← Chapters

ငါ ဒီမှာ

Vol. 83 Ch. 1156

ငါ ဒီမှာ

Vol. 83 Ch. 1156

ပြီးခဲ့သည့် ဆယ်နှစ်အတွင်း အောင်းမျိုးနွယ်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် နေရာအစား ဖြည်းဖြည်းချင်း အစားထိုးကာ နတ်ဘုရားကုန်းမြေ၌ နံပါတ်တစ် ဖြစ်လာခဲ့သည်။ ပြောရလျှင် အောင်းမျိုးနွယ်သည် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို နေရာအစားထိုးပြီးသွားလေပြီ။ အနည်းဆုံးတော့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ပင်မနန်းတော်သည် အောင်းမျိုးနွယ်၏ ထိန်းချုပ်မှု ကျရောက်နေပြီ ဖြစ်၏။

ဝိဇ္ဇာတပိုင်းအဆင့် နှစ်ယောက်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို မဆိုထားနှင့်။  နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ဖို့ လုံလောက်ပေသည်။

“ မိုဝူကျိလား ” အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့ ပင်မခန်းမ၍ မျက်နှာနီ အမျိုးသားက သတင်းပို့ ဓားပျံကို ကိုင်ကာ ရေရွတ်လိုက်သည်။

ထိုစဉ် အောင်းမျိုးနွယ်၏ ပင်မခန်းမသည် အလွန်အရေးကြီးသော မျိုးနွယ်စု အစည်းအဝေး ကျင်းပလေ့ ရှိပေသည်။ ယခု အောင်းမျိုးနွယ်က နတ်ဘုရားကုန်းမြေကို ထိန်းချုပ်နေသူ ဖြစ်ရာ အောင်းမျိုးနွယ်က နိဗာန တိတ်ဆိတ်မှုပင်လယ်ရှိ ကူးသန်းရေး အစီအရင်ကိုလည်း ထိန်းချုပ်ချင်ကြသည်။ ထိုအရာတွင် နတ်ဘုရားနယ်မြေ မြို့အသစ်နှင့် နတ်ဘုရားကမ္ဘာတစ်ခုလုံး ပါဝင်ပေသည်။

အောင်းမျိုးနွယ်မှ ဝိဇ္ဇာတပိုင်းနှစ်ယောက် ထွက်ပေါ်လာပြီးနောက် ထိုဝိဇ္ဇာတပိုင်း နှစ်ယောက်သည် ကိစ္စများကို ဖြေရှင်းရာ၌ မျက်နှာပင် ပြစရာ မလိုတော့ပေ။ အောင်းမျိုးနွယ်၏ ပုံမှန်တပည့်တစ်ယောက်က လုံလောက်နေပြီ ဖြစ်ရာ မည်သူက မလိုက်နာဘဲ နေရဲမည်နည်း။

မလိုက်နာလိုသည့် လူတချို့ ရှိခဲ့သော်လည်း မလိုက်နာကြောင်း ပြသသည်နှင့် ရှင်းထုတ်ခံလိုက်ရစမြဲသာ ဖြစ်ပေသည်။

မျက်နှာနီ အမျိုးသားမှာ အောင်းချိုး ဖြစ်ကာ သဟဇာတ နတ်ဘုရား အဆင့် ၇ ဖြစ်၏။ သူက မျိုးနွယ်စုခေါင်းဆောင်လည်း ဖြစ်ပေသည်။ သူက အမြဲတမ်း ဂူပိတ်လေ့ကျင့်နေသောကြောင့် အောင်းချိုးသည် နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကမ္ဘာ၌ မိုဝူကျိ လုပ်ခဲ့သည့် အရာများအား မသိချေ။

