← Chapters

စစ်မြေပြင်ကြီးအား တုန်ရီသွားစေခြင်း

Vol. 62 Ch. 858

စစ်မြေပြင်ကြီးအား တုန်ရီသွားစေခြင်း

Vol. 62 Ch. 858

" လုံနန်ကျစ် " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ အေးစက်စက် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ သူသည် တော်ဝင်သင်္ချိုင်းကုန်း ရုပ်တုကြီးအား ဝိညာဉ်ကိုးပါးနယ်မြေထဲ၌ သူကိုယ်တိုင် ချုပ်နှောင်ခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့အကြောင်း သိရှိထားပြီးဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် တော်ဝင်မင်းသား သုံးပါးစလုံးမှာလည်း ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်အား သိရှိထားကြပြီးသား ဖြစ်၏။

သို့သော် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ သူသည် ထိုရုပ်တုကြီးအား ဝိညာဉ်ကိုးပါးနယ်မြေထဲ၌ ချုပ်နှောင်ခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် ပြန်၍ ပေါ်ပေါက်လာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

" လုံနန်ကျစ်ပါလား "

" လုံနန်ကျစ်ပဲ " ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည့်နှင့် စစ်မြေပြင်ကြီး တစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားရ၏။ တစ်ဖက်တွင် သူ၏ ပေါ်ပေါက်လာမှုမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။ သူသည် သစ္စာဖောက်သွားခဲ့သည့် ရီနျှန်ကျစ်အား ကြက်ကလေး တစ်ကောင်ကဲ့သို့ လည်ပင်းညှစ်ထား၏။ အခြားတစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားခဲ့သည်ကို တိုက်ပွဲကြီးထဲရှိ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသား အများစုမှာ သိရှိထားကြပြီးသားဖြစ်သည်။ သူတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည်နှင့် လူတိုင်းမှာ အံ့အားသင့်သွားရခြင်းဖြစ်ပေသည်။

ထိုအချိန်တွင် နတ်သမီးလင်ယိုနှင့် ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးတို့မှာလည်း အံသြတုန်လှုပ်နေရပြီဖြစ်သည်။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ပို၍ အံ့ဩတုန်လှုပ်နေကြရခြင်း ဖြစ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်နှာမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားသည့် သူ၏ ချပ်ဝတ်တန်ဆာကြီးမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေသောကြောင့်ပင်။

တာအိုရောင်းရင်းကူမော့မှာလည်း ထိုအချက်အား သတိထားမိသွား၏။

ဝမ်ပေါင်လဲ့မှာ သူ၏ စွမ်းအားအစစ်အမှန်ကို ထုတ်မပြရသေးသည့်တိုင်အောင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသား မြောက်မြားစွာအား အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့ဆဲပင်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးပင်လျှင် မျက်ဝန်းများ အရောင်တောက်ပသွား၏။

" ကြည့်ရတာ ခဗျားကြီးက အဲဒီဆေးလုံးကို မပေးချင်ဘူးနဲ့ တူတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သက်ပြင်းချလိုက်ပြီး မျက်ဝန်းများ အေးစက်စွာတောက်ပသွားတော့သည်။ ရီနျှန်ကျစ်တစ်ယောက် မည်မျှပင် ကြိုးစားရုန်းကန်ကာ သနားကမား မျက်ဝန်းလေးများဖြင့် အသနားခံနေစေကာမူ သူသည် ညာဘက်လက်အား မလွှတ်တမ်း ညှစ်ထားဆဲပင်။ နောက်ဆုံးတွင် ဂျွတ်ခနဲ မြည်သံတစ်သံ ထွက်ပေါ်လာပြီး ရီနျှန်ကျစ်၏ လည်ပင်းရိုးမှာ တစ်စစီ ကြေမွသွားတော့သည်။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ရီနျှန်ကျစ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားစေလိုက်ပြီး သူ၏ ဝိညာဉ်အား ဖျက်ဆီးချေမှုန်းပစ်လိုက်၏။

