သူမ နာမည်က ရှားရိုယင်
Vol. 83 Ch. 1151
နှစ်ဝက် ကုန်ဆုံးသွားလေသည်။ မိုဝူကျိက ဘာသဲလွန်စမှ ရှာမတွေ့သေးပေ။ ကြည့်ရသည်မှာ သူက အချိန်စက်ဝန်းပြားကို အသုံးပြုနိုင်သော်လည်း ဘာပြောင်းလဲမှုမှ မလုပ်နိုင်ပေ။
မိုဝူကျိက သက်ပြင်းချကာ လူသားကမ္ဘာမှ ထွက်လာလိုက်သည်။
“ ဝူကျိ … ငါတို့ ဘယ်သွားနေမှန်း မသိတော့ဘူး။ ငါ ခံစားမိတဲ့အတိုင်း သွားနေလိုက်တာ ” မိုဝူကျိ ထွက်လာသည်ကို မြင်ကာ ကျီလီက ရှက်ရွံ့စွာ ပြောလိုက်၏။
မိုဝူကျိက သင်္ဘောပျံအား သူမကို ထိန်းချုပ်ခိုင်းထားသော်လည်း သူမက နှစ်ဝက်ကြာ ပျံသန်းလာသည့်အထိ ဘာသဲလွန်စမှ ရှာမတွေ့သေးပေ။
“ အစ်မရဲ့ ခံစားချက်အတိုင်း လိုက်သွားတာလဲ မဆိုးပါဘူး ” မိုဝူကျိက သက်ပြင်းချလိုက်မိသည်။ ရုတ်တရက်ဆိုသလို သူက သီချင်းတစ်ပုဒ် တွေးမိသွားသည်။
“ မင်း ခံစားချက်အတိုင်း လိုက်ပြီး အိပ်မက်ကို ဖမ်းဆုပ်ထားလိုက် … ”
သူက ရုတ်ချည်း ကြောင်အမ်းသွားလေ၏။
သူက ခံစားချက်အတိုင်း ဆက်တိုက် လိုက်နေလျှင် သူ ဖမ်းဆုပ်ချင်သည့် ရည်မှန်းချက် အိပ်မက်က ဘာဖြစ်မည်နည်း။
ပိုအားကောင်းလာဖို့လား …
အသက်ရှည်ပြီးတော့ အထွတ်အထိပ်မှာ ရပ်တည်နိုင်ဖို့လား ….
အဲဆို အသက်ရှည်ပြီးတဲ့နောက် ဘာဖြစ်လာမှာလဲ …. အထွတ်အထိပ် ရောက်သွားပြီးတဲ့နောက် ဘာလုပ်ရမှာလဲ ….
သူက လူသားတာအိုကို ကျင့်ကြံသောကြောင့် မိုဝူကျိအနေနှင့် ပထမဆုံးအကြိမ် စိတ်ထွေပြားမိသွားခြင်း ဖြစ်ပေသည်။ ထိုစဉ် သူက ဦးတည်ချက်နှင့် ရည်မှန်းချက် ပန်းတိုင် ပျောက်ဆုံးသွားလေသည်။
ထိုစဉ် သူ့တာအိုလှိုင်းများက ပုံမှန်မဟုတ်တော့ဘဲ သူ့စည်းမျည်းများက အစီအစဉ်မကျ ဖြစ်လာသည်။ အဆုံးသတ်၌ သူ့တစ်ကိုယ်လုံးမှာ စတင် တုန်ယင်လာလေ၏။
သို့သော်လည်း မိုဝူကျိက ထိုအရာကို သတိထားမိဟန် မပေါ်ဘဲ တွေဝေငေးမောနေသေး၏။ သူက လူသားတာအိုကို ကျင့်ကြံပြီး လူသားတာအိုသည် ကောင်းကျိုးဆိုးကျိုး ရှိပေသည်။
အနည်းဆုံးတော့ သူက ဤအတားအဆီးကို မကျော်ဖြတ်နိုင်လျှင် သာမာန်သေမျိုးတစ်ယောက်ထက် ပိုမည် မဟုတ်ပေ။