ဝါးပင်လောက် ရှိသည့် ပိန်ပါးပါး အမျိုးသားက လက်နှစ်ဖက် ယှက်ကာ

“ ခေါင်းဆောင်ကို ဖြေကြားပါတယ် … မိုဝူကျိဆိုတာ  ဟိုးနှစ်တွေတုန်းက အကြီးအကဲသိုက်ရဲ အသက်ဓာတ်စွတ်ပြုတ်ကို ဖျက်စီးခဲ့တဲ့သူပါ။ အဲဒီလူက မိုးကောင်းကင်မြို့မှာ အကြွင်းမဲ့ကုထုံး ဆေးခန်းကို ဌားပြီးတော့ စာချုပ်ကို တစ်ခုခု ပြင်ခဲ့သေးတယ်။ သူက ကျုပ်တို့ အောင်းမျိုးနွယ်မှာ အသက်ဓာတ်စွတ်ပြုတ် မရှိတော့အောင် လုပ်ခဲ့တဲ့သူပါ။ နောက်ဆုံးကျ အကြီးအကဲသိုက်လည်း သေဆုံးသွားခဲ့ရတယ်။

အဲဒီလူဆီမှာ လျို့ဝှက်ချက်အကြီးကြီး ရှိထားတယ်။ ပြီးတော့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုမှာ အောင်ပြီးတော့   သေမျိုးနယ်မြေထဲ ဝင်ရောက်ခဲ့တယ်။ နတ်ဘုရားကမ္ဘာ စည်းမျည်း ပြန်ကောင်းလာပြီးတဲ့နောက် သူ့အင်အားက သိသိသာသာ တိုးတက်လာတယ်။ ကျင့်ကြံသူအစုအရုံး အဖွဲ့ခေါင်းဆောင်ကို သတ်ပစ်လိုက်တာလည်း သူပဲ …

သူက မောက်မောက်မာမာ ပြုမူတတ်တယ်။ သိပ်မကြာခင်က  ကျုပ်တို့ တပည့် အောင်းချန်းထန်က သူနဲ့ မတော်တဆ တိုးတော့ မိုဝူကျိက သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်။ အခု သူက ကျုပ်တို့ဆီ အကြောင်းပြချက် တောင်းဖို့ လာနေလောက်ပြီ … ”

ထိုပိန်ပါးပါး အမျိုးသားမှာ အောင်းမျိုးနွယ်၏ ကွမ်းမိ ဖြစ်ကာ မိုဝူကျိအား သတ်လုနီးပါး ဖြစ်ခဲ့သူလည်း ဖြစ်ပေသည်။ အကယ်၍ ချီခွန်းနှင့် ယွီလော ခေါ်ဆောင်လာသော နတ်ဘုရားဘုရင်ကြောင့်သာ မဟုတ်လျှင် မိုဝူကျိက သေနေလောက်လေပြီ။

နတ်ဘုရားကမ္ဘာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာမှုကြောင့် နတ်ဘုရားဘုရင် ကွမ်းမိသည် သဟဇာတ နတ်ဘုရား အစောပိုင်းအဆင့်သို့ ရောက်နေလေပြီ။

“အာ … ငါတို့ အောင်းမျိုးနွယ်ဆီ ဖြေရှင်းချက် လာတောင်းမှာတဲ့လား။ အဲဒါက သူ မောက်မာနေတာ မဟုတ်ဘူး။ သူ့ကို ခေါ်ခဲ့လိုက် … ဒီလို သွေးပူတတ်တဲ့ လူငယ်လေးကို မမြင်ရတာ ကြာလှရောပေါ့ ” အောင်းချိုးက အသာပြန်ပြောလိုက်သည်။ သူက မိုဝူကျိသည် သူ့အား ခြိမ်းခြောက်နိုင်သည့်သူဟု မမြင်မိပေ။

ခန်းမတစ်ခုလုံး ငြိမ်ကျသွားပေသည်။ မည်သူကမှ မိုဝူကျိအား ဤနေရာသို ခေါ်ဆောင်မလာရဲကြချေ။

အောင်းချိုးက ခန်းမတစ်ခုလုံးကို ကြည့်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်

“ ငါတို့အောင်းမျိုးနွယ် ဒီနေ့အထိ ဖြစ်လာတာက ကံကောင်းမှုအပေါ်တင် မှီခိုနေတာ မဟုတ်ဘူး။ ငါတို့မှာ တိုက်ခိုက်လိုစိတ်နဲ့ ဇွဲလုံလ ရှိလို့ပဲ …. အဲဒီပါးမွှားလေးကို ငါတို့အောင်းမျိုးနွယ်ဆီ ခေါ်မလာရဲတာက တကယ်ကို အရှက်စရာပဲ။ မဟုတ်ရင် သူ့ကို ခေါ်ဖို့  ငါကိုယ်တိုင် ဒါမှမဟုတ် ငါတို့ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်ကို လွှတ်ဖို့ လိုနေသေးတုန်းလား  ”

