နတ်ဘုရားနယ်မြေ မဟာမိတ်
Vol. 83 Ch. 1160
နတ်ဘုရားနယ်မြေ တစ်ခုလုံး၌ လူသားဂိုဏ်းသည် လူဦးရေ အနည်းဆုံး ဖြစ်ပေမည်။ ထိုသို့ဆိုလျှင်ပင် နတ်ဘုရားနယ်မြေ၏ နံပါတ်တစ် ဂိုဏ်း ဖြစ်နေသေး၏။ ဤသည်မှာ ဂိုဏ်းချုပ်က မိုဝူကျိ ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်ဘဲ ဂိုဏ်းကို စောင့်ကြည့်ဖို့ရာ အလွန်အားကောင်းသည့် ပညာရှင်တစ်ဦး ရှိနေသည့်အတွက် ဖြစ်ပေသည်။
ယခင်က နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းသည် ချူယို့ကို လက်ထပ်ဖို့ အတင်းကျပ် ဖိအားပေးခဲ့သည့်အတွက် ဂိုဏ်းချုပ်မိုအား ဒေါသထွက်စေခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် မိုဝူကျိက သူတို့ဂိုဏ်းချုပ် ထျဲ့လန်ရှန်းအား သတ်ပစ်ကာ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းအား ရှင်းထုတ်ပစ်ခဲ့သည်။ လက်ရှိ လူသားဂိုဏ်း၏ နံပါတ်တစ် အကြီးအကဲမှာ ယခင်က ပင်မနတ်ဘုရား အရိုက်အရာ ရထားသူ တစ်ဦးဟု ကောလဟာလများ ထွက်ပေါ်နေပေသည်။ သူ့နာမည်မှာ ကျဲဟန် ဖြစ်ပြီး သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဝိဇ္ဇာတပိုင်းအဆင့် ရောက်ဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
ဂိုဏ်းချုပ်မို နတ်ဘုရားကမ္ဘာမှ ထွက်သွားကတည်းက ရည်ရွယ်ချက်ကြီးကာ မောက်မာသော သဟဇာတ နတ်ဘုရားတစ်ဦးက လူသားဂိုဏ်း နယ်မြေအား မျက်စိကျခဲ့သည်။ နောက်ဆုံးတွင် ထိုသူက လူသားဂိုဏ်း နယ်မြေကို ယူလိုကြောင်း ပြောသည်နှင့် ကျဲဟိန်လက်ထဲ အဖမ်းခံလိုက်ရသည်။ သက်ညှာခြင်းမရှိ ကျဲဟိန်က ထိုလူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ၄၉ ရက်ကြာ လောင်ကျွမ်းကာ နှိပ်စက်ပစ်ခဲ့သည်။
ထိုနေ့မှစတင်၍ မည်သူကမှ လူသားဂိုဏ်း နယ်မြေအပေါ် မကောင်းစိတ် မထားရဲကြတော့ပေ။
ဂိုဏ်းချုပ်မိုက ထွက်မသွားခင် တပည့်များ လက်ခံဖို့ ဘာမှထူးထူးခြားခြား မညွှန်ကြားထားခဲ့ပေ။ ထို့ကြောင့် လူသားဂိုဏ်းက တပည့်များကို လက်မခံသေးပေ။ လူသားဂိုဏ်းက နတ်ဘုရားနယ်မြေ၏ နံပါတ်တစ် ဂိုဏ်းဖြစ်ကြောင်း လူသိရှင်ကြား မကြေညာထားသော်လည်း တခြားဂိုဏ်းများအနက် အဖွဲ့ဝင်အနည်းဆုံး ဖြစ်နေသေးသည်။ ကောလဟာလများအရ လူငါးယောက်သာ ရှိကြောင်း သတင်းထွက်နေသည်။ အတိအကျဆိုရလျှင် လူလေးယောက်နှင့် ဌက်တစ်ကောင် ဖြစ်၏။ ထို့အပြင် လူသားဂိုဏ်းတွင် ကျင့်ကြံနေသော နယ်ခြားကျင့်ကြံသူတစ်ဦး ရှိနေသေးသည်။
