မှန်ကန်သောလူကို ရွေးချယ်ခြင်း
Vol. 164 Ch. 2331
ရှောင်းမုသည် ကျရှုံးခြင်း၏ခံစားချက်များကို ပြင်းထန်စွာ ခံစားနေရသည်။ သူသည် ငါးချက်မြောက် နတ်ဆိုးခုတ်ချက်ကို သုံးပြီးဖြစ်ကာ ကုန်ဆုံးသွားသော စွမ်းအားမှာ သာမာန် မဟုတ်ပေ။ သူ့တွင် နောက်တစ်ချက် ရိုက်ရန် စွမ်းအားသာ ကျန်တော့၏။
ယခု ငါးချက်မြောက်သည် တစ်ဘက်လူအား ဖြိုဖျက်နိုင်ခြင်း မရှိချေ။ နောက်တစ်ချက်က တစ်ခုခု ထူးခြားစေမည်လော သူမသေချာပေ။
သည်မတိုင်ခင် သူသည် ရီဖူရှင်း၏လက်ထဲတွင် ရှုံးနိမ့်ခဲ့သည်။ ယခု စွန့်ပစ်ခံကလန်နှင့် ရင်ဆိုင်ရာတွင်လည်း ထပ်မံ ရှုံးနိမ့်ပြန်သည်။ သူသည် နတ်ဆိုးဘုံမှ လာခြင်းဖြစ်ကာ နတ်ဆိုးအင်ပါယာ၏တိုက်ရိုက်တပည့်လည်း ဖြစ်သည်။ သူသည် အဆင့်တူအတွင်း၌ တခြားမည်သည့်ဘုံမှ ပါရမီရှင်ကိုမဆို ယှဉ်နိုင်သူဖြစ်သည်။
ယခု မူလဘုံသို့ ရောက်လာပြီးနောက်ပိုင်းတွင် အရှုံးကို ဆက်တိုက် ကြုံနေရ၏။ လောကကြီးသည် မည်မျှ ကျယ်ပြောကြောင်း ရှောင်းမုတစ်ယောက် အသေအချာ သိနားလည်လာရသည်။
ကောင်းကင်ထက်တွင် စွန့်စ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးသည် လက်ချင်းတွဲထားကြသည်။ သူတို့၏နဖူးအလယ်တွင် နတ်အလင်းတစ်ခု ပေါက်ကွဲထွက်လာကာ ထောင်ပေါင်းများစွာသော အရိပ်များအဖြစ် ပြောင်းလဲသွား၏။ သူတို့သည် ကျောက်ဆောင်များကဲ့သို့ တည်ကြည်ခိုင်မာသော နတ်ဘုရားများအလား ထင်မှတ်ရသည်။ သူတို့သည် မဟာလမ်းစဉ်စွမ်းအားနှင့် ရုပ်ခန္ဓာတို့ ပေါင်းစပ်ထားသော ပြိုင်စံရှားပုဂ္ဂိုလ်များ ဖြစ်လာကြ၏။
သူတို့ထံမှ ထုတ်လွှတ်သော စွမ်းအာသည် ပတ်ဝန်းကျင်ကို ပျံ့လွင့်သွားကာ သီးသန့်နယ်မြေဖြစ်လာသည်။ ၎င်းသီးသန့်နယ်မြေသည် နတ်ဘုရားများနှင့် သက်ဆိုင်၏။ ၎င်းသည် စွန့်ပစ်ခံကလန်၏သံမဏိစိတ်ဓာတ်ကဲ့သို့ ဖြိုဖျက် မရနိုင်ပေ။
ရီဖူရှင်းတစ်ဦးတည်းသာ ထိုစိတ်စွမ်းအားကို ခံစားမိသည် မဟုတ်ပေ။ တခြားလူများကလည်း ၎င်းကို ခံစားမိကြသည်။ ရှောင်းမုကဲ့သို့ သန်မာသူသည်ပင် ထိုတန်ခိုးရှင်ကိုးဦး၏ခံစစ်ကို မဖြိုဖျက်နိုင်ပေ။
