တခမ်းတနား ရောက်ရှိလာခြင်း
Vol. 62 Ch. 857
ထို တိုက်ပွဲကြီးမှာ အလွန်အင်မတန်မှ ပြင်းထန်နေပြီး ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးများ တိုက်ခိုက်နေကြသည့် တိုက်ပွဲကြီးတစ်ခုဖြစ်၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးနှစ်ယောက်အား သူတစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နေရခြင်း ဖြစ်သည်။
ထို ဂြိုဟ်အဆင့် ကျင့်ကြံသူနှစ်ယောက်ထဲတွင် တစ်ယောက်မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဖြစ်ပြီး အခြားတစ်ယောက်မှာ သူ၏ ဘယ်လက်ရုံး အကြီးအကဲကြီးတစ်ယောက် ဖြစ်သည်။ ထို ဂိုဏ်းချုပ်ကြီးမှာ အလယ်အလတ် ဂြိုဟ်အဆင့်တွင် ရှိနေပြီး ဘယ်လက်ရုံး အကြီးအကဲကြီးမှာမူ အစောပိုင်း ဂြိုဟ်အဆင့်တွင် ရှိနေသည်။ သူတို့နှစ်ယောက်စလုံးမှာ အံ့သြမှင်တက်ဖွယ်ရာ တိုက်ရည်ခိုက်ရည် စွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။ ပုံမှန်အတိုင်းသာဆိုလျှင် သူတို့နှစ်ယောက်မှာ အတူတကွ ပူးပေါင်းလိုက်မည်ဆိုပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးအား အလွယ်တကူ ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်း ရှိနေရမည်ဖြစ်သည်။ သို့သော် ထို ဂိုဏ်းခေါင်းဆောင်ကြီး၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကြောင့် သူတို့နှစ်ယောက်မှာ အံ့ဩတုန်လှုပ်သွားရ၏။
သူတို့ ရရှိစုဆောင်းမိထားသည့် သတင်းအချက်အလက်များအရဆိုလျှင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအဆင့်နှင့် ဆင်တူ၏။ အသေးစိတ် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာ အနည်းငယ်ခန့်ပို၍ အစွမ်းထက်ပါသော်လည်း သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များမှာ ကွဲပြားခြားနားမှု သိပ်မရှိကြပေ။ ဆဋ္ဌဂံမြေဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သောကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ထိုဂိုဏ်းအား အရင်ဆုံးချေမှုန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာ အတူတကွ ပူပေါင်းကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား တိုက်ခိုက်ခဲ့ကြ၏။ သူတို့၏ လေ့လာသုံးသပ်ချက်များအရ သူတို့၏ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့်သာဆိုလျှင် သူတို့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား အလျင်အမြန် ဖျက်ဆီးချေမှုန်းနိုင်ရမည်သာဖြစ်သည်။ သို့သော် သူတို့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးသည် သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်အား ဖုံးကွယ်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူသည် အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။ အမှန်အတိုင်းဆိုရလျှင် သူသည် အလယ်အလတ် ဂြိုဟ်အဆင့်၏ ထိပ်ဆုံးအဆင့်နားသို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သာမန် ဂြိုဟ်အဆင့် ကျင့်ကြံသူများထက် အများကြီးပို၍ သာလွန်နေ၏။ ထို့ကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာလည်း တမူထူးခြားသော တိုက်ရည်ခိုက်ရည်စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာ သူတို့နှစ်ယောက်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပင်။ သို့ဖြစ်ရာ မည်သူက အသာစီးရနေမှန်း အလွယ်တကူ ဆုံးဖြတ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
သူတို့၏ တိုက်ပွဲကြီးကြောင့် တိုက်ပွဲကြီးတစ်ခုလုံးမှာ ရှည်ကြာနေရ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့နှင့် ဆုံခဲ့ဖူးသလို နတ်သမီးလင်ယို၏ ဆရာ ဖြစ်ဟန်တူသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ဝန်ကြီးချုပ်မှာလည်း အဆင့်တစ်စစ်တပ် ခေါင်းဆောင်ကြီးဖြစ်သည့် တာအိုရောင်းရင်းကူမော့နှင့်အတူ ပူးပေါင်းကာ အစွမ်းကုန် ခုခံတွန်းလှန်တိုက်ခိုက်နေသည်။ သူတို့၏ ပြိုင်ဘက်မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက် ဖြစ်ပေသည်။