ထူးချွန်ကြသော ကျင့်ကြံသူအများစုက လူသားဂိုဏ်း၏ အလားအလာကို မြင်ကြပေသည်။ လူသားဂိုဏ်းရှိ စည်းမျည်းများမှာ ကြည်လင်ပြတ်သားရုံသာမက နတ်ဝိညာဉ်စွမ်းအားများကလည်း အသိပ်သည်းဆုံး ဖြစ်ကာ ဖန်ဆင်းမှုစွမ်းအားများ ပါဝင်နေသေးသည်။ ပြောရလျှင် နတ်ဘုရားကမ္ဘာ ပြန်ကောင်းမွန်လာစဉ် အစောပိုင်းအခြေအနေတွင်း ထွက်ပေါ်လာသည့် ဖန်ဆင်းမှုစွမ်းအားနှင့် အတူတူ ဖြစ်၏။
ဂိုဏ်းကို ဝင်သည့်သူများတွင် အနာဂတ် တောက်ပနေမည်မှာ ကျိန်းသေ ဖြစ်သည်။ ဂိုဏ်း၏ ကန့်သတ်ချက်မဲ့ အလားအလာကို ကြိုတင်မြင်ကြသော ကျင့်ကြံသူများက ဂိုဏ်းဝန်းကျင်တွင် တဝဲလည်လည် ဆက်တိုက် စောင့်နေကြသည်။ တချို့က ဂိုဏ်းဝင်နိုင်ရန်အတွက် နှစ်များစွာ ဒူးထောက်နေကြသေးပေသည်။
အကြီးအကဲ ကျဲဟိန်က ထိုကိစ္စများကို အာရုံမရှိပေ။ ဒုဂိုဏ်းချုပ် ဝေရုက ကူကယ်ရာမဲ့ ဖြစ်နေသောကြောင့် အရန်တပည့်တချို့ လက်ခံခဲ့ရသည်။
အရန်တပည့် ဖြစ်ဖို့ အရည်အချင်းပြည့်မှီရန်အတွက် ပထမအခြေအနေမှာ ဝိညာဉ်ကြောက အတော်လေး ကောင်းမွန်နေရမည်။ ဒုတိယအနေနှင့် သူတို့နောက်ခံကို စစ်ဆေးကြည့်မည် ဖြစ်ပြီး အတိတ်က မည်သို့သော မကောင်းမှုများမှ မကျူးလွန်ခဲ့ဖို့ သေချာစေရန် ဖြစ်၏။ ပုံမှန်အားဖြင့် ထူးချွန်သော အရည်အချင်းနှင့် အကျင့်စရိုက်ကောင်း ရှိသူတို့သာ အရန်တပည့် ဖြစ်ဖို့ ရွေးချယ်ခံရသည်။ ထို့အပြင် ထိုတပည့်များက ဂိုဏ်းကို ကျင့်ကြံဖို့ ဝင်ရောက်လာခြင်း မဟုတ်ကြသေးပေ။ သူတို့က ဂိုဏ်း၏ ကိစ္စများကို ကူညီပေးနိုင်ရန် ဂိုဏ်းအပြင်ဘက် ယာယီနေရာ၌ နေကြရသည်။
သူတို့အဓိက လုပ်ငန်းတစ်ခုမှာ ဂိုဏ်းအပြင်ဘက်တွင် နှစ်များစွာ ဒူးထောက်နေကြသော သူများကို မောင်းထုတ်ရန် ဖြစ်၏။
အရန်တပည့်များ လူသားဂိုဏ်းဆီ တရားဝင် လက်ခံဖို့ ကိစ္စကိုကား ဂိုဏ်းချုပ်မို ပြန်ရောက်လာမှ ဆုံးဖြတ်မည် ဖြစ်၏။
မိုဝူကျိ လူသားဂိုဏ်းဆီ ပြန်ရောက်လာသည့်အခါ ထိုမြင်ကွင်းက စီးကြိုနေပေသည်။ သူ့လူသားဂိုဏ်းနားတွင် ကျင့်ကြံသူများစွာ ရှိနေပြီး ဂိုဏ်းအပြင်ဘက်၌ မြို့ရင်ပြင်တစ်ခုလို ဖြစ်နေသည်။ တကယ်တော့ ကျင့်ကြံသူများစွာက ဤနေရာတွင် ကူးသန်းရောင်းဝယ် အလဲအလှယ် လုပ်ဖို့ နေရာများပင် ခင်းကျင်းထားကြသေး၏။
လူသားဂိုဏ်း၌ လူနည်းနည်းသာ ရှိပေသည်။ တာ့ဟွမ်၊ ရွိုက်ကောနှင့် ကျီလီ၏ တပည့် ယွဲ့မင်အပြင် ဝေရုနှင့် ကျဲဟိန်သာ ရှိ၏။ လွန်ခဲ့သည့်နှစ်များစွာက လူသားဂိုဏ်းဆီ ရောက်လာခဲ့သော ကျင့်ရှင်းကြွယ်တော့ မရှိတော့ပေ။
ဘာတွေဖြစ်နေတာလဲ ....
