သတိထားမိသွားခြင်း
Vol. 7 Ch. Chapter 4
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 4 - သတိထားမိသွားခြင်း
ရုတ်တရက် ခြုံထားတဲ့စောင် အဖယ်ခံလိုက်ရတဲ့အတွက် မက်ဒါနာထိတ်လန့်သွားတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အေမီရဲ့ရေခဲတုံးလို အေးစက်နေတဲ့မျက်နှာပါ။
"မမလေးရှင့်၊ နယူးယောက်စံတော်ချိန် နံနက်ခြောက်နာရီရှိပါပြီ။ အခုမှမထရင် မနက်စာလွတ်ပါလိမ့်မယ်။"
"ဟုတ်သားပဲ၊ အေမီနှိုးပေလို့ပဲ။" မက်ဒါနာက ခါးကိုမတ်ပြီး ထထိုင်လိုက်တယ်။ အေမီက မက်ဒါနာကို ဝှီးချဲပေါ် ကူတင်ပေးပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးတယ်။ ဒီနေ့က မက်ဒါနာကိုယ်တိုင် အတန်းဝင်ရမယ့်နေ့၊ တခြားသူတွေကို ကျောင်းမှာအတန်းချိန်မှန်အောင် ဝင်သင်ခိုင်းပြီး ကိုယ်တိုင်နောက်ကျနေလို့မဖြစ်တာကြောင့် မက်ဒါနာက အေမီကို အလန်းပေးထားတာ။
"ကျေးဇူးပဲအေမီ၊ နင်သိပ်တော်လာပြီ။" မက်ဒါနာက သူ့ကိုအဝတ်လဲပေးနေတဲ့ အေမီရဲ့ဂုတ်ပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကို ပြန်တင်ပေးပြီး ခေါင်းကိုသာသာလေး ပုတ်ပေးလိုက်တယ်။ အေမီကတော့ ခံစားချက်မဲ့တဲ့မျက်နှာနဲ့ သူ့ကိုမော့ကြည့်ပြီး ဝတ်ပေးရမယ့် ပင်တီလေးကို လက်နှစ်ဖက်နဲ့ ဆွဆန့်လိုက်တယ်။
"ဟဲ့ အေမီရေ၊ ဒီပင်တီက ငါလည်းမမြင်ဖူးပါ့လား။ ဇာနက်ဆိုပေမဲ့ ဘာလို့ကြိုးက ပါးပါးလေးဖြစ်နေတာလဲ။"
"မနေ့က အဝတ်တွေမခြောက်တာနဲ့ ကိုယ်တိုင်ထွက်ဝယ်ထားတာပါ မမလေး။ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
"ထားတော့၊ ဝတ်လို့ရရင် ပြီးတာပဲဟာ။" စိတ်ထဲ သိပ်အလိုမကျပေမဲ့ အတွင်းခံဆိုတာက အထဲမှာဝတ်ရတာမလို့ သူများမြင်မှာမဟုတ်တာနဲ့ အလွယ်တကူပဲ လက်ခံလိုက်တယ်။ ပြီးတော့ အေမီပြောသလိုပဲ မနေ့က မိုးတွေတအားရွာနေတာနဲ့ အဝတ်လှန်းချိန်ကိုမရှိတာ။ ဒီတော့ ပိုက်ဆံနှမျောမနေတော့ဘဲ ရှိသမျှအဝတ်အစားတွေကို ပင်မင်းဆိုင်ပို့ပြီး အေမီက အဝတ်သစ်တွေဝယ်လာပေးထားတာ။
အဝတ်အစားတွေဝတ်ပြီးတဲ့နောက် အေမီကြော်ပေးထားတဲ့ ကြက်ဥကြော်နဲ့ မနက်စာကို ကိစ္စဖြတ်ပြီး ဝှီးချဲလေးနဲ့အတူ ကျောင်းကိုသွားရတယ်။ လမ်းတစ်ဝက်မှာ အချိန်ဇယားကို ထုတ်ကြည့်လိုက်သေးတယ်။
"အိုး၊ ဒီနေ့အတန်းAကို ပထမဆုံးဝင်ရမှာလား။" တခြားအတန်းတွေမှာ ဟီးရိုးအထောက်အကူပစ္စည်းပညာကို အခြေခံလောက်ပဲ သင်ပေးရတာဆိုပေမဲ့ အတန်းAကတော့ အစကတည်းက ထူးထူးခြားခြား ဒီဇိုင်းဆွဲထားတဲ့အတန်းပါ။ အဲဒီက ကျောင်းသားတွေအကုန်လုံးက အထောက်အကူပစ္စည်းတွေကို ကိုယ်တိုင်တီထွင်နိုင်စွမ်းရှိတဲ့ ကလေးတွေပါ။ ကျောင်းသားတွေကို