← Chapters

ကူရှင်းရန်၏ ခြေဆေးရည်

Vol. 83 Ch. 1150

ကူရှင်းရန်၏ ခြေဆေးရည်

Vol. 83 Ch. 1150

ထုံမင်က ခေါင်းခါကာ

“ ပြန်လမ်း မရှိတော့ဘူး။ ပြန်မယ်ဆိုရင် နတ်ဘုရားအရိုက်အရာကမ္ဘာရဲ့ အကူအညီကို လိုတယ်။ အခု အပြိုအပျက်ကမ္ဘာရဲ့ ဗဟိုချက် ဖယ်နှုတ်ခံလိုက်ရပြီဆိုတော့ တစစီ ဖြစ်သွားတော့မှာ … သတ္တကမ္ဘာကျောက်တုံးဆီ ဦးတည်ထားတဲ့ ကူးသန်းရေး အစီအရင်လည်း မရှိတော့ဘူး ”

မိုဝူကျိ မျက်နှာမှာ မှောင်မည်းကျသွားသည်။ သူက  သတ္တကမ္ဘာကျောက်တုံးဆီ သွားနိုင်သည့် ကူးသန်းရေး အစီအရင် ရှိသည့် နေရာကို တွေ့တိုင်း ထိုနေရာသည် ဖျက်စီးခံလိုက်ရပေသည်။  အင်မော်တယ်လောက၏ မဟာကင်းမဲ့ပင်လယ်လည်း ဖျက်စီးခံလိုက်ရပြီလားဟု တွေးမိသွားလေ၏။

ထုံမင်က မိုဝူကျိ၏ စိတ်မကျေနပ်မှုကို အာရုံခံမိ၍ ဘာမှမပြောတော့ပေ။ သူ့စိတ်ထဲ၌ ဤကိစ္စရပ်အတွက် အပြစ်တင်ရမည့်သူမှာ  မိုဝူကျိသာ ဖြစ်ကြောင်း တွေးနေမိသည်။

အကယ်၍ မိုဝူကျိသာ သူ့အပြုအမူများကို ထိန်းနိုင်ခဲ့လျှင် အပြိုအပျက်ကမ္ဘာ မပျက်စီးသွားခင် ကူးသန်းရေး အစီအရင်ကို သုံးနိုင်လောက်သည်။

“ တခြားနည်း မရှိတော့ဘူးလား ” အချိန်အတော်ကြာ သုံးသပ်ပြီးနောက် မိုဝူကျိက မည်သူကိုမှ အပြစ်မတင်သင့်ကြောင်း သိလိုက်သည်။ အကယ်၍ ကူးသန်းရေး အစီအရင် မရှိလျှင် သူတို့တွင် ပျံသန်းရေး ရတနာများ ရှိနေသေးလျှင်ပင်  နတ်ဘုရားကမ္ဘာဆီ ပြန်ရောက်ဖို့ နှစ်မည်မျှကြာမြင့်သွားမည်နည်း။

ထို့အပြင် နတ်ဘုရားကမ္ဘာဆီ ပြန်နိုင်မည့် လမ်းကြောင်းကိုရော သိကြရဲ့လား …

ထုံမင်က ပြောလိုက်သည်

“ တခြားနည်း မရှိတာတော့ မဟုတ်ဘူး။ ဟီးဟီး တကယ်လို့ ကျုပ်တို့တွေ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုကို ရှာတွေ့မယ်ဆိုရင် နတ်ဘုရားကမ္ဘာဆီ မြန်မြန် ပြန်လို့ ရတယ် ”

“ ဘာလို့လဲ ” မိုဝူကျိက မြန်မြန် မေးလိုက်၏။

ထုံမင်က ရှင်းပြလိုက်သည်

“ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အချိန်စက်ဝန်းပြားလို့ ခေါ်တဲ့ ကံကြမ္မာ ထိပ်သီးရတနာ တစ်ခု ပိုင်ဆိုင်ထားတယ်လေ။ အချိန်စက်ဝန်းပြားက ကျုပ်တို့ကို နတ်ဘုရားကမ္ဘာဆီ အမြန်ဆုံး ပို့ပေးနိုင်လိမ့်မယ် ”