သူတို့မှာ နှစ်ယောက်တည်းနှင့် ရန်သူသုံးယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နေရသည် ဖြစ်ရာ အခက်တွေ့နေရ၏။ အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာလည်း အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေကြသည်။ နတ်သမီးလင်ယို၊ ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ ခေါင်းဆောင်ကြီး၊ ရီနျှန်ကျစ်နှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှ အခြားသော ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအားလုံးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားကြ၏။ သို့သော် သူတို့မှာ အံကြိတ်ကာ ထာဝရဝိညာဉ်အဆင့် ရန်သူပေါင်းမြောက်မြားစွာအား ခုခံတွန်းလှန်နေကြဆဲပင်။
ထို့အပြင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ စစ်တပ်များအားလုံးမှာလည်း စကြဝဠာကြီးထဲ၌ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများနှင့် သူသေကိုယ်သေ ယှဉ်ပြိုင်တိုက်ခိုက်နေကြ၏။
ထို့ကြောင့် ထစ်ချုန်းသံများ၊ ပေါက်ကွဲသံများနှင့် အော်ဟစ်မြည်တမ်းသံများမှာ နေရာအနှံ့၌ ပဲ့တင်ထပ်နေတော့သည်။ ထို့အပြင် ဂြိုဟ်များ အက်ကွဲပျက်စီးသွားကြသည့် အသံများကိုပင် မကြာခဏဆိုသလို ကြားနိုင်ပေသည်။ ထိုအသံများကြောင့် တိုက်ပွဲကြီးမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာသလို နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာလည်း တဖြည်းဖြည်းနှင့် အရေးနိမ့်လာနေသည်ကို အထင်အရှား မြင်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော်... ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထက် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ ပို၍ပိုင်ဆိုင်ထားသောကြောင့်ပင်။ သူတို့ထဲမှ အများစုမှာ တွန်းလှန်တိုက်ထုတ်ခံနေရသည့်တိုင်အောင် စစ်တပ်ထဲသို့ ပြေးဝင်လာကြသည့် အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ အမြောက်အမြား ရှိနေဆဲပင်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ စစ်တပ်များမှာ သူတို့အား ခုခံတွန်းလှန်နိုင်စွမ်း မရှိကြသဖြင့် မန္တန်အစီအရင်များကို အသုံးပြုကာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများအား စတေး၍ အချိန်ဆွဲထားရ၏။ သို့သော် သူတို့မှာ အချိန်အကြာကြီး တောင့်ခံနိုင်မည်မဟုတ်ဘဲ နောက်ဆုံးတွင် ချေမှုန်းခံလိုက်ရမည်သာ ဖြစ်သည်။
ထိုစစ်တပ်များ ချေမှုန်းခံလိုက်ရပါက နဂိုကတည်းက အရေးနိမ့်နေခဲ့ရသည့် တိုက်ပွဲကြီး၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားမည်ဖြစ်သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာလည်း ဆဋ္ဌဂံမြေဂိုဏ်းကဲ့သို့ နိဂုံးချုပ်သွားရမည်သာ ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲကြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ သူတို့၏ ဂိုဏ်းခေါင်းဆောင်ကြီးမှာ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါသော်လည်း ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်အား ယှဉ်ပြိုင်တိုက်ခိုက်နေရသည့် တာအိုရောင်းရင်းကူမော့နှင့် ဝန်ကြီးချုပ်ကြီးတို့မှာ တဖြည်းဖြည်းနှင့် အားလျော့လာကြပြီဖြစ်သည်။
