အခန်း (၁၁၅၇)
Vol. 83 Ch. 1157
“ ဆေးလုံးဆရာမို ဒါက နားလည်မှု လွဲတာပါ။ တကယ်ကို နားလည်မှုလွဲတာပါ။ အဲဒီ အောင်းထန်းချန်က ကျုပ်တို့ အောင်းမျိုးနွယ်ရဲ့ မလျော်ကန်တဲ့ တပည့်တစ်ယောက်ပါ။ ကျုပ်တို့တွေရဲ့ အောင်းမျိုးနွယ်ကို ကူပြီး သူ့ကို ရှင်းပေးတဲ့အတွက် ဆေးလုံးဆရာမိုကိုတောင် ကျေးဇူးမတင်ရသေးဘူး …” အောင်းမျိုးနွယ်၏ နတ်ဘုရားဘုရင် တစ်ယောက်က မျက်မှောင်ကျုတ်ကာ ရှေ့ထွက်လာပြီး ပြောလိုက်သည်။
“ အဲဆို သတ်ပစ်လိုက် ” မိုဝူကျိက ဖူချန်းအား ညွှန်ကြားလိုက်သည်။ ထို့နောက် ဖူချန်းက လက်တစ်ချက်အဝေ့ဖြင့် အသိစိတ်ပင်လယ်နှင့် ဝိညာဉ်ကြော ပျက်စီးနေသော အောင်းချန်းထန်အား လုံးဝ ဖျက်စီးပစ်လိုက်တော့သည်။
ဖူချန်း စိတ်ထဲ၌ နောက်ဖြစ်လာမည့်အရာများကို တွေးကာ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေမိသည်။ အကယ်၍ သူသာ လုပ်နိုင်လျှင် အဆုတ်ကွဲလုမတတ် အော်ဟစ်ပစ်လိုက်ချင်မိသည်။ သူ ဖိနှိပ်ခံထားရသည်မှာ သေမျိုးနယ်မြေ ပျက်စီးသွားကတည်းက နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်၏။ အကြီးအကဲပိုင်ယွဲ့နှင့် သူ့ဆရာ ချီချွမ်းတို့ ဒုက္ခရောက်ပြီးသည့်နောက်တွင် ကိစ္စများက ပို၍ ဆိုးရွားလာခဲ့သည်။ သေမျိုးနယ်မြေမှ တပည့်များ တကွဲတပြားစီ ဖြစ်သွားခြင်းက သူ့အား ကူကယ်ရာမဲ့ ဖြစ်စေသလို စိတ်ဓာတ်လည်း ကျစေမိသည်။
ဤအခိုက်အတန့်၌ သူက အရာအားလုံးကို လက်လွှတ်လိုက်နိုင်လိုက်လေပြီ။
တည်ထောင်သူမိုက အမှန်တကယ်ကို သေမျိုးနယ်မြေ၏ တည်ထောင်သူကောင်း တစ်ယောက် ဖြစ်၏။ သူ အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့သို့ ရောက်လာသည်နှင့် အောင်းမျိုးနွယ်၏ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပစ်ခဲ့သည်။ အချိန်မကုန်လိုက်ဘဲဖြင့် အောင်းမျိုးနွယ်၏ ပင်မခန်းမအား ဖျက်စီးလိုက်ပြန်သည်။ မိုဝူကျိက သူတို့၏ ခေါင်းဆောင် အောင်းချိုးကိုပင် လည်ပင်းညှစ်ထားနိုင်ပေသည်။