အတန်းခွဲဖို့က အတွေ့အကြုံပိုရှိတဲ့ ဆရာမဟဲရိုးတို့လုပ်တာမလို့ မက်ဒါနာကိုယ်တိုင်လည်း သူတို့ဘယ်လိုခွဲထုတ်လိုက်လဲတော့ သေချာမသိဘူး။ ဒါပေမဲ့ အခုလိုမျိုး အထူးပြုကျောင်းသားတွေကို စီစစ်ပြီးသင်ကြားပေးတာက ဆရာတွေအဖို့ အများကြီးစီမံရ လွယ်ကူတယ်။ ဒါပေမဲ့ မက်ဒါနာသိသလောက် ကျောင်းသားတွေရဲ့အရည်အချင်းပေါ်မူတည်ပြီး ခွဲထားတာတော့မဟုတ်ဘူး။ ဒီအတိုင်း စွမ်းအားအမျိုးအစားပေါ် မူတည်ပြီးခွဲထုတ်ထားရုံပဲ။
"အတန်းBက ကယ်ဆယ်ရေးအထူးပြု၊ အတန်း C က အထောက်အပံတန်း၊ အတန်းDက တိုက်ခိုက်ရေးအတန်း။ အတန်းEက ဥပဒေပညါအတန်း။ သူတို့အတန်းတွေခွဲထားတာ မဆိုးတော့မဆိုးဘူးပဲ။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီးတော့ အခန်း A ထဲကို ဝင်လိုက်တယ်။ အကုန်လုံးက ဝှီးချဲသံကြားတာနဲ့ တိတ်နေကြပြီ။ မက်ဒါနာက ကျောင်းသားတွေထဲက နျူရေကို ချက်ချင်းမှတ်မိလိုက်တယ်။ ဒီအတန်းက ကျောင်းသားတိုင်းလိုလိုက တစ်ခုမဟုတ်တစ်ခု ထွင်ထားတာ ရှိတယ်ဆိုပေမဲ့ အကုန်လုံးနီးပါးက ကျောင်းပြီးရင် ဟီးရိုးအကူပစ္စည်းတွေထွင်ပြီး ရောင်းစားရုံလောက်ပဲ စိတ်ကူးရှိကြတာရယ်။ နျူရေပဲ ကိုယ်တိုင်
တိုက်ပွဲဝင်ပစ္စည်းမျိုးကို တီထွင်ချင်ခဲ့တာ။
"ကောင်းပြီ၊ ဒီနေ့အတန်းကတော့ ဟီးရိုးအင်ဂျင်နီယာအတန်းနဲ့ ပတ်သက်တဲ့အတန်းပဲ။ ဟီးရိုးအကူပစ္စည်းအတန်းနဲ့မတူတာက မင်းတို့တွေဟာ တီထွင်ပြီးသား နည်းပညာပစ္စည်းတွေကို အသုံးပြုဖို့ သင်ယူရမှာမဟုတ်ဘူး။ ဟီးရိုးတွေကို နေရာအမျိုးမျိုးမှာ အထောက်အကူပေးနိုင်တဲ့ ဟက်ဝဲလ်နဲ့ ဆော့ဝဲလ်တွေကို တီထွင်ရမှာ။ ပြီးတော့ ဒီအတန်းက ရှိသမျှသင်ခန်းစာတွေထဲမှာ အမှားမခံဆုံးအတန်းပဲ ဘာဖြစ်လို့လဲသိလား။"
မက်ဒါနာက အခန်းထဲကို ဝေ့ကြည့်လိုက်တယ်။ နျူရေအပါအဝင် ကျောင်းသားတွေအကုန်လုံးတိတ်လို့။သူတို့က ပထမဆုံးအတန်းချိန်မှာ ကျောင်းသားတွေကို စာမမေးလောက်သေးဘူး ထင်ထားတာ။ ဒါပေမဲ့ ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲလေ။ အတန်းထဲက ကောင်လေးတစ်ယောက်က လက်ထောင်ပြတယ်။
"ကောင်းပြီကောင်လေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ။"
"ဂရေဟမ်ပါ။"
"ဟုတ်ပြီ၊ အဖြေကိုသိရင် အားလုံးကြားအောင်ပြောပြလိုက်။ မသိရင်တော့ ပါးစပ်ပိတ်ပြီးထိုင်နေ။"
ကောင်လေးက ခေါင်းညိတ်ပြီး သူသိတဲ့အဖြေကို ပြောပြလိုက်တယ်။ "ဟီးရိုးတွေအသုံးပြုတဲ့ ပစ္စည်းတွေက တိုက်ပွဲမှာ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုကြောင့် အလုပ်မလုပ်တာမျိုး ဖြစ်လို့မရလို့ပါ။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့ရင်...."