" ငါ မင်းကို သတ်ချင်နေတာ တော်တော်ကြာပြီ " ဝမ်ပေါင်လဲ့မှာ အေးတိအေးစက် လေသံဖြင့် ဆိုလိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်အား လွှတ်လိုက်သောအခါ ရီနျှန်ကျစ်၏ ရုပ်အလောင်းမှာ အပြင်းအထန်တုန်ရီကာ ပြာကျသွားပြီး စကြဝဠာကြီးထဲ၌ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့ ထိုသို့ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ မျက်ဝန်းများအရောင်တောက်ပလာပြီး ရုတ်တရက်ဆိုသလို အော်ဟစ် အမိန့်ပေးလိုက်၏ " လုံနန်ကျစ်။ မင်းရဲ့ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းနဲ့ တိုက်ပွဲတွေထဲမှာ သွားကူညီပေးလိုက်။ မင်း စိတ်ကြိုက်ပြုမူခွင့်ရှိတယ် "

" ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး " ဝမ်ပေါင်လဲ့မှာ ဂိုဏ်းသားပေါင်း မြောက်မြားစွာ၏ ရှေ့တွင်ရောက်နေသည်ဖြစ်ရာ မည်သို့မည်ဖုံ ပြောဆိုပြုမူသင့်ကြောင်း နားလည်ထား၏။ ထို့အပြင် သူသည် သူတို့အား ကူညီပေးရန် ပြန်ရောက်လာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုသို့ပြန်ဖြေလိုက်ပြီးနောက် သူ၏ ညာဘက်ကိုမြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်တော့သည်။

ထိုအခါ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး သူ၏ ပတ်ပတ်လည်၌ စစ်သင်္ဘော အစင်းရေ တစ်သောင်းခန့် ပေါ်ပေါက်လာ၏။ ၎င်းတို့ အားလုံးမှာ ဘေးပတ်ပတ်လည်ရှိ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများဆီသို့ ဦးတည်ပျံသန်းသွားကြပြီနောက် ပေါက်ကွဲသွားကြတော့သည်။ ထိုမြင်ကွင်းကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် အခြားစစ်တပ်များမှာ ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်များတက်ကြွသွားကြ၏။

" အလိုအလျောက် ပေါက်ကွဲနိုင်တဲ့ စစ်သင်္ဘောကြီးတွေပဲ "

" ဒီ စစ်သင်္ဘောကြီးတွေကြောင့် ငါတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ တော်တော်လေး လျော့ကျသွားမှာ သေချာတယ် " ဝမ်ပေါင်လဲ့၏ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းထဲမှ အလိုအလျောက် ပေါက်ကွဲနိုင်သည့် စစ်သင်္ဘောကြီးများမှာ အလွန်အင်မတန်မှ နာမည်ကျော်ကြားသည်ကို အထင်အရှား သိမြင်နိုင်ပေသည်။

၎င်းမှာ အဆင့်နှစ်စစ်တပ်ဖြစ်ရာ သူ၏ ကူညီအားဖြည့်ပေးမှုမှာ တိုက်ပွဲကြီး၏ အခြေအနေအား သေချာပေါက် ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း အသာစီးရသွားသည့် အနေအထားအထိ စွမ်းဆောင်ပေးနိုင်မည် မဟုတ်ပါသော်လည်း ဂိုဏ်းသားများအားလုံး ခံစားနေရသည့် ဖိအားများကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားအောင် ဆောင်ရွက်ပေးနိုင်မည်သာ ဖြစ်သည်။

သို့သော်... နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများ ထိုသို့ တွေးတောနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏လက်အား နောက်ထပ်တစ်ကြိမ်ထပ်၍ ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ ဝိညာဉ်များနှင့် တစ်သားတည်း ပေါင်းစည်းနေကြသည့် ရုပ်သေးရုပ် တစ်သိန်းကျော်မှာ တစ်ရုပ်ပြီးတစ်ရုပ် ပေါ်ပေါက်လာကြတော့သည်။ ၎င်းတို့အားလုံးမှာ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်၍ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြ၏။ ၎င်းတို့ထဲမှာ အားအနည်းဆုံး ရုပ်သေးရုပ်မှာ ယွမ်ယင်အဆင့်တွင် ရှိနေသည်။