လက်နွေးနွေး တစ်စုံက သူ့အား ဆုပ်ကိုင်ထားလိုက်၏။ မိုဝူကျိက အတွေးလွန်နေရာမှ ပြန်လည် အသိဝင်လာသည်။ သူက ခေါင်းကို မော့ကြည့်လိုက်သည့်အခါ ကြည်လင်တောက်ပနေသည့် မျက်ဝန်းအစံကို မြင်လိုက်ရသည်။ ထိုမျက်ဝန်းထဲ၌ ဖုံးကွယ်မရသည့် ပူပင်မှုများ ရှိနေဟန် ပေါ်သည်။
“ ဝူကျိ အဆင်ပြေရဲ့လား ” မိုဝူကျိ မျက်လုံးဖွင့်လိုက်ပြီးနောက် သူ့တာအိုလှိုင်းများက ယခင်ကလောက် ကမောက်မက ဖြစ်မနေတော့၍ ကျီလိက သက်ပြင်းချလိုက်သည်။
မိုဝူကျိက နှလုံးခုန် မြန်လာမိသည်။ သူက ကျီလီအား ကြောင်အအ စိုက်ကြည့်နေမိ၏။ သူ့မျက်စိရှေ့၌ စုယင်နှင့် ယန်အာတို့၏ အပြုံးလေးကို ပြန်လည် မြင်ယောင်လာမိသည်။ ထို့နောက် ဝမ်ရှောင်ချီ ပေါ်လာသည်။ သို့သော်လည်း သူတို့၏ အပြုံးများက ပျောက်ကွယ်သွားပြီး သူ့ဆီ၌ အထီးကျန်မှု ခံစားချက် ကြီးစိုးလာသည်။
အဆုံးသတ်၌ ရှားရိုယင်၏ မျက်နှာလည်း ပေါ်လာသည်။ မိုဝူကျိ စိတ်ထဲ အမုန်းတရားများ တဟုန်ထိုး ထွက်ပေါ်လာလေ၏။ သူက လက်တစ်ချက်ဖြင့် ရိုက်ချလိုက်သည်။
ကျီလီက မိုဝူကျိသည် တစ်ခုခု လွဲမှားနေကြောင်း ခံစားမိပေသည်။ သူ့ဘေးပတ်လည်၌ အထီးကျန်သည့် အငွေ့အသက်များ ပြင်းထန်နေလေ၏။
“ ဖြန်း ” သတိကြီးကြီး မထားမိသည့် ကျီလီက မိုဝူကျိ၏ ရိုက်ချက်ကို ခံလိုက်ရပြီး သင်္ဘောပျံ အစွန်းသို့ လွှင့်ထွက်သွားကာ သွေးအန်လိုက်ရသည်။
ကျီလီက မိုဝူကျိအား နားမလည်စွာ ကြည့်လိုက်သည်။ သူမက မိုဝူကျိဆီမှ အမုန်းတရားပြင်းပြင်းကို ခံစားမိလိုက်သည်။ ထိုအခိုက်အတန့်လေး၌ သူမ စိတ်ထဲ ဗလာကျင်းသွားသည်။
အကယ်၍ မိုဝူကျိ၏ တာအိုလှိုင်းများက ထွေပြားနေလျှင် ကျီလီ၏ တာအိုလှိုင်းများက ပြောမပြတတ်လောက်အောင် ကမောက်ကမ ဖြစ်နေလေ၏။
သူတို့အဆင့်ဖြင့် အကြီးမားဆုံး ဒဏ်ရာက တိုက်ပွဲအတွင်း ရရှိလာခြင်း မဟုတ်ဘဲ ဤသို့အချိန်မျိုး၌ ဖြစ်လာတတ်ပေသည်။
“ အစ်မကျီလီ …” မိုဝူကျိက ကျီလီကို ရိုက်လိုက်သည်နှင့် ချက်ချင်း အသိပြန်ကပ်လာသည်။ သူက ဒေါသထွက်နေဖို့ အချိန်မရှိဘဲ ကျီလီအား မြန်မြန် ဆွဲဖက်ထားလိုက်သည်။