မိုဝူကျိက ထုံမင် စကားကို ဖြတ်မေးလိုက်သည်

“ တာအိုရောင်းရင်းထုံမင် … ကျုပ်သိသလောက်ဆိုရင် အချိန်စက်ဝန်းပြားက တကယ့်ကို ကံကြမ္မာ ထိပ်သီး ရတနာ ဟုတ်ပါတယ်။ ဒါပေမဲ့ အချိန်စက်ဝန်းပြားက အချိန်စီးကြောင်းကိုပဲ အတိုးအလျော့ လုပ်လို့ ရတာမလား။ စည်းမျည်းတွေကို လွှမ်းမိုးနိုင်တဲ့ ရတနာမျိုး မဟုတ်ဘူးလေ။ ဘယ်လိုလုပ် နတ်ဘုရားကမ္ဘာဆီ အချိန်တိုအတွင်း ပြန်ရောက်အောင် ပို့ပေးနိုင်မှာလဲ ”

ထုံမင်က ရယ်မောကာ

“အဲဒါကြောင့် အချိန်စက်ဝန်းပြားက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု လက်ထဲ ရှိနေသေးတာပေါ့။ ဘယ်သူကမှ မယူသွားနိုင်ဘူးလေ။ သိတဲ့သူတွေတောင် မလုယူနိုင်ဘူး ”

မိုဝူကျိက ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ လုပ်ကွက်အတွင်း ကျရောက်သွားကြောင်း ခံစားမိလိုက်သည်။ ထိုကြံစည်မှုလုပ်ကွက် အတိအကျကိုတော့ သူလည်း မသိချေ။

“ ကျုပ်က တာအိုရောင်းရင်းထုံမင်ဆီက သင်ယူရဦးမှာပဲ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ လေးလေးစားစား ပြောလိုက်သည်။

ထုံမင်က မိုဝူကျိသည် အချိန်စက်ဝန်းပြားပေါ် အလွန်စိတ်ဝင်စားနေကြောင်း သိလိုက်ရ၍ အနည်းငယ် စိတ်ထွေပြားမိသွားသည်။ သို့သော်လည်း မိုဝူကျိအား ဤအကြောင်း ပြောပြလိုက်ရ၍ ဆိုးကျိုး မရှိချေ။ သူက ယခုထက် ဆယ်ဆမက လိမ္မာပါးနပ်နေလျှင်ပင် အချိန်စက်ဝန်းပြားသည် မိုဝူကျိ လက်ထဲ ရောက်နေကြောင်း တွေးမိမည် မဟုတ်ပေ။

ထုံမင်က အသေးစိတ် ရှင်းပြလိုက်သည်

“ အချိန်စက်ဝန်းပြားက ကျင့်ကြံဆင့် မြန်ဆန်ဖို့အတွက်လည်း သုံးကြတယ်။ ဒါပေမဲ့ အဲဒါက အသုံးဝင်မှုထဲက တစ်ခုပဲ။ ဒုတိယအနေနဲ့ အချိန်စက်ဝန်းပြားက ထိပ်တန်း ပျံသန်းရေး ရတနာပဲ ….. အဲဒါတင် မကသေးဘူး။ အချိန်စက်ဝန်းပြားမှာ စကြဝဠာတစ်ခုလုံးရဲ့ တည်နေရာပြ ဦးတည်ချက်တွေ ပါသေးတယ်။ အချိန်စက်ဝန်းပြားကို အားအပြည့် နှိုးဆွလိုက်တာနဲ့ ဝိဇ္ဇာတွေတောင် တားနိုင်မှာ မဟုတ်ဘူး ”

“ ဘာလို့လဲ ” ကျီလီကလည်း ဝင်မေးလိုက်သည်။

သူမက ဟွမ်တိ၏ ဖမ်းဆီးမှုကို ခံခဲ့ရသောကြောင့် ကျီလီက ဝိဇ္ဇာများအပေါ် ကြောက်ရွံ့မှု ရှိပေသည်။ ယခု သူမက ဝိဇ္ဇာတော်တော်များများပင် အချိန်စက်ဝန်းပြားကို မရပ်နိုင်ကြောင်း ကြားလိုက်ရသည့်အခါ ထိုအချိန်စက်ဝန်းပြားက မည်မျှ အားကောင်းနေသလဲဟု တွေးမိသွားလေ၏။

