မိုဝူကျိ ပြန်လာပြီ
Vol. 83 Ch. 1161
ဝေရုက စိတ်ထဲမှာ ရယ်လိုက်မိသည်။
မင်းတို့က လူသားဂိုဏ်းရဲ့ အရင်းအမြစ်တွေကို လိုချင်နေတာလား … အိပ်မက်မက်မနေစမ်းနဲ့ …
လူသားဂိုဏ်းရှိ လျို့ဝှက်နယ်မြေ အမျိုးမျိုးသည် သူ ဒုဂိုဏ်းချုပ်ပင် မထိနိုင်သည့်အရာများ ဖြစ်၏။ ထိုလူက သူ့ကိုယ်သူ မည်သူ ထင်နေသနည်း။ လူသားဂိုဏ်း၏ အဖိုးတန် အရင်းအမြစ်များကို လာတပ်မက်နေပေသည်။
ဝေရုက မကြားသည့်အလား ပြုမူနေသည်ကို သတိထားမိကာ စီဝမ်ရှန်းက ထပ်ပြောလိုက်သည်
“ ဂိုဏ်းချုပ်ဝေရု …. ခင်ဗျားရဲ့ ကျင့်ကြံဆင်က ဒီမှာ အနိမ့်ဆုံးဆိုပေမဲ့ နတ်ဘုရားနယ်မြေအတွက် တစ်ခုခုတော့ လုပ်ပေးရမဲ့ တာဝန်ရှိနေသေးတယ်လေ။ ကျုပ်တို့က လူသားဂိုဏ်းကို ကျုပ်တို့တစိတ်တပိုင်းအဖြစ် မှတ်ယူထားတာဆိုတော့ အားလုံးက နတ်ဘုရားနယ်မြေအတွက် အကျိုးပြုပေးသင့်တယ်မလား ”
ဝေရုက အသာပြန်ပြောလိုက်သည် “ အဲဒါကြောင့် ကျုပ် ဒီနေရာ ရောက်နေတာပဲလေ ”
သူက ထိုလူများသည် လူသားဂိုဏ်း အရင်းအမြစ်များအပေါ် တပ်မက်လာမည်ကို မစိုးရိမ်ပေ။ အကြီးအကဲ ကျဲဟိန်က ဂိုဏ်းကို ကာကွယ်ပေးနေသည် မဟုတ်ပါလော။ ဝိညာဉ်မီးတောက် ကိုယ်တိုင် သွားလျှင်ပင် ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
သူ ဝေရုက ဤနေရာ၌ ယုံကြည်ချက်အပြည့်ဖြင့် ထိုင်နေနိုင်သည်မှာ လူသားဂိုဏ်း၏ တိုးတက်နှုန်းကြောင့် ဖြစ်၏။ သူတို့က အတိတ်တုန်းက သွားလေရာ နေရာတကာ အနိုင်ကျင့်ခံခဲ့ရသည့် တည်ရှိမှုမျိုး မဟုတ်တော့ပေ။
ကျီတင်းက ပြုံးကာ
“ ဂိုဏ်းချုပ်ဝေ … ကျုပ်ထင်ထားတော့ ဂိုဏ်းချုပ်ဝေတို့ လူသားဂိုဏ်းက ဒီနှစ်တွေမှာ ကျင့်ကြံရေး အရင်းအမြစ် အများကြီး စုဆောင်းထားတယ်မလား။ အဲဒါတွေက အရေးပေါ်အတွက်လည်း ဖြစ်နိုင်ပါတယ်။ ကျုပ်တို့ကလည်း အလကား မယူပါဘူး။ နတ်ဘုရားနယ်မြေသာ ဒီကပ်ဘေးကို ကျော်လွန်သွားတာနဲ့ လူသားဂိုဏ်းဆီ အရင်းအမြစ်တွေကို စုဆောင်းပြီး ပြန်ပေးမှာပါ … ”
ဝေရုက သူ့ဘာသာ တွေးမိရင်း ရယ်မောလိုက်သည်။
ပြန်ပေးမှာတဲ့လား … ဘယ်အရူးက အဲဒီစကားတွေကို ယုံမှာလဲ …
အားလုံးက ဝေရု၏ အကြောင်းပြချက်ကို စောင့်မျှောနေကြစဉ် ဝေရုက တည့်တိုးသာ ပြောလိုက်သည် “ ကျုပ်တို့က ဘာမှမပေးနိုင်ဘူး ”
