လက်တု
Vol. 2 Ch. 22
အခန်း (၂၂) လက်တု
ကြယ်နဂါးနိုင်ငံ မဟာဗျူဟာကာကွယ်ရေးဌာနကို ဌာန၁၃ဟုလည်း လူသိများကြသည်။
ဟန်ရှောင်း၏ စိတ်က လှုပ်ရှားနေသည်။
အဘိုးကြီးလူသည် ဤလျှို့ဝှက်သော စနစ်၏တောင်းဆိုချက်လမ်းကြောင်းတွင် အဓိကဇာတ်ကောင် တစ်ခုဖြစ်သည်။ ဟန်ရှောင်းက သူ့ကိုတွေ့ရန် လာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း၊ ဟန်ရှောင်းသည် အရပ်ရှည်ရှည် အဘိုးကြီးနှင့် တည့်တည်တိုးလိမ့်မည်ဟု ထင်မထားပေ။ ဤအဘိုးကြီးသည် ကြယ်နဂါးနိုင်ငံ၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ပြင် သူ့ရှေ့တွင် ဟန်ရှောင်းမည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ထား၍မရနိုင်ပေ။
ဟန်ရှောင်း၏ မူလအကြံအစည်က သူ့ကိုယ်သူ မဖော်ထုတ်မီ ဌာန၁၃၏ ယုံကြည်မှုကို ရယူရန်ဖြစ်သည်။ သူက ဂျာမီနယ်အဖွဲအစည်း၏ သတင်းများကို လူမသိသူမသိ ပေးသွားမည်ဟု ရည်ရွယ်ထား၏။ သို့သော်၊ ယခုမဖြစ်နိုင်တော့ပေ။
သူ့ကိုယ်သူ အမြန်ထုတ်ဖော်ရန်မှာ ဟန်ရှောင်း၏ တွက်ချက်မှုထဲတွင် မပါဝင်ခဲ့ပေ၊ သို့သော် ဟန်ရှောင်းက သူ၏တွေးခေါ်မှုကို အသေထားမည် မဟုတ်ပေ။
ပုန်းအောင်းနေ၍ မရတော့သည့်အခါ ဟန်ရှောင်းက သူ၏တန်ဖိုးကို ထုတ်ပြရန်သာ ကျန်တော့သည်။ ပြောနေကျလိုပင်၊ ရန်သူ၏ ရန်သူမှာ မိတ်ဆွေဖြစ်သည် မဟုတ်လော။ ဟန်ရှောင်းနှင့် ကြယ်နဂါးနိုင်ငံက တူညီသောရန်သူ ရှိနေကြပေသည်။
ကံကောင်းစွာဖြင့်၊ သူက မြို့ထဲရောက်နေလေပြီ။ မြို့ထဲမဝင်ခင်ကသာ ပေါ်သွားပါက ညှိနှိုင်းရန် ခက်ခဲသောအနေအထားသို့ ရောက်သွားပေလိမ့်မည်။
ထို့အပြင်၊ မမျှော်လင့်ထားသော အဖြစ်အပျက်များကလည်း ကောင်းသောအရာများဖြစ်ကြောင်း သက်သေပြနေသည်။ အရပ်ရှည်ရှည် လူအိုကြီးသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိ၏။ ထို့ကြောင့် သူ၏ယုံကြည်မှုကို ရရှိခဲ့ပါက သူ့ကို အစောပိုင်းအကျိုးကျေးဇူး ရရှိစေလိမ့်မည်။
"ဘာစမ်းသပ်မှုလဲ။"
ဟန်ရှောင်းက အဘိုးကြီးလူကို ပြန်မေးလိုက်သည်။