ထုံမင်က သက်ပြင်းချကာ

“ အချိန်စက်ဝန်းပြားမှာ စကြဝဠာတစ်ခုလုံးရဲ့ တည်နေရာတွေ ပါဝင်ရုံတင် မကဘူး။ အချိန်နဲ့ အာကာပြင်ကို ကူးသန်းနိုင်တဲ့ နှုန်းလည်း ပိုင်ဆိုင်ထားတယ်။ တခြားနည်းနဲ့ပြောရရင် တကယ်လို့ အချိန်စက်ဝန်းပြားကို ကောင်းကောင်း အသုံးချမယ်ဆိုရင် အချိန်ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ဟင်းလင်းပြင်ထဲ သွားလာနိုင်လိမ့်မယ်။ အဲဒါက ကူးသန်းရေး အစီအရင်ထက်တောင် ပိုကြောက်ဖို့ ကောင်းသေးတယ်။

ကူးသန်းရေး အစီအရင်တွေကနေ မြန်မြန်ဆန်ဆန် သွားလာနိုင်တာက အာကာပြင် စည်းမျည်းတွေကို အသုံးချထားမှန်း သိပြီးသားပဲလေ …. တစ်ဖက်မှာ အချိန်စက်ဝန်းပြားက အာကာပြင်ကို ဖြတ်ပြီး အချိန်စည်းမျည်းတွေကို အသုံးချနိုင်တယ် ”

မိုးမြေ စည်းမျည်းအကြောင်း နားမလည်ကြသူများက ထုံမင် စကားများကြောင့် စိတ်ရှုပ်ထွေးသွားကြမည် ဖြစ်သော်လည်း မိုဝူကျိက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ အချိန်စက်ဝန်းပြားသည် အချိန်စည်းမျည်းကို အသုံးချ၍ အာကာပြင် တစ်လျှောက် သွားလာနိုင်သည့်အကြောင်းကို စဉ်းစားကြည့်လျှင် ဝိဇ္ဇာများပင် လုပ်နိုင်မည်လား။ သူက အချိန်စက်ဝန်းပြား ပိုင်ဆိုင်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ထိုစွမ်းဆောင်ရည်ကို လုံးဝ မသိခဲ့ပေ။

အကယ်၍ သူသာ ထိုစွမ်းဆောင်ရည်ကို နားလည်ပြီး အချိန်စည်းမျည်းအပေါ် ဉာဏ်အလင်းပွင့်လာခဲ့လျှင် …..

မိုဝူကျိက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ အချိန်စည်းမျည်းက နားလည်ဖို့ အခက်ခဲဆုံး ဖြစ်ပေသည်။ သူက ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်သော်လည်း အချိန်စည်းမျည်းအပေါ် နားလည်နိုင်စွမ်းမှာ အင်မတန် နည်းပါးနေသေး၏။ သို့သော်လည်း ထိုအသိပညာနည်းနည်းလေးက သူ့အတွက် အချိန်စည်းမျည်း၏ အားကြီးမှုကို သိဖို့ လုံလောက်နေလေပြီ။

ထုံမင်က ဆက်ပြောပြလိုက်သည်

“ အချိန်စက်ဝန်းပြားရဲ့ တတိယစွမ်းဆောင်ရည်က ပြန်ခေါ်ဆောင်ခြင်းဆိုတာ ရှိတယ်။ အချိန်စက်ဝန်းပြားက အခု တာအိုအုပ်စိုးသူ အရှင်အမှောင်ထု လက်ထဲမှာလေ။ တာအိုရောင်းရင်း ဟွမ်တိ အားအကောင်းဆုံး အခြေအနေမှာ‌တောင် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုဆီကနေ အချိန်စက်ဝန်းပြားကို လုယူနိုင်မှာ မဟုတ်ဘူး။  တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အချိန်စက်ဝန်းပြားကို အချိန်မရွေး ပြန်ခေါ်လို့ ရတယ်။

သူက အချိန်စည်းမျည်းကို အသုံးချပြီး အချိန်စက်ဝန်းပြားကို အပြည့်အဝ ထိန်းချုပ်ထားတာ … သူ မသေသရွေ့ အချိန်စက်ဝန်းပြားကို စိတ်ကြိုက် ပြန်ခေါ်လို့ ရတယ်။

