စွန့်ပစ်ခံကလန်၏အရှိန်အဝါ
Vol. 164 Ch. 2328
စွန့်ပစ်ခံကလန်မှ အပြင်ကို ထွက်လာသော ဧည့်သည်တန်ခိုးရှင်များအားလုံးသည် သူတို့၏ယာယီစခန်းများသို့ ပြန်ကြသည်။
အင်အားစုအသီးသီးမှ တန်ခိုးရှင်များကလည်း စွန်ပစ်ခံကလန်၏တားမြစ်နယ်မြေအကြောင်းကို မေးမြန်းစုံစမ်းကြ၏။ သူတို့က ထိုပြန်လာသောသူများထံမှ အကြောင်းအရင်းစုံကို သိရှိကြသည်။
ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်သွားခဲ့ကာ စွန့်ပစ်ခံကလန်မှ ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံးသည် စွန့်ပစ်ခံကလန်အကြောင်းကို ကြားသောအခါ အထင်ကြီးလေးစားကြရသည်။
သူတို့သည် သူတို့၏မိခင်ကုန်းမြေအတွက် စတေးရန် ဝန်မလေးကြပေ။
သေခြင်းရှင်ခြင်းနှင့် မျဉ်းတစ်ခုကြားတွင် ရှင်သန်နေရသော ကုန်းမြေသည် ပြင်ပလောကထက် ပိုမို၍ သန်မာလာကြသည်မှာ မထူးဆန်းပေ။
“ဖူရှင်း… မင်း ဘာလုပ်မယ် တွေးထားလဲ” အင်ပါယာနန်က ရီဖူရှင်းကို မေးသည်။ သူသည် စွန့်ပစ်ခံကလန်ကို လေးစားကာ အကယ်၍ သူတို့သာ ဝင်ပတ်သက်ပါက စိတ် မသက်မသာ ခံစားရပေမည်။
“ကျွန်တော်တို့က စောင့်ကြည့်တာပေါ့။ စွန့်ပစ်ခံကလန်ရဲ့ အဆိုပြုချက်အရ သူတို့ဟာ သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သဘောကို တွေ့ရတယ်။ ပြီးတော့ သူတို့က ပြင်ပလောကအကြောင်းကို အများကြီး စုံစမ်းထားပြီးဖြစ်လို့ အကျိုးအကြောင်း အကောင်းအဆိုးကို တွက်ဆပြီး ဖြစ်လိမ့်မယ်။ သူတို့က သေမင်းတံခါးဝမှာ ရုန်းကန်လှုပ်ရှားလာတဲ့လူတွေပဲ။ သူတို့ဟာ ကျုပ်တို့ ထင်တာထက် ပိုသန်မာလိမ့်မယ်” ရီဖူရှင်းက ရှင်းပြသည်။ အင်ပါယာနန်က ခေါင်းညိတ်ကာ မည်သို့မှ ဆက်မပြောတော့ပေ။
ထိုအချိန်တွင် အင်အားစုတိုင်းမှ တန်ခိုးရှင်များသည် ရှေ့ကို တက်လာကြ၏။ သူတို့သည် ကောင်းကင်ထက်တွင် အသီးသီးရပ်ကာ စွန့်ပစ်ခံကလန်သို့ ကြည့်နေကြ၏။ တစ်ယောက်က ကျယ်လောင်စွာ ပြောသည် “စွန့်ပစ်ခံကလန်ဆီက လမ်းညွန်ပြသမှုကို တောင်းဆိုပါတယ်”
“စိန်ခေါ်သူက ရှေ့တက်လာပေးပါ။ စွန့်ပစ်ခံကလန်က တူညီတဲ့ ကျင့်ကြံဆင့်ရှိသူကို စေလွှတ်ပေးပါမယ်” စွန့်ပစ်ခံကလန်ဘက်က ပြောသည်။ တန်ခိုးရှင်တစ်ဦး ရှေ့ကို တက်လာသည်။ သူသည် ကောင်းကင်ဒေသမှ အဖွဲ့အစီးတစ်ခု၏ အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက ပြောသည် “ကျုပ်က စွန့်ပစ်ခံကလန်ရဲ့ခွန်အားကို ကြည့်ချင်ပါတယ်”
