ထွက်ပြေးခြင်း
Vol. 83 Ch. 1162
သတင်းပို့ ဓားပျံပေါ်ရှိ အကြောင်းအရာမှာ မိုဝူကျိက နတ်ဘုရားကုန်းမြေဆီ မကြာသေးခင်က ရောက်လာသည့် အကြောင်း ဖြစ်၏။ နတ်ဘုရားကုန်းမြေ၏ အောင်းမျိုးနွယ်စုက မိုဝူကျိ၏ စီနီယာအစ်မနှင့် တပည့် ချီချွမ်းတို့ကို ဖမ်းဆီးထားသောကြောင့် မိုဝူကျိက ဒေါသထွက်သွားခဲ့သည်။ သူက မျိုးနွယ်စု ခေါင်းဆောင် အောင်းချိုးအပါအဝင် အကြီးအကဲ အယောက် ၃၀ လုံးကို ရှင်းထုတ်ပစ်ခဲ့သည်။ ကောလဟာလများအရ အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်နှစ်ယောက်က အပြေးအလွှား ရောက်လာသော်လည်း တုံ့ပြန်ဖို့အချိန်ပင် မရလိုက်ဘဲ မိုဝူကျိ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားကြရသည်။
မိုဝူကျိက အောင်းမျိုးနွယ်၏ ပညာရှင်အများအပြားကို သတ်ပြီးသည့်နောက် ကျန်အဖွဲ့ဝင်များက သီးခြားထွက်ပြေးခဲ့ကြသည်။ နတ်ဘုရားကုန်းမြေ၌ အောင်းမျိုးနွယ်ဟူ၍ ဆက်မရှိတော့ပေ။
ဝိညာဉ်မီးတောက်နှင့် ကျီတင်းတို့က ပြောစရာစကားပင် ပျောက်ဆုံးနေလောက်သည့်အထိ အံ့ဩတုန်လှုပ်နေကြသည်။ အရှင်းဆုံးပြောရလျှင် ဝိညာဉ်မီးတော်က မိုဝူကျိသည် နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းနှင့် ကျင့်ကြံသူအစုအရုံး နှစ်ခုလုံးကို ဖျက်စီးခဲ့ကြောင်း သိထားသော်လည်း မကြောက်ချေ။ ဝိညာဉ်မီးတောက်က သဟဇာတ နတ်ဘုရား အဆင့် ၈ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ့အတွက် သဟဇာတ နတ်ဘုရား အဆင့် ၉ ထိပ်ဆုံးသူကိုပင် မကြောက်ပေ။
ဝိညာဉ်မီးတောက်က သူ့ကိုယ်သူ အထင်ကြီးကာာ ဝိဇ္ဇာတပိုင်းအဆင့်အောက်တွင် သူက နံပါတ်တစ် တည်ရှိမှု ဖြစ်ကြောင်း မှတ်ယူထားလေ၏။ လက်ရှိ သူ အထင်သေးမိခဲ့သော မိုဝူကျိက အောင်းမျိုးနွယ်တစ်ခုလုံးကို အမှန်တကယ် ဖျက်စီးပစ်ခဲ့သည်။ ထို့အပြင် သူက ဝိဇ္ဇာတပိုင်းအဆင့် နှစ်ယောက်ကိုပင် သတ်ပစ်ခဲ့သေး၏။
ဆိုလိုသည်မှာ မိုဝူကျိသည်လည်း ဝိဇ္ဇာတပိုင်းအဆင့် ရောက်ရှိပြီးသွားလောက်လေပြီ။ အကယ်၍ သူသာ မိုဝူကျိကို ရန်စမိလျှင် ကြာကြာအသက်ရှင်နိုင်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် စီဝမ်ရှန်းက ထွက်မသွားရသေးပေ။
ခဏအကြာတွင် သူက မိုဝူကျိအား လွန်ခဲ့သည့်နှစ်ဝက်ကတည်းက ရန်စပြီးသွားကြောင်း သတိပြုမိသွားသည်။ ဝိညာဉ်မီးတောက်က ထိုအတွေးဖြင့် စိုးရိမ်ကြီးလာ၏။ သူက ဤနေရာမှ မြန်မြန်ထွက်သွားရမည်။