ထို ရုပ်သေးရုပ်များ၏ ပေါ်ပေါက်လာမှုကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားအားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာလည်း မျက်လုံးပြူးကြီးများနှင့် စိုက်ကြည့်နေကြရပြီ ဖြစ်သည်။

" ဒါက... "

" ယွမ်ယင်အဆင့် ရုပ်သေးရုပ်တွေပါလား "

" တစ်သိန်းကျော်တောင် ရှိနေတာဟ... ဘုရားရေ... ယွမ်ယင်အဆင့် ရုပ်သေးရုပ် အရုပ်တစ်သိန်းကျော်အထိ ရှိနေတာပဲ "

နတ်သမီးလင်ယို၊ ချပ်ဝတ်တန်‌ဆာနက်တပ်ရင်း ခေါင်းဆောင်ကြီးနှင့် အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ အားလုံးမှာလည်း ထိုမြင်ကွင်းအား ငေးကြည့်နေကြရပြီ ဖြစ်သည်။ တာအိုရောင်းရင်းကူမော့နှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီတို့သာလျှင် အမူအရာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူတို့၏ မျက်နှာအမူအရာများမှာ တည်ကြည်သွားကြ၏။

ထို စစ်သင်္ဘောကြီးများနှင့် ရုပ်သေးရုပ် တစ်သိန်းကျော်တို့ကြောင့် ဝမ်ပေါင်လဲ့၏ စစ်တပ်မှာ အဆင့်နှစ်နေရာမှ အဆင့်တစ်နေရာသို့ တက်လှမ်းသွားနိုင်ပြီဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ စစ်တပ်တစ်ခုနှင့်ပင် မတူတော့ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မျိုးနှင့်သာ ဆိုပါက သူသည် သူ၏ကိုယ်ပိုင် ဂိုဏ်းတစ်ဂိုဏ်းကိုပင် တည်ထောင်နိုင်စွမ်း ရှိနေပြီဟု ဆိုနိုင်ပေသည်။

သို့သော်... ထိုမျှ‌လောက်နှင့် ပြီးမသွားသေးပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ သူ၏ စစ်တပ်၏ စွမ်းအားအစစ်အမှန်အား ဖုံးကွယ်ထားရန် ဆန္ဒမရှိသောကြောင့်ပင်။ သူသည် ဂုဏ်သတင်း ထင်ပေါ်ကျော်စောလာပြီး လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိလာအောင်လုပ်ရန် ကြံရွယ်ထားသည်ဖြစ်ရာ သူ၏ စွမ်းအားများကို ထုတ်ပြရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် သူ၏ လက်အား နောက်ထပ်တစ်ကြိမ်ထပ်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ထာဝရဝိညာဉ်အဆင့် အငွေ့အသက် ဆယ့်နှစ်ခု ထွက်ပေါ်လာသဖြင့် စစ်မြေပြင်ကြီး တစ်ခုလုံးမှာ သိမ့်ခနဲ တုန်ရီသွားရပြီး လူတိုင်းမှာ မျက်နှာအမူအရာများ လုံးဝပြောင်းလဲသွားကြတော့သည်။

ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များ ပိုင်ဆိုင်ထားသည့် ရုပ်သေးရုပ်ဆယ့်နှစ်ရုပ် ထွက်ပေါ်လာခြင်းဖြစ်၏။ ၎င်းတို့ ပေါ်ပေါက်လာသည်နှင့် စစ်မြေပြင်ကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီနောက် တစ်အောင့်ခန့်အကြာတွင် ဆူညံပွက်လောရိုက်သွားတော့သည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသား အားလုံးမှာလည်း အမူအရာများပြောင်းလဲသွားကြသလို နတ်သမီးလင်ယိုအား တိုက်ခိုက်နေကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာလည်း အလန့်တကြား အော်ဟစ်မြည်တမ်းမိသွားကြ၏။