အဲဒါက အချိန်စက်ဝန်းပြားရဲ့ ကြောက်စရာအကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်သေးဘူး။ ကြောက်စရာကောင်းတာက အချိန်စည်းမျည်း အလိုလို ပေါက်ကွဲခြင်းပဲ … တကယ်လို့ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုကို စိတ်ဆိုးအောင် လုပ်မိထားတယ်ဆိုရင် သူက အချိန်စည်းမျည်းထဲက စည်းမျည်းကို ဖောက်ခွဲပစ်နိုင်တယ်။ အချိန်စည်းမျည်း ပေါက်ကွဲမှုနဲ့ ရင်ဆိုင်ရရင် ဝိဇ္ဇာတွေတောင် သေရမှာပဲ ….

အဲဒါကြောင့် တာအိုအုပ်စိုးသူ အရှင်လေးပါးထဲမှာ ရွှေရောင်ကန်က အားအကောင်းဆုံး ဖြစ်ပေမဲ့ အမှောင်ထုက ကြောက်စရာအကောင်းဆုံး ဖြစ်နေတာ။ တာအိုအုပ်စိုးသူ အရှင်မ ရွှေရောင်ကန် ခဏတိုင်း တိုက်ပွဲတွေထဲ ပါလွန်းလို့ လူတော်တော်များများက သူမ အင်အားအကြောင်း မှန်းဆမိကြတာ။ တစ်ဖက်မှာကျ တာအိုအုပ်စိုးသူ သိုသိုသိပ်သိပ်နေတဲ့ အရှင်အမှောင်ထုက ပိုကြောက်ဖို့ ကောင်းတယ် ”

မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်မိ၏။ သူက စိတ်ထဲ အကြောက်တရားတချို့ ကိန်းအောင်းလာမိ၏။ ထုံမင်နှင့် တွေ့ဆုံခဲ့သည်မှာ ကံကောင်းသွားပေသည်။ မဟုတ်လျှင် သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ ခြေဆေးရည်ကို သောက်မိသော်လည်း ဘာမှန်းမသိ ဖြစ်နေပေဦးမည်။

နောင်ကျ ထိုမြေခွေးအိုကြီးများနှင့် ရင်ဆိုင်ရသည့်အခါ ပို၍ သတိကြီးကြီး ထားရမည်။

“ အစ်ကိုမို ကျုပ်တို့ အခု ဘာလုပ်ကြမလဲ ” လျန်ကျီ၏ ကျင့်ကြံဆင့်က သဟဇာတ နတ်ဘုရား အဆင့် ၇ သို့ ရောက်ရှိလာခါစ ဖြစ်၏။ သူက မိုဝူကျိသည် တစ်ကိုယ်တော် ဖန်းရှီယူနှင့် တာအိုအုပ်စိုးသူ အရှင်မ ရွှေရောင်ကန်တို့ကို သတ်ပစ်လိုက်နိုင်သည်ကို မြင်သောအခါ မိုဝူကျိအပေါ် လေးစားမှုမှာ ပို၍ တိုးလာသည်။

ဤတစ်ကြိမ်၌ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ

“ တာအိုရောင်းရင်း ဟွမ်တိ၊ တာအိုရောင်းရင်း ထုံမင်နဲ့ တာအိုရောင်းရင်း လျန်ကျီတို့ သုံးယောက်က အဖွဲ့ဖွဲ့ပြီးတော့ နတ်ဘုရားကမ္ဘာဆီ ပြန်နှင့်လိုက် … ကျုပ်နဲ့ အစ်မကျီလီတို့လည်း အဖွဲ့ဖွဲ့သွားလိုက်မယ်။ တကယ်လို့ တစ်ယောက်ယောက် လမ်းတွေ့တယ်ဆိုရင် တစ်ခြားအဖွဲ့ကို ချက်ချင်း အကြောင်းကြားလိုက် … အဲဒီအချိန် လူပြန်စုကြမယ် ”