ရှေ့ဆုံးတွင် ထိုင်နေသည့် ဝိညာဉ်မီးတောက်က ဝေရုတစ်ယောက် ကျီတင်းနှင့် စီဝမ်ရှန်း၏ အကြံပြုချက်များကို ငြင်းပယ်လိုက်ကြောင်း ကြားလိုက်ရသည့်အခါ မျက်မှောင်ကျုတ်လိုက်သည်။ သူက ပြန်ပြောလိုက်၏
“ ဂိုဏ်းချုပ်ဝေက မဟာမိတ်အဖွဲ့အတွက် အကူအညီမပေးဘဲနဲ့ အောင်မြင်မှုကို ခံစားဖို့ သင့်တော်တယ်လို့ ထင်နေတာလား ”
ဝေရုက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်
“ ကျုပ်တို့လူသားဂိုဏ်းက အားလုံး ညီတူညီမျှ အကူအညီ ထောက်ပံ့ပေးတာက အကျိုးအကြောင်း သင့်တယ်လို့ ထင်တယ်။ အောင်မြင်မှုကို ခံစားဖို့အတွက် ကျုပ်တို့ လူသားဂိုဏ်းက အခုထိ ဘာမှမခံစားရသေးဘူး ”
“ အဲဆိုတော့ ဂိုဏ်းချုပ်ဝေက ဒီအကြံပြုချက် အကျိုးအကြောင်း မသင့်ဘူးလို့ ထင်တယ် ဆိုပါတော့ ” ဝိညာဉ်မီးတောက်က အသာမေးလိုက်သည်။
ဝေရုက ပြန်မဖြေခင် ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်ပြီး “ တကယ်ကို အကျိုးအကြောင်း မသင့်ဘူးလေ ”
“ အဲဆို အကျိုးအကြောင်း သင့်တာ တစ်ခုခု အကြံပြုကြည့်လေ။ အနည်းဆုံးတော့ အားလုံး ဘာလုပ်ရမယ်ဆိုတာကို သိသွားတာပေါ့ ” ဝိညာဉ်မီးတောက် မျက်ဝန်း၌ သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားလေသည်။ အကယ်၍ လူသားဂိုဏ်း၏ ဂုဏ်သတင်းကြောင့်သာ မဟုတ်လျှင် ဝေရုက မည်သို့ ဤနေရာ၌ ထိုင်နေနိုင်မည်နည်း။ သူက အမှုန့်ဖြစ်သွားလောက်လေပြီ။
ဝိညာဉ်မီးတောက်က အမြဲတမ်း လီထန်း၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ ယခု သူက လီထန်း၏ ဖိနှိပ်မှုအောက်မှ လွှတ်မြောက်လာပြီ ဖြစ်ရာ နတ်ဘုရားနယ်မြေအတွင်း ထိန်းချုပ်မှု ရယူနိုင်ခဲ့သည်။ သူက သူ့ကိုယ်ပိုင်ကောင်းကျိုးအတွက် အင်အားနှင့် အာဏာကို အသုံးပြုလိုသည်မှာ ပုံမှန်သာ ဖြစ်၏။
“ ကျုပ် သိသလောက်ဆိုရင် မဟာမိတ်ခေါင်းဆောင်က အခု သဟဇာတ နတ်ဘုရား အဆင့် ၈ ပဲ ရှိသေးတာ မလား။ ကျုပ်တို့လူသားဂိုဏ်းရဲ့အကြီးအကဲကျဲဟိန်က သဟဇာတ နတ်ဘုရား အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်တောင် ရောက်နေပြီဆိုတော့ ဝိဇ္ဇာတပိုင်းအဆင့်ရောက်ဖို့ ခြေတစ်လှမ်းမျှပဲ လိုတော့တယ်။ ကျုပ်တို့က ဝိဇ္ဇာတပိုင်းအဆင့် မွေးထုတ်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုရင် အားလုံးရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို ကျုပ်တို့လူသားဂိုဏ်းရဲ့ အကြီးအကဲကျဲဟိန်အပေါ် အကုန်ပုံအပ်ထားရမှာ မဟုတ်ဘူးလား ” ဝေရုက ပြန်လည် ချေပလိုက်သည်။
