← Chapters

ပြန်လည် ဆုံစည်းခြင်း

Vol. 83 Ch. 1159

ပြန်လည် ဆုံစည်းခြင်း

Vol. 83 Ch. 1159

ဝိဇ္ဇာတပိုင်း အစောပိုင်းအဆင့်တစ်ဦးက သူ့အား ခြိမ်းခြောက်ရဲနေသည်။ မိုဝူကျိက အောင်းဝူချန်း၏ ခြိမ်းခြောက်မှုကို မကြောက်သည်မှာ ပုံမှန်သာ ဖြစ်၏။ သူက သူမဝိညာဉ်ကို ရှာဖို့ ကြိုးစားလိုက်သည်။

မိုဝူကျိက ဝိဇ္ဇာတပိုင်းသာ ရှိသေးသော်လည်း အောင်းဝူချန်း၏ ဝိညာဉ်ကို စတင်ရှာဖွေလိုက်သည်နှင့် သူမ၏ အသိစိတ်ပင်လယ်က အဇူရာငရဲခန်းအသွင် ပြောင်းလဲသွားလေသည်။

အောင်းဝူချန်း၏ အသိစိတ်ပင်လယ်အတွင်း တာအိုစည်းမျည်းအမျိုးမျိုး ဖြတ်သန်းရှုပ်ထွေးနေလေသည်။ မိုဝူကျိက အောင်းဝူချန်း မည်မျှ မသက်မသာ ဖြစ်နေမည်ကို ဂရုမစိုက်ပေ။ သူ့အနေနှင့် သူမဝိညာဉ်ကို ရှာဖွေဖို့ရာ မည်မျှ အန္တရာယ်ကြီးကြောင်း ဂရုမစိုက်ပေ။ သူ့တာအိုအငွေ့အသက်များက အောင်းဝူချန်း၏ အသိစိတ်ပင်လယ်အတွင်းရှိ မှတ်ဉာဏ်များကို ဆက်တိုက် ကြည့်ရှုနေသည်။

အမွေးတိုင်ဝက်စာအချိန်လေးအတွင်း အောင်းဝူချန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ ကမ္ဘာဦး စိတ်ဝိညာဉ် အပါအဝင် သူမအသိစိတ်ပင်လယ်ကား မိုဝူကျိ၏ တာအိုအငွေ့အသက်များကြောင့် တစစီ စုတ်ပြဲသွားလေ၏။

မိုဝူကျိက လက်တစ်ချက် ဝေ့လိုက်သည်နှင့် မီးတောက်တစ်ခု အောင်းဝူချန်း ခန္ဓာကိုယ်ပေါ် ကျရောက်လာကာ ချက်ချင်း ပြာဖြစ်သွားသည်။

“ အစ်မကျီလီ ကျုပ်ကို စောင့်နေပါ။ အစ်မချီပင်းနဲ့ ချီချွမ်းတို့ကို သွားရှာလိုက်ဦးမယ် ” မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ဦးတည်မသွားခင် ပြောလိုက်သည်။

သူ့လက်ရှိအင်အားဖြင့် အောင်းဝူချန်း၏ ဝိညာဉ်တစ်ခုလုံးကို ရှာဖွေဖို့ရာ မဖြစ်နိုင်ပေ။ တကယ်တော့ သူမ မှတ်ဉာဏ်အကုန်လုံး၏ ၀.၁ ရာခိုင်နှုန်းကို ရှာဖို့ရာပင် အလွန်ခက်ခဲနေပြီ ဖြစ်၏။ ထပ်ပေါင်းပြောရလျှင် သူမ မနာကျင်ရအောင် အာမခံပေးပြီး မှတ်ဉာဏ်ကို ရှာဖွေဖို့လည်း မဖြစ်နိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ မိုဝူကျိက အောင်းဝူချန်း၏ မှတ်ဉာဏ်တစ်ခုလုံးကို မလိုအပ်ပေ။ သူက ချီပင်းနှင့် သက်ဆိုင်သည့် အစိတ်အပိုင်းလေးသာ လိုအပ်ပေသည်။