ကွမ်းမိက လေးလေးစားစား ဦးညွှတ်ကာ

“ ခေါင်းဆောင်ကို ဖြေကြားအပ်ပါတယ် … အဲဒီ မိုဝူကျိဆီမှာ လျို့ဝှက်ချက်အကြီးကြီး ပိုင်ဆိုင်ထားပါတယ်။ အရင်က ကျုပ် သူ့ကို တွေ့တုန်းက ကနဦး နတ်ဘုရားအဆင့်ပဲ ရှိသေးတယ်။ လတ်တလော သူ  သဟဇာတ နတ်ဘုရား အဆင့် ၁ ကျင့်ကြံသူအစုအရုံး အဖွဲ့ခေါင်းဆောင်ကို သတ်လိုက်နိုင်တယ်တဲ့ ”

ကွမ်းမိက ဆက်မပြောတော့သော်လည်း အားလုံးက သူ ဆိုလိုရင်းကို နားလည်လိုက်ကြသည်။ ယခင် မိုဝူကျိက သဟဇာတ နတ်ဘုရားအဆင့် ၁ ပညာရှင်ကို သတ်နိုင်စွမ်း ရှိခဲ့ပေရာ ယခုနှစ်များစွာ ကြာပြီးသည့်နောက်တွင် မိုဝူကျိက သဟဇာတ နတ်ဘုရား နောက်ပိုင်းအဆင့်ကို သတ်နိုင်နေမည်ကို မည်သူ သိမည်နည်း။ ခေါင်းဆောင်အောင်းချိုးအပြင် ခန်းမထဲ၌ တခြား သဟဇာတ နတ်ုဘရား နောက်ပိုင်းအဆင့် မရှိချေ။ မည်သူကများ ထွက်ခေါ်ရဲမည်နည်း။

“ ဟားဟား ” အောင်းချိုးက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ သို့သော်လည်း သူ့မျက်နှာတွင် သဘောကျသည့် လက္ခဏာ မရှိချေ။

သိပ်မကြာသေးခင်က အောင်းမျိုးနွယ်ကို ရန်စရဲသည့် လူငယ်လေးကို မည်သို့ သင်ခန်းစာပေးမည် ဖြစ်ကြောင်း ပြောနေခဲ့သေး၏။ ယခု ဤခန်းမအတွင်း မည်သူကမှ မိုဝူကျိကို သွားမဖမ်းရဲကြလေရာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေသည်။

အောင်းချိုးက ရုတ်ချည်း ထရပ်ကာ ခန်းမအတွင်းရှိ အောင်းမျိုးနွယ်ဝင်တချို့ကို လက်ညိုးထိုးကာ ဒေါသတကြီး အော်ပြောလိုက်သည်

“ ငကြောက်တွေ … ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်နှစ်ယောက် ရှိထားရင်တောင် ငါတို့ အောင်းမျိုးနွယ်က မင်းတို့လို ငကြောက်တွေလက်ထဲ ပျောက်ကွယ်သွားမှာပဲ … မင်းတို့ ဘယ်သူမှ မသွားချင်မှတော့ ငါကိုယ်တိုင် သွားမယ်။  ငါ …. ”

“ ဝုန်း ” ပြင်းထန်းလွန်းသည့် ပေါက်ကွဲမှုကြီးက အောင်းချိုး စကားကို နှောင့်ယှက်လိုက်သည်။