တစ်ချိန်ထဲမှာပင် နတ်သမီးလင်ယိုနှင့် အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာလည်း မနိုင်ဝန်ထမ်းနေရသဖြင့် အခြေအနေများ မဟန်တော့ပေ။ သူတို့၏ ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာကြပြီ ဖြစ်သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ စစ်တပ်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအနည်းငယ်ခန့်ကိုပင် ဖိနှပ်ချုပ်တည်းနိုင်စွမ်း မရှိတော့သလို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူအားလုံးနီးပါးမှာလည်း သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။
ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲမှ ကျင့်ကြံသူများအားလုံးမှာ ဒေါသများ ထွက်လာရသလို ခိုကိုးရာမဲ့ကာ စိတ်ဓာတ်များကျရတော့သည်။ ထိုစဉ်တွင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ မျက်ဝန်းများ အရောင်လက်သွားပြီး ရုတ်တရက်ဆိုသလို စကားပြောလိုက်သဖြင့် သူ၏စကားသံကြီးမှာ စစ်မြေပြင်ကြီးထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
" တာအိုရောင်းရင်း နတ်ဧကရာဇ်။ ခဗျားရဲ့ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက လွတ်လမ်း မရှိတော့ပါဘူး။ ကျုပ် ခဗျားကို ရွေးချယ်စရာတစ်ခုပေးမယ်။ ကျုပ်ရဲ့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းပြီးတော့ ကျုပ်ဆီမှာ သစ္စာခံပါ့လား "
" မင်းတို့က ငါ့ရဲ့ လူမှုအဖွဲ့အစည်းကို ကျူးကျော်၊ ငါ့ရဲ့ တာအိုရောင်းရင်းတွေကို သတ်ဖြတ်ပြီး ငါ့ရဲ့ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့တာလေ။ ငါ ဒီနေ့ ဒီနေရာမှာ သေသွားမယ်ဆိုရင်တောင် သူရဲဘောကြောင်ပြီး မင်းတို့လိုကောင်တွေဆီ သစ္စာခံမှာ မဟုတ်ဘူးကွ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာ မျက်နှာအမူအရာ ပျက်နေသလို နှလုံးသားထဲတွင် ခိုကိုးရာမဲ့သလို ခံစားနေရပြီဖြစ်သည်။ သို့သော် သူ လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများ ရှိနေဆဲပင်။ သူသည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ခေါင်းဆောင်ကြီးများထဲမှ တစ်ယောက်ဖြစ်သလို သူတို့ထဲ၌ အစွမ်းအထက်ဆုံး ဖြစ်နေသည် ဖြစ်ရာ အလွန်အင်မတန်မှ ရည်မှန်းချက် ကြီးမားပေသည်။ ထို့ကြောင့် သူသည် ယခုလို အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင်အောင် သူ၏ မာနကို အထိခိုက်ခံမည်မဟုတ်ပေ။
ထိုအခါ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ လှောင်ပြုံးပြုံးကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးအား ဖိနှိပ်ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် စကားထပ်ပြောလိုက်ပြန်သည်။ သို့သော် ယခုအကြိမ်တွင်မူ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးအား နားချနေခြင်းမဟုတ်ဘဲ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားအားလုံးကို လှမ်းပြောလိုက်ခြင်းဖြစ်၏။
" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားတွေ အကုန်လုံးကို ငါပြောမယ်။ သူ့ကြောင့် မင်းတို့တွေ ဒုက္ခရောက်ကြရမှာနော်။ မင်းတို့ရဲ့ ခေါင်းဆောင်ကြီး ဘယ်လိုဆုံးဖြတ်ချက်ပဲ ချချ မင်းတို့ရဲ့အသက်က မင်းတို့လက်ထဲမှာပဲ ရှိတယ်။ ကျင့်ကြံခြင်းလမ်းခရီးစဉ်က လွယ်ကူချောမွေ့မှု မရှိတာမလို မင်းတို့တွေ အခွင့်အရေးတစ်ခါပဲ ရမှာကွ။ အညံ့ခံတဲ့လူမှန်သမျှကို အသက်ချမ်းသာပေးမယ်။ မင်းတို့တွေ အားလုံးကို မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေအဖြစ် လက်ခံကြိုဆိုပေးမှာ "
ကျင့်ကြံသူတိုင်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးလောက် ခံယူချက် မပြင်းထန်ကြပေ။ ထို့အပြင် သူတို့မှာ သေရေးရှင်ရေး အခိုက်အတန်သို့ ရောက်နေကြပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းနေကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့ထဲမှ အများစုမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းချုပ်ကြီး၏ စကားများကို ကြားလိုက်ရသောအခါ ခံယူချက်များ ယိမ်းယိုင်သွားရတော့သည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ နှုတ်ဆိတ်နေ၏။ သူသည် ဂိုဏ်းသားများအားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်ဖြစ်ကြောင်း သိထားပါသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးတွင် အသက်ရှင် ကျန်ရစ်နိုင်ရန် ရွေးချယ်ခြင်းမှာ မထူးဆန်းကြောင်း နားလည်ထားသည်။