အောင်းဝူချန်း မှတ်ဉာဏ်အတွင်း ချီပင်းက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်တွင် ရှိနေသည်။

မိုဝူကျိ ထွက်သွားသည်နှင့် ပိန်ပါးပါး ပုံရိပ်တစ်ခု ကျရောက်လာသည်။ ထိုပုံရိပ်က ချက်ချင်းဆိုသလို အောင်းချိုး၏ ကမ္ဘာဦး စိတ်ဝိညာဉ်ဆီ ခုန်အုပ်လိုက်သည်။ သူက ကမ္ဘာဦး စိတ်ဝိညာဉ်ဆီ ခုန်ဝင်မလာခင် အောင်းချိုး၏ ကမ္ဘာဦး စိတ်ဝိညာဉ်ပေါ်သို့  မီးတောက်တချို့ ကျရောက်လာသည်။

အောင်းချိုး၏ ကမ္ဘာဦး စိတ်ဝိညာဉ်က ကျယ်လောင်စွာ မြည်တမ်းလိုက်သည်။ ထိုစဉ် အားလုံးက အောင်းချိုး၏ ကမ္ဘာဦး စိတ်ဝိညာဉ်ပေါ် ခုန်ဝင်လာသော ပုံရိပ်ကို မြင်လိုက်ကြသည်။ သူက ပိန်ပါးပါး လူငယ်လေးတစ်ဦး ဖြစ်နေ၏။

အောင်းချိုး၏ အော်သံကြီး မပျောက်ကွယ်သွားခင် ထိုလူငယ်လေးက နောက်ထပ် မီးတောက်တချို့ ထပ်မံ ပစ်လွှတ်လိုက်သည်။ ထိုမီးတောက်များက အောင်းချိုးကို ရစ်ပတ်သွားလေသည်။ အောင်းချိုး၏ အော်ဟစ်သံကြီးက ပို၍ ကျယ်လောင်လာကာ အောင်းချိုး မည်မျှ နာကျင်ခံစားနေရသည်ကို သိသာပေ၏။

“ ငါ အဲဒီလူကို သိတယ်။ သူက မိန်ကျန်းပဲ …. မိန်မျိုးနွယ်တစ်ခုလုံးကလည်း ဝိညာဉ်သွေးကြောတချို့ကြောင့် အောင်းမျိုးနွယ်ရဲ့ ရှင်းထုတ်တာကို ခံလိုက်ရတာ  ”

လူအုပ်ကြီးထဲမှ တစ်ယောက်က ချက်ချင်း ထိုလူငယ်လေးကို မှတ်မိသွားပေသည်။ မိန်ကျန်းကို မှတ်မိသွားသည်နှင့် အောင်းပင်းဟယ်ဆီ ခုန်ဝင်လာသည့် လူများလည်း ပိုများလာသည်။

အောင်းပင်းဟယ်ပေါ် ခုန်အုပ်ကြသည့် လူအများစုမှာ သူနှင့် ရန်ငြိုးရှိသူများ မဟုတ်ကြပေ။ တကယ်တော့ အောင်းမျိုးနွယ်နှင့်ပင် ပဋိပက္ခ ဖြစ်ဖူးသူများ မဟုတ်ပေ။ သူတို့က အောင်းပင်းဟယ်ပေါ် ခုန်အုပ်ကြသည်မှာ သူ့ပစ္စည်းများကို လိုချင်ကြ၍ ဖြစ်သည်။

ဝိဇ္ဇာတပိုင်းအဆင့်၏ ပစ္စည်းများက သေချာပေါက် ကံကောင်းမှုတစ်ခု ဖြစ်ပေမည်။

ကျီလီက နဂိုကတည်းက အေးဆေးငြိမ်သက်သူ တစ်ဦး ဖြစ်သည့်အတွက် အောင်းပင်းဟယ်၏ ပစ္စည်းများကို ဝင်မယူပေ။ ထို့ကြောင့် သူမက အောင်းပင်းဟယ်အပေါ် ခုန်ဝင်ကြသည့်လူများကိုလည်း အာရုံမရှိပေ။