ပြင်ပလောကမှ တန်ခိုးရှင်ကိုးဦးလည်း ထိုအချက်ကို သဘောပေါက်ကြသည်။ သို့သော်လည်း သူတို့ လက်မလျှော့ပေ။ သူတို့၏ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကြသည်။ ရှောင်းမုလည်း ကောင်းကင်နတ်ဆိုး၏ဆဌမခုတ်ချက်ကို ထုတ်သုံးလိုက်သည်။ သည်တစ်ကြိမ် တိုက်ခိုက်မှုကား ယခင်တစ်ကြိမ်ထက် များစွာ အားကောင်းသည်။
တိုက်ခိုက်မှု ကျဆင်းလာသောအခါ ကောင်းကင်ကို ဖုံးလွှမ်းထားသော နတ်ဘုရားအရိပ်များသည် ပြင်းထန်စွာ တုန်ခါကြ၏။ တချို့မှာ ပျက်စီးသွားကြသည်။ သိသာစွာပင် ထိုအားကောင်းသော တိုက်ခိုက်မှုသည် ကျောက်တုံးဝင်္ကပါအား အနည်းနှင့်အများ ထိခိုက်စေသည်။ သို့သော်လည်း ရလဒ်ကား တူညီသည်။ စွန့်ပစ်ခံကလန်မှ လူကိုးဦး၏အုတ်မြစ်မှာ အနည်းငယ်မျှပင် ယိုင်လဲခြင်း မရှိချေ။ သူတို့၏ရုပ်နှင့်စိတ်စွမ်းအားများသည် ကောင်းကင်နှင့်မြေပြင်တို့ဖြင့် ပေါင်းစပ်နေ၏။ ဤသည်ကပင် ဝင်္ကပါ၏အနှစ်သာရဖြစ်ကာ စွန့်ပစ်ခံကလန်ဘိုးဘေး ဖန်တီးခဲ့သော နည်းစနစ်ဖြစ်သည်။ ဤနည်းဖြင့် စွန့်ပစ်ခံကလန်သည် အမှောင်ထု၌ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ကြသည်။
ရီဖူရှင်းသည် ကျောက်တုံးဝင်္ကပါတိုက်ကွက်အား ကြည့်ရှုရင်း သူတို့၏စိတ်စွမ်းအား မည်မျှ ခိုင်မာသည်ကိုလည်း သတိထားမိသည်။ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ အမှောင်လောက၌ မည်မျှ ကြာအောင် ထိုသို့ ရှင်သန်ခဲ့ရသည်ကို မြင်ယောင်မိသည်။ သူတို့က ခန္ဓာကိုယ်အား ကျောက်တုံးအသွင်ပြောင်းကာ အဖျက်အမှောင့်များအား ကြံ့ကြံ့ခံခဲ့ကြသည်။
ထိုအခိုက်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ပြောသောအချက်ကို ပိုသဘောပေါက်လာကြသည်။ သည်ကလန်ကား သေချာပေါက် လေးစားမှုနှင့် ထိုက်တန်ပေသည်။
“အရမ်းမိုက်တယ်…” အင်ပါယာနန်နှင့် တခြားလူများကလည်း စိတ်လှုပ်ရှားစွာ ပြောကြသည်။ သူတို့က အဆုံးမဲ့သော အမှောင်လောက၌ ကျင်လည်နေခဲ့ရသည်မှာ မည်မျှ ခက်ခဲလိုက်မည်နည်း။ သူတို့က ရှန်းယိကုန်းမြေအား ကာကွယ်ရန် သွေးချွေးများနှင့် ရင်းနှီးခဲ့ရပေမည်။