သို့သော် သူသည် သူ့အပေါ် အမြင်မကြည့်သည့် ပထမစစ်တပ်၏ ခေါင်းဆောင်ကြီးဖြစ်သော တာအိုရောင်းရင်း ကူမော့မှာ ထိုသို့ ရွေးချယ်လိုက်ခြင်း မရှိသည့်အတွက် အံ့အားသင့်သွားရ၏။ သို့ရာတွင် သူ၏ လက်အောက်ငယ်သားဖြစ်သူ လက်ထောက်ခေါင်းဆောင်ကြီး ရီနျှန်ကျစ်မှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားပြီး တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အော်ပြောလိုက်တော့သည်။
" မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီး။ ကျွန်တော် အညံ့ခံပါတယ် "
သူ ထိုသို့ဆိုလိုက်သောအခါ စစ်မြေပြင်ကြီး တစ်ခုလုံးမှာ တုန်ရီသွားရပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသား အများစုမှာလည်း ပို၍ပင် ခံယူချက်များ ယိမ်းယိုင်လာရတော့သည်။ အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် မပြောပလောက်သည့် အဆင့်တွင်သာ ရှိပါသော်လည်း အခြား ကျင့်ကြံသူများအတွက်မူ သူတို့မှာ ရာထူးအဆင့်အတန်းမြင့်မားသည့် အစွမ်းထက်ပုဂ္ဂိုလ်များကဲ့သို့ ဖြစ်နေကြသည် မဟုတ်ပါလော။ ထို့အပြင် ရီနျှန်ကျစ်မှာ အဆင့်တစ်စစ်တပ်၏ လက်ထောက်ခေါင်းဆောင်ကြီး ဖြစ်နေသည်ဖြစ်ရာ သူအညံ့ခံသွားသည့် အချက်ကြောင့် စိတ်ဓာတ်ယိမ်းယိုင်သွားကြသည့်လူများ ပိုများလာရသည်မှာ မထူးဆန်းပေ။
ထို့ကြောင့် နတ်သမီးလင်ယို၊ ချပ်ဝတ်တန်ဆာနက်တပ်ရင်း ခေါင်းဆောင်ကြီးနှင့် အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ အားလုံးမှာ မျက်စိမျက်နှာ ပျက်သွားကြတော့သည်။ သို့သော် စိတ်အပျက်သွားရဆုံး ပုဂ္ဂိုလ်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး မဟုတ်ဘဲ အဆင့်တစ်စစ်တပ်၏ ခေါင်းဆောင်ကြီးဖြစ်သူ တာအိုရောင်းရင်း ကူမော့ ဖြစ်ပေသည်။
" ရီနျှန်ကျစ်။ မင်းက အတင့်ရဲလွန်းလှပါလား " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ဝန်ကြီးချုပ်နှင့်အတူ ပူးပေါင်းကာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်အား ခုခံတွန်းလှန်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသည့် တာအိုရောင်းရင်းကူမော့မှာ သတ်ဖြတ်လိုစိတ်များ တလက်လက် တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ရီနျှန်ကျစ်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
" ခေါင်းဆောင်ကြီး။ ကျွန်တော်တို့က ဒီတိုက်ပွဲကြီးကို သေချာပေါက် ရှုံးနိမ့်တော့မှာပဲကို။ ကျွန်တော်က ကျေးဇူးကန်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားရွေးချယ်စရာမှ မရှိဘဲ " ရီနျှန်ကျစ်မှာ ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေ၏။ သူသည် အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေသည့်ပုံ ပေါက်နေပြီး လမ်းတစ်လျှောက်တွင် အခြား နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများအား ဝင်တိုက်မိသွားသည်ကိုပင် ဂရုစိုက်နေခြင်း မရှိပေ။ ထို့အပြင် သူ၏ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းအဆင့်ကြောင့် သူ ဝင်တိုက်မိခဲ့သည့် ဂိုဏ်းသားအများစုမှာ သေဆုံးသွားရ၏။