ဝိညာဉ်မီးတောက်က ဝေရု စကားများကြောင့် ကြောင်အမ်းသွားသည်။ အားလုံး၏ စိတ်ထဲ၌ ကျဲဟိန်တစ်ယောက် လူသားဂိုဏ်း၌ ရှိနေခြင်းမှာ ပေါများလှသော အရင်းအမြစ်များကြောင့် ဖြစ်ကြောင်း တွေးခဲ့ကြသည်။ လက်ရှိ ဤခန်းမအတွင်းရှိ လူအများစုက ကျဲဟိန်သည် လူသားဂိုဏ်း၏ အကြီးအကဲ ဖြစ်နေလိမ့်မည်ဟု မထင်ထားကြပေ။ ထို့အပြင် အားလုံးက ကျဲဟိန်သည် အရိုက်အရာခံ နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း သိထားကြသည်။ ယခု သူက ကပ်ဘေးပြီးနောက် ဒဏ်ရာအပြင်းအထန် ရထားသောကြောင့်သာ သူ့အင်အားကို ဆက်လက် မြင့်တင်ရန် မဖြစ်နိုင်တော့ပေ။
“ တကယ်လို့ ကျုပ်တို့တွေ ဂိုဏ်းချုပ်ဝေရဲ့ အကြံပြုချက်အတိုင်း လုပ်ရမယ်ဆိုရင် ဒီမဟာမိတ်က အဓိပ္ပါယ်မရှိတော့ဘူး ” နောက်ထပ် မရင်းနှီးသည့် ဂိုဏ်းချုပ်တစ်ယောက်က ထရပ်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ဝေ ... ဂိုဏ်းချုပ်မို နတ်ဘုရားနယ်မြေထဲ မရှိတော့ဘူးဆိုတဲ့ သတင်းတွေ ပြန့်နေတာ ကြာပြီ။ လူသားဂိုဏ်းက တပည့်လက်ခံတာလည်း မရှိသလို ဂိုဏ်းကိုလည်း တခြားသူတွေ ကျင့်ကြံဖို့အတွက် ဖွင့်ပေးလေ့ မရှိဘူး။ စုဆောင်းလာရတဲ့ အရင်းအမြစ်အားလုံး အလကား ဖြစ်ကုန်မယ် မထင်ဘူးလား ” စီဝမ်ရှန်းက ဝေရုအား အေးစက်စက် ကြည့်လိုက်သည်။
ဝေရု ပြန်အဖြေကိုပင် မစောင့်ဘဲ စီဝမ်ရှန်းက ဆက်ပြောလိုက်သည်
“ ပြီးတော့ ဂိုဏ်းချုပ်မိုက အင်မတန် အားကောင်းပြီးတော့ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းကိုတောင် တစ်ယောက်တည်း ချေမှုန်းခဲ့တယ်။ ဒါပေမဲ့ အဲဒါက အတိတ်တုန်းက ဖြစ်ရပ်တွေပဲ .... အခုလက်ရှိ မဟာမိတ်ခေါင်းဆောင် ဝိညာဉ်မီးတောက်က သဟဇာတ နတ်ဘုရား အဆင့် ၉ ရောက်လုနီးပါး ဖြစ်နေပြီးတော့ ဒုခေါင်းဆောင် ကျီတင်းကလည်း သဟဇာတ နတ်ဘုရား အဆင့် ၇ ရောက်နေပြီ။
ဒီခန်းမထဲက သဟဇာတ နတ်ဘုရားအရေအတွက်ကို ထည့်ပေါင်းလိုက်ရင် ဆယ်ယောက်ထက် နည်းမှာ မဟုတ်ဘူး။ လူသားဂိုဏ်းက ဘယ်အချိန် ပြန်ရောက်လာမှန်း မသိတဲ့ ဂိုဏ်းချုပ်မိုကို ဆက်စောင့်နေပြီးတော့ ဒီအရင်းအမြစ်တွေကို ဖြုန်းတီးပစ်တော့မလို့လား ”