ဂိုဏ်းအပြင်ဘက်၌ ထိုမြင်ကွင်းက စောင့်ကြိုနေသော်လည်း မိုဝူကျိက ရွိုက်ကောနှင့် တာ့ဟွမ်တို့၏ ကျင့်ကြံဆင့်ကို သတိပြုမိသွားသည့်အခါ ကျေနပ်သွားမိသည်။ မယုံကြည်နိုင်လောက်ဖွယ် ကျင့်ကြံရေးလက်ဆောင်ကို ပိုင်ဆိုင်ထားသော တာ့ဟွမ်က နတ်ဘုရားဘုရင် အဆင့် ၃ သို့ ရောက်ရှိနေပြီး ရွိုက်ကောမှာမူ လောကနတ်ဘုရား အဆင့် ၇ သို့ တက်လှမ်းသွားလေပြီ။
ရွိုက်ကောက နတ်ဘုရားသားရဲ သွေးကို နှိုးဆွနိုင်ခဲ့သည့်အတွက် ယခင်ထက် ပို၍ တောက်ပြောင်နေလေ၏။
" သခင်ကို ဂါရဝပြုပါတယ် " မိုဝူကျိက လူသားဂိုဏ်း အပြင်ဘက်ကို ဆင်းသက်လိုက်သည်နှင့် ကျဲဟိန်က အာရုံခံလိုက်မိသည်။ သူက ရှေ့တစ်လှမ်းတိုးလာကာ မိုဝူကျိအား နှုတ်ဆက်လိုက်၏။
ကျဲဟိန် တစ်ယောက်တည်း ခံစားမိခြင်း မဟုတ်ပေ။ သိပ်မကြာခင် တာ့ဟွမ်နှင့် ရွိုက်ကောတို့ နှစ်ယောက်လုံး ထွက်လာကာ နှုတ်ဆက်ကြသည်။
အင်မတန် အံ့အားသင့်နေသည့် ယွဲ့မင်သည်လည်း ကျီလီဆီ အတင်းပြေးလာကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
နွေးနွေးထွေးထွေး ကြိုဆိုပြီးနောက် မိုဝူကျိက ကျီလီ၊ ချီပင်း၊ ချီချွမ်း၊ ထန်းနီနီနှင့် ဖူချန်းတို့အား အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။ မိတ်ဆက်ပေးပြီးသည့်နောက်တွင် သူက မေးလိုက်၏
" အဝင်ဝနားမှာ ဝိညာဉ်ကြော ကောင်းကောင်း ကျင့်ကြံဆင့်နိမ့်နိမ့်နဲ့ ကျင့်ကြံသူတွေ ဘာလို့ အများကြီး ဖြစ်နေတာလဲ။ ဝေရုရော ဘယ်ရောက်သွားလဲ "
ကျဲဟိန်က မြန်မြန် ဖြေလိုက်သည်
" နေ့တိုင်းနေ့တိုင်း လူသားဂိုဏ်းဆီ ဝင်ဖို့ဆိုပြီး ကျင့်ကြံသူအများကြီး ရောက်လာကြတယ်။ ဒါပေမဲ့ ကျုပ်တို့ လူသားဂိုဏ်းက ဂိုဏ်းချုပ်မရှိသေးဘဲ တပည့်လက်ခံဖို့ အစီအစဉ် မရှိဘူးလေ။ အဲဒါနဲ့ ရွေးချယ်စရာမရှိဘဲ ဝေရုက အကျင့်ကောင်းကောင်းနဲ့ ထူးချွန်တဲ့ ဝိညာဉ်ကြော ရှိတဲ့သူတွေကို အရန်တပည့်အဖြစ် လက်ခံထားလိုက်တာ ....