သူ အဖွဲ့ခွဲလိုက်သည့် အကြောင်းအရင်းမှာ ဟွမ်တိနှင့် ထုံမင်တို့လို လူမျိုးရှေ့တွင် သူ အချိန်စက်ဝန်းပြား  ပိုင်ဆိုင်ထားကြောင်း မထုတ်ဖော်ချင်၍ ဖြစ်ပေသည်။ ဟွမ်တိသည် သူ့အစေခံ ဖြစ်သော်လည်း ထိုသို့ မလုပ်ချင်ပေ။ ဝိဇ္ဇာများတွင် နည်းလမ်းများစွာ ရှိတတ်ပေသည်။ ဟွမ်တိတွင် စွမ်းဆောင်ရည် ပြန်ရလာပြီးနောက် ဝိညာဉ်အမှတ်အသား ကိစ္စအား တစ်ခုခု လုပ်နိုင်မည်ကို မည်သူ သိမည်နည်း။

ကျီလီက မိုဝူကျိကို ဖက်ထားမိသည့် ကိစ္စအား ပြန်တွေးမိသွားပြီး ယခု မိုဝူကျိနှင့် နှစ်ယောက်တည်း ရှိနေတော့မည့်အကြောင်း တွေးကာ မျက်နှာပူလာမိသည်။ သို့သော်လည်း သူမက ဘာမှမပြောလိုက်ပေ။

“ ကောင်းပြီလေ … ကျုပ်တို့ အဲလို လုပ်ကြတာပေါ့ ” ဟွမ်တိက ချက်ချင်း ပြောလိုက်သည်။ သူ၊ ထုံမင်နှင့် လျန်ကျီတို့က အဖွဲ့ခွဲပုံကို မေးခွန်း မထုတ်ကြပေ။ အကြောင်းမှာ မိုဝူကျိ အဖွဲ့ခွဲပုံက ကျိုးကြောင်းဆီလျော်ပေသည်။

မိုဝူကျိက ဟွမ်တိနှင့် ထုံမင်တို့ ပူးပေါင်းထားသည်ထက် အားမနည်းပေ။ ယခု မိုဝူကျိက ကျီလီနှင့် အဖွဲ့ဖြစ်ကာ ထုံမင်နှင့် ဟွမ်တိတို့က လျန်ကျီနှင့် အဖွဲ့ဖြစ်၏။ ဤသည်မှာ ပုံမှန်ကျသော ခွဲဝေပုံ ဖြစ်၏။

မိုဝူကျိနှင့် ကျီလီတို့ တာအိုလက်တွဲဖော် ဖြစ်ခြင်း၊ မဖြစ်ခြင်းမှာ အရေးမကြီးပေ။

“ ဒီလိုဆိုမှတော့ ကျုပ်တို သွားကြတာပေါ့။ ကျုပ်တို့တွေ နတ်ဘုရားကမ္ဘာကို တတ်နိုင်သမျှ မြန်မြန် ပြန်ကြမယ် ” မိုဝူကျိက သူ့သင်္ဘောပျံကို ထုတ်ကာ ကျီလီနှင့် ထွက်သွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က ကျယ်ပြောလှသော အာကာပြင်အတွင်း ရောက်ရှိလာပြီ ဖြစ်၏။

……….…

သင်္ဘောပျံ အာကာပြင်ထဲ ဝင်လာသည်နှင့် မိုဝူကျိက ကျီလီအား သင်္ဘောပျံအား ထိန်းချုပ်ခိုင်းကာ သူက သူ့လူသားကမ္ဘာအတွင်း ဝင်ရောက်လိုက်သည်။

ယခု သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသည် အချိန်စက်ဝန်းပြားကို ပြန်ခေါ်နိုင်ကြောင်း သိထားလေရာ မည်သို့ ထုတ်သုံးရဲမည်နည်း။ လူသားကမ္ဘာမှ ထုတ်လိုက်ခြင်းမှာ သိပ်ဘေးမကင်းလှချေ။ အထဲထည့်ထားသည်က ပို၍ ကောင်းပေ၏။

သူ ဝိဇ္ဇာတပိုင်းအဆင့် ရောက်ရှိပြီးနောက် လူသားကမ္ဘာသည် ကမ္ဘာအသစ်တစ်ခုအဖြစ် အပြည့်အဝ ပြောင်းလဲသွားလေပြီ။ ယခင်လို မှုန်မှိုင်းမှိုင်း ဗလာကျင်းနေသည့် ကမ္ဘာမျိုး မဟုတ်တော့ပေ။ ဤနေရာရှိ စည်းမျည်းများမှာ ပို၍ ကြည်လင်လာကာ အားလုံးအတွက် ကျင့်ကြံဖို့ သင့်တော်လှပေသည်။