မဟုတ်ဘူး …. နတ်ဘုရားနယ်မြေမှ မြန်မြန် ထွက်သွားရမည်။
ကျီတင်းလည်း စိုးရိမ်လာမိသည်။ အကြောင်းမှာ သူက မိုဝူကျိနှင့် ရန်ငြိုးရှိထားသည် မဟုတ်ပါလော။ သက်သေအထောက်အထားများစွာက သူ့တစ်ဦးတည်းသော သားသည် မိုဝူကျိ လက်ချက်ဖြင့် အမှန်တကယ် သေဆုံးခဲ့ကြောင်း သက်သေပြနေလေ၏။ ယခင်က သူက မိုဝူကျိအား စွပ်စွဲခဲ့လိုသော်လည်း အမှန်ဖြစ်နေမည်ကို မည်သူကများ သိထားမည်နည်း။
စီဝမ်ရှန်းက ဝိညာဉ်မီးတောက်ကိုပင် မကြည့်ဘဲ ခေါင်းငုံ့လျက် သူ့နေရာသူ ပြန်ထိုင်လိုက်သည်။ အကယ်၍ သူသာ ဝေရုနှင့် ထိပ်တိုက်သွားတွေ့လျှင် သူနှင့် သူ့စိတ်ဝိညာဉ်ကြိုးကြာဂိုဏ်း နှစ်ခုလုံး မနက်ဖြန် နေအလင်းရောင်ကို မြင်လိုက်ရမည် မဟုတ်ချေ။
ခန်းမအတွင်းရှိ အားလုံးမှာ ဂိုဏ်းချုပ်များ သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြသော်လည်း အခန်းမှာ အပ်ကျသံ ကြားလောက်ရအောင်အထိ တိတ်ဆိတ်နေကြသည်။ လီဟယ်က ထရပ်ကာ လက်နှစ်ဖက် ယှက်လိုက်ပြီး
“ နတ်သူတော်စင်ဂိုဏ်းက မဟာမိတ်အဖွဲ့ကနေ နှုတ်ထွက်ပါမယ် ”
ထိုသို့ပြောပြီးနောက် လီဟယ်က လှည့်ထွက်သွားတော့သည်။ သူက ဝိညာဉ်မီးတောက်၏ အဖြေကိုပင် စောင့်မနေတော့ချေ။
လီဟယ် ထွက်သွားပြီးနောက် တခြားသော ဂိုဏ်းချုပ်များလည်း ထရပ်လိုက်ကြသည်။ တချို့က လုပ်စရာရှိနေသေးကြောင်း အကြောင်းပြချက် ပေးကာ တချို့က လီဟယ်အတိုင်း မဟာမိတ်မှ နှုတ်ထွက်ကြောင်း တည့်တိုးသာ ပြောသွားကြသည်။
အမွေးတိုင်ဝက်စာအကြာတွင် မဟာမိတ်ခန်းမဆောင်အတွင်း လူနည်းနည်းသာ ကျန်ရှိတော့သည်။
ဝိညာဉ်မီးတောက်က ခန်းမအတွင်းရှိ ကျန်ရှိနေသောလူများကို ပြောလိုက်သည် “ မိုဝူကျိရဲ့ အင်အားက ကျုပ်တို့ ခန့်မှန်းထားတာထက် ကျော်လွန်နေပြီ။ အားလုံး အရင်ဆုံး ပြန်လိုက်ကြပါဦး။ နောက်တစ်ရက်မှ မဟာမိတ်အကြောင်း ဆက်ဆွေးနွေးကြတာပေါ့ ”
ခဏအကြာတွင် ခန်းမအတွင်း ဝိညာဉ်မီးတောက်နှင့် ကျီတင်းသာ နှစ်ဦးတည်း ကျန်ရှိတော့သည်။
“ အစ်ကိုဝိညာဉ်မီးတောက် ” ကျီတင်းက ဘာဆက်ပြောရမှန်း မသိတော့ချေ။
ဝိညာဉ်မီးတောက်က လက်ခါပြကာ “ ငါလည်း မိုဝူကျိကို ရန်စထားမိပြီးပြီ။ သူ သိပြီးပြီလားဆိုတာတော့ ငါလည်း မသိဘူး။ အဲဒါကြောင့် ငါလည်း အခု ထွက်သွားရမယ်။ နောင် ကံဆုံရင် ပြန်တွေ့ကြတာပေါ့။ ငါ ကြားထားတာတော့ ကပ်ဘေးကြီး ရောက်လာတော့မယ်တဲ့ … ငါတို့တွေ အဲဒီအခါကျ ပြန်တွေ့နိုင်လောက်ပါတယ် ”
ကျီတင်းလည်း ခေါင်းညိတ် သဘောတူလိုက်သည်။
………….....