ကျုပ်တို့က နောက်ထပ် ဆုံးဖြတ်ချက် မချခင် ဂိုဏ်းချုပ် ပြန်ရောက်လာတာကို စောင့်နေကြတာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ဝေရုက နတ်ဘုရားနယ်မြေ မဟာမိတ်အတွက် ထွက်သွားပြီးတော့ ပြန်မလာသေးဘူး "
မိုဝူကျိက နောက်ဆုံးတွင် အခြေအနေကို နားလည်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ သူက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း အသံဖြင့် ပြောလိုက်သည်
" လူသားဂိုဏ်းကို ဝင်ဖို့ စိတ်ဝင်စားသူတိုင်း မှတ်ထားကြပါ ... သုံးလအတွင်း လူသားဂိုဏ်းက နတ်ဘုရားကမ္ဘာအနှံ့က တပည့်တွေကို လက်ခံပွဲ ကျင်းပမယ်။ မင်းတို့ကျင့်ကြံဆင့်၊ အလားအလာနဲ့ မိသားစုနောက်ခံတွေက ဘာဖြစ်ဖြစ် ကန့်သတ်ချက် မရှိဘူး။
ဒါပေမဲ့ စည်းမျည်းတွေ ချိုးဖောက်တဲ့သူ ဒါမှမဟုတ် ကျေးဇူးတရားကို မသိဘဲ သစ္စာမရှိတဲ့သူတွေက လာစရာ မလိုဘူး။ လာခဲ့ရင်တောင် လက်ခံမှာ မဟုတ်ဘူး .... "
မိုဝူကျိ၏ ဝိဇ္ဇာတပိုင်းအဆင့် စွမ်းဆောင်ရည်ဖြင့် သူ့အသံက မကျယ်သော်လည်း မိုင်သန်းပေါင်းများစွာ ရောက်ရှိဖို့ လုံလောက်ပေသည်။
ထိုသတင်းကို ကြားကာ လူသားဂိုဏ်းအနားရှိ ကျင့်ကြံသူများရော သို့မဟုတ် အဝေးရှိ ကျင့်ကြံသူများပါ ချက်ချင်း ပျော်ရွှင်သွားကြသည်။ သိပ်မကြာခင် ထိုသတင်းသည် နတ်ဘုရားနယ်မြေအနှံ့ ပြန့်နှံ့သွားလေသည်။ နောက်အခိုက်အတန့်လေး၌ သူတို့အနာဂတ် ရှိသည့် ကျင့်ကြံသူများရော၊ မရှိသည့် ကျင့်ကြံသူများပါ တစ်နေရာသို့ ဦးတည်လာနေကြသည်။ သူတို့အားလုံးက လူသားဂိုဏ်းဆီ ဦးတည်နေကြပေသည်။
လူသားဂိုဏ်းသည် ကျင့်ကြံရေး တော်ဝင်နယ်မြေဟု သတင်းထွက်နေရုံသာမက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာစဉ်အတွင်း ဂိုဏ်းချုပ်မိုက လျို့ဝှက်နယ်မြေများကို ပိတ်လှောင်ကာ လူသားဂိုဏ်းအတွင်း ထားရှိခဲ့သည်ဟု သတင်းများ ထွက်ခဲ့ဖူးသည်။ တချို့လူများက ဂိုဏ်းချုပ်မိုသည် အဆင့် ၉ နတ်ဘုရားဆေးလုံးဧကရာဇ် ဖြစ်ကြောင်း ပြောကြသောကြောင့် သူတို့ ဂိုဏ်းထဲ ဝင်နိုင်သည်နှင့် အရင်းအမြစ် ပြတ်လပ်မည်ကို မပူပင်ရတော့ပေ။