"သေကုန်မှာလေ။" ကောင်လေးက မရဲတရနဲ့ ဆက်မပြောရဲတော့ မက်ဒါနာက အဖြေကိုဖြည့်ပြောပြီး ထိုင်ခိုင်းလိုက်တယ်။ နောက်တော့ မက်ဒါနာက ဒီနှစ်အဖို့ ဖတ်စာအုပ်ကော်ပီကို ဖွင့်လိုက်ပြီး ကျောင်းသားတွေကို စာမျက်နှာပြောလိုက်တယ်။
"ဟုတ်ပြီ၊ ဒီနေ့တော့ လက်တွေ့ပိုင်းမပါသေးပေမဲ့ ဟီးရိုးဝတ်စုံတွေမှာ မပါမဖြစ်တဲ့အပိုင်းတွေကို ပြောကြမယ်။ လက်ရှိစံမီဟီးရိုးဝတ်စုံအများစုကို နှစ်ထပ်ကျည်ကာနည်းပညာသုံးပြီး လုပ်ကြတယ်။ မင်းတို့ထဲက တစ်ယောက်ယောက်သာ အဲဒါဘာတွေလဲသိရင် သဘောကျမိမှာပဲ။"
နျူရေက လက်ထောင်ပြီး ပြောလိုက်တယ်။ "အမာတစ်ထပ် အပျော့တစ်ထပ်ပါ။" အဖြေမှန်တဲ့အတွက် မက်ဒါနာက သူ့ကိုခေါင်းညိတ်ပြလိုက်တယ်။
"ဟုတ်တယ်၊ ကျည်ကာတွေကို တကယ်ပဲ အဲဒီလိုထုတ်လုပ်ရတယ်။ အမာစားက ရန်သူ့တိုက်ခိုက်မှုတွေကို တားဆီးဖို့ဖြစ်ပြီး အပျော့ကတော့ တိုက်ခိုက်မှုနဲ့အတူပါလာတဲ့ သက်ရောက်အားကို တားဆီးဖို့ပဲ။"
စာသင်ချိန်တစ်နာရီက အလျင်အမြန်ပဲ ကုန်ဆုံးသွားတယ်။ မက်ဒါနာက ပထမဆုံးစာစသင်ဖူးတာဖြစ်ပေမဲ့ သူ့ရဲ့နည်းပညာတွေအပေါ် နားလည်နိုင်စွမ်းက မြင့်မားတာကြောင့် သင်ရိုးစာအုပ်ထဲမှာမပါတဲ့ တချို့အသေးစိတ်အကြောင်းအရာတွေကို စိတ်ဝင်စားအောင် ဖြည့်ပြောတတ်တာကြောင့် ကျောင်းသားတွေရဲ့အာရုံစိုက်မှုက အတော်လေးမြင့်မားတယ်။
"ကောင်းပြီ၊ ဒီနေ့တော့ ဒီလောက်ပဲ။ အခုသင်ထားသမျှကို အခြေခံပြီး မင်းတို့ကိုယ်တိုင်အသုံးပြုမယ့် ဟီးရိုးဝတ်စုံတွေကို ဒီဇိုင်းဆွဲလာခဲ့ပါ။ နောက်တစ်ပတ်အတန်းချိန်ကျရင် တစ်ယောက်ချင်းစီရဲ့ဒီဇိုင်းကို စစ်ဆေးပေးမယ်။ ဒီလကုန်ရင် မင်းတို့ရဲ့ဟီးရိုးဝတ်စုံတွေကို အပြီးသတ်ထုတ်လုပ်နိုင်တဲ့အထိ သင်ပေးမှာမလို့ အိမ်စာလိုက်မလုပ်ရင် ဟီးရိုးဝတ်စုံမရဘဲ ကျန်ခဲ့ပေတော့ပဲ။"
နယူးယောက်ဟီးရိုးကျောင်းရဲ့သင်ရိုးက လက်တွေ့စာတွေ့ပေါင်းစပ်ပြီး သင်ကြားရတာဖြစ်ပါတယ်။ လက်တွေ့တိုက်ပွဲသင်တန်းက အထင်ရှားဆုံးဥပမာဖြစ်ပေမဲ့ အဲဒါတစ်ခုတည်းပဲမဟုတ်ပါဘူး။ ကယ်ဆယ်ရေးအတန်းချိန်မှာလည်း တကယ့်သဘာဝဘေးအန္တရာယ်နဲ့ကြုံရတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်ပေးတာမျိုးရှိတယ်။ နည်းပညာအတန်းချိန်ကတော့ ပစ္စည်းတွေကို အမှန်တကယ်တီထွင်ခိုင်းတာမျိုးပေါ့။