ဖူချန်းအတွက် ဤမြင်ကွင်းထက် စိတ်ကျေနပ်ဖွယ် မြင်ကွင်းမျိုး ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ သူ့ဒေါသအားလုံး၊ မကျေနပ်ချက်အားလုံး ပုံချပစ်လိုက်ဖို့ရာ သင့်တော်သော နေရာကောင်း တစ်ခု ဖြစ်နေ၏။
တည်ထောင်သူမိုက ကောလဟာလများအတိုင်း တစ်ပုံစံတည်း ဖြစ်ကာ မောက်မာကာ ပြင်းထန်လွန်းပေသည်။ ဖူချန်းက ဤသို့မောက်မာကာ စိတ်အားထက်သန်သည့် တည်ထောင်သူမျိုးကို အမှန်တကယ် နှစ်သက်လေးစားမိ၏။
မူလက တွေဝေကြောင်အမ်းနေသော အောင်းချန်းထန်က သူ့အောင်းမျိုးနွယ် ပညာရှင်များအား နားမလည်စွာ ကြည့်လိုက်သည်။ သူက ကိစ္စများသည် ဤသို့အဆုံးသတ်သွားကြောင်း နားမလည်နိုင်ပေ။ ပုံမှန်သဘောတရားအရ ပြောရလျှင် အောင်းမျိုးနွယ် ပညာရှင်များက ထိုမောက်မာသည့် သူ ဝိညာည်ကြောများကို ဖျက်စီးပစ်သင့်သည် မဟုတ်ပေဘူးလား။ သူ အောင်းချန်းထန်က မိုဝူကျိ သူ့ကို လှောင်ပြောင်ခဲ့သည့်အတွက် ပြန်လည် ပေးဆပ်ခိုင်းနိုင်လိမ့်မည်။
“ ဝုန်း ” အောင်းမျိုးနွယ်၏ နတ်ဘုရားဘုရင်က မီးလုံးတစ်ခု ပစ်လွှတ်လိုက်သည်။ အောင်းချန်းထန် အသိပြန်ကပ်မလာခင် ပြာဖြစ်သွားလေပြီ။
အောင်းချိုးက အောင်းချန်းထန် ပြာအဖြစ် ပြောင်းသွားသည်နှင့် စကားပြောဖို့ အင်အား လုံလုံလောက်လောက် ပြန်ရလာလေသည်။ သူက အသက်ပြင်းပြင်းရှုလိုက်ပြးနောက် ဘာဆက်ပြောရမှန်း မသိတော့ကြောင်း သတိထားမိလိုက်သည်။ သူအနေနှင့် အောင်းမျိုးနွယ်ရှိ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်နှစ်ယောက်အား မိုဝူကျိဆီ မြန်မြန်လာ၍ ချုပ်နှောင်ဖို့သာ မျှော်လင့်မိတော့သည်။ ထိုစဉ် သူက အောင်းမျိုးနွယ်ဝင်များက မိုဝူကျိကို သွားမခေါ်ရဲသည့် အကြောင်းအရင်းကိုလည်း သဘောပေါက်သွားလေသည်။ ဝိဇ္ဇာတပိုင်းနှစ်ယောက်အပြင် ခန်းမအတွင်းရှိ မည်သူကမှ မိုဝူကျိနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ကြပေ။
အောင်းမျိုးနွယ်စု ခန်းမရှိ အကြီးအကဲတစ်ယောက်မှ နောက်မဆုတ်ရဲတော့သည်ကို ကြည့်ကာ မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်