မိုဝူကျိ ပြန်ရောက်လာလာချင်း ပထမ လုပ်သည့်ကိစ္စမှာ ဂိုဏ်းအတက် လူသားမျှော်စင်ဟု ခေါ်သည့် စစ်ဆေးရေးကွင်း ခင်းကျင်းလိုက်ခြင်း ဖြစ်၏။ လူသားမျှော်စင်အပြင် သူက ချီသွေးကြောဖွင့် မျှော်စင်ကိုလည်း တည်ဆောက်ရန် လိုအပ်ပေသည်။
လူသားမျှော်စင်ကိုတော့ သူ့အစီအရင်တာအိုအား အသုံးပြုကာ တပည့်၏ စိတ်နှလုံးသားကို ကြည့်နိုင်ဖို့ အသုံးပြုထားသည်။ ပထမအခြေအနေမှာ လက်ခံလိုက်သည့် တပည့်တွင် အကြံဆိုးများ သို့မဟုတ် မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေလျှင် လက်ခံမည် မဟုတ်ပေ။ ထို့အပြင် သူက တပည့်များအား သစ္စာတရား၊ ကျေးဇူးတရားကို သိတတ်သူကိုသာ အလိုရှိ၏။ ထို့ကြောင့် လူသားမျှော်စင်သည် ကျင့်ကြံသူ၏ အစစ်အမှန် သဘာဝနှင့် ပင်ကိုယ်စိတ်ရင်းကို စမ်းသပ်ရန် ရည်ရွယ်ထားသည်။ လူသားမျှော်စင်တွင် အဆင့် ခုနှစ်လွှာ ရှိမည် ဖြစ်ကာ အဆင့်အားလုံးကို အောင်နိုင်သူသာ လူသားဂိုဏ်းကို ဝင်နိုင်ပေမည်။
ချီသွေးကြောဖွင့် မျှော်စင်အတွက် ဂိုဏ်းထဲ ရောက်လာပြီးသော တပည့်များအတွက် ရည်ရွယ်ထားသည်။ နောင်အနာဂတ် တပည့်အရေအတွက် သိသိသာသာ များပြားလာသည့်အခါ သူ့အတွက် အားလုံးကို ချီသွေးကြော လိုက်ဖွင့်ပေးဖို့ရာ လက်တွေ့မကျတော့ပေ။ ထို့ကြောင့် သူက ဤချီသွေးကြောဖွင့် မျှော်စင်ကို တည်ဆောက်ဖို့ လိုအပ်နေခြင်း ဖြစ်၏။ မျှော်စင်အလွှာတစ်ခုစီတိုင်းက ချီသွေးကြော တစ်ခုကို ဖွင့်ပေးဖို့ ရည်ရွယ်ထားပေသည်။ သူက မျှော်စင်ရှိ အစီအရင်အတွင်း ချီသွေးကြောဖွင့် ဆေးရည်ကို ပေါင်းစပ်ပေးထားမည် ဖြစ်၏။
ထိုမျှတင် မကသေးဘဲ သူက ဆေးစိုက်ခင်းနှင့် ချီသွေးကြောဖွင့် ဆေးရည်အတွက် အလိုလို ဆေးဖော်စပ်နည်းကိုပါ ထည့်သွင်းထားပေးမည်။
***
အတိတ်တုန်းက နတ်ဘုရားသိုက်မြုံသည် နတ်ဘုရားနယ်မြေ၏ အစည်ကားဆုံး နေရာတစ်ခု ဖြစ်ခဲ့သည်။
နတ်ဘုရားကမ္ဘာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီးနောက် နတ်ဘုရားသိုက်မြုံကား လုံးဝ ပြောင်းလဲသွားလေပြီ။ ယခင်ကလို တောင်တန်းနှင့် ပင်လယ်နယ်မြေများ မရှိတော့ပေ။