“ကောင်းပါပြီ” စွန့်ပစ်ခံကလန်ဘက်မှ ပြန်ပြောသည်။ ထို့နောက် စွန့်ပစ်ခံကလန်ဘက်မှ လူကိုးဦးသည် ရှေ့ထွက်လာကာ ကွဲပြားခြားနားသော နေရာများတွင် ရပ်ကြ၏။ တစ်ယောက်စီတိုင်းသည် ရန်ဟောင်အဆင့်ရှစ် ဖြစ်သည်။ သူတို့၏အရှိန်အဝါမှာ ဆင်တူကာ တစ်ယောက်စီတိုင်းသည် အလွန်သန်မာဟန်ရှိသည်။
စွန့်ပစ်ခံကလန်မှ တစ်ယောက်က ပြောသည် “ခင်ဗျားတို့က ကုန်းမြေတစ်ခုစီတိုင်းရဲ့ ထိပ်သီးတွေ ဖြစ်ကြတယ်။ ဒါကြောင့် ကျုပ်တို့ကလည်း တိုက်ပွဲမှာ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ ကျင့်ကြံတဲ့ ဝင်္ကပါတိုက်ကွက်ဟာ ပြင်ပကလူတွေ တိုက်ခိုက်တာကို ခုခံဖို့ အတွက်ဖြစ်တယ်။ လူကိုးယောက်က တပြိုင်နက်တည်း လှုပ်ရှားရတဲ့ နည်းစနစ်ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ကလည်း နောက်ထပ် ကျင့်ကြံဆင့်တူညီတဲ့ လူရှစ်ယောက်ကို ထပ်ပေါင်းထည့်နိုင်တယ်”
သူက ထိုသို့ပြောလိုက်သည်တွင် စွန့်ပစ်ခံကလန်မှ လူကိုးဦးသည် ဝင်္ကပါအစီအစဉ်အတိုင်း နေရာယူလိုက်ကြသည်။ ထိုနေရာတွင် ရပ်နေရင်းဖြင့်ပင် သူတို့သည် ဖြိုဖျက်မရသော ကျောက်ဆောင်များအလား ခံစားရစေသည်။
သည်တိုက်ပွဲတွင် သူတစ်ယောက်တည်းနှင့် မလုံလောက်ပေ။
သူ၏အကြည့်က တခြားသော ထိပ်သီးအင်အားစုများထံသို့ ရောက်သွားကာ အချက်ပြသည်။ ရုတ်တရက် တခြားသော အရပ်များမှ တန်ခိုးရှင်တချို့ ထွက်လာကြသည်။ သူတို့အားလုံးမှာ အဆင့်ရှစ်ရန်ဟောင်များဖြစ်ကြသည်။ ထိုအထဲတွင် တစ်ယောက်ကို ရီဖူရှင်း မှတ်မိ၏။ ထိုသူမှာ တုန်းဟွာကုန်းမြေမှ နင်ဟွာ ဖြစ်သည်။
“ခင်ဗျားတို့သာ အနိုင်ရမယ်ဆိုရင် စိန်ခေါ်သူတွေဟာ စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံနယ်မြေကို ဝင်ခွင့်ရမယ်။ တစ်ဘက်မှာ ခင်ဗျားတို့ ရှုံးရင် တိုက်ပွဲမှာ ခင်ဗျားတို့ သုံးတဲ့ပညာရပ်တွေကို လျို့ဝှက်နယ်မြေမှာ ချန်ထားခဲ့ရယ်။ ခင်ဗျားတို့က စိန်မခေါ်ခင် သေချာပေါက် စဉ်းစားစေချင်တဘ်” စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်က ထပ်သတိပေးသည်။