မိုဝူကျိက ဝေရုကို မြင်လိုက်ရသည့်အခါ လဝက်ကြာမြင့်နေပြီ ဖြစ်။ သူက လူသားမျှော်စင်နှင့် ချီသွေးကြောဖွင့် မျှော်စင်တို့ကို ခင်းကျင်းပြီးသွားလေပြီ။
လူသားဂိုဏ်းဆီ လာရောက်ကြသော ကျင့်ကြံသူအရေအတွက် များပြားလွန်းနေသောကြောင့် ကူးသန်းရေး အစီအရင်အားလုံး လူကျပ်ကျပ်တိုးနေကြသည်။ ဝေရုပင် လူသားဂိုဏ်း၏ ဒုဂိုဏ်းချုပ် ဖြစ်ကြောင်း အမှတ်အသားကို ထုတ်ပြခဲ့သော်လည်း ပြန်ရောက်လာဖို့ ပုံမှန်ထက် အနည်းငယ် ကြာမြင့်နေသေး၏။
အပြန်လမ်းတွင် ဝေရုက မိုဝူကျိ ပြန်ရောက်လာသည့်အကြောင်း ကြားပြီးလေပြီ။ ယခု သူက မိုဝူကျိကို လူကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ စိတ်ကျေနပ်မိသွားသည်။
မိုဝူကျိက သူ့တာရှီရှုန်း ဖြစ်ရုံသာမက ဂိုဏ်းချုပ် တစ်ဖြစ်လည်း သူ့အသက်ကျေးဇူးရှင်လည်း ဖြစ်ပေသည်။
သူ့အတွေ့အကြုံများကို အကျဉ်းချုပ် ပြောပြပြီးနောက် မိုဝူကျိက နတ်ဘုရားနယ်မြေ မဟာမိတ်၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဝေရုဆီမှ နားထောင်လိုက်သည်။ မိုဝူကျိက ဝိညာဉ်မီးတောက်သည် လူသားဂိုဏ်း၏ အရင်းအမြစ်များ မျက်စိကျနေကြောင်း ကြားလိုက်ရသည့်အခါ စိတ်ထဲမှ သရော်မိလိုက်သည်။ သူက ထိုလူသည် လူသားဂိုဏ်း အရင်းအမြစ်များကို မျက်စိကျရဲလောက်အောင်အထိ သတ္တိကောင်းမည်ဟု မထင်ထားမိပေ။
“ ဝိညာဉ်မီးတောက်ကိုတော့ စိတ်မပူနဲ့တော့ … ငါ တပည့်ရွေးချယ်ပွဲကို မင်းဆီ အပ်ထားလိုက်မယ်။ ဒါနဲ့ ငါ့မိတ်ဆွေ ယွမ်ကျန်းရီရော ဂိုဏ်းထဲမှာ မတွေ့ပါ့လား ” မိုဝူကျိက ယွမ်ကျန်းရီ မရှိကြောင်း သတိထားမိသွားသည်။ ကျဲဟိန်၏ ကျင့်ကြံဆင့်မှာ မြင့်လွန်းနေသောကြောင့် ယွမ်ကျန်းရီနှင့် ဘာမှပြောဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ယွမ်ကျန်းရီ အကြောင်း သိသည့်သူမှာ ဝေရုသာ ရှိပေသည်။
ဝေရုက ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ပေးလိုက်ပြီး “ သူ ထွက်မသွားခင် ဂိုဏ်းချုပ်ဆီ အစ်ကိုယွမ်က ပေးခိုင်းခဲ့တာလေးပါ ”