နှစ်များစွာ ကြာပြီးနောက် မူလ နတ်ဘုရားသိုက်မြုံသည် ဧရာမ နတ်ဘုရားမြို့တစ်ခုအဖြစ် ပြန်လည် တည်ဆောက်ခံလိုက်ရသည်။ ထိုမြို့မှာ နတ်ဘုရားသိုက်မြုံ မြို့ဟု လူသိများ၏။ ဤသည်မှာ မူလ နတ်ဘုရားသိုက်မြုံအတွင်း မြို့အသစ် ဖြစ်ရုံသာမက နတ်ဘုရားနယ်မြေ မဟာမိတ်ဟု ခေါ်သော ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအမျိုးမျိုးမှ မဟာမိတ် ဖွဲ့ထားသေးပေသည်။
နတ်ဘုရားနယ်မြေ မဟာမိတ်၏ ဌာနချုပ်သည် နတ်ဘုရားသိုက်မြုံ မြို့၌ တည်ရှိသည်။ မဟာမိတ်၏ အဓိက ရည်ရွယ်ချက်မှာ နတ်ဘုရားနယ်မြေအတွင်း အင်အားစုအမျိုးမျိုး၏ အခြေကျတည်ငြိမ်မှုကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်၏။ နတ်ဘုရားကုန်းမြေဘက်မှ နိဗာန တိတ်ဆိတ်မှုပင်လယ်ကို ဖြတ်ကျော်၍ နတ်ဘုရားနယ်မြေအား မထိန်းချုပ်စေရန်အတွက် ကာကွယ်ပေးမည့် အင်အားစုတစ်ခုလည်း ဖြစ်ပေသည်။
ကောလဟာလများအရ နတ်ဘုရားကုန်းမြေ၏ အောင်းမျိုးနွယ်စုသည် ဝိဇ္ဇာတပိုင်းနှစ်ယောက် မွေးထုတ်လိုက်နိုင်သည်ဟု ဆိုကြသည်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိစေရန်အတွက် အောင်းမျိုးနွယ်သည် နတ်ဘုရားနယ်မြေရှိ အရင်းအမြစ်များကို ပေါင်းစပ်ရန် ကြံရွယ်ထားကြောင်း သတင်းစကား ပေးပို့ခဲ့သည်။ နတ်ဘုရားနယ်မြေအနေနှင့် ဤသို့ရည်ရွယ်ချက်ကို သဘောမတူသည်မှာ သိသာလှပေသည်။
လက်ရှိ နတ်ဘုရားနယ်မြေအနှံ့မှ မြောက်များစွာသော ပညာရှင်များက နတ်ဘုရားသိုက်မြုံ မဟာမိတ်ဌာနချုပ် ပင်မခန်းမဆောင်၌ ထိုင်နေကြသည်။ ဤနေရာရှိ ထိုင်နေသူများမှာ သူတို့ဂိုဏ်းချုပ်များ သို့မဟုတ် အားကောင်းကြသည့် မျိုးနွယ်စု ခေါင်းဆောင်များ ဖြစ်ကြသည်။ ဝေရုလည်း လူသားဂိုဏ်းကို ကိုယ်စားပြုကာ ပင်မခန်းမဆောင်၌ ထိုင်နေလေ၏။
ဝေရု ကိုယ်စားပြု ရောက်ရှိနေသော လူသားဂိုဏ်း၏ ဂိုဏ်းချုပ် မိုဝူကျိသည် သူ့တိုက်ခိုက်စွမ်းကြောင့် အင်မတန် ကျော်ကြားပေသည်။ အားလုံးက သူသည် ဇာမဏီပရဝဏ်နှင့် နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းတို့အား မည်သို့ ရှင်းထုတ်ပစ်ခဲ့သည်ကို ကြားဖူးကြသည်။
သို့သော်လည်း ဝေရု၏ ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေသေးပြီး နတ်ဘုရားအုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်သာ ရှိနေသေး၏။ ထိုအကြောင်းအရင်းကြောင့် ဝေရုက ခန်းမဆောင်၏ နောက်ဆုံးအတန်းတွင်သာ ထိုင်ခွင့် ရပေသည်။