“ ငါ့စီနီယာအစ်မ ချီပင်းက အောင်းမျိုးနွယ်မှာ အဖမ်းခံထားရတယ်။ သူမနဲ့ ငါ့တပည့် ချီချွမ်း ဘယ်မှာလဲ …. မင်းတို့ အယောက်သုံးဆယ်ရှိတာဆိုတော့ စုစုပေါင်း အသက်ရှိုက်စာ အကြိမ် သုံးရာ ရမယ် …. ”
အောင်းချိုးက မိုဝူကျိသည် အောင်းချန်းထန်ကြောင့် ရောက်လာခြင်း မဟုတ်ဘဲ ချီပင်းအတွက် ရောက်လာကြောင်း ကြားလိုက်ရသည့်အခါ စိတ်ထဲ လေးလံမိသွားသည်။
သူက ချီပင်း မည်သူ ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ ချီပင်းဆီတွင် အင်မော်တယ်လောကမှ ကျင့်ကြံသူတစ်ဦး ယူဆောင်လာသည့် မိုးမြေ ဆေးမီးဖို ရတနာ ရှိထားပေသည်။
သို့သော်လည်း ထိုရတနာကို ချီပင်းက သူမ ကမ္ဘာထဲ သိမ်းဆည်းထားလေသည်။ လက်ရှိအခိုက်အတန့်၌ ဝိဇ္ဇာတပိုင်း နှစ်ယောက်မှ သူမကို ရတနာ ထုတ်ပေးဖို့ အတင်းကျပ် ဖိအားပေးနေဆဲ ဖြစ်သည်။ သူတို့က မိုးမြေ ဆေးမီးဖို မရသေးသည့်အတွက် ဝိဇ္ဇာတပိုင်းနှစ်ယောက်က ချီပင်းအား မသတ်ရဲသေးပေ။
“ ဖူး ” သွေးမြူတစ်ခု ဖြစ်ပေါ်လာကာ ရှေ့တွင် ရပ်နေသော အောင်းမျိုးနွယ် အကြီးအကဲတစ်ဦး၏ ကမ္ဘာဦး စိတ်ဝိညာဉ် ဖျက်စီးခံလိုက်ရပြီး ချက်ချင်း အသတ်ခံလိုက်ရသည်။
“ မင်း …” အောင်းချိုးက မိုဝူကျိအား မုန်းတီးစွာ ကြည့်လိုက်သည်။ မိုဝူကျိက အောင်းချန်းထန်ကို သတ်သည်မှာ စိတ်အနှောင့်အယှက် ပေးမိ၍ ဖြစ်ကြောင်း နားလည်ပေး၍ ရသော်လည်း ယခုအခါ သူ့အောင်းမျိုးနွယ်ရှိ အကြီးအကဲများကို ကြုံရာကျပန်း သတ်ဖြတ်နေလေရာ လွန်လွန်းနေပေသည်။
ယခင်က အောင်းမျိုးနွယ်သည် တခြားသူများကို သတ်ခဲ့သူ ဖြစ်ခဲ့ရာ မည်သို့သော ဤသို့ပြောင်းလဲသွားရသနည်း။
သူ့အောင်းမျိုးနွယ်ဝင်များကို သတ်ရဲလောက်အောင်အထိ မောက်မာရဲသည့်သူ ရှိလာပြီလား ….
“ ဖူး ” နောက်ထပ် သွေးမြူတစ်ခု ဖြစ်ပေါ်လာကာ ဒုတိယအကြီးအကဲ အသတ်ခံလိုက်ရသည်။
နောက်ဆုံးတွင် အောင်းချိုးက မိုဝူကျိ၏ အသက်ရှိုက်စာ အကြိမ်သုံးရာခန့် အချိန်ရကြောင်း ဆိုလိုရင်းကို နားလည်သွားလေပြီ။ အသက်ဆယ်ရှိုက်စာတိုင်း မိုဝူကျိက အကြီးအကဲတစ်ဦးကို သတ်ပစ်မည် ဖြစ်၏။
အကယ်၍ ချီပင်းနှင့် ချီချွမ်းကိုသာ အသက်ရှိုက်စာ အကြိမ်သုံးရာအတွင်း ခေါ်ထုတ်မလာနိုင်လျှင် ….