ကျီလီ၏ စိတ်က အနည်းငယ် ထွေပြားနေသေး၏။ သူမ စိတ်ထဲ၌ အကြောက်တရားတချို့လည်း ရှိနေသည်။ မိုဝူကျိက သူမအပေါ် အဘယ်ကြောင့် အမုန်းကြီးနေရသနည်း။ တစ်ယောက်ယောက်က အင်မတန် စက်ဆုတ်ဖွယ်အရာကို မြင်မှသာ ဖြစ်ပေါ်လာတတ်သော အမုန်းတရားမျိုး ဖြစ်၏။
ဤလောကကြီးထဲ၌ သူမတွင် ဆွေမျိုးသားချင်း မရှိတော့ပေ။ သူမနှင့် အရင်းနှီးဆုံးဟု သတ်မှတ်ထားသည့် တစ်ဦးတည်းသောသူမှာ မိုဝူကျိသာ ဖြစ်၏။ သူမ တာအိုက ခံစားချက်များကို ဖြတ်တောက်ပစ်ရန် မလိုအပ်ပေ။ အကယ်၍ သူမတွင် ရင်းနှီးသူများ မရှိလျှင် တာအိုလမ်းလျှောက်လမ်းဖို့ရာ မည်သို့ အဓိပ္ပါယ်ရှိမည်နည်း။
ယခင် သူမ အဖေကို ကယ်တင်ဖို့ တစ်ယောက်တည်း နတ်ဘုရားမျှော်စင်ဆီ သွားခဲ့သည်။ ယခု သူမစိတ်ထဲ၌ မိုဝူကျိကသာ တစ်ဦးတည်းသော အရင်းနှီးဆုံးသူ ဖြစ်၏။ ထိုသို့လူမျိုးက သူမရှေ့တွင် ဤသို့အမုန်းတရားများ ထွက်ပေါ်လာလေသည်။ ထိုသည်က သူမအား စိတ်ဓာတ်ကျသွားစေ၏။ ဤစိတ်ပျက်မှုက သူမတာအိုလှိုင်းများက အစီအစဉ်မကျ ဖြစ်သွားစေသည်။
“ အစ်မကျီလီ ကျုပ် တောင်းပန်ပါတယ်။ ကျုပ် မရည်ရွယ်ပါဘူး …” မိုဝူကျိက ကုသဆေးလုံးတချို့ ထုတ်ကာ ကျီလီအား တိုက်ကျွေးလိုက်ပြီး ဆက်တိုက် တောင်းပန်နေသည်။
သို့သော်လည်း ကျီလီ၏ ဒဏ်ရာများက ထိုရိုက်ချက်ကြောင့် ဖြစ်လာခြင်း မဟုတ်သောကြောင့် ကုသဆေးလုံးများနှင့် ကုသနိုင်သည့်အရာ မဟုတ်ပေ။
“ မင်းကို အပြစ်မတင်ပါဘူး ” ကျီလီက မျက်နှာအထက် ဝမ်းနည်းအားငယ်နေသည့် အပြုံးတစ်ပွင့် ပန်ဆင်ထား၏။ သူမက မိုဝူကျိအား သူမကို မမုန်းတီးစေလိုပေ။ သူမက တိတ်တဆိတ်သာ နေပြီး ထွက်သွားချင်မိ၏။
ကုသဆေးလုံးများက လုံးဝ အသုံးမဝင်သောကြောင့် မိုဝူကျိက စိတ်ပူလာကာ “ အစ်မကျီလီရဲ့ မျက်ဝန်းထဲမှာ ဘာလို့ သေခြင်းတရား အငွေ့အသက်တွေ ရှိနေရတာလဲ ”
မိုဝူကျိ၏ တိုက်ကွက်များကြား သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းနှင့် ယင်ယန်လက်ချောင်းတို့ ရှိပေသည်။ ထို့ကြောင့် သူက သေခြင်းတရားအပေါ် ထူးထူးခြားခြား နားလည်ထားပေ၏။ သူက ကျီလီ၏ မျက်ဝန်းမှ သေခြင်းတရား အငွေ့အသက်များသည် ပြင်ပ အကြောင်းအရင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျီလီက မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှု ရုတ်ချည်း ပျောက်ဆုံးသွားခြင်း ဖြစ်၏။
