နောက်ထပ် ဟုန်မုန့်သဲ
Vol. 84 Ch. 1163
နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက်တွင် နတ်ဘုရားသင်္ချိုင်းတောင်ကြားသည် ကွင်းပြင်တစ်ခုလို ပြောင်းလဲသွားလေပြီ။ မိုဝူကျိက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်သုံး၍ ဤနေရာကို ထပ်မံ ဖျက်စီးပစ်ခဲ့သေး၏။
မည်သူကမှ နတ်ဘုရားသင်္ချိုင်းတောင်ကြား ဝင်ပေါက်ကို ရှာတွေ့နိုင်ကြမည် မဟုတ်ပေ။ တခြားနည်းဖြင့်ဆိုရလျှင် တစ်စုံတစ်ယောက်က ဝင်ပေါက်ကို ရှာတွေ့သွားလျှင်ပင် နတ်ဘုရားသင်္ချိုင်းတောင်ကြားသို့ ဝင်ရောက်ရန် နည်းလမ်းရှိဦးမည် မဟုတ်ချေ။
သို့သော်လည်း မိုဝူကျိက ဝင်ပေါက်ကို ဖျက်စီးခဲ့လိုက်ကြောင်း သိထားသော်လည်း နတ်ဘုရားသင်္ချိုင်းတောင်ကြားကိုတော့ မဖျက်စီးပစ်ခဲ့ပေ။
ထိုစဉ် သူ့မဟာဖျက်စီးရေး ပညာရပ်သည် ထွက်ပေါ်လာရုံမျှသာ ဖြစ်၏။ ယခု သူ ဝိဇ္ဇာတပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက် နတ်ဘုရားသင်္ချိုင်းတောင်ကြားအား သူ့လျို့ဝှက်ပညာရပ်များဖင့် ဖျက်စီးပစ်ဖို့ရာ မည်မျှ ခက်ခဲကြောင်း သေချာသိသွားသည်။ ထို့အပြင် နတ်ဘုရားသင်္ချိုင်းတောင်ကြား၌ နတ်ဘုရားနားခိုရာ နယ်မြေ ရှိနေသေးပေသည်။
အကယ်၍ မိုဝူကျိသာ သဟဇာတ နတ်ဘုရားအဆင့်သာ ရှိနေဦးမည်ဆိုလျှင် ဤနေရာသို့ ရောက်လာလျှင်ပင် ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ သူ့သဟဇာတ နတ်ဘုရားအင်အားမှာ နတ်ဘုရားသင်္ချိုင်းတောင်ကြားထဲ ဝင်ဖို့ရာ မလုံလောက်သေးပေ။
ယခု မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့် ရောက်နေပြီ ဖြစ်ရာ နတ်ဘုရားသင်္ချိုင်းတောင်ကြား ဝင်ပေါက်ကို ခပ်မြန်မြန် ရှာတွေ့သွားသည်။ မိုဝူကျိက အချိန်စက်ဝန်းပြားကို အသုံးမပြုဘဲဖြင့် ဝင်ရောက်နိုင်ကြောင်း ယုံကြည်ချက် ရှိပေသည်။ ယခု သူ့တွင် အချိန်စက်ဝန်းပြား ရှိနေလေရာ လောကနယ်ကယ်အား ချိုးဖောက်ဖို့ရာအတွက် အားစိုက်မထုတ်လိုတော့ပေ။
မိုဝူကျိက အချိန်စက်ဝန်းပြားကို သုံး၍ နတ်ဘုရားသင်္ချိုင်းဂူထဲ ဝင်ရောက်ခါနီးတွင် ပုံရိပ်နှစ်ခု ဖြတ်ပြေးသွားသည်။
မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် ထိုပုံရိပ်နှစ်ခုကို အာရုံခံမိသည်မှာ ကြာမြင့်လှလေပြီ။ အဝေးကလူမှာ သူ သိသည့်သူ ဖြစ်ပြီး ရင်းနှီးသည့်သူ ဖြစ်ပေသည်။
