပြားပျံအား မမြင်ဖူးသောကြောင့် အံ့အားသင့်နေကြသည်။
ပန်းကန်ပြားပျံမှာ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းကပဲ။”
ထွက်လာသူများအားကြည့်ကာ အချို့မှာ မှတ်မိသွားကြသည်။
အားလုံးမှာ ၎င်းတို့အား အာရုံစိုက်လာကြသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသည် သတို့သားဘက်မှ မိသားစု အဖွဲ့ဝင်များ ဖြစ်သည်။
မြေခွေးမျိုးနွယ်စုများသည် စုကျိုးအင်မော်တယ်ဂိုဏ်းသားများအားကြည့်ကာ အသက်ရှူသံများ မြန်လာရသည်။
အဲ့လောက်ချောနဲ့ လူသားတွေ ဘယ်လိုလုပ် ရှိနိုင်ရတာလဲ.....
စုရှောင်လန်၊ စုချန်းရန်၊ လျှိုချင်းဟွမ်နှင့် ပိုင်လင်တို့သည် မတူကွဲပြားသော အလှတရားလေးများ ဖြစ်သောကြောင့် မြေခွေးမလေးများသည်ပင် မနာလို ဖြစ်ကုန်သည်။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ ယောက်ျားလေးများတွင်မူ ထျန်းရှီမန်သည် သာမန်ဆန်လွန်းပြီး ရှောင်ဇယ်မှာ ငယ်ရွယ်လွန်းသောကြောင့် ရွှမ်းယွမ်ချန် တစ်ဦးတည်း ထင်းထွက်နေသည်။
မည်သို့ပင်ဆိုစေကာမူ ရွှမ်းယွမ်ချန်သည် စစ်တပ်တစ်တပ်နှင့်ပင် ညီမျှသည်။
ရွှမ်းယွမ်ချန်၏ နွေးထွေးသော အပြုံးမှာ မြေခွေးမလေးများအား သည်းသည်းလှုပ်သွားစေသည်။
ထို့အပြင် ရွှယ်ကျန်ထျန်း၏ ချစ်စဖွယ်ကောင်းပုံမှာလည်း အားလုံးကို အနိုင်ယူပစ်လိုက်နိုင်သည်။
မြေခွေးမျိုးနွယ်စုသည် ရုပ်ရည်ရူပကာကို သဘောကျကြပြီး စုကျိုးအင်မော်တယ်ဂိုဏ်းအား အလွန်အမင်း နှစ်သက်နေကြပြီပင်။
“ဟူး..... စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ရှောင်ချိုးလို မျောက်ရုပ်ဆိုးက ဘယ်လိုရှိနေတာလဲ။”
မြေခွေးမျိုးနွယ်စုများ သက်ပြင်းချမိကြသည်။
“ဟန်ချက်ညီအောင်လို့များလား။”
မြေခွေးများ သုံးသပ်ချက် ထုတ်နေကြသည်။
စုကျိုးအင်မော်တယ်ဂိုဏ်း ရောက်ရှိလာခြင်းမှာ အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေသည်။
အန်လင်းသည်လည်း ဟုန်ဒူအား ထားခဲ့ကာ ပန်းကန်ပြားပျံထံ ရောက်ရှိလာသည်။
“ရှောင်လန်၊ စုချန်းရန်၊ အစ်ကိုကြီးချန်၊ အစ်မကြီးလျှို....”
အန်လင်း တာ့တာပြလိုက်သည်။
ထျန်းရှီမန်မှာ နှုတ်ဆက်မခံရသောကြောင့် စိတ်ဓာတ်ကျသွားရသည်။
“အန်လင်း ရှောင်ချိုး လက်ထပ်တော့မယ်ဆို....”