မိုဝူကျိက သူ့ကမ္ဘာကို အမွန်းတင်နေရမည့် အချိန်မဟုတ်သေးချေ။ သူက အချိန်စက်ဝန်းပြားကို မြန်မြန် ထုတ်ကာ စိတ်စွမ်းအားကို ပို့လွှတ်လိုက်သည်။

ယခင်ကဲ့သို့ သူ့စိတ်စွမ်းအားက အချိန်စက်ဝန်းပြားထဲ မထိုးဖောက်နိုင်သေးပေ။

မိုဝူကျိက အချိန်စက်ဝန်းပြား သန့်စင်ခြင်းနှင့် ထိန်းချုပ်ခြင်းမှာ သေချာပေါက် မလွယ်ကူကြောင်း သိလိုက်သည်။ အကယ်၍ လွယ်ကူနေပါက အချိန်စက်ဝန်းပြားသည် တာအိုအုပ်စိုးသူ အရှင်အမှောင်ထု လက်ထဲ ကြာရှည်စွာ ရှိနေမည် မဟုတ်ချေ။

သူက အချိန်စက်ဝန်းပြားပေါ် အသက်သွေးစက်တချို့ ချလိုက်ပြီး စိတ်စွမ်းအားကို ပို့လွှတ်လိုက်ပြန်သည်။ သို့သော်လည်း သူက ဝေဝါးဝါးသာ အာရုံခံမိသေး၏။

ယခင်  တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ချန်ထားခဲ့သည့် စိတ်ဝိညာဉ် အမှတ်အသား ၁၂ ခု တွေ့ခဲ့ကာ သူ့အနေနှင့် တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ အငွေ့အသက်အားလုံးကို ဖယ်ရှားပြီးပြီ ဟု ထင်မှတ်ခဲ့သည်။ ထုံမင်၏ စကားများကို ကြားပြီးနောက် မိုဝူကျိက ထိုအမှတ်အသား ၁၂ ခုမှာ သူ့သတိလျော့သွားစေရန် တမင်ထားထားခြင်း ဖြစ်ကြောင်း သတိဝင်လာမိသည်။

သူက ထိုမြေခွေးအိုကြီးများသည် မရိုးရှင်းကြောင်း သိထားသော်လည်း သူတို့အကွက်ထဲ ကျရောက်လုမတတ် ဖြစ်ခဲ့သေး၏။ သူက သူ့သတိလက်လွှတ်နေမှုကိုသာ အပြစ်တင်ရပေမည်။

စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းနှင့်  အသိစိတ်ပင်လယ်တို့မှ  စိတ်စွမ်းအားများက အချိန်စက်ဝန်းပြားထဲ ဆက်တိုက် ဝင်ရောက်သွားသည်။ ထိုအရာက ပြန်တွန်းကန်နေသော်လည်း မိုဝူကျိက လက်မလျော့ချေ။

အကယ်၍ အချိန်စက်ဝန်းပြားသည် ထုံမင် ပြောသလိုသာ အားကောင်းနေလျှင်  သူ့အတွက် အလွန်အရေးကြီးပေသည်။

သူ့အသက်သွေး ဖြစ်စေ၊ အသိစိတ်ပင်လယ်၏ စိတ်စွမ်းအား ဖြစ်စေ၊ စိတ်ဝိညာဉ်လမ်းကြောင်းမှ စိတ်စွမ်းအား ဖြစ်စေ သို့မဟုတ် စိတ်ဝိညာဉ်မျက်လုံး ဖြစ်စေ မိုဝူကျိက အကြိမ်များစွာ စမ်းကြည့်ပြီးလေပြီ။ ကံဆိုးသည်က သူသည် အချိန်စက်ဝန်းပြားအကြောင်း သန့်စင်ဖို့ရာ မဆိုထားနှင့် ဘာဆိုဘာမှ မသိရသေးချေ။

*

All Chapters