ကျီလီက ခေါင်းသာ ခါလိုက်သည်။
မိုဝူကျိက စိတ်ထဲ လေးလံလာမိ၏။ သူက ကျီလီတွင် သူ့အား မပြောပြလိုသည့် ကိစ္စ ရှိနေမှန်း သေချာသိသည်။ သို့သော်လည်း ကျီလီအား မည်သို့ ပြောထွက်လာအောင် လုပ်ရမှန်း မသိတော့ချေ။
အချိန်များက ဖြည်းညှင်းစွာ ကုန်ဆုံးသွားလေသည်။ ကျီလီက ရုန်းရင်း အနိုင်နိုင် ထရပ်လိုက်သည်။ သူမ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေဆဲ ဖြစ်ကာ သူမတာအိုအငွေ့အသက်များက မတည်မငြိမ် ဖြစ်နေသေး၏။
“ အစ်မကျီလီ …” မိုဝူကျိက ကျီလီအား လွှတ်ပေးလိုက်ရင်း ရေရွတ်လိုက်သည်။
ကျီလီက မိုဝူကျိအား အချိန်အတော်ကြာ ကြည့်လိုက်ပြီးနောက် ညင်ညင်သာသာ ပြုံးကာ
“ ဝူကျိ … အရင်က ငါ ပြောခဲ့တာကို မှတ်မိသေးလား။ ငါက ကိုယ့်ဘာသာ မှီခိုဖို့ လိုအပ်တယ်ဆိုတာလေ … တကယ်လို့ ငါ မင်းဘေးမှာ အမြဲတမ်းနေနေရင် ငါ ဆက်ပြီး ကြီးထွားလာမှာ မဟုတ်ဘူး။ ငါ ထွက်သွားပြီးရင် မင်းလည်း ကိုယ့်ဘာသာ ဂရုစိုက်ပါ ”
ထိုသို့ပြောပြီးနောက် ကျီလီက မိုဝူကျိ၏ သင်္ဘောပျံမှ ခုန်ချသွားသည်။ ထိုအခိုက်အတန့်၌ သူမက အာကာပြင်အတွင်း ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက ကျီလီ ပျောက်သွားသည့် ဦးတည်ရာဘက်သို့ ကြောင်အမ်းအမ်း ကြည့်နေမိ၏။ သူက ငြိမ်သက်သွားမိပြီး သူ့တာအိုလှိုင်းများက မငြိမ်မသက် ပြန်ဖြစ်လာပြန်သည်။ ကြည့်ရသည်မှာ သူက ယခင်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားဟန် ပေါ်၏။
မဟုတ်သေးဘူး .. ပြဿနာ ရှိနေရမယ် …
မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းရှီ ကမ္ဘာဦး စိတ်ဝိညာဉ်က တုန်ခါကာ လက်ဟန်အမြောက်အမြား ဖွဲ့စည်းလိုက်၏။ မိုဝူကျိက မျက်လုံး ပြန်ပွင့်လာသည်။