ခန်းမတစ်ခုလုံးက ငြိမ်ကျသွားကာ ဝေရုနှင့် အားလုံးက စီဝမ်ရှန်းစကားကို မည်သို့ နားမလည်ဘဲ ရှိမည်နည်း။ အကယ်၍ မိုဝူကျိသာ ပြန်ရောက်မလာလျှင် လူသားဂိုဏ်းသည် သဟဇာတ နတ်ဘုရား ပညာရှင်အများကြီးကို ကျဲဟိန်တစ်ယောက်တည်းဖြင့် မည်သို့ ခုခံထားနိုင်မည်နည်း။
တခြားနည်းဖြင့်ဆိုရလျှင် မိုဝူကျိ ပြန်ရောက်လာလျှင်ပင် နှစ်ယောက်တည်းဖြင့် ဤမျှသဟဇာတ နတ်ဘုရားအဆင့် ပညာရှင်အများကြီးကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ဤသည်မှာ ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်၏။ ထိုအရာကို ကြားပြီးနောက် ဝေရုက ချက်ချင်း ထရပ်ကာ အေးစက်စွာ ပြန်ဖြေလိုက်သည်
“ ကျုပ်တို့ လူသားဂိုဏ်းက ဒီမဟာမိတ်ကနေ နှုတ်ထွက်တယ်။ ကျုပ်တို့ လူသားဂိုဏ်းရဲ့ အရင်းအမြစ်တွေက ကျုပ်တို့အပိုင်ပဲ .... ကျုပ်တို့ အရင်းအမြစ်တွေကို လိုချင်တပ်မက်ပြီး လုယူဖို့ ကြိုးစားတဲ့သူတိုင်း သေခြင်းတရားက တစ်ခုတည်းသော ရလဒ်ပဲ ”
ထိုသို့ပြောပြီးနောက် ဝေရုက နတ်ဘုရားနယ်မြေ မဟာမိတ်ဌာနချုပ်မှ အချိန်တိုအတွင်း လှည့်ထွက်သွားတော့သည်။
“ ဘန်း ” ဝိညာဉ်မီးတောက်က သူ့ရှေ့ရှိ အခါးရည်ခွက်များကို ထုချေပစ်ကာ
“ နတ်ဘုရားအုပ်စိုးသူ အဆင့်လေးနဲ့ ဒီလောက် မောက်မာပြနေတာ .... သူက ငါတို့ ခေါင်းပေါ် တက်ထိုင်ဖို့ လုပ်နေတာလား။ ငါ ဝိညာဉ်မီးတောက်က သူ့ကို ဘာမှမလုပ်ရဲဘူးလို့ ထင်နေတာလား ”
“ မဟာမိတ်ခေါင်းဆောင် ဒီမသိတတ်တဲ့ ဂိုဏ်းကို ဘာမှထပ်ပြောနေဖို့ မလိုဘူး ထင်တယ်။ တကယ်လို့ လူသားဂိုဏ်းသာ နတ်ဘုရားနယ်မြေရဲ့ အရင်းအမြစ် ၉၀ ရာခိုင်နှုန်းကျော်ကို မယူသွားခဲ့ရင် ကျုပ်တို့ နတ်ဘုရားနယ်မြေက ဝိဇ္ဇာတပိုင်းအဆင့် မထွက်ပေါ်လာတာ ဖြစ်နိုင်ပါ့မလား ” စီဝမ်ရှန်းက ချက်ချင်း ထပြောကာ မီးတောက်ထဲ လောင်စာထပ်ထည့်လိုက်သည်။
အားလုံးက ထိုစကားအဓိပ္ပါယ်ကို နားလည်ကြပေသည်။ နတ်ဘုရားနယ်မြေ ပြန်ကောင်းလာပြီးနောက် မည်သည့်ဂိုဏ်းကများ အရင်းအမြစ်အတွက် မတိုက်ခိုက်ကြလို့လဲ .... မိုဝူကျိက အများဆုံး ရသွားသည်မှာ စောစောစီးစီး အခွင့်အရေး မြင်ခဲ့၍ ဖြစ်သည်။ အကယ်၍ မိုဝူကျိသာ ထိုအရင်းအမြစ်အားလုံးကို မရခဲ့လျှင်ပင် ထိုအရင်းအမြစ်များဖြင့် ဝိဇ္ဇာတပိုင်းအဆင့် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ပြောလျှင် ယုတ္တိမတန်ပေ။ အကယ်၍ ဝိဇ္ဇာတပိုင်းအဆင့်တွေအသာ အလွယ်တကူ မွေးထုတ်နိုင်ပါက ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်များ ရှားပါးနေမည် မဟုတ်ပေ။