လျှပ်စီးဓား အိမ်တော်မှ ရှီနန်မော့ ဖြစ်၏။ သူမက အဝါရောင်ဆံပင်၊ မျက်လုံးကြီးကြီးနှင့် မိန်းကလေး တစ်ဦး ဖြစ်ပေသည်။ ယခင်က အကြောင်းအရာတချို့ကြောင့် သူ့အား လျှပ်စီးဓားအိမ်တော်ဆီ ခေါ်သွားဖူး၏။
ထို့နောက် သူက လျှပ်စီးဓား အိမ်တော် ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ နောက်ဆုံးတွင် သူက ရှီနန်မော့နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ လျူရှုတင်းတို့ကို လျှပ်စီးဓားအိမ်တော်မှ ခေါ်ထုတ်လာရသည်။
ရှီနန်မော့၏ ကျင့်ကြံဆင့်မှာ လောကနတ်ဘုရား အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ ရှီနန်မော့လည်း ဤနှစ်များအတွင်း ကံကောင်းမှုများနှင့် ကြုံတွေ့ခဲ့သည်မှာ သိသာလှသည်။ မဟုတ်လျှင် သူမက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးသည့်နောက်တွင်ပင် ဤမျှ မြန်မြန် တိုးတက်လာနိုင်မည် မဟုတ်ပေ။
မိုဝူကျိက ရှီနန်မော့အား လှမ်းမခေါ်လိုက်ပေ။ သူက ရှီနန်မော့သည် တစ်ယောက်ယောက်နောက် လိုက်နေကြောင်း ပြောနိုင်ပေသည်။ သူမ လိုက်နေသူမှာ လောကနတ်ဘုရား အဆင့် ၆ သာ ရှိသေးပြီး ရှီနန်မော့ထက် ကျင့်ကြံဆင့် နိမ့်၏။
ရှီနန်မော့က မိုဝူကျိကို ဖြတ်ကျော်သွားသည်နှင့် မိုဝူကျိအား သတိထားလိုက်မိသည်။ မိုင်အတော် သွားပြီးမှ သူမက တစ်ဖန် ပြန်လှည့်လာလေ၏။
“ အစ်ကိုကြီးမိုလား ” ရှီနန်မော့က မိုဝူကျိအား တအံ့တဩ ခေါ်လိုက်သည်။
သူမအပေါ် မိုဝူကျိ၏ အကျိုးပြုမှုမှာ အတော်လေး များပြားပေသည်။ အကယ်၍ မိုဝူကျိ၏ ကျောက်စိမ်း အမှတ်အသားပြားကြောင့်သာ မဟုတ်လျှင် သူမက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်သို့ ဝင်ရောက်ခွင့် ရမည် မဟုတ်ပေ။
နတ်ဘုရားသိုက်မြုံအတွင်း သူမက ကျင့်ကြံရေး အရင်းအမြစ်များစွာ ရှာတွေ့ခဲ့သည်။ နောက်ဆုံး နတ်ဘုရားကမ္ဘာ ပြန်ကောင်းမွန်လာစဉ်အတွင်း သူမက နတ်ဘုရားအုပ်စိုးသူ အဆင့် ၁ သို့ တက်လှမ်းနိုင်ခဲ့၏။
နတ်ဘုရားသိုက်မြုံမှ ရလာသော ဆုလာဘ်များနှင့် စည်းမျည်းများ ပြန်လည် ကောင်းမွန်လာမှုအား အသုံးချကာ ရှီနန်မော့သည် နောက်ထပ် တိုးတက်လာသည်။ သူမက နတ်ဘုရားအုပ်စိုးသူ အဆင့် ၁ မှ အဆင့် ၄ သို့ ရောက်ရှိသွား၏။ နှစ်များစွာကြာပြီးသည့်တိုင် သူမက ကျင့်ကြံရေးအပေါ်သာ အပြည့်အဝ အာရုံစိုက်ထားသည်။ သူမက ပြင်ပကိစ္စများ ဂရုမစိုက်သလို စိတ်လည်း မဝင်စားပေ။