" ထာ... ထာဝရဝိညာဉ်အဆင့်... "

" ထာဝရဝိညာဉ်အဆင့် ရုပ်သေးရုပ်တွေပါလား.... "

နတ်သမီးလင်ယိုမှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရပြီး ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာမူ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှ အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာလည်း အံ့ဩတုန်လှုပ်နေကြရပြီ ဖြစ်သည်။ သူတို့ထဲမှ အချို့မှာဆိုလျှင် မည်သည့်အရာကိုမှ နားမလည်နိုင်တော့သည့်ပုံ ပေါက်နေကြ၏။ ထာဝရဝိညာဉ်အဆင့် ရုပ်သေးရုပ်များမှာ အလွန်အင်မတန်မှ ရှားပါးသည်ဖြစ်ပြီး သူတို့မှာ ၎င်းတို့အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ ထို့အပြင် သူတို့မှာ ထို ရုပ်သေးရုပ်ဆယ့်နှစ်ရုပ်အား တစ်ပြိုင်နက်တည်း မြင်တွေ့လိုက်ရသည် မဟုတ်ပါလော။

တာအိုရောင်းရင်းကူမော့နှင့် ဝန်ကြီးချုပ်တို့အား တိုက်ခိုက်နေကြသည့် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်ပင်လျှင် မျက်နှာအမူအရာများ လုံးဝ ပြောင်းလဲသွားကြ၏။ ဂြိုဟ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၊ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် သူ၏ ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာလည်း အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြပြီဖြစ်သည်။

" တောက်ကွာ... " ထိုအခါ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီး၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် တော်ဝင်သင်္ချိုင်းကုန်းကြီးထဲ၌ ရှိနေသည့် အရာများကို သိမထားပါသော်လည်း သူတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့မှာ အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည့်တိုင်အောင် ထို ရုပ်သေးရုပ်များကို ထုတ်ယူခြင်း မရှိခဲ့ကြောင်း သိထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ... သူ ယခု မြင်တွေ့နေရသည့် အရာများမှာ ဝမ်ပေါင်လဲ့ ထိုသင်္ချိုင်းကုန်းကြီးထဲ၌ ရှာတွေ့ခဲ့သည့်အရာများ ဖြစ်ရပေမည်။

ထို ရုပ်သေးရုပ်များ၏ ပေါ်ပေါက်လာမှုကြောင့် တိုက်ပွဲကြီး၏ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားရပြီဖြစ်သည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း တစ်ဂိုဏ်းတည်း မဟုတ်ဘဲ ဂိုဏ်းနှစ်ဂိုဏ်းနှင့် တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပြီမဟုတ်ပါလော။

ဝမ်ပေါင်လဲ့၏ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း ပေါ်ပေါက်လာမှုကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ စိတ်ဓာတ်များတက်ကြသွားရ၏။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာ ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စတင် ထိတ်လန့်တုန်လှုပ်လာရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ် တစ်သိန်းကျော်နှင့် အလိုအလျောက် ပေါက်ကွဲနိုင်သည့် စစ်သင်္ဘောကြီးများမှာ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီ မဟုတ်ပါလော။ ထို့ကြောင့် နေရာအနှံ့အပြားတွင် ထစ်ချုန်းသံများ စတင်ထွက်ပေါ်လာရတော့သည်။ ထို့အပြင် ယခုတွင် ထာဝရဝိညာဉ်အဆင့် ရုပ်သေးရုပ်ဆယ့်နှစ်ရုပ်မှာလည်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲများထဲသို့ ရောက်ရှိလာကြပြီဖြစ်သည်။