သူတို့၏ခိုင်မာသော ယုံကြည်မှုကြောင့်သာလည်း ဤသို့သော အားကောင်းသော ခွန်အားကို ပြသနိုင်ကြခြင်းဖြစ်သည်။ နတ်ဆိုးအင်ပါယာ၏တပည့် ရှောင်းမုသည်ပင် သူတို့အား အနိုင်မယူနိုင်ပေ။ သူတို့၏စိတ်ဓာတ်က အလွန်သန်မာ၏။
တိုက်ပွဲနေရာတွင် ရှောင်းမုနှင့် တန်ခိုးရှင်များသည် စိတ်ဓာတ်များ ကျနေကြသည်။ သူတို့ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း နားလည်ကြ၏။ တစ်ဘက်မှ ခံစစ်ကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။
“အားလုံး ထွက်လို့ ရပါပြီ” ကျောက်ဆောင်ဝင်္ကပါသည် လမ်းပွင့်သွားကာ ရှောင်းမုနှင့် တန်ခိုးရှင်များအား ထွက်ခွာခွင့်ပြုသည်။
နှစ်ဘက်လုံးက ရလဒ်မှာ ပြတ်သားနေပြီဖြစ်ကြောင်း သိကြသည်။ ဆက်လက်၍ တိုက်ခိုက်သည့်တိုင် အဓိပ္ပာယ် မရှိတော့ချေ။
“အရမ်းမိုက်တယ်…” ရှောင်းမု၏မျက်လုံးများသည် စွန့်ပစ်ခံကလန်မှ လူများကို အထင်ကြီးစွာ ကြည့်သည်။ ထို့နောက် သူက ဝင်္ကပါမှ ထွက်ခွာသွားကာ နတ်ဆိုးဘုံမှ ယာယီစခန်းသို့ ပြန်၏။ တခြားတန်ခိုးရှင်များလည်း အသီးသီး ပြန်ကြသည်။
“ဒီတိုက်ပွဲမှာ မင်းအားနည်းလို့ မဟုတ်ဘူး။ လူနည်းနည်းပဲ ဒီဝင်္ကပါကို ဖျက်ဆီးနိုင်တယ်” နတ်ဆိုးဘုံမှ အကြီးအကဲတစ်ယောက်က ရှောင်းမုကို ပြောသည်။ သူက ဘေးမှ ကြည့်နေသည့်တိုင် ကျောက်ဆောင်ဝင်္ကပါသည် မည်မျှ အားကောင်းကြောင်း ခံစားရသည်။
သို့သော်လည်း ၎င်းသည် ရှောင်းမုအား ပိုမိုသက်သာစေခြင်း မရှိပေ။ အရှုံးမှာ အရှုံးဖြစ်သည်။ မည်သည့် အကြောင်းပြချက်မှ မကုစားနိုင်။
“မင်းက ကျောက်ဆောင်ဝင်္ကပါကို ဒီလောက်အထိ ထိခိုက်စေခဲ့တာ အရမ်းဟုတ်နေပြီ။ သူတို့ကိုးယောက်ရဲ့စိတ်နဲ့ခန္ဓာက အဆုံးစွန်အထိ တောင့်တင်းခိုင်မာနေတာ။ မင်းက အရမ်းကောင်းကောင်း လုပ်ခဲ့တယ်” ထိုအချိန်တွင် စွန့်ပစ်ခံကလန်မှ အဖိုးအိုကလည်း ဝင်ရောက်ပြောဆိုကာ သူတို့အား နှိပ်သိမ့်သည်။
သို့သော်လည်း သူ၏စကားများမှ စွန့်ပစ်ခံကလန်က ကျောက်ဆောင်ဝင်္ကပါအား မည်မျှ ယုံကြည်မှုရှိသည်ကို တွေ့နိုင်သည်။
နှစ်ပေါင်းများစွာကြာအောင် စွန့်ပစ်ခံကလန်သည် ရှန်းယိကုန်းမြေအား ဤနည်းဖြင့် ကာကွယ်ခဲ့ကြသည်။