ဤသည်မှာ မိုဝူကျိက သူအပါအဝင် အကြီးအကဲအားလုံးတိုင်းကို သတ်ပစ်မည်သာ ဖြစ်၏။
ဘယ်လိုတောင် ရက်စက်တာလဲ …
မိုဝူကျိ၏ ပိတ်လှောင်ခြင်းကို ခံထားရသည့် အောင်းချိုးက ကြောက်ကြောက်ရွံ့ရွံ့ တုန်လှုပ်လာမိသည်။ သူ့အောင်းမျိုးနွယ်သာ ရက်စက်တတ်ခြင်း မဟုတ်ကြောင်း သတိပြုမိသွားလေ၏။ အောင်းမျိုးနွယ်သည် သူတို့အောင်းမျိုးနွယ်၏ အမိန့်များကို မနာခံသည့်သူများကို နှိပ်စက်လေ့ ရှိသည်။ သို့သော်လည်း ထိုလူက နှိပ်စက်ခြင်းမရှိဘဲ တစ်ယောက်ပြီး တစ်ယောက် တန်းသတ်ပစ်နေသည်။
“ ဖူး ” မိုဝူကျိက တတိယမြောက် အကြီးအကဲကို သတ်လိုက်သည့်အချိန် အောင်းချိုးက ခရမ်းရောင် အချက်ပေးချက် ပို့လွှတ်လိုက်တော့သည်။
ဤသည်မှာ အောင်းမျိုးနွယ် ပြဿနာတက်နေကြောင်း ညွှန်ပြပေးသည့် အချက်ပြခြင်းသာ ဖြစ်၏။ ထိုခရမ်းရောင် အချက်ပြမှုက ဝိဇ္ဇာတပိုင်း နှစ်ယောက်အတွက် ရည်ညွှန်းပေသည်။ သူတို့ ဘာလုပ်နေစေကာမူ ခရမ်းရောင် အချက်ပေးချက် ပို့လွှတ်လိုက်သည်နှင့် ထိုဝိဇ္ဇာတပိုင်း နှစ်ယောက်က အောင်းမျိုးနွယ်သို့ ချက်ချင်း ပြန်လာရန် လိုအပ်နေသည်။
အောင်းမျိုးနွယ်၏ အကြီးအကဲများ တစ်လက်မမှ မလှုပ်ရှားရဲသောကြောင့် နေရာတစ်ခုလုံးမှာ တင်းကျပ်ကျပ် လေထုများနှင့် ပြည့်နေသည်။ မိုဝူကျိ အောင်းမျိုးနွယ်ရှိ အားလုံးကို သတ်ပစ်မည်ဟု မပြောသော်လည်း မည်သူက လှုပ်ရှားရဲမည်နည်း။ ထို့အပြင် သူတို့က နောက်ဆုတ်ဖို့ ကြိုးစားသည့် ကွမ်းမိသည် မိုဝူကျိ လက်အတွင်း ကျရောက်နေသည်ကို မြင်ပြီးကြပြီ မဟုတ်ပါလော။
အသက်ရှိုက်စာ အကြိမ်တိုင်းက အောင်းမျိုးနွယ်အတွက် နှိပ်စက်မှုကြီး ဖြစ်နေသည်။ ဆယ်ရှိုက်စာ ကုန်ဆုံးသွားပြီးသည့်အချိန်တိုင်း တစ်စုံတစ်ယောက် အသတ်ခံရပေမည်။
တကယ်တော့ အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့ဆီ ရောက်နေကြသော ကျင့်ကြံသူအားလုံးက မိုဝူကျိ၏ ရက်စက်မှုကြောင့် ကြောင်အမ်းနေကြသည်။
အားလုံးက အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်း နှစ်ယောက် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ အားလုံးက ကိစ္စများ မည်သို့ ပြောင်းလဲသွားမည်ကို သိချင်မိကြသည်။ တချို့သော ကျင့်ကြံသူများက ဘာဆက်ဖြစ်တော့မည်ကို သိနေသည့်အလား နောက်ဆုတ်ကုန်ကြသည်။ ဝိဇ္ဇာတပိုင်းနှစ်ယောက် ရောက်လာပြီး တိုက်ခိုက်သည်နှင့် တိုက်ပွဲအတွင်း အနာတရ မရှိဘဲ နောက်ဆုတ်ဖို့ရာ အလွန်နောက်ကျသွားပေမည်။
သိပ်မကြာခင် ကျင့်ကြံသူအများစုက အားလုံး နောက်ဆုတ်နေကြသည့် အကြောင်းကို သတိပြုမိသွားကြပြီး သူတို့လည်း နောက်ဆုတ်လိုက်ကြသည်။