ထို့နောက် အံ့ဩသွားသည့် အောင်းချိုးက ခန်းမတစ်ခုလုံး၏ နံရံများနှင့် အမိုးမှာ တစ်စုံတစ်ယောက် လက်ချက်ဖြင့် ဖယ်ရှားခံလိုက်ရမှန်း သတိထားမိလိုက်သည်။ နံရံနှင့် အမိုးအကာ မရှိတော့သည့်အတွက် ခန်းမအတွင်းရှိ အောင်းမျိုးနွယ်ဝင်များက ခေါင်းမော့ကြည့်လိုက်သည့်အခါ ကြည်လင်ပြာလဲ့နေသော ကောင်းကင်ကြီးကို မြင်လိုက်ရသည်။ လေးဖက်လေးတန်လုံးက ဗလာကျင်းသွားလေပြီ။

လက်ရှိ အားလုံးက ခန်းမအတွင်း အရူးများလို ထိုင်နေကြသည်။

အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့၌ အောင်းမျိုးနွယ်ဝင်များသာ ရှိနေကြခြင်း မဟုတ်ပေ။ အပြင်လူအများစုက အောင်းမျိုးနွယ်များ ခန်းမအတွင်း ဟာသဖြစ်နေသည့် မြင်ကွင်းကို ကြည့်ကာ မရယ်မိအောင် ကြိုးစားနေကြ၏။ အောင်းမျိုးနွယ်သည် အရမ်းအားကောင်းလွန်းသည့်အတွက် အောင်းမျိုးနွယ်ကို ဆန့်ကျင်သူသည် နောက်တစ်ရက် နေအလင်းရောင်ကို မမြင်တွေ့နိုင်ကြသည်မှာ ပုံမှန်သာ ဖြစ်နေသည်။ ယခု တစ်ယောက်က အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့အထိ ရောက်လာလေရာ ကြည့်ရသည်မှာ စိတ်ကျေနပ်ဖွယ် ကောင်းလှသည်။ နောင်အနာဂတ်၌ ထိုလူအပေါ် မည်သို့သော ကပ်ဘေး ရောက်လာမည်ကိုတော့ ထည့်မတွက်ထားကြပေ။

“ ငါ့ကို လာကြိုနေစရာ မလိုတော့ဘူး။ ငါ ဒီမှာ ရောက်နေပြီ ” တိတ်ဆိတ်မှုအပြီး မိုဝူကျိက သူတို့အထက် အာကာပြင်၌ ဆင်းသက်လိုက်သည်။ သူ့ဘေးတွင် ရပ်နေသူမှာ မိန်းမလှလေး တစ်ဦး ဖြစ်၏။

မိုဝူကျိ နောက်တွင် လူအိုကြီးနှင့် တူသည့်  အမျိုးသားတစ်ဦး  ရှိနေသည်။ ထိုလူက အောင်းမျိုးနွယ်၏ အောင်းချန်းထန်ကိ ကိုင်ဆွဲထား၏။

အောင်းချိုး၏ အင်အားဖြင့် အောင်းချန်းထန်၏ ဝိညာဉ်ကြောနှင့် အသိစိတ်ပင်လယ်မှာ ဖျက်စီးခံထားရကြောင်း တစ်ချက်တည်းကြည့်ရုံဖြင့် တန်းသိလိုက်သည်။ သူက ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိသေးသည့် လူအိုကြီးတစ်ဦး၏ သယ်ဆောင်ခံထားရကာ အရူးတစ်ယောက်နှင့် တူနေသည်။

အောင်းချိုးက မတည်ရှိတော့သည့်  အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့ ကာကွယ်ရေး အစီအရင်ကို  မယုံကြည်နိင်စွာ ကြည့်လိုက်မိသည်။ ထို့နောက် သူက ဒေါသတကြီး အော်ပြောလိုက်သည်

“ မင်းရဲ့ အရိုးကို အမှုန့်လုပ်ပြီး ဝိညာဉ်ကို ဆွဲမနှုတ်ရရင် ငါ … ”

ကယောင်ချောက်ချား ဖြစ်နေသည့် အောင်းချိုးကို ကြည့်ကာ အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့အတွင်းရှိ ပွဲကြည့်ပရိတ်သတ်များက ကျီလီအတွက် စိတ်ပူလာကြသည်။ အောင်းမျိုးနွယ်ကို ရန်စပြီးနောက် မိုဝူကျိက အောင်းမျိုးနွယ်အတွင်း ကာကွယ်ရေး အစီအရင်၊ နံရံများနှင့် အမိုးကို ဖျက်စီးပစ်ရဲပေသည်။ စိုးရိမ်စရာက မိုဝူကျိဘေးတွင် အလှလေး တစ်ယောက် ရှိနေလေ၏။ သူမအတွက် မည်သို့သော ကြောက်မက်ဖွယ်အကျိုးဆက် စောင့်ကြိုနေမည်ကို မည်သူ သိမည်နည်း။