မိုဝူကျိက ကျောက်စိမ်းပေလွှာကို ဖွင့်ကြည့်လိုက်သည့်အခါ ယွမ်ကျန်းရီ အသံကို ကြားလိုက်ရသည်
“ ဝူကျိရေ … ငါ့ကျင့်စဉ်ကြောင့် တံခါးပိတ် ကျင့်ကြံနေရုံနဲ့ တိုးတက်မလာနိုင်ဘူး။ အစပိုင်းတုန်းက မင်း ပြန်ရောက်လာမှ ထွက်သွားမလို့ပဲ။ ဒါပေမဲ့ နတ်ဘုရားကမ္ဘာမှာ ပြောင်းလဲမှုအကြီးကြီး ဖြစ်တော့မှာကို ခံစားမိနေတယ်။ အဲဒီအချိန်ကျ ငါသာ အားမကောင်းသေးရင် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေလိမ့်မယ်။ အဲဒါကြောင့်မလို့ ငါ စောစောထွက်သွားဖို့ ဆုံးဖြတ်လိုက်တာ …. ငါတို့တွေ သေချာပေါက် ပြန်တွေ့ကြမယ် ….
ကျန်းရီ ”
မိုဝူကျိက ယွမ်ကျန်းရီသည် ရှေးဟောင်းတာအိုကို ကျင့်ကြံကြောင်း သိပေသည်။ ထိုရှေးဟောင်းတာအိုက အခက်အခဲဒုက္ခကြားသာ ကြီးထွားလာနိုင်သည်။ သာမာန် ကျင့်ကြံရေးလိုမျိုး မဟုတ်ဘဲ ရှေးဟောင်းတာအိုက သေခြင်းရှင်ခြင်း အခိုက်အတန့်ကြား ပိုမို အားကောင်းလာခြင်း ဖြစ်၏။ ဤသည်က သူ့လူသားတာအိုနှင့် အနည်းငယ် ဆင်တူပေသည်။ အခက်အခဲက ကြီးမားလေလေ ကြီးထွားနှုန်း မြန်ဆန်လေလေ ဖြစ်၏။
ယွမ်ကျန်းရီက စကြဝဠာထဲ တိုက်ခိုက်ရင်း သူ့ဘာသာ နှစ်များစွာ ကုန်ဆုံးခဲ့ရသည်။ မိုဝူကျိက ယွမ်ကျန်းရီကို စိတ်ပူစရာ မလိုပေ။ မိုဝူကျိက ကျောက်စိမ်းပေလွှာကို သိမ်းထားပြီးနောက် ပြောလိုက်သည် “ ငါလည်း သွား … ”
ထိုစကားကို ရေရွတ်ပြီးနောက် တစ်ခုခုကို တွေးမိဟန်ဖြင့် ဝေရုဘက် လှည့်မေးလိုက်သည် “ ငါ ထွက်သွားပြီးတဲ့နောက် ဟုန်ချီတို့ ရောက်လာသေးလား ”
ကျင့်ကြံသူအစုအရုံး၏ ရှုဖျင်ကို သတ်လိုက်ပြီးနောက် နတ်ဘုရားနယ်မြေ မြို့အသစ်၏ ကိစ္စများနှင့် နိဗာန တိတ်ဆိတ်မှုပင်လယ်၏ ကူးသန်းရေး အစီအရင်ကိစ္စအား ဟုန်ချီအား အပ်ထားခဲ့သည်။ ထို့နောက် သူက ဘာမှမစုံစမ်းဖြစ်တော့ပေ။
ဝေရုက မြန်မြန် ဖြေလိုက်၏