မိုဝူကျိက ခန်းမအစွန်းရှိ အောင်းမျိုးနွယ်ဝင်တချို့ပင် နောက်ဆုတ်လိုကြကြောင်း သတိပြုမိလိုက်၏။ သူက တုံ့ဆိုင်းခြင်းမရှိ လေဓားတချို့ ပစ်လွှတ်ကာ အော်ပြောလိုက်သည် “ အောင်းမျိုးနွယ်ဝင်တွေ ခြေတစ်လှမ်း လှုပ်မိတာနဲ့ သက်ညှာခြင်းမရှိ အသတ်ခံရမယ် ”
ထိုစကားများ ကြားပြီးနောက် အစွန်းရှိ အောင်းမျိုးနွယ်ဝင်များ တစ်ယောက်မှ မလှုပ်ရှားရဲကြတော့ပေ။
မိုဝူကျိလို ပညာရှင်မျိုးရှေ့တွင် ထိုတပည့်များအနက် အောင်းမျိုးနွယ် ကျင့်စဉ်ကို ကျင့်ကြံသူများ မည်သူ ဖြစ်ကြောင်း ခွဲခြားပြဖို့ပင် မလိုပေ။
“ ဖူး ” ၁၉ ယောက်မြောက်ကား ကွမ်းမိအလှည့် ဖြစ်ကာ သွေးမြူအဖြစ် ပြောင်းပြီး အသတ်ခံလိုက်ရသည်။ ထို့နောက် မီးခိုးရောင် ပုံရိပ်တစ်ခု ဆင်းသက်လာ၏။
“ ရပ်လိုက်စမ်း ” ထိုမီးခိုးရောင် ပုံရိပ် ကျရောက်လာသည်နှင့် ခက်ထန်သည့် အသံကို ကြားလိုက်ရသည်။
မိုဝူကျိက ရပ်လိုက်ကာ မီးခိုးရောင် ပုံရိပ်အား ခြုံငုံကြည့်လိုက်သည်။ ထိုမီးခိုးရောင် ပုံရိပ်မှာ ဝိဇ္ဇာတပိုင်း အဆင့် ၁ မျှသာ ဖြစ်၏။ ယခင် သူ ဖန်းရှီယူနှင့် တာအိုအုပ်စိုးသူ အရှင်မရွှေရောင်ကန်တို့ကို သတ်ခဲ့စဉ်အခါက နှစ်ယောက်လုံးမှာ ဝိဇ္ဇာတပိုင်း နောက်ပိုင်းအဆင့်များ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးက အတိတ်၌ ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသေး၏။ လက်ရှိ မိုဝူကျိက ဤဝိဇ္ဇာတပိုင်း အဆင့် ၁ ကျင့်ကြံသူ၏ ခြိမ်းခြောက်မှုကို မခံစားရချေ။
“ ငါ့အောင်းမျိုးနွယ်ဝင်တွေကို ဘယ်လို သတ်ပစ်ရဲတာလဲ ” မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားက ဒေါသထွက်လွန်း၍ တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူက မိုဝူကျိအား လက်ညိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
ကံကောင်းစွာဖြင့် သူက မိုဝူကျိသည် သူ့လိုမျိုး ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်ကြောင်း သိသွားဟန်ပေါ်ကာ ဒေါသကို ချုပ်ထိန်းထားလိုက်ရသည်။ သူက တိုက်ခိုက်လိုသလောက် တခြားဝိဇ္ဇာတပိုင်း ရောက်လာအောင်အထိ စောင့်လိုမိသည်။
မိုဝူကျိက မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားအား စိုက်ကြည့်ကာ “ ငါ့စီနီယာအစ်မ ချီပင်းနဲ့ တပည့် ချီချွမ်းက ဘယ်မှာလဲ ”
“ ဟားဟား ” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက ရယ်မောလိုက်သော်လည်း သဘောကျသည့် အရိပ်အယောင် မရှိချေ
“ ငါ့အောင်းမျိုးနွယ်နဲ့ မင်းက ဘယ်လိုမှ အစပ်အဟပ်မတည့်တဲ့ နှစ်ခုပဲ …. မင်း ဘယ်နေရာက ရောရောက်လာလာ ငါတို့ပိုင်နက်ထဲမှာ အောင်းမျိုးနွယ်ကို သတ်တာ အမှားအကြီးကြီး ကျူးလွန်မိသွားပြီ။ မင်းက တစ်ယောက်ယောက်ကို ရှာရဲသေးတယ်ဆိုတော့ …. ခွေးသား …. ”