သူ၏စကားဆုံးသည်နှင့် တန်ခိုးရှင်ကိုးဦးသည် အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် မဟာလမ်းစဉ်အရှိန်အဝါများဖြင့် လွှမ်းခြုံထားသည်။
နင်ဟွာ၏မျက်လုံးများသည် နတ်အလင်းများဖြင့် တောက်ပနေကာ တစ်ဘက်လူများအား ကြည့်သည်။ အလင်းသည် ထိုလူများ၏မျက်လုံးများကို ထွင်းဖောက်သွား၏။ သို့သော်လည်း ထိုလူများ၏မျက်လုံးအစုံတွင် ဖြိုဖျက်မရသော စိတ်ဓာခိုင်မာမှုအား သူတွေ့ရှိရသည်။ သူ့အနေဖြင့် ထိုလူများကို ဖမ်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
သူက မျက်မှောင်ကြုတ်လိုက်သည်။ အကြည့်တစ်ချက်မျှက ထိုလူများ မည်မျှ သန်မာသည်ကို သတိထားမိသည်။ ထိုလူများမှာ သူ တွေးထင်ထားသည်ထက် သန်မာလွန်းလှသည်။
ဝုန်း…
မဟာလမ်းစဉ်နတ်ဝင်ရိုးသည် စူးရှစွာ လင်းလက်လာခဲ့ကာ ကောင်းကင်၌ ချိပ်စည်းစက်ကွင်းတစ်ခု ပေါ်လာသည်။ ၎င်းသည် ကောင်းကင်ကို ဖုံးအုပ်ကာ တန်ခိုးရှင်ကိုးဦးထံသို့ ဖိနှိပ်လာ၏။ နတ်အလင်းသည် တန်ခိုးရှင်ကိုးဦးထံသို့ ဖြန်းပက်ကာ သူတို့အား ပိတ်ဆို့ထားလိုဟန်ရှိသည်။
တချိန်တည်းတွင် တစ်ဘက်မှ တန်ခိုးရှင်များကလည်း တပြိုင်နက်တည်း လှုပ်ရှားကြသည်။ တစ်ယောက်စီတိုင်းသည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများအား ဖော်ထုတ်ကြ၏။
အင်အားစုအသီးသီးမှ တန်ခိုးရှင်များသည် တိုက်ပွဲကို ကြည့်နေကြသည်။ တန်ခိုးရှင်ကိုးဦးထံမှ အားကောင်းသော မဟာလမ်းစဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ အလွန်အားကောင်းသော သတ္တုထိရိုက်သံများ ဖြစ်ပေါ်လာခဲ့ကာ ရွှေရောင်အလင်းများသည် သူတို့ခန္ဓာမှ ဖြာထွက်လာ၏။ ထိုအလင်းများသည် သတ္တုအစိုင်အခဲများအဖြစ် ပြောင်းလဲသွားကာ တစ်ဘက်မှ တိုက်ခိုက်မှုများအား ရင်ဆိုင်၏။
ကောင်းကင်ထက်တွင် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့၏ခန္ဓာမှ ဖြစ်ပေါ်လာသော အရှိန်အဝါသည် ပြိုင်စံရှားစွမ်းရည်များ ပါဝင်နေသည်။
ပို၍ ကြောက်စရာကောင်းသည်ကား သူတို့၏ခန္ဓာကိုယ်မှ အလင်းများသည် ကောင်းကင်နှင့်မြေပြင်အကြား ထွန်းလင်းနေခြင်းပင်။ သူတို့၏ခန္ဓာကိုယ်သည် အမှန်တကယ် ကြီးထွားလာခဲ့ကာ ရှေးဟောင်းနတ်ဘုရားရုပ်တုများအလား နေရာကိုးခုတွင် ရပ်နေကြသည်။ မဟာလမ်းစဉ်စွမ်းအားများသည် ထိုရုပ်ထုများထံမှ ထွက်ပေါ်လာနေ၏။ ရုတ်တရက် သူတို့ထံသို့ တိုက်ခိုက်လာသော စွမ်းအားများအားလုံးမှာ အစိတ်စိတ်အမွှာမွှာသို့ ပျက်ပြယ်သွားတော့သည်။