ကျီလီက စိတ်မဝင်စားသည်ကို မြင်ပြီး အောင်းပင်းဟယ်၏ ပစ္စည်းများအတွက် တိုက်ခိုက်ကြသည့် လူများ ပိုများလာသည်။ ထိုကျင့်ကြံသူများအတွက် အဖိုးတန်ဆုံးအရာမှာ အောင်းပင်းဟယ်၏ အဝတ်အစားနှင့် မှော်ရတနာ မဟုတ်ဘဲ အသွေးအသားနှင့် အရိုးသာ ဖြစ်၏။

ဝိဇ္ဇာတပိုင်း၏ အသွေးအသားနှင့် အရိုးများတွင ဝိဇ္ဇာတပိုင်း၏ စည်းမျည်းများ ပါဝင်နေပေသည်။ အပိုင်းအစ နည်းနည်းလောက် ရလျှင်ပင် သူတို့အနာဂတ် ကျင့်ကြံရေးအတွက် အင်မတန် အကျိုးရှိလာပေမည်။

သိပ်မကြာခင် အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့၌ ရှုပ်ထွေးလှသော တိုက်ပွဲကြီးတစ်ခု စတင်လာသည်။ ကျီလီက မျက်မှောင်ကျုတ်လိုက်ပြီး ဖူချန်းဘက် လှည့်ပြောလိုက်သည်  “ ငါတို့ ဒီနေရာကနေ ထွက်သွားရအောင် ”

“ ဟုတ်ကဲ့ပါ ” ဖူချန်းက ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်သည်။

***

မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် အပြင်ဘက်သို့ ရောက်ရှိလာသည်။ ယခင် မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်နှင့် စိတ်ခံစားချက်အရ ပတ်သတ်ဆက်နွယ်မှုအရ ရှိနေသေးသော်လည်း ယခုအခါ ထိုဆက်နွယ်မှုများက အစအနမရှိ ပျောက်ကွယ်သွားလေပြီ။ သူက စိတ်စွမ်းအားကို မဖြန့်ကျက်ခင် ကာကွယ်ရေး အစီအရင်ကို တစစီ ဖျက်စီးပစ်လိုက်သည်။ အချိန်တိုလေးအတွင်း သူ့စိတ်စွမ်းအားဖြင့်  နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။

သိပ်မကြာခင် မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် ပင်မခန်းမအတွင်း ချီပင်းကို တွေ့လိုက်ရသည်။ သူက ချီပင်းသည် ကျောက်နံရံပေါ် ချိတ်ဆွဲခံထားရကြောင်း မြင်လိုက်ပြီး ချီချွမ်းနှင့် ထန်းနီနီတို့က ယင်မြေအောက် မီးတောက်အပေါ်တွင် ရှိနေသည်ကို မြင်လိုက်သည့်အခါ မိုဝူကျိက ချက်ချင်း ဒေါသထွက်သွားသည်။ အကယ်၍ သူသာ ချီမောင်နှမနှင့် ထန်းနီနီတို့  ဤသို့ နှိပ်စက်ခံထားရကြောင်း သိလျှင် အောင်းဝူချန်းကို လွယ်လွယ်သေခွင့် ပေးမည် မဟုတ်ပေ။

လက်တစ်ချက်အဝေ့ဖြင့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ခမ်းနားကြီးကျယ်လှသော ခန်းမကြီးမှာ လုံးဝ ဖျက်စီးခံလိုက်ရသည်။ နောက်အခိုက်အတန့်လေး၌ ချီပင်း၊ ချီချွမ်းနှင့် ထန်းနီနီတို့ကို ကယ်တင်လိုက်သည်။

“ ဝူကျိ … ” ချီပင်းက မိုဝူကျိကို မြင်လိုက်ရသည့်အခါ စိတ်သက်သာစွာ ခေါ်မိလိုက်သည်။ ချီပင်းက တာအိုအငွေ့အသက်အတွင်း၌သာ ပိတ်မိနေသောကြောင့် လက်ကောက်ဝတ်နှင့် ခြေကျငးဝတ်များကို ဖြေလျော့ပြီးသည်နှင့် သူမ ပြန်ကောင်းလာနှုန်းမှာ မြန်ဆန်ပေသည်။

သို့သော်လည်း ချီချွမ်းနှင့် ထန်းနီနီတို့က မရေမရာ အခြေအနေသို့ ကျရောက်နေလေပြီ။ နတ်ဆေးလုံးကို သောက်သုံးပြီးနောက် ချီချွမ်းက သတိပြန်ဝင်လာသော်လည်း ထန်းနီနီမှာ သတိမေ့နေဆဲ ဖြစ်သည်။

“ ဆရာ ” ချီချွမ်းက မိုဝူကျိကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်  “ ဆရာ ရောက်လာမယ်ဆိုတာ သိနေတယ် ”

“ သွားကြစို့ … အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့ကို ဖျက်စီးပြီးပြီ။ မင်းတို့ကို နှိပ်စက်ခဲ့တဲ့ ဝိဇ္ဇာတပိုင်းနှစ်ယောက်လည်း  ကျင့်ကြံဆင့် ပျက်စီးသွားပြီဆိုတော့ ကျန်ရှိနေတဲ့သူလည်း တခြားသူတွေ သတ်နေလောက်ပြီ ” မိုဝူကျိက ပြောလိုက်ရင်း ထန်းနီနီဆီ ဟုန်မုန့်စွမ်းအင် အငွေ့အသက် ထုတ်ပေးလိုက်သည်။

သူက ချီပင်းဆီမှ ရထားသော မိုးမြေ မီးပြင်းဖိုကို ထန်းနီနီ လက်ထဲ အပ်ထားခဲ့သည်။ ကြည့်ရသည်မှာ သူမ နတ်ဘုရားကမ္ဘာ ရောက်ရှိလာပြီးနောက် ချီပင်းဆီ ပြန်ပေးလိုက်ဟန် ပေါ်၏။

“ ဆရာ …” ထန်းနီနီက နှိုးလာလာချင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

သူမက ချီပင်းနှင့် မိတ်ဆွေဖွဲ့နိုင်သည်မှာ သူမဆရာဖြစ်သူ မိုဝူကျကို နေရာအနှံ့ ရှာခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ သူမ အမြင်၌ မိုဝူကျိသည် သူမဆရာသာမက ရင်းနှီးသော ဆွေမျိုးလည်း ဖြစ်ပေ၏။

“ ငါတို့ ဒီနေရာက ထွက်သွားပြီးမှ ဆက်ပြောကြတာပေါ့ ” မိုဝူကျိက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အပေါ် အမြင်ကောင်း မရှိတော့ချေ။ အောင်းမျိုးနွယ်က ဝိဇ္ဇာတပိုင်း နှစ်ယောက် ထုတ်ပေးနိုင်ခဲ့သော်လည်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကမူ တစ်ယောက်ပင် ထွက်ပေါ်မလာခဲ့ချေ။ အဆုံးသတ်၌ အောင်းမျိုးနွယ်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို ချုပ်ကိုင်သွားခဲ့သည်။

ယခင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် သဟဇာတ နတ်ဘုရားအများဆုံး ရှိသည့် နေရာတစ်ခု ဖြစ်ပေ၏။ သဘောတရားအရပြောရလျှင် နတ်ဘုရားကမ္ဘာ ပြန်ကောင်းမွန်လာပြီးနောက် ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်အများဆုံး ထွက်ပေါ်လာသင့်ပေသည်။

ဤမေးခွန်းက မိုဝူကျိအား များစွာ စိတ်ထဲ မထားမိစေပေ။ သူ ထွက်မသွားခင် ပိုင်ယွဲ့ကိုလည်း ခေါ်သွားချင်သည်။

“ ဂိုဏ်းချုပ်မို …” မိုဝူကျိက ချီမောင်နှမနှင့် ထန်းနီနီတို့ကို ကယ်တင်ပြီး ထွက်လာပြီးနောက် နှာပြားပြား အမျိုးသားတစ်ယောက်က မိုဝူကျိအား လာရောက်နှုတ်ဆက်လေ၏။

မိုဝူကျိက ထိုလူအား အေးစက်စက် ကြည့်လိုက်ပြီး

“ အော် … နတ်ဘုရားဆေးလုံးဘုရင် နှာပြား ကျန်းရှားကိုး …. ကျုပ်လမ်းကို ဘာကြောင့်များ ပိတ်နေရတာလဲ ”

နတ်ဘုရားဆေးလုံးဘုရင် နှာပြားက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ဆေးလုံးပင်လယ်၌ နံပါတ်တစ် ဆေးလုံးဆရာ ဖြစ်ပေသည်။ သူ့ကို နတ်ဘုရားဆေးလုံးဘုရင် နှာပြားဟု လူသိများသော်လည်း မည်သူကမှ သူ့ရှေ့ မခေါ်ရဲကြပေ။ သူ့ရှေ့တွင်  နတ်ဘုရားဆေးလုံးဘုရင် နှာပြား ကျန်းရှားဟု ခေါ်ဆိုလိုက်ခြင်းက ကိုယ့်သေတွင်းကို တူးနေသည်နှင့် အတူတူသာ ဖြစ်၏။

မိုဝူကျိက သူ့အား ဤသို့ ခေါ်လိုက်သော်လည်း ကျန်းရှားက မကျေမနပ် မပြရဲချေ။ သူက ပြုံးကာ

“ ကျုပ်တို့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကနေ ချယ်လှယ်နေတဲ့ အောင်းမျိုးနွယ်ကို ဖယ်ရှားပေးတဲ့အတွက်  ဂိုဏ်းချုပ်မိုကို ကျေးဇူးတင်ပါတယ်။  ကျောင်းတော်ကို မိုးမြေအသစ် ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဂိုဏ်းချုပ်မိုက ကျုပ်တို့ကျောင်းတော်ရဲ့ နံပါတ်တစ် အုပ်ချူပ်သူ ဖြစ်နေမှာပါ ”

မိုဝူကျိက နှာခေါင်းရှုံ့ကာ

“ အဲကိစ္စကို စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ပြန်မလာဘူး။ ပြီးတော့ ကျုပ် အောင်းမျိုးနွယ်ရဲ့ ဝိဇ္ဇာတပိုင်းနှစ်ယောက်ကို ဖယ်ရှားပစ်တာတောင်  ကျောင်းတော်မှာ နောက်ထပ် မိုးမြေ အသစ်ဖြစ်လာပါ့မလားဆိုတာတော့ သံသယဝင်မိသား ….

ဒီဟာကို သတိပေးချက်အဖြစ် မှတ်ထားလိုက် … တကယ်လို့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က အောင်းမျိုးနွယ်လိုမျိုး မောက်မာချယ်လှယ်လာရင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကိုလည်း ဖယ်ရှားပစ်ဖို့ ဝန်မလေးဘူး ”

နတ်ဘုရားဆေးလုံးဘုရင် နှာပြားက နဖူးထက်မှ ချွေးများကို သုတ်ကာ   “ ဟုတ်ကဲ့ပါ …. ကျန်းရှား မှတ်သားထားပါ့မယ် ”

“ ပြီးတော့ ခင်ဗျား ရှာနေတဲ့  ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံး ဖော်စပ်နည်းလည်း ကျုပ်ဆီမှာ ရှိတယ်။ နောင်ကျ ခင်ဗျား တခြားသူတွေကို မထိခိုက်စေနဲ့ ” မိုဝူကျိက ခက်ထန်စွာ ပြောလိုက်သည်။

ယခင်က သူသည် ထိုဆေးဖော်စပ်နည်းအတွက် နှာပြားကြောင့် သေလုမတတ် ဖြစ်ခဲ့ရသည်။ ကံကောင်းစွာဖြင့် သူက ကံကောင်းသွားပြီး လွှတ်မြောက်သွားခဲ့သည်။

“ အာ …” နတ်ဘုရားဆေးလုံးဘုရင် နှာပြားက အတော် တုန်လှုပ်မိသွားသည်။ သူ့အိပ်မက်၏ ခရမ်းနဂါး ခြေသည်းငါးသွယ် ဆေးလုံး ဆေးဖော်စပ်နည်းမှာ မိုဝူကျိ လက်အတွင်း ရှိနေပေသည်။

အကယ်၍ သူသာ သိပါက …

ထို့နောက် သူက အသိပြန်ဝင်လာသည်။ သူက မိုဝူကျိရှေ့ ထိုအကြောင်းကို ကြားသည့်အခါ တုန်လှုပ်အံ့ဩသွားသည်မှာ မည်မျှ ဉာဏ်နည်းသည့် အပြုအမူမှန်း သတိပြုမိသွားသည်။ ထို့ကြောင့် သူက မြန်မြန် ဖြေလိုက်သည်  “ ဂိုဏ်းချုပ်မို ပြောတာ မှန်ပါတယ်။ ဒီဂျူနီယာလေးက အမြဲတမ်း မှတ်သားထားပါ့မယ် ”

“ မစိုးရိမ်ပါနဲ့  …. ခင်ဗျား ကျုပ်ကို ရန်မစမချင်း ခင်ဗျားကို မသတ်ပါဘူး။ ခင်ဗျားကို တစ်ခု မေးစရာရှိတယ်။ စီနီယာစန်းကျန့်ရှင်း ဘယ်ရောက်သွားလဲ … ပြီးတော့ ပိုင်ယွဲ့ကိုရော ခေါ်လာခဲ့ပေး … တကယ်လို့ သူ့ခန္ဓာကိုယ်ကနေ အမွေးလေးတစ်မျှင် ပျောက်နေတယ်ဆိုရင်တောင် ကျုပ် ဒေါသထွက်မိလိမ့်မယ် ” မိုဝူကျိ အသံ၌ မနှစ်မြို့ဟန် ပါဝင်နေသည်။

“ ဟုတ်ကဲ့ပါ … စီနီယာစန်းကျန့်ရှင်းနဲ့ စီနီယာရှင်းမူတို့က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ပြန်ရောက်မလာသေးပါဘူး။ မဟုတ်ရင် အောင်းမျိုးနွယ်က ဒီလောက် မောက်မာရဲမှာ မဟုတ်ပါဘူး။ ပိုင်ယွဲ့က ကောင်းကောင်း  ရှိပါတယ်။ ကျုပ်လူတွေကို သူကို ဒီခေါ်လာဖို့ အမိန့်ပေးထားပြီးပါပြီ ”

ကျန်းရှား စကားအဆုံးတွင် ပိုင်ယွဲ့ ရောက်လာသည်။

“ အစ်ကိုကြီးမို ပြန်ရောက်လာပြီပဲ … ဟားဟား ဒီလူတွေ ဘာလို့ ယဉ်ယဉ်ကျေးကျေး ပြောနေပါ့လိမ့်ဆိုပြီး စဉ်းစားနေတာ  …” ပိုင်ယွဲ့က အဖမ်းခံထားရသော်လည်း ချီပင်းနှင့် ချီချွမ်းတို့လိုမျိုး နှိပ်စက်မခံရပေ။

“ အဲဆို သွားကြစို့ … ဒီမှာ ဆက်နေနေလို့ ဘာမှမထူးဘူး။ ငါ နတ်ဘုရားနယ်မြေမှာ ဂိုဏ်းတည်ထောင်ပြီးသွားပြီ။ ငါ့လူသားဂိုဏ်းဆီ ပြန်လိုက်ခဲ့လေ ” မိုဝူကျိက ပိုင်ယွဲ့အား ပခုံးပုတ်ကာ ပြုံးရင်း ပြောလိုက်သည်။

ပိုင်ယွဲ့က နတ်ဘုရားအုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေလေပြီ။ သူက လောကနတ်ဘုရားအဆင့် ရောက်ဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။ ဤသည်မှာ နှစ်များစွာ အပိတ်ခံထားရပြီးနောက်တွင် ဖြစ်ပေသည်။ မဟုတ်လျှင် သူလည်း ဝိဇ္ဇာတပိုင်းအဆင့် ရောက်နေလောက်လေပြီ။

***

All Chapters