ဤတစ်ကြိမ်၌ သူက ရူးသွပ်နေလျှင်ပင် သူ့ဆီတွင် ပြဿနာ ရှိနေကြောင်း သိလိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ သင်္ဘောပျံဆင်းကာ ကျီလီ ပျောက်သွားသည့် ဦးတည်ရာဘက်သို့ ရွေ့လျားလိုက်သည်။
***
ကျီလီ၏ အမြန်နှုန်းက သိပ်မမြန်သေးပေ။ သူမ သင်္ဘောပျံပေါ်မှ ဆင်းပြီး သိပ်မကြာခင် သူမ စိတ်က ဗလာကျင်းသည့် အခြေအနေသို့ ရောက်ရှိသွားလေ၏။
သူမ ဘယ်လောက်ကြာကြာ သွားလာနေခဲ့မှန်း မသိတော့ချေ။ သူမ ရပ်လိုက်သည့်အချိန် ဧရာမ အာကာပြင်အက်ကြောင်းကြီးရှေ့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
ဤအချိန်အတွင်း သူမက မေးခွန်းတစ်ခုတည်းကိုသာ ဆက်တိုက် ပြန်မေးနေမိသည် “ သူမက ဘာကြောင့် အသက်ရှင်နေသေးတာလဲ ”
ဖြစ်နိုင်တာ ဤအက်ကြောင်းကြီးက သူမ၏ နောက်ဆုံး နားယူရာနေရာ ဖြစ်သွားနိုင်ပေသည်။
ကျီလီက ထိုအတွေးဖြင့် သူမမျက်ဝန်းတို့မှာ ရုတ်ချည်း ကြည်လင်လာသည်။ သူမက ခေါင်းမော့ကာ အက်ကြောင်းကြီးကို ကြည့်လိုက်ရင်း ပြုံးလိုက်မိသည်။ ထိုအပြုံးက နေရောင်ခြည်လေးလို ဖြစ်ကာ အာကာပြင်အတွင်း မှုန်ဝါးမှုများ ပျောက်ကွယ်သွားစေ၏။
ထိုစဉ် သူမက တခြားဘာမှ ဆက်မတွေးတော့ပေ။ သူမက ကျင့်ကြံရေး၏ တိတ်ဆိတ်အထီးကျန်လွန်းလှသည့် နှစ်များကိုလည်း ဆက်မတောင့်ခံနိုင်တော့ပေ။ သူမက ကျင့်ကြံဆင့်ကို အရုပ်တစ်ရုပ်လိုမျိုးသာ မြင့်တက်စေခဲ့သည်။
နောက်ဆုံးတွင် သူမက ခြေထောက်ကြွကာ အက်ကြောင်းထဲ ဝင်လိုက်၏။
မိုဝူကျိ၏ စိတ်စွမ်းအားက ကျီလီကို အာရုံခံမိသည့်အခါ ကျီလီ၏ ခြေထောက်က အာကာပြင်အက်ကြောင်းထဲ ရောက်နေလေပြီ။
မိုဝူကျိက လန့်ဖြတ်မိသွားသည်။ သူက မြေကျုံပညာရပ်အား အားအပြည့် အသက်သွင်းလိုက်သည်။ မိုဝူကျိက ကျီလီနှင့် တစ်ပြိုင်နက် အက်ကြောင်းထဲ ဝင်လိုက်နိုင်ပြီး ကျီလီအား ခပ်တင်းတင်း ဆွဲဖက်ထားလိုက်သည်။
“ ဝုန်း ဝုန်း ” အက်ကြောင်းအတွင်းရှိ အားပြင်းပြင်းတစ်ခု ထွက်ပေါ်လာလေသည်။ မိုဝူကျိတွင် ဝိဇ္ဇာရုပ်ခန္ဓာ ပိုင်ဆိုင်ထားသော်လည်း ထိုအဆင့် အက်ကြောင်းမှ ပျက်စီးအားကို ခံနိုင်စွမ်း မရှိပေ။