“ စီနီယာဟုန်ချီက အမြဲတမ်း လာလည်ပါတယ်။ လတချို့ကြာပြီးတိုင်း လူလွှတ်ပြီးတော့ နတ်ဘုရားကျောက်တွေလည်း ပို့ပေးတယ်။ သူ ပြောတာက နတ်ဘုရားနယ်မြေ မြို့အသစ်အတွက် လူသားဂိုဏ်းရဲ့ အကျိုးမြတ် ဝေစုတဲ့ … စီနီယာလီထန်းလည်း စီနီယာဟုန်ချီနဲ့ အတူတူ ရောက်လာတတ်တယ်။ ဒါပေမဲ့ သူတို့ မလာတာ တော်တော်ကြာနေပြီ။ နတ်ဘုရားကျောက်လည်း လာမပို့ကြတော့ဘူး … ”
မိုဝူကျိက ခေါင်းညိတ်ကာ
“ ကောင်းပြီ … အခု ငါ နတ်ဘုရားနယ်မြေ မြို့အသစ်ဆီ သွားကြည့်လိုက်ဦးမယ်။ တပည့်ရွေးချယ်ပွဲ ပြီးသွားရင် မင်းလည်း ကျန်ရှိနေတဲ့ အချိန်ကို ကျင့်ကြံရေးအတွက် အာရုံစိုက်ထား …. မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်နေသေးတယ် ”
“ ဟုတ်ကဲ့ပါ ” ဝေရုက စိတ်အားတက်ကြွစွာ ဖြေလိုက်သည်။
မိုဝူကျိက ဟုန်ချီတို့တွင် တစ်ခုခု ဖြစ်သွားမည်ကို မစိုးရိမ်မိပေ။ အကြောင်းမှာ သိပ်မကြာသေးခင်က မိုဝူကျိသည် နတ်ဘုရားနယ်မြေ မြို့အသစ်ကို ဖြတ်သွားစဉ် တစ်ချက်ဝင် ကြည့်ခဲ့သေး၏။ ကူးသန်းရေး အစီအရင်ကို ကောင်းကောင်း စီမံထားရုံသာမက နတ်ဘုရားနယ်မြေ မြို့အသစ်လည်း တော်တော် စည်ကား အဆင်ပြေနေပေသည်။ ဟုန်ချီက နတ်ဘုရားနယ်မြေ မြို့အသစ်တွင် မရှိသောကြောင့် သူက လူသားဂိုဏ်းဆီ တန်းပြန်သွားခြင်း ဖြစ်၏။
ယခု လူသားဂိုဏ်းက တပည့်ရွေးချယ်ပွဲအတွက် ပြင်ဆင်ပြီးပြီ ဖြစ်ရာ ဟုန်ချီဆီ တစ်ခေါက်သွားကြည့်ဖို့ လိုအပ်ကြောင်း ခံစားမိနေ၏။
***
နတ်ဘုရားနယ်မြေ မြို့အသစ်၏ မြို့သခင် အဆောက်အဦး၌ မိုဝူကျိရှေ့တွင် နတ်ဘုရားဘုရင် အဆင့် ၄ လူလတ်အရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ သူက နတ်ဘုရားနယ်မြေ မြိုအသစ်၏ မြို့သခင် ပိဟယ်ချား ဖြစ်၏။
ပိဟယ်ချားက မိုဝူကျိအကြောင်း ကြားဖူးထားသည်မှာ သိသာလှသည်။ သူက မိုဝူကျိနှင့် မျက်နှာချင်းဆိုင် တွေ့နေစဉ် ကြောက်ကြောက်ရွံ့ရွံ့ တုန်လှုပ်နေမိသည်။ သူသာ အမှားတစ်ခု လုပ်မိပါက မိုဝူကျိသည် သူ့အား အမှုန့်အဖြစ် ပြောင်းလိုက်မည်ဟု ခံစားမိနေသည်။