အတန်းထဲက ထွက်ခွာနီး နျူရေအနားကိုရောက်လာပြီး မက်ဒါနာကို စကားလာပြောတယ်။ "ဟိုလေ၊ ဆရာမ။ အချိန်နည်းနည်းလောက် ပေးလို့ရမလားမသိဘူး။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ဝှီးချဲကိုရပ်ထားကာ စကားနားထောင်တယ်။ နျူရေက သူတို့ရဲ့ကျောင်းအုပ် သူ့စကားကို တကယ်နားထောင်ပေးတဲ့အတွက် သိပ်ကိုဝမ်းသာနေတဲ့ပုံပဲ။
"တကယ်တော့လေ ကျွန်မက ဆိုင်ကယ်ကို တိုက်ပွဲမှာသုံးလို့ရအောင် လုပ်နေတာ။ ဒါပေမဲ့ ဆိုင်ကယ်ရဲ့ဂျက်အင်ဂျင်တွေက တအားဆီစားလွန်းပြီး ခနပဲသုံးနိုင်တာ။ စွမ်းအင်ကုန်သွားတာနဲ့ သာမန်ဆိုင်ကယ်လိုပဲ ဖြစ်သွားတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုကို ရှာနေတာပါ။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ နည်းပညာဟီးရိုးအများစု ကြုံရတဲ့ပြဿနာက စွမ်းအင်ပါ။ သူတို့နည်းပညာအများစုက စွမ်းအင်စားလွန်းတာကြောင့် ထောက်ပံပေးဖို့မလွယ်ဘူး။ စွမ်းအင်ထုတ်ပေးနိုင်တဲ့ နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ဖို့က အရေးအကြီးဆုံးပဲ။ ဒါပေမဲ့ သာမန်ဟီးရိုးကျောင်းတွေမှာ အဲဒီလိုနည်းပညာမျိုးကို သင်မပေးတတ်ကြဘူးလေ။
'အင်း၊ ငါလည်း အဲဒီလိုပြဿနာမျိုး ကြုံဖူးသားပဲ။ သူ့ကို အခြေခံလေးနည်းနည်းလောက် သင်ပေးလိုက်လို့ ကိစ္စမရှိလောက်ပါဘူးလေ။' မက်ဒါနာက စဥ်းစားရင်း ပြုံးလိုက်ပြီး ဖတ်စာအုပ်က စာရွက်တစ်ရွက်ကို ဖြဲကာ ပုံကြမ်းလေးတစ်ခုကို ခပ်သွက်သွက်လေးရေးလိုက်တယ်။ နောက်တော့ နျူရေလက်ထဲကို ထည့်ပေးလိုက်လေရဲ့။
"နင်နားလည်မလားတော့မသိပေမဲ့ သေချာဖတ်ပြီး စဥ်းစားကြည့်။ နားမလည်တဲ့အပိုင်းရှိရင် ငါ့ကိုလာမေး။ ဒါပေမဲ့ တခြားသူတွေကိုတော့ မပေးလိုက်နဲ့။"
နျူရေက စာရွက်စုတ်လေးကို တကယ်တန်ဖိုးထားတဲ့ပုံစံနဲ့ လက်ထဲမှာကိုင်ထားရင်း မက်ဒါနာကိုကျေးဇူးတင်လိုက်တယ်။ နောက်တော့ မက်ဒါနာရဲ့မလှုပ်ရှားနိုင်တဲ့ ဒူးတွေကို ကြည့်လိုက်ပြီး စူးစမ်းချင်စိတ် ပြင်းပြစွာနဲ့ မေးလိုက်ပါတယ်။
"ဒါနဲ့လေ၊ စပ်စုတယ်လို့ မထင်ပါနဲ့နော်။ ဘာလို့ဆရာမက အာရုံကြောဆင်ဆာစနစ်နဲ့ လမ်းလျှောက်နိုင်အောင် ကူညီပေးနိုင်တဲ့ ခြေထောက်တုမျိုး မထွင်တာလဲဟင်။"
"....."