သူက လော့ကျမ်းစာရွက် ထုတ်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမြောက်အများ ရှိနေလေပြီ။ သူ့ဝတ်ရုံမှာ ထိုအာကာပြင် ဓားသွားများကြောင့် စုတ်ပြတ်သတ်နေပြီ ဖြစ်၏။
လော့ကျမ်းစာရွက် ပိုင်ဆိုင်ထားသည်မှာ ကံကောင်းသွားပေသည်။ မဟုတ်လျှင် သူလည်း နှစ်ပိုင်း ပြတ်သွားနိုင်သည်။ သူက လူသားကမ္ဘာအတွင်းသို့လည်း မဝင်ရဲချေ။ ဤအခိုက်အတန့်၌ သူ့လူသားကမ္ဘာသည် အပြည့်အဝ မပြီးပြည့်စုံသေးပေ။ အကယ်၍ သူ့လူသားကမ္ဘာသာ ဤအက်ကြောင်းများကြောင့် တစစီ ဖြစ်သွားခဲ့လျှင် သူ့သေခြင်းတရားကို ကာဆီးနိုင်တော့မည် မဟုတ်ဘဲ ကမ္ဘာနှင့်အတူ သေဆုံးသွားမည် ဖြစ်၏။
“ ဝူကျိ …” ကျီလီက မိုဝူကျိ ခန္ဓာကိုယ်မှ သွေးများ စီးကျနေသည်ကို သတိထားမိပြီး ကြောင်အမ်းသွားသည်။ သူမက မိုဝူကျိ လော့ကျမ်းစာရွက် ထုတ်ယူလိုက်သည့်အချိန်မှ အသိပြန်ကပ်လာလေ၏။ အကယ်၍ မိုဝူကျိသာ သူမအား မကာကွယ်ပေးခဲ့လျှင် ထိုအက်ကြောင်းအတွင်း အပိုင်းအပိုင်း အစစ ဖြစ်နေလောက်လေပြီ။
ယခု မိုဝူကျိက ခန္ဓာကိုယ်တစ်လျှောက် ဒဏ်ရာဒလပွ ဖြစ်နေသည်။ သူ့အဝတ်အစားများက တစစီ ဖြစ်နေပြီး သွေးသံရဲရဲ ဖြစ်နေလေ၏။ ထိုအရာအားလုံးက သူမကြောင့် ဖြစ်ပေသည်။ ကျီလီ၏ စိတ်ထဲ၌ အပြစ်ရှိစိတ်နှင့်အတူ စိတ်ဓာတ်ကျလာမိ၏။
“ အစ်မကျီလီ ကျုပ် အကြောင်းအရင်းကို မသိပေမဲ့ ကျုပ်ကို ပြောပြပါ။ မဟုတ်ရင် ကိုယ့်ဘာသာ တစ်သက်လုံး ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး ” မိုဝူကျိ၏ လေသံက နှေးကွေးလေးလံကာ နာကျင်နေဟန် ပေါ်သည်။
မည်သို့ပင် ဖြစ်စေကာမူ ကျီလီက သူ့ရိုက်ချက်ကြောင့် ဤသို့ ဖြစ်လာခြင်းသာ ဖြစ်၏။
ကျီလီက ဖွင့်ဟပြောဖို့ ကြံလိုက်သည်။ သူမက မိုဝူကျိသည် လျှောက်ပြောနေခြင်း မဟုတ်ကြောင်း ခံစားမိ၏။ သူမက မိုဝူကျိ လေးလေးနက်နက် ရေရွတ်သည့် စကားတစ်လုံးချင်းစီကို သေချာကြားလိုက်ပေသည်။
သူမက တုံ့ဆိုင်းနေမိ၏။ သူမက မိုဝူကျိ မျက်နှာလေးကို အသာထိတွေ့လိုက်သည်။ သူမက သူ့မျက်နှာပေါ်မှ သွေးများကို သုတ်ပေးချင်မိ၏။ သို့သော်လည်း မိုဝူကျိက သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူ့မျက်ဝန်း၌ အမုန်းတရားများ မရှိနေတော့ပေ။ ထို့အစား ညင်သာမှုနှင့် ပျော်ရွှင်မှုသာ ရှိပေသည်။