“ ဂိုဏ်းချုပ်စီက ဘာပြောချင်တာလဲ ” နတ်သူတော်စင် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် နတ်ဘုရားဘုရင် လီဟယ်က မေးလိုက်သည်။
စီဝမ်ရှန်းက မာရည်ကြောရည်ဖြင့် ပြန်ဖြေလိုက်သည်
“ ကျုပ်ပြောတာ ဒီမှာ ကျုပ်တိုနဲ့ သဟဇာတ နတ်ဘုရားတွေအများကြီး ရှိနေတာပဲလေ။ လူသားဂိုဏ်းက တစ်ကိုယ်ကောင်းဆန်မှတော့ လူသားဂိုဏ်းကို အတင်းကျပ် ဖိအားပေးသင့်တယ် မဟုတ်ဘူးလား။ ဒါမှသာ နတ်ဘုရားနယ်မြေကို တိုးတက်အောင် လုပ်နိုင်မှာလေ ”
“ ကောင်းတယ် ” စီဝမ်ရှန်းက ထိုအကြောင်း ပြောလိုက်ပြီးနောက် တစ်ယောက်က ဝင်ထောက်ခံလိုက်သည်။
သိပ်မကြာခင် ဒုတိယမြောက်လူလည်း သဘောတူလိုက်၏။
မုတ်ဆိတ်ရှည် လီဟယ်က ဆက်ပြောလိုက်သည် “ ဂိုဏ်းချုပ်မိုက တရားမျှတတဲ့သူပဲ .... အားလုံး သွားချင်ရင် သွားလို့ ရတယ်။ ဒါပေမဲ့ ကျုပ်တို့ နတ်သူတော်စင်ဂိုဏ်းက ဝင်မပါဘူး ”
နတ်ဘုရားဘုရင် လီဟယ်အပေါ် အေးစက်စက် သတ်ဖြတ်ငွေ့တစ်ခု ကျရောက်လာသည်။ လီဟယ်က ဝိညာဉ်မီးတောက်ဆီမှ ဖြစ်ကြောင်း သိလိုက်သော်လည်း ကြံ့ကြံ့ခိုင် ကျန်ရှိနေဆဲ ဖြစ်၏။
ပထမဦးစွာ လီဟယ်က မိုဝူကျိ၏ အကျင့်စရိုက်ကို လေးစားမိပေသည်။ ဒုတိယအနေနှင့် သူက မိုဝူကျိသည် လူတစ်ယောက်အနေနှင့် မည်မျှ ရက်စက်ကြောင်း မျက်မြင်ကိုယ်တွေ့ မြင်ထားဖူး၏။
မိုဝူကျိက ဘယ်လိုလူမျိုးလဲ ....
ကနဦး နတ်ဘုရားအဆင့် ရှိစဉ်အခါက နတ်ဘုရားဘုရင်များပင် သူ့အား ဘာမှမလုပ်နိုင်ခဲ့ပေ။ လက်ရှိ မိုဝူကျိက သဟဇာတ နတ်ဘုရားများကိုပါပင် အလွယ်လေး သတ်နိုင်သူ တစ်ဦး ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် ထိုလူများက မိုဝူကျိအား နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းကို ရှင်းခဲ့စဉ်အခါကဲ့သို့ သတ်မှတ်နေကြဆဲ ဖြစ်သည်။
သူတို့က ဤနှစ်တစ်လျှောက်လုံးမှာ အားလုံးက အားကောင်းလာပြီးတော့ မိုဝူကျိက ရပ်တန့်နေမယ်လို့များ ထင်နေကြတာလား ...