၎င်းတို့မှာ ရုပ်သေးရုပ်များ ဖြစ်ကြပါသော်လည်း ၎င်းတို့၏ မျက်နှာအမူအရာများမှာ အသိဉာဏ်ရှိသည့်ပုံ ပေါက်နေကြ၏။ ၎င်းတို့၏ တိုက်ကွက်များမှာလည်း သေသပ်တိကျမှုအပြည့် ရှိနေသောကြောင့် သူတို့မှာ သက်ရှိများနှင့်ပင် တူနေတော့သည်။ ထို့အပြင် ၎င်းတို့မှာ နတ်မျက်လုံးပညာရပ်ကိုလည်း တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ကြသေးသည်။ ထို့ကြောင့် နတ်မျက်လုံးများ ပေါ်ပေါက်လာကြသဖြင့် စစ်မြေပြင်ကြီးပေါ်ရှိ လူတိုင်းမှာ ထပ်၍ မှင်တက်သွားကြရပြန်သည်။

" နတ်မျက်လုံးပညာရပ်ပါလား "

" ဒါ... ဒါ ဘာကြီးလဲဟ "

" တော်ဝင်မိသားစုရဲ့ နတ်မျက်လုံးပညာရပ်ပဲ။ တော်ဝင်မိသားစုက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနဲ့ ပူးပေါင်းလိုက်တာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ရဲ့ ပညာရပ်က လုံနန်ကျစ်ဘေးမှာ ပေါ်ပေါက်လာရတာလဲ "

" နေပါဦး... အဲတာဆို လုံနန်ကျစ်က.... ဘုရားရေ။ သူက ဘယ်သူများ ဖြစ်နေတာလဲကွ... "

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများမှာ အတွေးများ ယောက်ယက်ခတ်နေကြပါသော်လည်း ထိုကိစ္စနှင့်ပတ်သတ်၍ စဉ်းစားတွေးတောနေရန် အချိန်မရှိကြောင်း နားလည်ထား၏။ ထို့ကြောင့် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း တိုက်ခိုက်လိုက်သည့်အချိန်တွင် သူတို့အားလုံးမှာ အံကြိတ်ကာ အစွမ်းကုန်ထုတ်လွှတ်လိုက်ကြပြီးနောက် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းနှင့်အတူ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်ကြတော့သည်။

တိုက်ပွဲကြီးတစ်ခုလုံး၏ အခြေအနေမှာ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ မကြာသေးမီးတုန်းက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများမှာ ထွက်ပြေးဆုတ်ခွာနေခဲ့ရပါသော်လည်း ယခုတွင်မူ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာ ဖရိုဖရဲ ဖြစ်နေကြ၏။ တစ်ချိန်ထဲမှာပင် ဝန်ကြီးချုပ်နှင့် တာအိုရောင်းရင်းကူမော့တို့မှာလည်း အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေကြသည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီမှာလည်း တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ လျှို့ဝှက်ပညာရပ်များကို ထုတ်သုံးခဲ့၏။ ထို့ကြောင့် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ ပြန်လည်မြင့်တက်လာသဖြင့် သူနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးနှစ်ယောက်၏ ကြားရှိ တိုက်ပွဲကြီးမှာလည်း ပို၍ ပြင်းထန်လာတော့သည်။