"....." နျူရေရဲ့စကားကြောင့် မက်ဒါနာက ကောင်မလေးကို အကြာကြီးစိုက်ကြည့်နေမိတယ်။
ကောင်မလေးကလည်း သူ့ကိုပြန်စိုက်ကြည့်နေတယ်။ နောက်တော့ တပည့်တွေအားလုံးရှေ့မှာပဲ ဗိုလ်ကြီးမမဝတ်စုံဝတ်ထားတဲ့ ဆရာမလှလှလေးရဲ့မျက်နှာနီရဲသွားပြီး ဝှီးချဲကို မောင်းကာပြေးထွက်သွားလေရဲ့။
နျူရေ '.....'
ငါပြောတာ တစ်ခုခုမှားသွားလို့လားဟင်။
....
"အေမီရေ၊ ငါရူးနေတာ မဟုတ်တာတော့ သေချာပါတယ်နော်။"
ဝန်ထမ်းအဆောင်မှာတော့ ကင်းလှည့်ရာကနေ အခုမှပြန်ရောက်လာတဲ့ အေမီက မက်ဒါနာနေ့လယ်စာစားဖို့ ပြင်ဆင်ပေးနေတယ်။ မက်ဒါနာက အဆောင် ခေါင်မိုးအပြင်မှာ ဝှီးချဲလေးကို ရပ်ထားရင်း ကောင်းကင်ပြာကြီးကို မော့ကြည့်လျက်သား။
"မမလေးက မရူးပါဘူးရှင့်၊ အားလုံးထက် ဉာဏ်ကောင်းလွန်းလို့ မမလေးဖြစ်နေတာပါ။ ဒါမှမဟုတ် ကျွန်မသိထားတာ တစ်ခုခုများလွှဲနေသလား။"
အေမီက အိမ်ရာရှေ့က ကျောက်သားစားပွဲပေါ်ကို အငွေ့တထောင်းထောင်းထွက်နေတဲ့ ဟင်းပွဲတွေချလိုက်ပြီး မက်ဒါနာရဲ့ဝှီးချဲကို လာတွန်းကာ စားပွဲရှေ့နေရာချပေးလိုက်တယ်။ မက်ဒါနာလည်း စားစရာကို ခနအာရုံရောက်သွားပြီး ကြည့်လိုက်ပါတယ်။
ကြွေပန်းကန်လုံးလေးထဲမှာ အငွေ့ထောင်းထောင်းထနေတဲ့ ဟင်းရည်ရှိတယ်။ ဟင်းရည်က အဝါဖျော့ဖျော့ဖြစ်ပြီး ဖက်ထုပ်ဖြူလေးတွေက ပေါ်လောမျောလို့နေပါတယ်။ ဟင်းရွက်လေးတွေလည်းပါပြီး အသားပေါင်းနံလေးက မွှေးလို့ရယ်။
"တရုတ်ဟင်းလျာ ဝမ်တုန်စွပ်ပြုတ်ဖြစ်ပါတယ်။ ပုစွန်အသားဖက်ထုပ်နဲ့ လုပ်ထားတာဖြစ်ပြီး နူးနူးညံ့ညံ့ ချိုမြမြနဲ့စားလို့ကောင်းမှာပါ။"
မက်ဒါနာက ဟင်းရည်ခွက်ဘေးမှာချထားတဲ့ တူကို စမ်းကိုင်လိုက်ပြီး ဖက်ထုပ်တစ်ခုကို ဖမ်းကာ ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။ အရသာက အေမီဖော်ပြတဲ့အတိုင်း အတိအကျဖြစ်ပေမဲ့ စားလို့ကောင်းနေတုန်းပဲ။
"ကောင်မလေး၊ နင်ကတော့ ငါ့ကိုနေ့တိုင်းစားချင်စရာလေးတွေချက်ကျွေးပြီး အလိုလိုက်နေတာပဲ။"
"သခင်မလေးတွေကို စားသောက်ဖွယ်ရာတွေ ချက်ပြုတ်ကျွေးရတာ အိမ်စေတွေရဲ့တာဝန်ပါ မမလေးရှင့်။"