ရွှမ်းယွမ်ချန် ပြုံးကာပြောလာသည်။
“ဟုတ်တယ်။ သားရဲအဖွဲ့ရဲ့ အစ်မကြီး အမိရာဆိုတော့လည်း ရှောင်ချိုး မင်္ဂလာပွဲကို လာရတာပေါ့။”
ရှောင်ဟုန် ချိုမြိန်စွာ ပြောလိုက်သည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“မင်းကိုယ်မင်း ငါ့သားရဲဆိုတာ သိသေးတယ်လား။ မေ့နေပြီတောင်ထင်တာ။”
ရှောင်ဟုန် နှာခေါင်းရှုံ့လိုက်သည်။
စုရှောင်လန်မှာ အကြော်ဒယ်အိုးအား ထုတ်ပြလာသည်။
“ကောင်းကင်ဘုံခုံရုံးရဲ့ အချက်အပြုတ် နတ်ဘုရားမက ဒီမင်္ဂလာပွဲအတွက် ဟင်းချက်ပေးရသေးတာပေါ့။”
အန်လင်း ရယ်မောလိုက်လေသည်။
“ကောင်းပြီလေ။ အချက်အပြုတ် နတ်ဘုရားမလေးရဲ့ ဟင်းချက်လက်ရာနဲ့ မိသားစုဝင် အသစ်တွေကို ဆွဲဆောင်လိုက်ရအောင်။”
စုရှောင်လန်သည် သူမကိုယ်သူမ အချက်အပြုတ် နတ်ဘုရားမအဖြစ် ခံယူထားခြင်းအား အန်လင်းမှာ စိတ်အနှောင့်အယှက် မဖြစ်ပဲ ပို၍ပင် ဝမ်းသာသေးသည်။
ရှောင်ချိုးသည် ပိုင်ယောင်နှင့်အတူ စုကျိုးအင်မော်တယ်ဂိုဏ်း အဖွဲ့သားများအား လာရောက်နှုတ်ဆက်လာသည်။
ပိုင်ယောင်သည် စုချန်းရန်နှင့် စုရှောင်လန်ထက်ပင်ပို၍ ညှို့ငင်အား ပြင်းပေသည်။
“မြေခွေးမင်းသမီးလေးနဲ့ လက်ထပ်သွားတာ ဂုဏ်ယူပါတယ်။”
ရွှယ်ကျန်ထျန်း ဂုဏ်ပြုပေးလိုက်သည်။
“ဒါ စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် အခမ်းအနားကြီးပဲ။ အချိန်မရလို့သာပေါ့။ မဟုတ်ရင် ဂိုဏ်းအတွက် ဝင်ငွေတော်တော်ရမှာ။”
ရှောင်ဇယ် သက်ပြင်းချလိုက်သည်။
အန်လင်း မျက်စောင်းထိုးလိုက်သည်။
ငါ့တပည့်လေးက သိပ်ကိုတော်နေပါလား......
မည်သို့ပင်ဆိုစေကာမူ အခြားသူများကပါ ခေါင်းညိတ်ထောက်ခံလာကြသည်။
အန်လင်း : “......”
စုကျိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲများသည် မည်သည့်အလုပ်မှ မလုပ်ပဲ ငွေရမည့်နည်းလမ်းအား အလွန်အမင်း ကြိုက်နှစ်သက်ကြပေသည်။
ယခု ရှောင်ချိုး၏ လက်ထပ်ပွဲကိုလည်း အခွင့်အရေး တစ်ခုအဖြစ် ရှုမြင်သင့်သည်။
“ရှောင်ချိုးနဲ့ ပိုင်ယောင် ဂိုဏ်းကိုရောက်လာရင် သေသေချာချာလေး မင်္ဂလာဆောင်ပေးကြရအောင်။ အခုက အချိန်မရလို့ အမြန်စီစဥ်ရတာလေ။”
အန်လင်း အကြံပေးလိုက်သည်။
စုကျိုးအင်မော်တယ်ဂိုဏ်း တစ်ခုလုံး သဘောတူလိုက်ကြသည်။
ပေလျန် အံ့အားသင့်သွားရသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းက ဒီလိုနည်းနဲ့ ငွေရှာမလို့လား......
ဒင်းတို့က ဂိုဏ်းအတုကြီးများလား....