သူမက သူမလျှပ်စီးဓားအိမ်တော်အတွက် လက်စားချေပေးဖို့ ရည်ရွယ်ချက်တစ်ခုတည်းသာ စိတ်ထဲ ရှိပေသည်။ သူမ လျှပ်စီးဓားအိမ်တော်မှာ ဖျက်စီးခံလိုက်ရပြီး မိသားစုဝင်အားလုံးလည်း အသတ်ခံလိုက်ရသည်။ သူမ မိသားစုအတွက် လက်စားချေမပေးရလျှင် သူမဘာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မည် မဟုတ်ပေ။
မိုဝူကျိက နတ်ဘုရားသိုက်မြုံ ဝင်ခွင့်အား ပေးလိုက်ပြီးနောက် သူမက မိုဝူကျိသည် အမှန်တကယ် တုံးအနေခြင်း မဟုတ်ကြောင်း ခပ်ရေးရေး နားလည်လာသည်။ သူမက ကျင့်ကြံရေးနှင့် လက်စားချေဖို့ အာရုံစိုက်ထားသောကြောင့် မိုဝူကျိအပေါ် အာရုံများများ မထားမိပေ။ တကယ်တော့ သူမက နတ်ဘုရားကမ္ဘာ ဖြစ်နေသမျှ အဖြစ်အပျက်များကို အာရုံမရှိပေ။ သူမက မိုဝူကျိ တစ်ယောက် နတ်ဘုရားကမ္ဘာ၌ မည်မျှ ကျော်ကြားနေကြောင်း မသိသည်မှာ ပုံမှန်သာ ဖြစ်၏။
“ နန်မော့ ဒီမှာ ဘာလုပ်နေတာလဲ ” မိုဝူကျိက သိချင်စွာ မေးလိုက်၏။
ရှီနန်မော့က ပျောက်ဆုံးသွားပြီ ဖြစ်သည့် ပစ်မှတ်အား တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး
“ ကျွန်မ ဒီနှစ်တွေတစ်လျှောက်လုံးမှာ လက်စားချေဖို့အတွက်ပဲ ဆက်တိုက် ကျင့်ကြံနေခဲ့တယ်။ နောက်ဆုံးမှာ လောကနတ်ဘုရား အဆင့် ၉ ကို ရောက်လာပြီး နတ်ဘုရားဘုရင်အဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အစတုန်းက ဆက်ပြီးတော့ ကျင့်ကြံမလို့ လုပ်နေပေမဲ့ ကျွန်မအဖေကို ရန်ပြုတဲ့သူကို ရှာတွေ့သွားပြီ … ”
“ စောစောက မင်း လိုက်ဖမ်းနေတဲ့သူလား ” မိုဝူကျိက မေးလိုက်ပြန်သည်။
ရှီနန်မော့က ခေါင်းညိတ်ကာ
“ ဟုတ်တယ် … သူ့နာမည်က ဖေးတောက်ရန်တဲ့။ ချီချန်းရဲ့ တပည့် … ဖေးတောက်ရန်နဲ့ သူ့ဆရာတို့က ကျွန်မအဖေကို သတ်ပြီးတော့ လျှပ်စီးဓားအိမ်တော်ကို ပျက်သုန်းစေခဲ့တဲ့သူတွေပဲ ”
မိုဝူကျိက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ ရှီနန်မော့က ဆက်မလိုက်တော့သည့်အခါ ဖေးတောက်ရန်လည်း ဆက်မပြေးတော့ပေ။ ထို့အပြင် ထိုဖေးတောက်ရန်က ရှီနန်မော့ကို စောင့်နေသည့်အလား သူ့ကိုယ်သူ ဖုံးကွယ်ထားသေး၏။
“ မင်းတို့ ရှီမျိုးနွယ်ရဲ့ ရန်သူက ဖေးတောက်ရန်နဲ့ သူ့ဆရာဆိုတာကို ဘယ်လိုလုပ် သိတာလဲ ” မိုဝူကျိက ဖေးတောက်ရန်သည် အမှန်တကယ် ပုန်းအောင်းပြီး ရှီနန်မော့အား ဆက်လက် စောင့်နေသေးကြောင်း အာရုံခံမိပြီးနောက် ဤကိစ္စသည် မြင်တွေ့ရသလောက် မရိုးရှင်းကြောင်း သိလိုက်သည်။