“ ဟုန်ချီနဲ့ လီထန်းတို့ မရှိတာ ခြောက်လကြာပြီလို့ ပြောတာလား။ မြို့နဲ့ ကူးသန်းရေး အစီအရင် ဝင်ငွေတို့ကို နီဟယ်လို့ ခေါ်တဲ့သူက ယူသွားတာတဲ့လား ” မိုဝူကျိက သူ ကြားလိုက်ရသည့်အရာကို အနည်းငယ် အံ့အားသင့်မိနေသည်။
“ ဟုတ်ပါတယ် ” ပိဟယ်ချားက အနည်းငယ် ဦးညွှတ်ကာ ဆက်ပြောလိုက်လေ၏ “ ကျုပ် ကြားထားတော့ နီဟယ်က နတ်ဘုရားနယ်မြေ မဟာမိတ်ခေါင်းဆောင် ဝိညာဉ်မီးတောက်ရဲ့ လက်အောက်ကတဲ့ …. ဒါပေမဲ့ ပြီးခဲ့တဲ့လ ကတည်းက နီဟယ်လည်း နတ်ဘုရားကျောက် လာမသိမ်းတော့ပါဘူး ”
ပိဟယ်ချားက နတ်ဘုရားနယ်မြေ မြို့အသစ်၌ ရှိလာသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်၏။ ဟုန်ချီနှင့် လီထန်းတို့ ရုတ်ချည်း ပျောက်ကွယ်သွားမှုမှာ လီထန်း၏ ပြိုင်ဖက် ဖြစ်သူ ဝိညာဉ်မီးတောက် ရောက်ရှိလာမှုနှင့် သက်ဆိုင်နေပေမည်။ သူက တစ်ခုခု လွဲမှားနေကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ သို့သော် ပိဟယ်ချား၏ ကျင့်ကြံဆင့်မှာ ထိုပညာရှင်များရှေ့တွင် အလွန်နိမ့်ကျနေသေးသောကြောင့် နှုတ်ပိတ်နေရုံသာ တတ်နိုင်ပေသည်။
မိုဝူကျိ စိတ်ထဲ၌ သတ်ဖြတ်ငွေ့ ကြီးထွားလာသည်။ ကြည့်ရသည်မှာ ဝိညာဉ်မီးတောက်က သေချင်နေဟန် ပေါ်သည်။ နတ်ဘုရားနယ်မြေ မြို့အသစ်နှင့် နိဗာန တိတ်ဆိတ်မှုပင်လယ်၏ ဝင်ငွေကို လက်ရွယ်ရဲလောက်အောင်အထိ တော်တော် သတ္တိကောင်းနေဟန် ပေါ်သည်။
ဟုန်ချီနှင့် လီထန်းတို့သည် ဝိညာဉ်မီးတောက် အကြံအစည်အတွင်း ကျရောက်သွားသည်မှာ သိသာလှသည်။ မိုဝူကျိက သူတို့ လွှတ်မြောက်သွားလေသလား သို့မဟုတ် အသတ်ခံလိုက်ပြီလားကိုတော့ မသိချေ။ လီထန်း၏ စွမ်းဆောင်ရည်အရ အသတ်ခံလိုက်ဖို့ရာ သိပ်မဖြစ်နိုင်ချေ။