မိုဝူကျိက အမှန်ပင် ပျော်နေမိသည်။ အကယ်၍ သူသာ နောက်ကျသွားပါက ကျီလီက ဤကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားလောက်လေပြီ။
“ဝုန်း ” အက်ကြောင်းက ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။ အက်ကြောင်းမှ အားပြင်းပြင်း ရိုက်ခတ်မှုကြောင့် မိုဝူကျိနှင့် ကျီလီတို့က ရွံ့နက်ရောင် မြေပေါ် ပြုတ်ကျလာကာ ချိုင့်ဝှမ်းကြီး ဖြစ်သွားစေ၏။
မိုဝူကျိက ကျီလီကို ကာကွယ်ပေးထားသောကြောင့် သူမက မည်သည့်ဒဏ်ရာမှ မရလိုက်ပေ။
“ ဝူကျိ တောင်းပန်ပါတယ်။ ငါ မင်းရဲ့ မျက်ဝန်းထဲမှာ အမုန်းတရားကို မြင်လိုက်လို့ ငါ မင်းဘေးမှာ ဆက်နေနေရင် မင်းတာအိုအပေါ် သက်ရောက်မှု ရှိမှာ စိုးလို့ပါ ” ကျီလီက ဝမ်းနည်းကာ ပြောလိုက်သည်။ သူမက မိုဝူကျိ၏ တာအိုလှိုင်းများ အစီအစဉ်မကျ ကမောက်ကမ ဖြစ်သွားသည့် ဖြစ်ရပ်ကို ပြန်လည် မြင်ယောင်လာမိသည်။
မိုဝူကျိ မျက်ဝန်းရှိ အမုန်းတရားကို မြင်လိုက်ရသည့်အပြင် သူမက မိုဝူကျိနှင့် အတူတူ ဆက်နေနေခြင်းက သူ့အပေါ် ထိခိုကမှု ရှိလာမည်ကို ယုံကြည်လာမိသည်။ နောင်ကျ သူမက မိုဝူကျိ၏ ဝိညာဉ်ကို ပြန်လည်ဝင်စားခွင့် မရှိတော့သည့်အထိ ပျက်စီးသွားစေနိုင်သည်။ မိုဝူကျိက သူမကို မည်သည့်အကြောင်းအရင်းကြောင့် မုန်းတီးနေစေကာမူ သူမက မိုဝူကျိကို မထိခိုက်စေလိုပေ။
မိုဝူကျိက နားလည်သွားလေ၏။ ကျီလီက သူ ရှားရိုယင်အပေါ် ထားရှိသည့် အမုန်းတရားကို မြင်သွားဟန် ပေါ်သည်။
သူက ခပ်တင်းတင်း ဖက်ထားလိုက်သည်။ သူက ချိုင့်ဝှမ်းမှ ပြန်မထသေးဘဲ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ့အသံမှာ ကောင်းကင်ထောင့်တစ်နေရာမှ ရောက်ရှိလာဟန် ပေါ်နေသည်
“ အစ်မကျီလီ … ကျုပ်က ကမ္ဘာမြေလို့ ခေါ်တဲ့ လူသားကမ္ဘာမှာ နေခဲ့ဖူးတယ်။ အဲဒီမှာ ကျုပ်က ဆေးဝါးတွေအကြောင်း စွဲစွဲလမ်းလမ်း လေ့လာခဲ့တယ်။ တစ်ချိန်နည်းမှာ ကျုပ်ဆီမှာ ကောင်မလေး ရှိခဲ့တယ် … သူမ နာမည်က ရှားရိုယင်တဲ့ …. ”
***