နတ်ဘုရားနယ်မြေ၏ မဟာမိတ် ခေါင်းဆောင်သည် နတ်ဘုရားဘုရင် လီထန်းလည်း မဟုတ်သလို စိတ်ဝင်တစား ရှိလှသည့် နတ်ဘုရားဘုရင်ဟုန်ချီလည်း မဟုတ်ပေ။ လီထန်းနှင့် ဟုန်ချီတို့ သဟဇာတ နတ်ဘုရားအဆင့် ရောက်သွားပြီးနောက် ထိုကိစ္စများအား ဆက်၍ အာရုံမစိုက်တော့ကြောင်း သတင်းများပင် ထွက်လာသေး၏။ သူတို့က နတ်ဘုရားနယ်မြေ မြို့အသစ်၏ နတ်ဘုရား ကူးသန်းရေး အစီအရင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စကိုပါ အာရုံစိုက်ထားဟန် ပေါ်သည်။ သဟဇာတ နတ်ဘုရားနှစ်ယောက်၏ စီမံမှုကြောင့် နတ်ဘုရားနယ်မြေ မြို့အသစ်သည် နတ်ဘုရားကမ္ဘာ တစ်ခုလုံး၌ အစည်ကားဆုံးမြို့ ဖြစ်လာခဲ့သည်။
နတ်ဘုရားကုန်းမြေ၌ပင် မြို့များပင် နတ်ဘုရားနယ်မြေ မြို့အသစ်လောက် မစည်ကားပေ။
လက်ရှိ နတ်ဘုရားနယ်မြေ မဟာမိတ်ခေါင်းဆောင်သည် ယခင်က မဟာနတ်ဘုရားဘုရင်ဆယ်ပါးအနက် နံပါတ်နှစ် ဖြစ်သည့် နတ်ဘုရားဘုရင် ဝိညာဉ်မီးတောက် ဖြစ်၏။ နတ်ဘုရားဘုရင် ဝိညာဉ်မီးတောက်သည် လီထန်းနှင့် အဆင်ပြေခဲ့သူ မဟုတ်ပေ။ ဝိညာဉ်မီးတောက်က နတ်ဘုရားဘုရင် မဟုတ်တော့ဘဲ လက်ရှိ သဟဇာတ နတ်ဘုရား အဆင့် ၈ ရောက်နေလေပြီ။
ဒုခေါင်းဆောင်မှာ နတ်ဘုရားဘုရင် ဝူကျဲ မဟုတ်ဘဲ နတ်ဘုရားဘုရင် ကျီတင်း ဖြစ်နေသည်။ ယခင် နတ်ဘုရားဘုရင် ဝူကျဲက သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းနိုင်ရုံမျှသာ ဖြစ်၍ ယခုအထိ သဟဇာတ နတ်ဘုရား အဆင့် ၁ မျှသာ ရှိနေသေးသည်။
ယခင် နတ်ဘုရားဘုရင် ကျီတင်းသည် အဆင့် ၉ ဖြစ်ခဲ့သော်လည်း ယခုလက်ရှိတွင် သူက သဟဇာတ နတ်ဘုရား အဆင့် ၇ သို့ ရောက်ရှိနေလေပြီ။ သဟဇာတ နတ်ဘုရား အဆင့် ၈ ဝိညာဉ်မီးတောက်နှင့် ပေါင်းလိုက်လျှင် အားကောင်းကောင်း တွဲဖက် ဖြစ်ပေသည်။
" အောင်းမျိုးနွယ်က ဝိဇ္ဇာတပိုင်းနှစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီးတော့ သူတို့က နတ်ဘုရားနယ်မြေရဲ့ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ဖို့ မျက်စိကျနေတယ်လို့ ကြားထားတယ်။ တကယ်လို့ ဒီလိုသာ ဆက်ဖြစ်နေရင် သူတို့တွေကက ငါတို့ရဲ့ အရင်းအမြစ်ကို လောဘတကြီး လက်ဝါးကြီး အုပ်ဖို့ ကြိုးစားမှာပဲ ...." ပြောလိုက်သူမှာ လူလတ်အရွယ် အလွန်ခန့်ညားချောမောသည့် အမျိုးသားတစ်ဦး ဖြစ်၏။