ရှီနန်မော့က မိုဝူကျိ မေးခွန်းကို ကြားလိုက်သည့်အခါ အနည်းငယ် ကြောင်အမ်းသွားလေ၏။ ထို့နောက် သူမက ပြန်ဖြေလိုက်သည်
“ မတော်တဆ သိသွားတာပါ။ နတ်ဘုရားကမ္ဘာစည်းမျည်းတွေ ပြန်ကောင်းလာတော့ လျှပ်စီးဓားအိမ်တော်ဆီ တစ်ခေါက် ပြန်သွားဖြစ်ခဲ့တယ်။ အဲဒီမှာ ချီချန်းရဲ့ လျှပ်စီးမြှားမြီးအမွေးကို တွေ့လိုက်ရတယ် … ”
ရှီနန်မော့က မိုဝူကျိ နားမလည်မည်ကို စိုးကာ ဆက်ရှင်းပြလိုက်သည်
“ ချီချန်းက တကယ်တော့ ကျွန်မအဖေရဲ့ စီနီယာအစ်ကိုပါ။ သူနဲ့ အဖေတို့ နှစ်ယောက်လုံးက လျှပ်စီးကျင့်စဉ်ကို သင်ယူထားကြတာ။ သူ့ဆီမှာ အရမ်းအားကောင်းတဲ့ လျှပ်စီးမြှားလို့ ခေါ်တဲ့ တိုက်ကွက် ရှိတယ်။ အဲဒီမြှားအမြီးမွှေးက ကျွန်မတို့ အိမ်တော်နေရာမှာ ရောက်နေတယ်။ အဲလိုဆိုရင် ချီချန်းက ကျွန်မတို့ လျှပ်စီးဓားအိမ်တော်မှာ ရှိပြီးတော့ သူ့တိုက်ကွက်ကို ထုတ်သုံးထားတာကို ပြနေတာလေ။ ချီချန်းကို နှစ်အကြာကြီး လိုက်ရှာပြီးတဲ့နောက်မှာ သူ့ကို မဟုတ်ဘဲ သူ့တပည့် ဖေးတောက်ရန်ကို တွေ့လိုက်ရတယ် … ”
“ သူက မင်း လိုက်ဖမ်းနေတဲ့သူမလား ” မိုဝူကျိက မေးလိုက်သည်။
ရှီနန်မော့က ခေါင်းညိတ်ပြလိုက်သည်။ မိုဝူကျိကြောင့်သာ မဟုတ်ပါက သူမသည် သူ့နောက်ကို ဆက်လိုက်မည် ဖြစ်၏။ သို့သော်လည်း မိုဝူကျိအပေါ် သူမကျေးဇူးကြွေးက တိုင်းတာ၍ပင် မရပေ။ မိုဝူကျိကြောင့်သာ မဟုတ်ပါက ယနေ့အထိ အသက်ရှင်နေသေးလျှင်ပင် အလွန်ဆုံး နတ်ဘုရားအုပ်စိုးသူအဆင့်သာ ရှိပေဦးမည်။ သူမအနေနှင့် နတ်ဘုရားဘုရင်အဆင့်ကို မဆိုထားနှင့် လောကနတ်ဘုရားအဆင့်ပင် ရောက်ဖို့ရာ မဖြစ်နိုင်လောက်ပေ။
ရှီနန်မော့က သဘာဝအားဖြင့် ကြင်နာတတ်ပြီး ကျေးဇူးတရား မသိတတ်သည့်သူ မဟုတ်ချေ။ သူမအသက်ကို ကယ်တင်ထားသူကို နှုတ်မဆက်ဘဲ ထွက်သွားမည့်သူမျိုးလည်း မဟုတ်ချေ။
မိုဝူကျိက ရှီနန်မော့ အတွေးများကို သိသည့်အလား ပြုံးကာ ပြောလိုက်သည် “ ငါနဲ့တွေ့တာ မင်း ကံကောင်းသွားတယ် ”
မိုဝူကျိက ဖေးတောက်ရန်သည် အဘယ်ကြောင့် ရှီနန်မော့အား မျှားခေါ်နေသည့် အကြောင်းအရင်းကို မသိပေ။ သို့သော်လည်း ဖေးတောက်ရန်က တစ်ခုခု ကြံစည်နေသည်မှာ သိသာလှသည်။
“ အာ ….” ရှီနန်မော့က နားမလည်စွာ ရေရွတ်လိုက်သည်။