“ ငါ သိပြီ … အခု မင်းက နိဗာန တိတ်ဆိတ်မှုပင်လယ်ရဲ့ ကူးသန်းရေး အစီအရင်နဲ့ နတ်ဘုရားနယ်မြေ မြို့အသစ်ကို ယာယီ တာဝန်ယူပေးရမယ်။ တကယ်လို့ လိုအပ်တာရှိရင် ငါ့လူသားဂိုဏ်းက ဝေရု ဒါမှမဟုတ် ကျဲဟိန်ကို သွားရှာလို့ ရတယ်။ တကယ်လို့ ဝိညာဉ်မီးတောက်အကြောင်း ဒါမှမဟုတ် သူနဲ့ ပတ်သတ်နေတဲ့ သူ တစ်ယောက်ယောက်ကို တွေ့ခဲ့ရင် ငါ့ကို ချက်ချင်း အသိပေး ….” မိုဝူကျိက ပိဟယ်ချားအား သူ့ကျင့်ကြံဆင့် သိထားသော်လည်း တာဝန်ပေးအပ်လိုက်သည်။
ကြည့်ရသည်မှာ ဝိညာဉ်မီးတောက်က လတ်တလောအတွင်း တိတ်တဆိတ် လုပ်သွားဟန် ပေါ်သည်။ ထို့ကြောင့် သူက မြို့သခင်နောက်တစ်ယောက်ကို အစားထိုးရန် မရှာသေးခြင်းသာ ဖြစ်ရမည်။
“ ဟုတ်ကဲ့ ဂျူနီယာလေးက ဂိုဏ်းချုပ်မိုကို စိတ်မပျက်စေရပါဘူး ” ပိဟယ်ချားက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ မိုဝူကျိက သူ့အား မြို့သခင်အဖြစ် နောက်ခံပေးထားလေရာ မည်သူကမှ ဘာမှလုပ်ရဲမည် မဟုတ်တော့ပေ။
မိုဝူကျိက ဝိညာဉ်မီးတောက်ကို မရှာသေးခြင်းမှာ သူက နတ်ဘုရားနယ်မြေမှ ထွက်သွားကြောင်း ရာနှုန်းပြည့် သေချာနေ၍ ဖြစ်သည်။ ဤသို့ မြေခွေးအိုကြီးက မိုဝူကျိ သူ့ဆီ ရောက်လာကာ တစစီ လုပ်ပစ်သည့်အထိ အဘယ်ကြောင့် စောင့်နေမည်နည်း။
မိုဝူကျိက ဟုန်ချီနှင့် လီထန်းတို့ကို ရှာဖို့ရာ အင်အားအကုန်မခံတော့ပေ။ သူတို့သာ ရှိနေသေးပါက တပည့်ရွေးချယ်ပွဲအကြောင်းကို ကြားကာ ဂိုဏ်းဆီ ရောက်လာပေလိမ့်မည်။
မိုဝူကျိက နတ်ဘုရားသင်္ချိုင်းတောင်ကြားဆီ သွားဖို့ ရည်ရွယ်ထားလေ၏။ သူ့လက်ရှိအင်အားဖြင့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မနှင့် ပြိုင်ဖက် မဖြစ်လျှင်ပင် သူမသည် သူ့အား ချုပ်နှောင်ထားနိုင်မည် မဟုတ်တော့ချေ။
နှမြောစရာကောင်းသည်က သူ့တွင် ကျင့်ကြံဖို့ရာ အချိန်မရှိချေ။ အကယ်၍ သူသာ အချိန်စက်ဝန်းပြားကို အသုံးပြု၍ နှစ်တစ်ထောင်လောက် ကျင့်ကြံလိုက်ပါက ဝိဇ္ဇာတပိုင်း နောက်ပိုင်းအဆင့် ရောက်သွားနိုင်လောက်သည်။ ထိုအခါကျ ဝိဇ္ဇာသူတော်စင်မကို အနိုင်ယူဖို့ ယုံကြည်ချက်အပြည့် ရှိလာပေလိမ့်မည်။
***