မိုဝူကျိက သူ့အဖိုးတန်အချိန်ကို အဘယ်ကြောင့် ဆက်ဖြုန်းနေရမည်နည်း။ သူက အောင်းချိုးအပါအဝင် ကျန်ရှိနေသော အကြီးအကဲများထံ အလင်းတန်းများစွာ ပို့လွှတ်လိုက်သည်။ ထို့နောက် သူတို့အားလုံး ချက်ချင်း သေဆုံးသွားလေ၏။
အောင်းမျိုးနွယ် ခေါင်းဆောင် အောင်းချိုး၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှလွဲ၍ ကျန်သည့် ကမ္ဘာဦး စိတ်ဝိညာဉ်များက ခန္ဓာကိုယ်ထဲမှ မထွက်လာနိုင်ကြပေ။
“ အား ” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက သူ့တွဲဖက်ကို မစောင့်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက မိုဝူကျိကို လွှမ်းခြုံသွားရန် အဝါရောင်အလင်းတန်းကို ထုတ်လွှင့်လိုက်၏။
အဝါရောင်အလင်းတန်းက ဧရာမ လွှကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ထိုလွှကြီး ဝန်းကျင်ရှိ စည်းမျည်းများက ပြောင်းလဲကုန်ကာ မျက်စိတစ်မှိတ်အတွင်း နေရာတစ်ခုလုံး၏ စည်းမျည်းများမှာ ပြောင်းလဲသွားလေ၏။
မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်သော်လည်း သူက မိုဝူကျိ၏ ဘေးပတ်လည် စည်းမျည်းများကို ချုပ်ထိန်းချင်မိသည်။ သူက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို အစကတည်းက ချုပ်ထိန်းထားချင်မိသည်။ မိုဝူကျိ နှစ်ပိုင်း ပြတ်သွားသည်ကို မမြင်ရမချင်း မည်သို့ ကျေနပ်နိုင်မည်နည်း။
အောင်းမျိုးနွယ်က နတ်ဘုရားကုန်းမြေ၌ တည်ရှိလာသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်၏။ အောင်းမျိုးနွယ်သည် တခြားသူများကို အမြဲတမ်း အနိုင်ကျင့်ခဲ့လေရာ မိုဝူကျိလိုမျိုး သူတို့အောင်းမျိုးနွယ် ခေါင်းပေါ် တက်ထိုင်နေသည့် ကိစ္စအား မည်သို့ ခွင့်ပြုထားနိုင်မည်နည်း။
အကယ်၍ မိုဝူကျိသာ မဟုတ်လျှင် ထိုအဝါရောင် လွှကြီးက အာကာပြင်ကို ယာယီ ပိတ်လှောင်ထားနိုင်မည် ဖြစ်၏။ တစ်ဖက်လူကို အနည်းဆုံးတော့ ခဏတာ ပိတ်ထားနိုင်လိမ့်မည်။
နှမြောစရာကောင်းသည်က အောင်းမျိုးနွယ်သည် ရန်မစသင့်သည့်သူကို မှားယွင်းစွာ ရန်စမိခဲ့ပေသည်။
မိုဝူကျိက သူ့မှော်ရတနာကိုပင် ထုတ်မယူဘဲ စွမ်းအားစက်ကွင်းကို ဆက်တိုက် ဖြန့်ကျက်လိုက်သည်။ အဝါရောင် လွှကြီး၏ အာကာပြင်စည်းမျည်းတို့က တစစီ ဖျက်စီးခံလိုက်သည်။ ထို့နောက် ထိုဝိဇ္ဇာတပိုင်းအဆင့်က သူ့ဘေးပတ်လည်ရှိ အာကာပြင်စည်းမျည်းများမှာ သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း အာရုံခံလိုက်မိသည်။
ထိုစဉ် သူက တိုက်ကွက်ကို အပြည့်အဝ ထုတ်မသုံးလိုက်ရသေးပေ။
မကောင်းတော့ဘူး … တစ်ဖက်လူက ဝိဇ္ဇာတပိုင်း အစောပိုင်း မဟုတ်ဘူး …
သူက ဝိဇ္ဇာတပိုင်း နောက်ပိုင်း အဆင့် ဒါမှမဟုတ် ပြီးပြည့်စုံခြင်းအဆင့်တောင် ဖြစ်နေနိုင်တယ် ….
ထိုမီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက တခြားဝိဇ္ဇာတပိုင်းအဆင့်အား မလာဖို့ရာ လှမ်းအကြောင်းကြားလိုသော်လည်း သူက မလုပ်နိုင်ကြောင်း သတိပြုမိသွားသည်။ သူ့ဘေးပတ်လည်ရှိ အာကာပြင်ကို မိုဝူကျိက ပိတ်ဆို့ထားလေ၏။ သူ အောင်းပင်းဟယ်က ဘာမှမထိန်းချုပ်နိုင်တော့ပေ။
သူက ရုန်းကန်နေရင်း မိုဝူကျိသည် သူ့ထွက်လမ်းကို ပိတ်ထားပြီးနောက် တကယ် မတိုက်ခိုက်သေးကြောင်း သတိထားမိလိုက်၏။
မကောင်းတော့ဘူး … သူက ငါ့ကို အသုံးချပြီး တခြားဝိဇ္ဇာတစ်ပါး အောင်းဝူချန်း ရောက်လာအောင် မြှားမလို့လား ….
မိုဝူကျိ ဘာလုပ်နေသည်ကို နားလည်ပြီးနောက် သူ့တစ်ကိုယ်လုံး အကြောက်တရားများဖြင့် တုန်လှုပ်လာမိသည်။ အောင်းမျိုးနွယ်တော့ အပြီးအပိုင် အဆုံးသတ်လေပြီ။
ချီပင်းဆီမှာ အဘယ်ကြောင့်များ ကြောက်စရာကောင်းတဲ့ ဂျူနီယာမောင်လေး ရှိနေရတာလဲ ….
အကယ်၍ သူတို့သာ ချီပင်းဆီတွင် ဤသို့ဂျူနီယာမောင်လေးမျိုး ရှိကြောင်း သိထားခဲ့လျှင် အောင်းမျိုးနွယ်က ချီပင်း၏ မိုးမြေ ဆေးမီးဖိုကို ယူရန် ကြိုးစားရဲမည် မဟုတ်ပေ။
အောင်းပင်းဟယ်၏ မှန်းဆချက်မှာ မမှားပေ။ အကြောင်းမှာ မိုဝူကျိသာ တိုက်ခိုက်လိုလျှင် အောင်းပင်းဟယ်က သေနေလောက်လေပြီ။ သူက တခြားဝိဇ္ဇာတပါး ရောက်လာအောင် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ သူက ဤနေရာသို့ ရောက်နေပြီ ဖြစ်ရာ အောင်းမျိုးနွယ်ကို တစ်ခါတည်း ရှင်းသွားရမည်။ အောင်းမျိုးနွယ်၏ အဆင့်မြင့် ပညာရှင်ကို အဘယ်ကြောင့်များ အလွှတ်ပေးရမည်နည်း။
***