မိုဝူကျိက လက်တစ်ချက်အဝေ့ဖြင့် ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောကို ထုတ်ပေးလိုက်သည်။ သူက ရှီနန်မော့အား ကျောက်စိမ်းတစ်ပုလင်း ထုတ်ပေးလိုက်ပြီးနောက် “ မင်းရဲ့ နတ်ဘုရားဘုရင် မိုးကြိုးစမ်းသပ်ချက်ကို အရင်ခံယူလိုက် …. ကျန်တာ ပြီးမှ ဆက်ပြောကြမယ် ”
“ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောလား ” ရှီနန်မော့က မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူမက အတော်လေး စိတ်လှုပ်ရှားနေမိ၏။
သူမက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော တိုက်ပွဲတွင် ပါဝင်နိုင်စွမ်း မရှိသောကြောင့် သူမက ထိုအရာကို မသိဘူးဟု မဆိုလိုပေ။ သူမက မိုဝူကျိ ထုတ်ပေးလိုက်သည်နှင့် တန်းသတိထားမိလိုက်သည်။ ထိုအရာမှ ထွက်ပေါ်နေသော ဖန်ဆင်းမှုစွမ်းအားများကို မည်သည့်အရာကမှ ဖုံးကွယ်မထားနိုင်ပေ။
ဤသို့ နတ်ဝိညာဉ်သွေးကြောတစ်ခု ရှိဖို့ရာ ကျင့်ကြံသူတိုင်း အိပ်မက် မက်နေသည့် ကိစ္စ ဖြစ်၏။ မိုဝူကျိက ဤသို့သော နတ်ဝိညာဉ်သွေးကြောကို သာမာန်ကာလျှံကာ ထုတ်ပေးနေသည်။
“ ကျွန်မ တောင်းပန်ပါတယ် … အရင်တုန်းက ရှင့်ကို …. ” လက်ရှိ ရှီနန်မော့က မိုဝူကျိသည် ရူးချင်ယောင်ဆောင်နေသည့်သူမှန်း ပို၍ သေချာသွားတော့သည်။
မိုဝူကျိက ခေါင်းခါကာ ပြောလိုက်သည်
“ အရင်ဆုံး နတ်ဘုရားဘုရင်အဆင့် တက်လှမ်းလိုက်ဦး ”
သူ့အမြင်၌ နတ်ဘုရားဘုရင်အဆင့် တက်လှမ်းဖို့ရာကား မည်သည့်နေရာ၊ မည်သည့်အချိန်မဆို ပြုလုပ်နိုင်ပေသည်။
ရှီနန်မော့၏ မျက်ဝန်း၌ ငြင်းဆန်မှု အရိပ်အယောင်များ ရှိနေပြီး
“ အစ်ကိုကြီးမိုပဲ ဒီနတ်ဝိညာဉ်သွေးကြောကို သိမ်းထားလိုက်ပါ။ ဒီလို နတ်ဝိညာဉ်သွေးကြောကို ထုတ်ပြတာက အင်မတန် အန္တရာယ်များတယ်။ ကျွန်မရဲ့ အလားအလာက မဆိုးဘူးဆိုပေမဲ့ ဒီဖန်ဆင်းမှု နတ်ဝိညာဉ်သွေးကြောနဲ့တောင် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်ဦးမှာ မဟုတ်ဘူး ”
“ အဲဒါကြောင့် မင်းကို ဆေးလုံး ပေးလိုက်တာလေ ” မိုဝူကျိက ရှီနန်မော့ လက်ထဲမှ ပုလင်းကို ညွှန်ပြလိုက်သည်။
ရှီနန်မော့က နောက်ဆုံးတွင် မိုဝူကျိဆီက ကျောက်စိမ်းပုလင်း ရထားကြောင်း အမှတ်ရသွားလေ၏။ သူမက ပုလင်းကို ဖွင့်ကြည့်လိုက်သည်နှင့် တအံ့တဩ အော်လိုက်မိသည် “ နတ်ကျောက်စိမ်း ဆေးလုံးလား ”