ထို့အပြင် ဤသည်က ကျောက်ဆောင်ဝင်္ကပါ၏နောက်ဆုံးပုံစံ မဟုတ်သေးပေ။
“နောက်ထပ် စမ်းကြည့်ချင်တဲ့ အဆင့်ရှစ်ရန်ဟောင်တွေ ရှိသေးလား” စွန့်ပစ်ခံကလန်က တခြားအင်အားစုများကို မေးမြန်းသည်။ ထိုအခိုက်တွင် စိတ်မရှည် ဖြစ်နေကြသော အင်အားစုများမှ တန်ခိုးရှင် တချို့ ရှိနေပြီဖြစ်သည်။ သူတို့က ဝင်္ကပါ မည်မျှ အားကောင်းသည်ကို စမ်းသပ်လိုကြ၏။
“ကျုပ် ကြိုးစားကြည့်မယ်” နောက်ထပ် တန်ခိုးရှင်တစ်ဦးက ရှေ့ကို တက်လာသည်။ သူကား ကောင်းကင်ဒေသမှ တန်ခိုးရှင် ဖြစ်သည်။ ထိုလူ ထွက်လာသည်တွင် ကောင်းကင်ဒေသမှ လူအများအပြားက သတိထားမိကြသည်။ သိသာစွာပင် ထိုလူမှာ နာမည်ကျော်ကြား၏။
အဖြူရောင်ဝတ်ထားကာ ထိုလူသည် အလွန်ချောမောခန့်ညား၏။ သူသည် ထိုနေရာတွင်ရပ်လျှက်ပင် မဟာလမ်းစဉ်နှင့် တသားတည်းဖြစ်နေသည်ဟု ထင်မှတ်ရ၏။
အဖြူရောင်ဝတ် ရန်ဟောင် ထွက်လာသည်တွင် သူက စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးကို ကြည့်သည်။ ထို့နောက် ကောင်းကင်ဒေသမှ တန်ခိုးရှင်များကို ကြည့်၏။ ထိုစဉ် နောက်တစ်ယောက်လည်း ရှေ့ကို ထွက်လာသည်။ သို့သော် အဖြူရောင်ဝတ်ရန်ဟောင်က သူ့အား လှမ်းပြောသည် “မင်း ကြိုးစားကြည့်ချင်ရင် နောက်တစ်လှည့်ကို စောင့်ပါ”
ထိုမှတ်ချက်ကို ရရှိသော တန်ခိုးရှင်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူ၏စကားက အလွန်ရိုင်းစိုင်းကာ မတူမတန်သော သဘောကို ဆောင်သည်။ သို့သော်လည်း အဖြူရောင်ဝတ်ရန်ဟောင်သည် သိပ်ဂရုစိုက်ဟန်မတူ။ သူက ကောင်းကင်ဒေသမှ တန်ခိုးရှင်များကို ပြောသည် “စွန့်ပစ်ခံကလန်ရဲ့ဝင်္ကပါက ဖြိုဖျက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်ဒေသက ထိပ်သီးအင်အားစုအားလုံး ဒီကို ရောက်နေတာပဲ။ ဒါက ဘယ်လိုလုပ် မပြိုပျက်ဘဲ နေမှာလဲ။ ဒါကြောင့် ကျုပ်က ကောင်းကင်ဒေသက လူတချို့ကို ဝင်္ကပါကို ဖျက်ဆီးဖို့ ဖိတ်ကြားချင်တယ်”
သူ၏ဆိုလိုရင်းက ရှင်းလင်းသည်။ သူက မိတ်ဖက်များကို ကိုယ်တိုင် ရွေးလိုသည်။ သူ၏အမြင်တွင် သူနှင့်ယှဉ်တွဲတိုက်ခိုက်ရန်အတွက် ထိုက်တန်သော စွမ်းရည် ရှိရန် လိုသည်။