အေမီက ဦးညွှတ်လိုက်ပြီး ပြန်တည်တံ့သွားကာ သူ့နောက်မှာ လာရပ်နေတယ်။ မက်ဒါနာ ဖက်ထုပ်တစ်ခုကို ဟင်းရည်ထဲကနေ ထပ်ဆယ်ရင်း နျူရေရဲ့စကားကို ပြန်ကြားယောင်ပြီး ဖက်ထုပ်ကို ဟင်းရည်ထဲဘက်ခနဲ ပြန်ပစ်ချလိုက်မိတယ်။
"ဟုတ်တာပေါ့၊ ငါအလိုလိုက်ခံထားရလို့ ဒီလိုဖြစ်သွားတာပဲ။"
သူတွေးမိတာက 'ဆရာမဘာလို့ အာရုံကြောခြေရာခံလမ်းကူလျှောက်စက် မထွင်တာလဲဆိုတဲ့စကား။' ပြီးတော့ အဲဒီလိုနည်းပညာက သိပ်အထူးအဆန်းလည်းမဟုတ်ဘူး။ ဥပမာအနေနဲ့ပြောရရင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတည်းက အာရုံကြောကိုခြေရာခံနိုင်တဲ့ ခြေတုလက်တုတွေကို တီထွင်ထားကြပြီးသား။ ခြေတုလက်တုမဟုတ်ဘဲ ခြေထောက်ရှိနေတဲ့သူကို လမ်းကူလျှောက်နိုင်အောင် လုပ်ပေးနိုင်တဲ့ အရာမျိုးပဲမရှိသေးတာ။
မက်ဒါနာက အေမီကို အေးစက်စွာနဲ့ ကြည့်လိုက်တယ်။ 'ငါတော့ တရားခံတွေ့ပြီထင်တာပဲ။'ဆိုတဲ့ အကြည့်မျိုးပါ။
"မမလေး၊ ကျွန်မကို တစ်ခုခုများ အလိုမကျလို့လားရှင့်။" အေမီမေးလိုက်တော့ မက်ဒါနာမှာ ဖြေစရာစကားမရှိ။
"အင်း၊ တကယ်တော့ အခုတလော နင်တို့တွေ ငါ့ကိုအလိုလိုက်လွန်းနေသလားလို့ပါ။"
မက်ဒါနာတစ်ယောက် ဆုဗာနာမှာရှိနေတုန်းက အဲဒီလိုစက်မျိုးကို မထွင်မိတာ သဘာဝကျတယ်။ ဆုဗာနာက ရန်သူတွေဝိုင်းနေပြီး အရင်းအမြစ်က အကန့်အသတ်ရှိတယ်။ အေမီကိုကယ်ဖို့အပြင် ဆုဗာနာစစ်တပ်ကို ကူညီပေးဖို့ပါ တွေးတောနေရတာကြောင့် သူ့အတွက်သူ တစ်ခုခုထွင်ဖို့ မစဥ်းစားခဲ့မိတာပါ။ စစ်ပွဲပြီးတော့လည်း နန်းတော်က အစေခံမလေးတွေက သူ့ကို ဖူးဖူးမှုတ်ထားကြတယ်လေ။ ဒီလိုဖူးဖူးမှုတ်ခံထားရတော့ သူ့ကိုယ်သူ လမ်းပြန်လျှောက်နိုင်ဖို့လိုသေးတယ်ဆိုတာကို လုံးဝမေ့သွားတော့တာ။
အခုနယူးယောက်မှာလည်း ဒီလိုပဲလေ။ "ဟား... နင်က ငါ့အစား ကင်းလှည့်ပေးနေတော့ ငါ့ကိုယ်ငါ လမ်းပြန်လျှောက်နိုင်ဖို့လိုတယ်ဆိုတာကို လုံးဝမေ့သွားတာ။"