" သိပ်ကောင်းတယ်။ မင်းနာမည်က ရီနျှန်ကျစ်တဲ့လား။ အခုကစပြီးတော့ မင်းက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားတစ်ယောက် ဖြစ်သွားပြီ။ မင်းရဲ့ တိုက်ပွဲရမှတ်တွေကို အခုပဲ စပြီးတော့ ရေတွက်ပေးမယ်။ မင်း လူတွေအများကြီး ပိုသတ်နိုင်လေလေ ဂိုဏ်းဆီပြန်ရောက်ရင် ပစ္စည်းတွေ ပိုပြီးတော့ လဲလှယ်နိုင်လေလေပဲ။ တကယ်လို့ မင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုသာ သတ်နိုင်မယ်ဆိုရင် အလယ်အလတ် ထာဝရဝိညာဉ်အဆင့်ကို ဖောက်ထွက်သွားစေနိုင်မယ့် မိုးကောင်းကင်ဝိညာဉ် ဆေးလုံးတစ်လုံး ဆုချမယ်ကွာ " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ အော်ဟစ်ရယ်မောကာ အားပေးစကားများ ဆိုလိုက်၏။
သူ ထိုသို့ဆိုလိုက်သည်နှင့် ရီနျှန်ကျစ်မှာ ချက်ချင်းဆိုသလိုပင် အမူအရာပြောင်းလဲသွား၏။ ထို့နောက် သူသည် သူ၏ရှေ့မှနေ၍ နောက်သို့ ခြေတစ်လှမ်းချင်း ဆုတ်ခွာသွားနေသည့် နတ်သမီးလင်ယိုအား ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်လိုက်တော့သည်။
နတ်သမီးလင်ယိုမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအားလုံးထဲ၌ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သလို သူမ၏ ဒဏ်ရာများမှာ သူ့ထက် အများကြီးပို၍ ပြင်းထန်နေ၏။ ထို့ကြောင့် ရီနျှန်ကျစ်မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ရှေ့သို့ ပြေးထွက်သွားရန် ပြင်လိုက်တော့သည်။
သို့သော် ထိုအခိုက်အတန့်တွင်... စကြဝဠာကြီးထဲရှိ အဝေးတစ်နေရာ၌ ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းပြီး လူတိုင်းမှာ စကြဝဠာကြီးအား ထက်ခြမ်းခွဲသွားသည့်ပုံ ပေါက်နေသည့် သက်တံ့ကြီးတစ်ခု စစ်မြေပြင်ကြီးဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ မကြာသေးမီတုန်းက အလွန်မတန်မှ ဝေးကွာနေခဲ့ပါသော်လည်း... တစ်အောင်ခန့်အကြာတွင် စစ်မြေပြင်ကြီးထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာတော့သည်။ ၎င်း၏ အမြန်နှုန်းကြောင့် တာအိုရောင်းရင်း ကူမော့နှင့် ဝန်ကြီးချုပ်ကြီးတို့ အပါအဝင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအားလုံးမှာ တုန်လှုပ်ချောက်ချားသွားရ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီး၊ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့ပင်လျှင် မျက်နှာအမူအရာများ ပြောင်းလဲသွားရသည်။
သူတို့ ထိုကဲ့သို့ မျက်နှာအမူအရာများ ပြောင်းလဲသွားစဉ်မှာပင် ထိုသက်တံ့ရှည်ကြီးမှာ တုန်လှုပ်ချောက်ချားနေသည့် ရီနျှန်ကျစ်၏ ရှေ့၌ ချက်ချင်းပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီးနောက် သူ၏ နတ်ဘုရားစွမ်းအင်များ အားလုံးကို လျစ်လျူရှုကာ သူ၏လည်ပင်းအား လှမ်းညှစ်လိုက်တော့သည်။
ထို သက်တံ့ကြီး ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသောအခါ ဝမ်ပေါင်လဲ့၏ လူရိပ်ကြီးမှာ စစ်မြေပြင်ထဲ၌ ပေါ်ပေါက်လာ၏။ သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ရီနျှန်ကျစ်အား လည်ပင်းညှစ်ထားသည်ကို မြင်နိုင်ပေသည်။ ရီနျှန်ကျစ်မှာ မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ လွတ်မြောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ သူသည် စကားပင် မပြောနိုင်ပေ။ သို့သော် သူသည် ထိုကဲ့သို့ ရောက်ရှိလာသည့် ပုဂ္ဂိုလ်ကြီးအား မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရပြီး သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။
" အဟမ်း။ ဟို မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးဆိုလား ဘာဆိုလားဆိုတဲ့ တစ်ယောက်။ ကျုပ် ဒီ ရီနျှန်ကျစ်ဆိုတဲ့ကောင်ကို သတ်လိုက်မယ်ဆိုရင် ခဗျားပြောခဲ့တဲ့ မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ကျုပ်ကို ပေးမှာလား " ဝမ်ပေါင်လဲ့မှာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျက်နှာအမူအရာ သုန်မှုန်နေသလို အခြားသူများနည်းတူ အံ့ဩတုန်လှုပ်နေရသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးအား လှမ်းကြည့်ကာ မေးလိုက်တော့သည်။