မိုဝူကျိက ကနဦး နတ်ဘုရားအဆင့်မှ နတ်ဘုရားဘုရင်အဆင့် ရောက်ဖို့ရာ နှစ်မည်မျှ ကြာမြင့်ခဲ့သနည်း။ မိုဝူကျိက ယခုလက်ရှိ အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့် မဖြစ်နိုင်ဘူးဟု မည်သူကများ အသေအချာ သိနေသနည်း။ မိုဝူကျိ ကနဦး နတ်ဘုရားအဆင့် ရှိသေးစဉ်အခါက ကောင်းကင်နတ်ဘုရားအဆင့်နှင့် ကနဦး နတ်ဘုရား အဆင့် ၄၀ ကျော် ပူးပေါင်းတိုက်ခိုက်မှုကြား အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူက အသက်ရှင်ကျန်ရစ်ရုံသာမက အားလုံးကို သတ်ပစ်ခဲ့သေး၏။
အကယ်၍ ယခု မိုဝူကျိသာ သဟဇာတ နတ်ဘုရား ဖြစ်နေလျှင် သဟဇာတ နတ်ဘုရားများ ပူးပေါင်းတိုက်ခိုက်ခြင်းက သူ့အပေါ် အလုပ်ဖြစ်မည် ထင်နေလား ....
အမှန်တော့ လီဟယ်တစ်ယောက်တည်းသာ ထိုသို့ ခံစားမိနေခြင်း မဟုတ်ပေ။ ခန်းမအတွင်း ကိုယ့်အတွေးကို မဖော်ပြရဲကြသည့်သူများစွာ ရှိနေသေး၏။ အားလုံးက မိုဝူကျိသည် မည်မျှ ကြောက်ဖို့ ကောင်းကြောင်း သိထားကြပြီး မိုဝူကျိသည် ဤသို့ အနိုင်ကျင့်မည့် ဖြစ်ရပ်မျိုး လုံးဝခွင့်ပြုမည် မဟုတ်ပေ။
ဝိညာဉ်မီးတောက်က နတ်ဘုရားနယ်မြေ၏ နံပါတ်တစ် ပညာရှင် ဖြစ်လာဖို့ရာ ဤနေရာရှိ သဟဇာတ နတ်ဘုရားများကို အသုံးချချင်လိုသည်။ ထို့နောက် သူက အရင်းအမြစ်အားလုံးကို သူတစ်ယောက်တည်းအတွက် အပိုင်သိမ်းလို၏။
“ လီဟယ်လိုမျိုး အတွေးတူတဲ့သူရှိရင် ထွက်ခဲ့ပါ။ ကျုပ် ဝိညာဉ်မီးတောက်က ကျုပ်တို့နဲ့ တစ်လှေတည်း စီးဖို့ စိတ်မဝင်စားတဲ့သူတွေ ဘယ်သူတွေလဲဆိုတာ ကြည့်ချင်မိသား ” ဝိညာဉ်မီးတောက်က ထိုသို့ပြောစဉ် သူ့စွမ်းအားစက်ကွင်းကို ဖြန့်ကျက်ထားလေ၏။ ခန်းမတစ်ခုလုံး၌ သတ်ဖြတ်ငွေ့များ ပြည့်နှက်သွားသည်။
သူတို့က ဝိညာဉ်မီးတောက်၏ သတ်ဖြတ်ငွေ့ကို ခံစားမိကာ ခန်းမတစ်ခုလုံးမှာ အေးစက်သွားလေသည်။ ဝိညာဉ်မီးတောက်က သဟဇာတ နတ်ဘုရား အဆင့် ၈ ဖြစ်သော်လည်း သာမာန် သဟဇာတ နတ်ဘုရား အဆင့် ၉ ပင် သူ့အတွက် ပြိုင်ဖက် မဟုတ်ပေ။ မည်သူကများ ဝိညာဉ်မီးတောက်၏ အများကို သတိပေးဖို့ တစ်ယောက်ကို အပြစ်ပေးရန် လုပ်နေသည့် လက်ရှိ ရည်ရွယ်ချက်ကို မည်သို့ မသိဘဲ နေမည်နည်း။
လီဟယ်က စိတ်ထဲ အေးစက်မိသွားသည်။ သူက ဝိညာဉ်မီးတောက်သည် ဤမျှ လုပ်ရဲကိုင်ရဲလိမ့်မည်ဟု မထင်ထားပေ။
သူက ဒီနေရာမှာ တစ်ယောက်ယောက် သတ်ရဲလိမ့်မည်ဟု တွေးကြည့်လိုက်လျှင် ....