အဘိုးကြီးလူက လှည့်ပတ်ကြည့်လိုက်ပြီး တစ်ခုခုကို ရှာဖွေလိုက်သည်။ ရုတ်တရက်၊ သူ၏မျက်လုံးများလက်သွားသည်။ အရပ်ရှည်ရှည် လူအိုကြီး၏ မရှိတော့သော လက်တစ်ဖက်ကို ညွှန်ပြကာ သူကပြောလိုက်သည်။
"သူ့အတွက် လက်အတုတစ်ခုလုပ်ပေး။ အဲဒါကို သူကျေနပ်ရင်၊ မင်း စမ်းသပ်မှု အောင်ပြီ။"
"ငါ့ကို ဘာလို့ ဆွဲထည့်နေတာလဲ။"
အရပ်ရှည်ရှည် လူအိုကြီးက ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် အဘိုးကြီးလူ၏ ရည်ရွယ်ချက်ကို သူ၏မျက်လုံးမှိတ်ပြမှုမှတစ်ဆင့် သဘောပေါက်သွားသည်။
"အဘိုး၊ အဘိုးက အရမ်းလွန်တာပဲ။ သူ့ကိုကြောက်ပြီး ထွက်သွားအောင် လုပ်နေတာလား။ နေ့တိုင်း အဘိုးလုပ်နေတာ သောက်မယ်၊ ချက်စ်ဆော့မယ်၊ ပြီးရင် လမ်းပတ်လျှောက်မယ် ဒါပဲလေ။ ဒီအလုပ်နဲ့ပက်သက်ပြီး တကယ်ကူညီခဲ့တာ ဘယ်တုန်းကလဲ။ သမီးက အကူအညီတစ်ယောက်တောင် မရနိုင်ဘူးလား။"
လူချမ်းက မကျေမနပ်ဖြစ်နေသော်လည်း သူမ၏ စကားများက နားထိုင်းနေသူကို ပြောနေသလိုပင်။ အဘိုးကြီးလူက သူမကို လျစ်လျူရှုထားပြီး ဟန်ရှောင်း၏ အဖြေကို စောင့်နေသည်။အချို့အကြောင်းပြချက်တွေကြောင့်၊ ဟန်ရှောင်းကို ကြည့်ရသည်မှာ ပျော်နေသလိုပင်။
"သူကျေနပ်မယ့် လက်အတုတစ်ခု လုပ်ပေးစေချင်တာ သေချာလား။"
ဟန်ရှောင်းက ရှင်းလင်းအောင် မေးလိုက်သည်။
"မင်းကြောက်နေရင် ထွက်သွားလိုက်တော့။"
"ကျွန်တော်လက်ခံတယ်။"
ဟန်ရှောင်းက ပျော်ပျော်ရွှင်ရွှင်ပင် စမ်းသပ်မှုကို သဘောတူလိုက်သည်။
ဟန်ရှောင်းတွင် [စက်ရုပ်ခြေလက်အင်္ဂါ] အသေးစိတ်ပုံစံတစ်ခုမှာ အချိန်တော်တော်ကြာကတည်းက ရှိနေခဲ့သည်။ အဘိုးကြီးလူ၏ တောင်းဆိုချက်က ဟန်ရှောင်းအတွက် အလွန်ရိုးရှင်းရုံသာမက၊ ဟန်ရှောင်းက အရပ်ရှည်ရှည် လူအိုကြီးကို မျက်နှာသာတစ်ခုပေးနိုင်ရန် အခွင့်အရေး တစ်ခုကိုပင် ပေးနေသည်။ အရာအားလုံးက ဟန်ရှောင်းအတွက် အဆင်ပြေပြေ ဖြစ်နေဟန်တူသည်။ တစ်စုံတစ်ယောက်က စောင့်ရှောက်နေသလိုပင်။
"မင်းအချိန် ၃နာရီပဲရမယ်။ တစ်နေ့လုံးထိုင်စောင့်ဖို့ ငါ့မှာ အချိန်မရှိဘူး။" အဘိုးကြီးလူက နှာခေါင်းရှုံပြီး ပြောလိုက်သည်။