"မမလေးက ကျွန်မကင်းလှည့်ပေးတာကို မကြိုက်လို့လားရှင့်။" ထုံးစံအတိုင်းပဲ ကိစ္စတွေကို ပုံမှန်လိုမျိုး နားလည်နိုင်စွမ်းမရှိသေးတဲ့ အေမီက ပြောလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။
"မဟုတ်ပါဘူး၊ နင်က တာဝန်ကျေပါတယ်။ ငါကသာ သခင်မလေးတစ်ယောက်အနေနဲ့ တာဝန်မကျေသေးတာ။" မက်ဒါနာက ဒီစကားကိုပြောရင်း နွေးထွေးစွာ ပြုံးလိုက်မိတယ်။
တကယ်စဥ်းစားရရင် သူ့အနားမှာ အရာအားလုံးရှိနေခဲ့ပြီးသား။ သူ့ကို ကာကွယ်ပေးမယ့်သူတွေ သူ့ကိုချစ်ပေးမယ့်သူတွေ အများကြီးပေါ့။ ဒါကြောင့်လည်း အခုလိုဘဝလေးကို သူသဘောကျမိတာ။ ဒါကြောင့်လည်း သူ့အနားကလူတွေကို ကာကွယ်ပေးချင်ခဲ့တာ။
အရင်ကတော့ ရူးမိုက်တဲ့ အိပ်မက်တစ်ခုကြောင့် ဟီးရိုးတစ်ယောက် ဖြစ်ချင်ခဲ့တာဖြစ်ပေမဲ့ အခုတော့ သူ့အနားမှာ ရှိနေတဲ့အရာတွေကို ကာကွယ်ချင်စိတ်နဲ့ ဟီးရိုးဆက်လုပ်နေမိခဲ့တာ။
"အေမီ၊ ငါ့အနားမှာလာထိုင်ပါလား။" မက်ဒါနာက သူ့ဘေးမှာရှိနေတဲ့ ကျောက်ခုံတန်းလေးပေါ် လက်နဲ့ပုတ်ပြလိုက်တယ်။ အေမီက ခါတိုင်းလိုပဲ နာခံစွာနဲ့ လာထိုင်တယ်။
ရုတ်တရက် မက်ဒါနာက အေမီရဲ့ပခုံးလေးကို လက်နဲ့သိမ်းဖက်လိုက်ပြီး အေမီရဲ့ခန္ဓာကိုယ်လေးကို ပေါင်ပေါ်တင်ထားလိုက်တယ်။ အခုအေမီက မက်ဒါနာရဲ့ပေါင်ကို ခေါင်းအုံးပြီးသားဖြစ်နေပြီ။
"မမလေးရှင့်၊ အခုကျွန်မကြုံနေရတဲ့ အခြေအနေက ဘယ်လိုမျိုးလဲဟင်။ ကျွန်မဒေတာတွေထဲမှာလည်း မရှိပါလား။"
"ဒီအတိုင်း တိတ်တိတ်လေးဆက်နေပေးပါလား။"
"ဟုတ်ကဲ့၊ မမလေးအမိန့်အတိုင်းပါပဲ။"
မက်ဒါနာက အေမီကို သူ့ပေါင်ပေါ်မှာ အကြာကြီးတင်ထားရင်း သက်ပြင်းယှဥ်ကြီး ချလိုက်မိတယ်။ "အင်း၊ ဟိုကောင်မလေး ပြောသလိုပဲ ငါလမ်းပြန်လျှောက်နိုင်အောင် ဦးစားပေးရမယ်။ ပိုးကောင်တွေ ရောက်လာပြီဆိုတော့ ရှေ့လျှောက်ဘာဆက်ဖြစ်မလဲငါလည်းမပြောတတ်ဘူးလေ။"
အဲဒီအချိန်မှာပဲ ခါတိုင်းလိုပဲ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က ဝန်ထမ်းအိမ်ရာရှေ့ကနေ ဖြတ်လျှောက်ရင်း အိမ်ရာထဲက ညိုချောအိမ်စေမလေးနဲ့ ဗိုလ်ကြီးမမရဲ့အနေအထားကို မြင်သွားကြပြန်ရော။
နျူရေ: "....."