သူတို့အများစုက တွေးပင် မတွေးကြည့်ချင်ကြပေ။ အကြောင်းမှာ အောင်းမျိုးနွယ်သည် သူတို့နှစ်ယောက်လုံးကို သတ်ပစ်ရုံသာမက မိန်းကလေးအား အဝတ်အစားများ ချွတ်ပစ်ကာ လမ်းမအထက်တွင် ပစ်ထားပြီး လူတိုင်း၏ လှောင်ပြောင်ကဲ့ရဲ့ခြင်းကို ခံရမည် ဖြစ်ပေသည်။ အောင်းမျိုးနွယ်က ဤသို့သောအရာမျိုးကို မလုပ်ဖူးခဲ့ခြင်း မဟုတ်ပေ။

ထိုသို့ဆိုလျှင်ပင် အောင်းချိုးက ရုတ်တရက် စကားဆက်မပြောတော့ပေ။ သူက သူ့ဘေးပတ်လည်ရှိ အာကာပြင်မှာ ရပ်ဆိုင်းနေကြောင်း သတိပြုမိလိုက်၏။

သဘာဝစွမ်းအား လက်ကြီးက သူ့လည်ပင်းကို ညှစ်ထားကာ မြေပေါ်မှ ကြွလာလေသည်။ သူက စကားပြောလိုသော်လည်း သူ ထွက်နိုင်သည့် အသံမှာ ဘဲအော်သံသာ ဖြစ်နေသည်။

“ ဝိဇ္ဇာတပိုင်းအဆင့် ….” သူ့စိတ်ထဲကား ဗလာကျင်းသွားကာ နှလုံးသား၌လည်း အကြောက်တရားများ ပြည့်နှက်လာလေသည်။

 သူ့စိတ်အတွင်းရှိ နောက်ဆုံးအတွေးမှာ “အောင်းမျိုးနွယ်တော့ အဆုံးသတ်ပြီ ….”

အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်းအဆင့်ပင် သူ့အား မရုန်းကန်နိုင်လောက်အောင်အထိ မချုပ်ကိုင်နိုင်ပေ။ သူတို့က သဘာဝစွမ်းအား လက်ဖြင့် လည်ပင်းကိုတော့ မညှစ်ကြပေ။ ဝိဇ္ဇာတပိုင်းနှစ်ယောက် ပေါင်းပြီး မိုဝူကျိအား မောင်းထုတ်နိုင်လျှင်ပင် သူက တပည့်အားလုံးကို သတ်ရန်အတွက် ပြန်ရောက်လာဦးမည်သာ ဖြစ်၏။

ဤတစ်ခေါက် အောင်းမျိုးနွယ် ရန်စမိသည့်သူမှာ အလွန်ကြောက်ဖို့ ကောင်းပေသည်။ သူက အောင်းချိုးကိုပင် မယုံကြည်နိုင်စေလောက်အောင်အထိ ကြောက်ဖို့ ကောင်းလှ၏။ အောင်းချိုးက ရှုံးနိမ့်ကြောင်း ဝန်ခံလိုသော်လည်း သူ့အာကာပြင်ကို မိုဝူကျိက ထိန်းချုပ်ထားသည့်အတွက် စကားပင် မပြောနိုင်ပေ။