နတ်ကျောက်စိမ်းဆေးလုံးသည် နတ်ဘုရားကမ္ဘာ တစ်ခုလုံး၌ အဖိုးတန်ဆုံး ဆေးလုံးအနက် တစ်မျိုး ဖြစ်ပေသည်။ နတ်ဘုရားကမ္ဘာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီးနောက် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းဖို့ရာ အတော်လေး ခက်ခဲလာသည်။ ယခင်လောက် မခက်ခဲတော့သော်လည်း လောကနတ်ဘုရားနှင့် နတ်ဘုရားဘုရင်အဆင့်ကြားရှိ ကွာခြားချက်မှာ တက်လှမ်းဖို့ရာ အရမ်းအလှမ်းကွာနေသေး၏။ နတ်ကျောက်စိမ်းဆေးလုံးက ဒဏ္ဍာရီလာ ဆေးလုံးမျိုး ဖြစ်ပေသည်။
ဤသို့သော ဆေးလုံးကို ထိပ်တန်း နတ်ဘုရားဘုရင် ဖော်စပ်ပေးရမည် ဖြစ်ပြီး ဆေးလုံးအတွက် လိုအပ်နေသော အဓိကပါဝင်ပစ္စည်းဖြစ်သည့် ကြည်လင်ကျောက်စိမ်းပန်းပွင့်မှာ မျိုးတုန်းပျောက်ကွယ်နေပြီဟု သတင်းများ ထွက်နေသည်။
“ အစ်ကိုကြီးမိုကို ကျေးဇူးအများကြီးတင်ပါတယ် ” ရှီနန်မော့က မြန်မြန် ဦးညွှတ်လိုက်သည်။ သူမက မိုဝူကျိ၏ ကျင့်ကြံဆင့်သည် သူမထက် မြင့်မားကြောင်း အာရုံခံမိ၏။ အကြောင်းမှာ သူက ဤပစ္စည်းများကို သာမာန်ကာလျှံကာ ထုတ်ပေးနေနိုင်သည် မဟုတ်ပါလော။ သို့သော်လည်း သူမက ကောင်းကောင်း မခွဲခြားနိုင်ပေ။ ဤပစ္စည်းနှစ်ခုဖြင့် သူမက နတ်ဘုရားဘုရင်အဆင့်သို့ အချိန်တိုအတွင်း တက်လှမ်းနိုင်လိမ့်မည်။
မိုဝူကျိက ထပ်ပြောလိုက်သည်
“ မင်း လိုက်ဖမ်းနေတဲ့ ဖေးတောက်ရန်က နည်းနည်း သံသယ ဖြစ်စရာပဲ … သူကို ဆက်လိုက်ဖို့ စောင့်နေပုံပဲ။ နတ်ဘုရားဘုရင်အဆင့် မတက်ဘဲ လိုက်ဖမ်းရင် မင်းအတွက် ကောင်းမှာ မဟုတ်ဘူး ”
ရှီနန်မော့က မိုဝူကျိ စကားကို ကြားလိုက်ရသည့်အခါ တုန်လှုပ်မိသွားသည်။ သူမက အရူး မဟုတ်သည့်အတွက် မိုဝူကျိ၏ သတိပေးချက်ဖြင့် ကောင်းကောင်း စဉ်းစားနိုင်ပေသည်။ သူမ လိုက်ဖမ်းနေစဉ်အတွင်း ဖေးတောက်ရန်၏ ထူးဆန်းမှုများ တစ်ချက်နှစ်ချက် မကပေ။
“ အခု နားလည်သွားပြီ ” ရှီနန်မော့က တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် သူမဘာသာ ရေရွတ်လိုက်သည်။
မိုဝူကျိ၏ မေးခွန်းကို မစောင့်နေတော့ဘဲ သူမက ဆက်ပြောလိုက်သည်
“ အရင်တုန်းက ကျွန်မအဖေက သူနဲ့ ချီချန်းတို့ ရှေးဟောင်း အမွေအနှစ်တစ်ခု တွေ့ထားတယ်တဲ့ .. အဲဒီမှာ ဟုန်မုန့်သဲ ရှိပေမဲ့ ကျွန်မ အဖေက သိမ်းထားဖို့ ဘာမှမရှိတော့ ….. ”
“ ဘာပြောလိုက်တာလဲ …. ဟုန်မုန့်သဲလား ” မိုဝူကျိက အံ့ဩလွန်း၍ သူမ လက်နှစ်ဖက်ကိုပင် ဆုပ်ကိုင်လိုက်မိသည်။
ဟုန်မုန့်သဲသည် သူ့အတွက် အလွန်အရေးကြီးပေသည်။
***