ထိုမြင်ကွင်းသည် တန်ခိုးရှင်အများအပြားကို မင်တက်စေသည်။ ထိုလူများ၏ပူးပေါင်းတိုက်ခိုက်မှုသည် ထိုမျှ စွမ်းအားကြီးသလား။
ပို၍ အရေးကြီးသည်ကား သူတို့သည် တိုက်ကွက်ပင် မထုတ်ရသေးပေ။
ရီဖူရှင်းသည်လည်း တိုက်ပွဲကို ကြည့်နေသည်။ သူသည် ထိုတန်ခိုးရှင်များ သုံးနေသော စွမ်းအားကို မြင်သည်။ ထိုရုပ်ခန္ဓာများမှာ အလွန်သန်မာသည်ကို သူ သတိထားမိ၏။ ၎င်းသည် မဟာလမ်းစဉ်နတ်ခန္ဓာကိုပင် ယှဉ်နိုင်စွမ်း ရှိ၏။
စွန့်ပစ်ခံကလန် ရင်ဆိုင်ခဲ့ရသည်များကို သူ ပြန်တွေးမိသည်။ စွန့်ပစ်ခံကလန်သည် အာကာသမုန်တိုင်းများကို ရင်ဆိုင်ရင်းဖြင့် ထိုသို့သော ရုပ်ခန္ဓာတည်ဆောက်ခြင်း၌ ပိုအားသန်လာသည်လည်း ဖြစ်နိုင်သည်။
ထိုတန်ခိုးရှင်များသည် ဆက်လက်၍ တိုက်ခိုက်သော်လည်း တန်ခိုးရှင်ကိုးဦး၏ခုခံမှုကို ချိုးဖျက်နိုင်စွမ်း မရှိပေ။ သူတို့၏ရုပ်ခန္ဓာမှ ထုတ်လွှတ်သော အရှိန်အဝါများမှာ အမှန်ပင် အားကောင်းလွန်းပေသည်။
နင်ဟွာသည် ကောင်းကင်ဒေသ၏ထိပ်သီးပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း သူနှင့်အတူ တိုက်ခိုက်နေကြသော တခြားတန်ခိုးရှင်များမှာလည်း အားနည်းခြင်း မရှိချေ။ သို့သော်လည်း လက်ရှိတွင် သူတို့သည် တိုက်ပွဲ၌ အရေးနိမ့်နေသည်။ စွန့်ပစ်ခံကလန်မှ လူများ၏သန်မာမှုက စိတ်ကူးထားသည်ထက် သာလွန်နေ၏။
သူတို့၏အရှိန်အဝါမှာ ဆက်လက်ကြီးထွားလာနေသည်။ ရှေးဟောင်းနတ်ဘုရားများသည် အင်မော်တယ်များအလား ထည်ဝါစွာ ရပ်နေကြ၏။ ထူးဆန်းသော စွမ်းအားသည် ပတ်ဝန်းကျင်ကို ပျံ့နှံ့လာခဲ့ကာ နင်ဟွာတို့အား လာရောက်ရစ်ပတ်သည်။ သူတို့ကိုးဦးမှာ ပိတ်ကွန်ထဲမှ ငါးများအလား ဖြစ်လာ၏။
“ဒါ…” အားလုံးက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ တိုက်ပွဲရလဒ်ကား သိသာနေပြီဖြစ်သည်။ တိုက်ပွဲသည် ထင်မှတ်ထားသည်ထက် မြန်ဆန်စွာ ပြီးဆုံးသွား၏။ အပြင်လောကမှ တန်ခိုးရှင်များသည် ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိချေ။