← Chapters

ရှောင်းမု တိုက်ပွဲဝင်ခြင်း

Vol. 164 Ch. 2329

ရှောင်းမု တိုက်ပွဲဝင်ခြင်း

Vol. 164 Ch. 2329

တန်ခိုးရှင်ကိုးဦး၏စည်းလုံးမှုအောက်တွင် မဟာလမ်းစဉ်စွမ်းအားသည် တဟီးဟီးမြည်ကာ တောက်လောင်နေသည်။ ရွှေဝါရောင်အလင်းများသည် နတ်နံရံများအဖြစ် ပြောင်းလဲကာ ပြင်ပလောကမှ တန်ခိုးရှင်များအား ပိတ်ဆို့ထားသည်။

ဖိအားပေးလာသော နံရံများကြောင့် နင်ဟွာတို့မှာ အသက်ရှုပင် ကြပ်လာကြသည်။ သူတို့ထံမှ နတ်ဝင်ရိုးများ ဖြစ်ပေါ်လာခဲ့ကာ အစွမ်းအထက်ဆုံးသော ပညာရပ်များကို ထုတ်သုံးကြသည်။ သို့သော်လည်း ထိုနံရံများမှာ သူတို့ထံသို့ ဆက်လက်၍ ဖိအားပေးလာမြဲဖြစ်သည်။ အာကာသစွမ်းအားကို ကျွမ်းကျင်သော တန်ခိုးရှင်သည်ပင် ထိုနံရံများကို ဖျက်ဆီးနိုင်ခြင်း မရှိချေ။

ဝုန်း…

နတ်နံရံများသည် အကျိုင်းထောင်များအဖြစ် ပြောင်းလဲသွားကာ ပြင်ပလောကတန်ခိုးရှင်ကိုးဦးထံသို့ ဆက်လက်ဖိအားပေးလာသည်။ ထိုအခိုက်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ မည်သို့သော နည်းစနစ်များကို ကျင့်ကြံကာ ရှန်းယိကုန်းမြေအား ကာကွယ်သည်ကို အနည်းငယ် သိလိုက်ကြရသည်။

သည်စွမ်းအားကား အာကာသကိုပင် ပိတ်ဆို့နိုင်သည်။ ဤသည်ကား လူအများက စုပေါင်း၍ စွမ်းအားကို အဆုံးမဲ့ထုတ်လွှတ်၏။ ၎င်းစွမ်းအားသည် အဆုံးအစမဲ့ကျယ်ပြောသော ကုန်းမြေကိုပင် ဖုံးအုပ်နိုင်ပေသည်။

ဒင်… ဒင်… ဒင်…

နင်ဟွာနှင့် တန်ခိုးရှင်များသည် အပြင်းအထန် တိုက်ခိုက်ကြသော်လည်း ထိုနံရံများကို အနည်းငယ်မျှပင် ရွေ့လျားနိုင်ခြင်း မရှိချေ။ ထိုနံရံများသည် ဆက်လက်တိုးကပ်လာကာ သူတို့နှင့် မနီးမဝေး၌ ရပ်တန့်သွားသည်ကိုသာ ကူရာမဲ့စွာ ကြည့်နေကြရသည်။ နံရံများသည် သူတို့ကို ပိတ်ဆို့ထားပြီးဖြစ်သည်။ သူတို့၏တိုက်ခိုက်မှုများက မည်သို့မှ အသုံးဝင်ဟန်မတူတော့။

“ခင်ဗျားတို့က ဆက်တိုက်ဖို့ အစီအစဉ်ရှိလား” တစ်ယောက်က မေးသည်။ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးသည် ကွဲပြားခြားနားသော နေရာများတွင် ရပ်နေကြသည်။ ရွှေရောင်နတ်အလင်းများသည် သူတို့အား ဖုံးအုပ်နေကာ လေဟာနယ်အက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ်နေ၏။ နင်ဟွာနှင့် တခြားလူများ တိုက်ခိုက်သည်ကို ရပ်တန့်လိုက်ကြ၏။ သူတို့၏မျက်နှာတွင် မလိုလားသော အမူအရာများ ဖြစ်နေကြသည်။ သူတို့သည် ထိပ်သီးအင်အားစုများမှ ပါရမီရှင်များဖြစ်ကြသည်။ သို့သော်လည်း စွန့်ပစ်ခံကလန်၏နည်းစနစ်ကို မဖျက်နိုင်ပေ။ သူတို့က မည်သို့ ဆက်လက်တိုက်ခိုက်မည်နည်း။

“လေးစားစရာပဲ” တစ်ယောက်က ပြောသည်။ သူတို့သည် စွန့်ပစ်ခံကလန် မည်မျှ သန်မာသည်ကို သိရပြီဖြစ်သည်။ သူတို့၏ပူးပေါင်းဝင်္ကပါတိုက်ကွက်သည် ပြိုင်စံရှား၏။

လောကတွင် ဤသို့ အားကောင်းသော တန်ခိုးရှင်များ ရှိဦးမည်ဟု မထင်ထားပေ။ လူတိုင်းက သူတို့၏စွမ်းအားကိုကြည့်ကာ အံ့အားသင့်ကြရသည်။

စွန့်ပစ်ခံကလန်၏စွမ်းအားသည် သူတို့ထင်ထားသည်ထက် မြင့်မားနေသည်။ ထိုအဆင့်ကား ထိပ်သီးအင်အားစုများမှ အတော်ဆုံးများနှင့် ယှဉ်နိုင်သည်။

ပို၍ အရေးကြီးသည်ကား စွန့်ပစ်ခံကလန်အတွင်း၌ ထိုသို့သော တန်ခိုးရှင်များ မည်မျှ ရှိမည်ကို သူတို့ မသိပေ။

တန်ခိုးရှင်ကိုးဦးက သူတို့၏နတ်နံရံများကို ရုတ်သိမ်းလိုက်ကြသည်။ နင်ဟွာနှင့် တခြားလူများမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြသည်။ သူတို့က တစ်ဘက်လူများကို ကြည့်ကာ ဆွံ့အရသည်။

သူတို့မှာ မရှုမလှ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ အဆုံးသတ်ရန် သိပ်မကြာလိုက်ပေ။ သူတို့တွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အားလည်း မရှိချေ။ သူတို့က တစ်ဘက်လူများအား အနည်းငယ်မျှပင် ရန်ပြုနိုင်ခြင်း မရှိချေ။

မထင်မှတ်ထားသော အလှည့်အပြောင်းသည် သူတို့၏ကိုယ်ပိုင်စွမ်းရည်များကိုပင် ပြန်လည်၍ သံသယဝင်စေသည်။ သူတို့မှာ ကုန်းမြေအသီးသီး၏ထိပ်သီးပါရမီရှင်များဖြစ်ကြသည်။ သို့သော်လည်း သူတို့မှာ လူအများရှေ့၌ အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။ စွန့်ပစ်ခံကလန်သည် ထိုမျှပင် သန်မာသလော။

စိတ်ဓာတ်ကျစွာဖြင့်ပင် သူတို့  နောက်လှည့်ကာ ယာယီစခန်းများသို့ ပြန်ကြသည်။ ထိုစဉ် စွန့်ပစ်ခံကလန်မှ အဖိုးအိုက သူတို့အား သတိပေးသည် “အားလုံး ကတိပေးထားတဲ့အချက်ကို မမေ့ပါနဲ့”

ပြင်ပလောကမှ တန်ခိုးရှင်များ၏မျက်နှာများ ညိုမဲသွားကြသည်။ ရှုံးနိမ့်သူသည် သူတို့၏ပညာရပ်များကို စွန့်ပစ်ခံကလန်၏လျှို့ဝှက်နယ်မြေသို့ ပို့ဆောင်ရပေမည်။

သူတို့အား လောင်းကြေးပေးအပ်ရန် မေးမြန်းခြင်းက အတည်လား။

“နောက်ထပ် စမ်းကြည့်ချင်သူ ရှိသေးလား” စွန့်ပစ်ခံကလန်မှ အဖိုးအိုက ပြောသည်။ လျှို့ဝှက်နယ်မြေမှ တန်ခိုးရှင်ကိုးဦးသည် နတ်အလင်းများထုတ်လွှတ်ကာ ရပ်နေကြဆဲဖြစ်သည်။

တစ်စုံတစ်ယောက်သာ ဆက်လက်၍ စိန်ခေါ်ပါက သူတို့ကလည်း လက်ခံရန် အဆင်သင့်ဖြစ်သည်။

လူအုပ်ထဲတွင် အားလုံးက ထိုတန်ခိုးရှင်ကိုးဦးကို ကြည့်နေကြသည်။ ပြင်ပလောကမှ တန်ခိုးရှင်များသည် သူတို့၏ဝင်္ကပါအား ချိုးဖျက်နိုင်မည်လား စဉ်းစားသုံ့သနေကြသည်။

ထိုစဉ် တန်ခိုးရှင်တစ်ဦး ရှေ့ကို တက်လာသည်။ သူ့ကိုမြင်လျှင် အားလုံးက အံ့အားသင့်သွားကြ၏။ သူကား နတ်ဆိုးဘုံမှ နတ်ဆိုးအင်ပါယာ၏နောက်ဆုံးတပည့် ရှောင်းမုဖြစ်သည်။

ရှောင်းမု ရှေ့ကို တက်လာသည်ကိုမြင်လျှင် ရီဖူရှင်းသည်ပင် အံ့အားသင့်ရသည်။ ရှောင်းမုသည် ရုပ်ခန္ဓာကျင့်ကြံသူဖြစ်ကာ သူ၏ခန္ဓာကိုယ်သည် ရီဖူရှင်းထက် အားမနည်းပေ။ ထို့အပြင်  သူ၏ကောင်းကင်နတ်ဆိုးခုတ်ချက်များသည် အလွန်အားကောင်း၏။

သို့သော်လည်း ရှောင်းမု၏ပညာရပ်များမှာ နတ်ဆိုးအင်ပါယာ၏အမွေအနှစ်များဖြစ်ရာ အကယ်၍ သူသည်သာ တိုက်ပွဲတွင် ထိုပညာရပ်များကို အသုံးပြုပြီး ရှုံးနိမ့်ခဲ့ပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

သူက ထိုမျှ တန်ဖိုးကြီးသော ပညာရပ်များအား အလောင်းအစားအဖြစ် အမှန်တကယ် အသုံးပြုရဲသည်လား။

ထိုသို့ မဖြစ်နိုင်ပေ။ ရှောင်းမုသည် ထိုမျှ အရေးကြီးသော ကိစ္စကို အလွယ်တကူ မဆုံးဖြတ်တန်ရာ။ ၎င်းသည် နတ်ဆိုးအင်ပါယာ၏နည်းနစ်များဖြစ်ကာ နတ်ဆိုးအင်ပါယာသည်သာ အပြင်လူများအား ပေးအပ်ပိုင်ခွင့်ရှိသည်။ နတ်ဆိုးအင်ပါယာ၏ခွင့်ပြုချက်မရှိဘဲ သူက မည်သို့ ဆုံးဖြတ်နိုင်မည်နည်း။

ယခု ရှောင်းမုသည် ထိုအခြေအနေအောက်တွင် ရှေ့ကို တက်လာကာ သူသည် သေချာပေါက် အနိုင်ရမည်ဟု တွက်ဆထားသည်များလား။

ဤသည်ကား ရီဖူရှင်းပင် ဝေခွဲမရသော ကိစ္စဖြစ်သည်။ ရှောင်းမုတစ်ဦးတည်း ထိုသို့ ခက်ခဲသော အခြေအနေ၌ ရှိသည်မဟုတ်ပေ။ ထိပ်သီးပါရမီရှင်တိုင်းသည် စိန်ခေါ်မှု မပြုလုပ်ခင် သူတို့၏ပညာရပ်များအတွက် ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိသလား ကိုယ့်ကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်ရန် လိုသေးသည်။

တစ်ဘက်တွင် စွန်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးသည် သာမန်မဟုတ်ပေ။ လူတိုင်းက သူတို့၏စွမ်းအားကို မျက်မြင်ဖြစ်သည်။

ရှောင်းမု၏အပြုအမူက အားလုံး၏အာရုံကို ဖမ်းစားလိုက်သည်။ ရုတ်တရက် တန်ခိုးရှင်များသည် အရပ်မျက်နှာမျိုးစုံမှ ထွက်လာကြသည်။ အားလုံးသောလူများသည် ထူးခြားသော ကိုယ်ရှိန်ကိုယ်ဝါများ ပိုင်ဆိုင်ကြပြီး မြင့်မားသော အဆင့်အတန်းများ ရှိကြသည်။ သူတို့အုပ်စုသည် ပထမအုပ်စုထက် ပိုသန်မာသည်။

ရီဖူရှင်းသည် ထိုလူများကို မရင်းနှီးသော်လည်း သူတို့၏အရှိန်အဝါမှတစ်ဆင့် ထိုလူများမှာ သန်မာကြောင်း သိလိုက်သည်။

သူတို့ ထွက်လာသည်တွင် ကောင်းကင်ထက်ကို တက်လာကြသည်။ သူတို့က စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးရှေ့တွင် ရပ်လိုက်ကြ၏။ အားကောင်းသော အရှိန်အဝါများသည် ရှောင်းမုတို့ထံမှ ထွက်ပေါ်လာ၏။ မိစ္ဆာအငွေ့အသက်များသည် ရှောင်းမုထံမှ ကြောက်မက်ဖွယ်ကောင်းအောင် ထွက်ပေါ်လာခဲ့ကာ ဖိအားများသည် ပတ်ဝန်းကျင်ကို ပျံ့လွင့်လာသည်။

စွန့်ပစ်ခံကလန်မှ လူကိုးဦးသည် အန္တရာယ်၏အငွေ့အသက်ကို ခံစားကြရ၏။ သို့သော်လည်း သူတို့ထံမှ မည်သည့်အမူအရာ အပြောင်းအလဲမှ မပြသကြပေ။ သူတို့သည် ထိုနေရာတွင်ပင်ရပ်ကာ ရွှေဝါရောင်အလင်းများကို ထုတ်လွှတ်ကြ၏။

“အားလုံး အဆင်သင့်ပဲလား” တစ်ယောက်က မေးခွန်းထုတ်သည်။ သူ၏အသံနှင့်အတူ  လူကိုးဦးလုံးထံမှ အားကောင်းသော အရှိန်အဝါများထွက်ပေါ်လာခဲ့၏။ မိစ္ဆာအငွေ့အသက်သည်လည်း လေဟာနယ်ထဲ ပြည့်လျှံလာကာ နတ်ဆိုးပုံရိပ်များသည် စတင်ဖြစ်ပေါ်လာ၏။ ရှောင်းမုက ဦးဆောင်ကာ သူ၏စွမ်းအားကို ထုတ်ဖော်သည်။

All Chapters