အကယ်၍ ယခု အောင်းမျိုးနွယ် အမှန်တကယ် မုန်းတီးသည့်သူ တစ်ယောက်ရှိလျှင် ထိုလူက မိုဝူကျိ မဟုတ်ဘဲ အောင်းချန်းထန်သာ ဖြစ်ပေမည်။  သူက  မိုဝူကျိ ဤနေရာသို့ ရောက်လာသည့် အကြောင်းမှာ အောင်းချန်းထန်က မိုဝူကျိကို စိတ်အနှောင့်အယှက်ပေးခဲ့၍ ဖြစ်ကြောင်း ယုံကြည်နေမိသည်။ မိုဝူကျိက အောင်းချန်းထန်နှင့် မတွေ့ဆုံလျှင်ပင် ဤနေရာသို့ ရောက်လာမည့်အကြောင်းကိုတော့ မသိထားပေ။ တကယ်တော့  မိုဝူကျိက ဤနေရာသို့ ချီချွမ်းနှင့် ချီပင်းတို့ ရှာရန် ရောက်လာခြင်းသာ ဖြစ်၏။

ဝိဇ္ဇာတပိုင်းအဆင့် …

မိုဝူကျိက အောင်းချိုး လည်ပင်းကို ဆုပ်ကိုင်ထားစဉ် အောင်းမျိုးနွယ်ရှိ လူတိုင်းက အံ့ဩတုန်လှုပ်ကုန်ကြသည်။ မိုဝူကျိက မည်သူနည်း။ သူက ဝိဇ္ဇာတပိုင်းအဆင့်သာ ဖြစ်ရမည်။

အောင်းချိုးက သဟဇာတ နတ်ဘုရား အဆင့် ၇ ပညာရှင် ဖြစ်၏။ အကယ်၍ သူသာ ဝိဇ္ဇာတပိုင်း မဟုတ်လျှင် အောင်းချိုးအား အဘယ်ကြောင့် ကူကယ်ရာမဲ့စေမည်နည်း။ အောင်းချိုးသည် သာမာန်ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင် တစ်ယောက် ဤသို့ဆုပ်ကိုင်ထားလျှင်ပင် အနည်းငယ် ရုန်းကန်နိုင်ဦးမည် မဟုတ်ပါလော။

ကွမ်းမိ၏ စိတ်ထဲ တုန်လှုပ်လာမိသည်။ သူက မိုဝူကျိသည် ရန်စ၍ မဖြစ်ကြောင်း သေချာသိထားသည်။ ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျိသည် ဤှမျှ ရက်စက်လိမ့်မည်ဟု မထင်ထားပေ။ သူက သတိကြီးကြီးထားကာ နောက်ဆုတ်လိုက်သော်လည်း သဘာဝစွမ်းအား လက်ကြီးက သူ့ဆီ ရောက်လာသေး၏။ တူညီလှစွာ သူလည်း လည်ပင် အကိုင်ခံရပြီး အာကာပြင်အတွင်း  ပိတ်မိနေပေသည်။

“ တကယ်လို့ ငါသာ မှန်တယ်ဆိုရင် မင်းက နတ်ဘုရားဘုရင် ကွမ်းမိမလား။ အခုတော့ သဟဇာတ နတ်ဘုရားကွမ်းမိပေါ့ … မဆိုးဘူးပဲ … ဒီလောက်အချိန်တိုလေးအတွင်းမှာ နတ်ဘုရားဘုရင်အဆင့်ကနေ သဟဇာတ နတ်ဘုရား အလယ်အလတ်အဆင့် ရောက်လာတာပေါ့။ မင်းမှာ အလားအလာ ရှိသားပဲ ” မိုဝူကျိက ကွမ်းမိအား ကြည့်ကာ မထီမဲ့မြင် ပြောလိုက်သည်။

ကွမ်းမိက စိတ်ဓာတ်ကျလွန်း၍ အော်ငိုလုမတတ် ဖြစ်နေသည်။

ငါက နတ်ဘုရားဘုရင်ကနေ သဟဇာတ နတ်ဘုရားအဆင့် ရောက်လာတာလေ …

မင်းက ဟိုးနုံတိနုံချာ ကနဦး နတ်ဘုရားအဆင့်ကနေ အောင်းမျိုးနွယ် ခေါင်းဆောင် အောင်းချိုးကိုတောင် လည်ပင်း အလွယ်တကူ ညှစ်နေနိုင်ပြီ မဟုတ်ဘူးလား … မင်းဆီမှာ ဘယ်လို သရဲသဘက် အလားအလာမျိုး ရှိနေတာတုန်း ....

***

All Chapters