“ ဂိုဏ်းချုပ်စီ ... ဂိုဏ်းချုပ်ဝေကို ခန်းမဆောင်ထဲ ပြန်ဖိတ်ခေါ်လိုက်ပါဦး ” ဝိညာဉ်မီးတောက်က ခန်းမတစ်ခုလုံးကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။
အားလုံးက တိတ်ဆိတ်သွားကြသည်။ သူတို့က ဝိညာဉ်မီးတောက်သည် လူသားဂိုဏ်းနှင့် မကျေနပ်ဖွယ် ကိစ္စအား ဖြေရှင်းတော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။
“ ဟုတ် ” စီဝမ်ရှန်းက ထရပ်ကာ ခန်းမအပြင် ထွက်သွားသည်။ သူက မဟာမိတ်ခေါင်းဆောင် ဝိညာဉ်မီးတောက်၏ ထိုစကားအဓိပ္ပါယ်မှာ မည်သို့ ဆိုလိုကြောင်း ကောင်းကောင်း သိပေသည်။ ဝိညာဉ်မီးတောက်က ဝေရုအား သင်ခန်းစာပေးလိုပြီး ကျင့်ကြံဆင့်အားလုံး ဖျက်စီးပစ်ကာ မောင်းထုတ်လိုက်မည် ဖြစ်၏။
ထိုစဉ် သတင်းပို့ ဓားပျံတစ်ချောင်း ရောက်ရှိလာသည်။
ဓားပျံရှိ အကြောင်းအရာများကို မဟန့်တားထားသည့်အတွက် ခန်းမအတွင်းရှိ အားလုံးက ဖတ်လိုက်နိုင်သည်။ ဤသည်မှာ လူသားဂိုဏ်း၏ ဂိုဏ်းချုပ်မို ပြန်ရောက်လာသည့်အကြောင်း ဖြစ်၏။ သုံးလအကြာတွင် လူသားဂိုဏ်းသည် နတ်ဘုရားကမ္ဘာအနှံ့မှ တပည့်များကို လက်ခံတော့မည် ဖြစ်ပေသည်။
ခန်းမအတွင်းရှိ လေထုမှာ ရုတ်ချည်း ပြောင်းလဲသွားလေ၏။ ခန်းမအပြင်ဘက် ရောက်လုနီးပါး ဖြစ်နေသည့် စီဝမ်ရှန်းပင် ဝိညာဉ်မီးတောက်အား မသိမသာ စောင်းငဲ့ကြည့်လိုက်သည်။
မိုဝူကျိ ပြန်ရောက်လာတာသိသိရက်နဲ့ ဝေရုကို ပြန်ခေါ်ရဦးမှာလား ....
ဝိညာဉ်မီးတောက်က သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ နတ်ဘုရားနယ်မြေကို ထိန်းချုပ်လိုလျှင် မိုဝူကျိနှင့် ရင်ဆိုင်ဖို့ လိုအပ်ကြောင်း သိပေသည်။ သူက စီဝမ်ရှန်းအား ဝေရုအား ခေါ်လာဖို့ ဆက်လုပ်ရန် ပြောတော့မည့်ဆဲဆဲတွင် နောက်ထပ် သတင်းပို့ ဓားပျံတစ်ချောင်း ထပ်မံ ရောက်ရှိလာသည်။
တူညီလှစွာ ထိုသတင်းပို့ ဓားပျံပေါ်ရှိ အကြောင်းအရာကိုလည်း ဟန့်တားမထားသည့်အတွက် အားလုံးက အကြောင်းအရာကို အသေအချာ မြင်လိုက်ကြသည်။ ဝိညာဉ်မီးတောက်နှင့် ကျီတင်းတို့ပင် အင်မတန် ဖြူဖျော့နေသည့် မျက်နှာများဖြင့် ဓားပျံကို ကြည့်လိုက်ကြသည်။
***