ထိုအမျိုးသား စကားမဆုံးခင် ဝူကျဲက ရယ်မောကာ " ဂိုဏ်းချုပ်စီ မှားနေပြီ ... အောင်းမျိုးနွယ်က ကျုပ်တို့ နတ်ဘုရားနယ်မြေကို စတင်ရင်ဆိုင်နေပြီးပြီ "
ထိုခပ်ချောချော လူလတ်အရွယ် အမျိုးသားက ခေါင်းညိတ်ကာ
" ဟုတ်တယ် ... တကယ်လို့ ကျုပ်တို့သာ အချိန်မီ ပြန်လည် ရင်ဆိုင်ဖို့ မလုပ်ဘူးဆိုရင် ကျုပ်တို့တွေ သူတို့ဆီ အရှုံးပေးလိုက်ရလိမ့်မယ် ... "
ခပ်ချောချော လူလတ်အရွယ် အမျိုးသားက စိတ်ဝိညာဉ်ကြိုးကြာဂိုဏ်း၏ ဂိုဏ်းချုပ် စီဝမ်ရှန်း ဖြစ်၏။ သူက ဝိညာဉ်မီးတောက်၏ ထောက်ခံသူအကြီးကြီး ဖြစ်သည်။
" အဲဆိုတေ့ာ ဂိုဏ်းချုပ်စီရဲ့ ရည်ရွယ်ချက်က ဘာများလဲ " ကျီတင်းက တမင် မေးလိုက်သည်။
စီဝမ်ရှန်းက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်
" ကျုပ်တို့တွေ နတ်ဘုရားကုန်းမြေဆီကနေ သင်ယူသင့်တယ်။ ကျုပ်တို့တွေ အားအကောင်းဆုံး ပညာရှင်ကို ဝိဇ္ဇာတပိုင်းအဆင့် ရောက်ဖို့ အားလုံးဝိုင်းပြီး ပံ့ပိုးပေးသင့်တယ် ... မဟာမိတ်ခေါင်းဆောင် ဝိညာဉ်မီးတောက်က သဟဇာတ နတ်ဘုရား အဆင့် ၉ ရောက်တော့မှာဆိုတော့ ဝိဇ္ဇာတပိုင်းအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။
ကျုပ်တို့တွေ ကျုပ်တို့အရင်းအမြစ်အားလုံးကို စုစည်းပြီး မဟာမိတ်ခေါင်းဆောင် ဝိညာဉ်မီးတောက် ဝိဇ္ဇာတပိုင်းအဆင့် ရောက်အောင် ကူညီပေးကြဖို့ အကြံပေးချင်ပါတယ် .... "
" ဒါပေမဲ့ ကျုပ်တို့အရင်းအမြစ်တွေက ကန့်သတ်ချက် ရှိတာပဲလေ " နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။
စီဝမ်ရှန်းက ပြုံးလိုက်ကာ
" တကယ်တော့ အရင်းအမြစ်တွေ၊ လျို့ဝှက်နယ်မြေတွေနဲ့ ကျင့်ကြံရေးနယ်မြေတွေ ပေါများနေတဲ့ နေရာတစ်ခု ကျန်နေပါသေးတယ်။ ဂိုဏ်းချုပ်ဝေရုက ကျုပ်တို့ ဆုံးဖြတ်ချက်ကို ထောက်ခံ့ပေးမလား သိချင်မိသား "
သူက ပြောလိုက်ရင်း လူသားဂိုဏ်းအား ကိုယ်စားပြု ရောက်ရှိလာသည့် ဝေရုအား ကြည့်လိုက်သည်။
*