အီဗန်: "ငါတို့ကျောင်းအုပ်က ကွေးနေတာလား။"
အီဗန့်ပါးစပ်ကနေ ပေါက်ကရစကားတွေ ထွက်မလာခင် နျူရေက ပါးစပ်လှမ်းပိတ်ဖို့ ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားပြီ။ သခင်မလေးအမိန့်အတိုင်း ပေါင်လုံးလေးကို ခေါင်းအုံးနေတဲ့ အေမီက ဆတ်ခနဲထလိုက်ပြီး ကလေးနှစ်ယောက်နောက်ကို ပြေးလိုက်တယ်။ အရင်တစ်ခါလိုပဲ ကျောင်းချိန်က နီးနေပြီလေ။
အတော်ကြာမှ အေမီက ကလေးနှစ်ယောက်ကို သက်ဆိုင်ရာအဆောင်တွေဆီ လိုက်ပို့ပေးပြီး ပြန်လာတယ်။ ပြန်လာလာချင်း အေမီက စားပွဲပေါ်က ကျန်နေသေးတဲ့ ဟင်းရည်တွေဆီ မျက်လုံးရောက်သွားပြီး ပြောလိုက်ပါတယ်။
"ဟင်းရည်တွေ အေးကုန်ပါပြီ သခင်မလေးရှင့်။
ကျွန်မပြန်နွှေးပေးရမလား။"
မက်ဒါနာက ဟင်းရည်ခွက်ကို ပြန်ငုံကြည့်လိုက်ပါတယ်။ တကယ်ပဲ အတွေးလွန်နေခဲ့တာကြောင့် ကောင်းကောင်းမစားခဲ့ရဘူးလေ။ မက်ဒါနာက ဖက်ထုပ်တစ်ခုကို တူနဲ့လှမ်းဖမ်းလိုက်ပြီး လျှာပေါ်တင်လိုက်တယ်။ နည်းနည်းအေးစက်နေပေမဲ့ စားလို့အဆင်ပြေတယ်။
"ရတယ်၊ အလုပ်ရှုပ်မခံနဲ့တော့ နင်ခနနေရင် ပြန်သွားရဦးမှာမဟုတ်လား။"
အခုရက်ပိုင်း အေမီက နယူးယောက်ဟီးရိုးတွေနဲ့ပူးပေါင်းပြီးတော့ ပိုးကောင်သိုက်ကိုရှာဖို့ ရေဆိုးမြောင်းတွေထဲကို သွားလာနေရတယ်။ ဒါကြောင့်မလို့ သူ့ကိုနေ့လယ်စာပြင်ပေးပြီးတာနဲ့ ပြန်သွားရမှာပါ။
"ဟုတ်ကဲ့ သခင်မလေးရှင့်။ ဒါပေမဲ့ အချိန်ရပါသေးတယ်။"
"ရပါတယ်၊ ဒါနဲ့မနက်ပိုင်း အခြေအနေဘယ်လိုရှိလဲ။"
အေမီက ဦးညွှတ်လိုက်ပြီး ပြောတယ်။ "ဟုတ်ကဲ့ရှင့်၊ ပိုးကောင်တွေ စုပြုံနေတဲ့ နေရာနှစ်ခုကို ရှာတွေ့ခဲ့ပေမဲ့ ပိုးကောင်သိုက်တော့မဟုတ်ပါဘူး။ ပိုးကောင်တွေအားလုံးကို သုတ်သင်ပြီး နေရာကိုမီးရှို့ခဲ့ပါတယ်။"
"ကောင်းတယ်၊ နင်သွားရင်သွားတော့လေ။"
မက်ဒါနာက ဖက်ထုပ်ဟင်းရည်ကို ဆက်သောက်တယ်။ အေမီကတော့ မြို့ထဲကို ကင်းလှည့်ဖို့ နေရာကနေ ထွက်သွားပြီ။
ဟင်းရည်သောက်လို့ကုန်ခါနီးတော့ တံခါးဝမှာ လုံခြုံရေးတာဝန်ယူထားတဲ့ လယ်ရီက သူ့ဆီကိုလာတွေ့တယ်။ "ကျောင်းအုပ်မမလေး၊ ကျောင်းဘုတ်အဖွဲ့ကဆိုတဲ့ လူတစ်ယောက်လာတွေ့ပါတယ်။"
ကျောင်းဘုတ်အဖွဲ့ဆိုတာကြားတော့ မက်ဒါနာခေါင်းခါလိုက်တယ်။ လေဆာအိုင်းမျက်နှာကြီးပဲ မြင်ယောင်နေတာကိုး။ သေချာပေါက် ကောင်းသတင်းမဟုတ်တာတော့ ကျိန်းသေပါတယ်။
"သူ့ကို ဝင်ခွင့်ပေးလိုက်။"