စကြဝဠာကြီးတစ်ခုလုံး တုန်ရီနေပြီး နေရာတိုင်း၌ အော်ဟစ်မြည်တမ်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့မှာလည်း အချိန်ဖြုန်းနေခြင်း မရှိပေ။ သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ စစ်မြေပြင်ကြီးထဲသို့ ပြေးဝင်သွားလိုက်၏။ သူ သွားလိုက်သည့် နေရာတိုင်းတွင် သူနှင့် ဝင်တိုက်မိသွားကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားတိုင်းမှာ ခန္ဓာကိုယ်များ တစ်စစီ ကြေမွပျက်စီးသွားရသည်သာ ဖြစ်သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းထားသည့် ဝမ်ပေါင်လဲ့မှာ စစ်မြေပြင်ကြီးထဲသို့ ထိုးဝင်သွားနေသည့် အသွားထက် ဓားတစ်လက်ကဲ့သို့ပင်။ သူသည် စစ်မြေပြင်ကြီးတစ်ခုလုံးအား ထက်ခြမ်းခွဲလိုက်သလို ကျော်ဖြတ်သွားလိုက်ပြီးနောက် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားပေါင်း မြောက်မြားစွာ သူတို့၏ အသက်များကို စတေးကာ ချုပ်နှောင်ထားခဲ့ရသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ ရှေ့သို့ ရောက်ရှိလာတော့သည်။

ထို ကျင့်ကြံသူနှစ်ယောက်မှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေကြ၏။ သူတို့မှာ တုန်လှုပ်ချောက်ချားနေကြသည့် အမူအရာများဖြင့် ထွက်ပြေးဆုတ်ခွာရန် ကြိုးစားလိုက်ကြပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ပစ်မှတ်များ ဖြစ်နေကြသည် မဟုတ်ပါလော။ သူသည် သူ၏ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံကျင်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီးနောက် အရှိန်ကုန်မြှင့်တင်ကာ သူတို့ထဲမှ တစ်ယောက်၏ ‌ဘေးမှ ချက်ချင်း ဖြတ်ပျံသွားလိုက်၏။ ထို့နောက် သူသည် နောက်သို့ပင်လှည့်မကြည့်ဘဲ အခြားတစ်ယောက်၏ နောက်သို့ ပြေးလိုက်သွားပြန်သည်။

ဝမ်ပေါင်လဲ့၏နောက်တွင် ကျန်ရစ်ခဲ့သည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားမှာ မျက်လုံးပြူးကြီးများဖြင့် ငေးငိုင်သွားရ၏။ ထို့နောက် သူ သူ၏ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်ချိန်တွင် ဦးခေါင်းမပါတော့သည့် သူ၏ ခန္ဓာကိုယ်ကြီး ဘေးဘက်သို့ မျောလွင့်သွားသည်ကို မြင်လိုက်ရတော့သည်။

တစ်အောင့်ခန့် အကြာတွင် သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကြီးတို့မှာ မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ သူသည် ဇီဝိန်ချုပ်သွားရပြီ ဖြစ်သည်။

သို့သော် သူ တစ်ယောက်တည်းတော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အဖော်ဖြစ်သူ အခြား အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူမှာလည်း သူ့ထက် တစ်ကြိမ်မျှသာ ပို၍ အသက်ရှူနိုင်ခဲ့သောကြောင့်ပင်။ ထိုအသက်ရှူကြိမ် တစ်ကြိမ် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ လက်ညှိုးထိုးလိုက်သဖြင့် ထို ကျင့်ကြံသူ၏ ဦးခေါင်းခွံမှာ ကြေမွပျက်စီးသွားရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲသွားရသလို သူ၏ ဝိညာဉ်မှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရတော့သည်။

သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်အား မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပြလိုက်သောကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ တုန်ရီသွားရပြန်သည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသား မြောက်မြားစွာမှာဆိုလျှင် ကြောက်လန့်တကြား အော်ဟစ်မြည်တမ်းကာ ထွက်ပြေးဆုတ်ခွာသွားကြပြီ ဖြစ်သည်။ သူတို့၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ ယမမင်းကြီးနှင့် တူနေတော့သည်။

" လူတွေ အများကြီးပဲ... ငါ့ရဲ့ နတ်ဆိုးမျက်လုံးပညာရပ်ကို အဆင့်မြှင့်တင်ပြီးတော့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို နောက်ထပ်တစ်ဆင့် ထပ်တက်သွားအောင် လုပ်လို့ရမလားမသိဘူး " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သူ၏ နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်များမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ အားကောင်းလာတော့သည်။

All Chapters