"အဘိုး" လူချမ်းက ဆန့်ကျင်လိုဟန်ဖြင့် အော်လိုက်သည်။
[စက်ရုပ်ခြေလက်အင်္ဂါ]ကို ဖန်တီးရန်မှာ ရိုးရှင်းသည်တော့ မဟုတ်ပေ။ အရင်ဆုံး အတိုင်းအတာများ ရယူရန်လိုသည်။ ထို့နောက် ဒီဇိုင်းဆွဲ၍ နောက်ဆုံးတွင် ပြုလုပ်ခြင်းဖြစ်သည်။ ဒီဇိုင်းဆွဲခြင်း တစ်ခုတည်းကပင် နာရီပေါင်းများစွာ ကြာနိုင်သည်။ လက်သမားသုံးခံရှည်များကို အသုံးပြုခြင်းက ပြုလုပ်ရာတွင် မြန်ဆန်စေသော်လည်း၊ အချိန် ၂နာရီခန့် ကြာမြင့်ဦးမည်သာ။ ထို့ကြောင့် လုံး၀ကို မျှတမှု မရှိပေ။
သို့သော် ဟန်ရှောင်းသည် လုံးဝ ပျာယာခတ်မသွားပေ။ သူက ပေကြိုးကို ထုတ်လိုက်ပြီး အရပ်ရှည်ရှည် လူအိုကြီးကို ယဉ်ကျေးစွာမေးလိုက်သည်။
"အဘိုး၊ ခွင့်ပြုပါ။"
အရပ်ရှည်ရှည် လူအိုကြီးက သူ၏ အင်္ကျီကို ဇီဇာကြောင်မနေဘဲ ချွတ်လိုက်သည်။ သူက တိုင်းတာမှုကို ခံယူနေရင်း ဟန်ရှောင်းကို သေချာစွာ လေ့လာနေသည်။ ဖိအားပေးခံနေရတာတောင်မှ တည်ငြိမ်ပြီး ယုံကြည်မှုရှိနေခြင်းသည် ချီးကျူးထိုက်ပေသည်ဟု တွေးနေမိ၏။
'ဒါပေမယ့် ဘာလို့ ဂျာမီနယ်အဖွဲ့အစည်းက သူ့ကို ဆုကြေးငွေ ၁သန်း ထုတ်ထားတာလဲ။'
ဟုတ်ပါသည်။ အရပ်ရှည်ရှည် လူအိုကြီးက ဟန်ရှောင်းကို သိနေ၏။ ဂျာမီနယ်အဖွဲ့အစည်း၏ ဆုကြေးငွေက မြေအောက်လောကကို အကြီးအကျယ် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပြီး ဟန်ရှောင်း၏ မျက်နှာမှာလည်း လူတိုင်းသိနေကြပြီဖြစ်သည်။ ထိုကဲ့သို့သော သတင်းမှာ သူမသိဘဲမနေပေ။
'ကြည့်ရတာ ခြစားနေတဲ့ အစောင့်တွေ ရှိနေသေးတာပဲ။'
ဟန်ရှောင်း၏ မြို့ထဲသို့ရောက်နေခြင်းကို ကြည့်၍ သူကောက်ချက်ချလိုက်သည်။
"ဟန်ရှောင်းက ဘာလို့ အနောက်ပိုင်းမြို့တော်ကို လာတာလဲ။"
"သူက ကြယ်နဂါးနိုင်ငံကို ခြိမ်းခြောက်နိုင်မလား။"
ထိုမေးခွန်းများ အရပ်ရှည်ရှည် လူအိုကြီး၏ စိတ်ထဲတွင် ရှိနေသည်။ ဟန်ရှောင်းကို ယခုအချိန်မှစ၍ ဆက်လက်စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
အဘိုးကြီးလူက ဟန်ရှောင်း၏ ကျော်ကြားမှုအကြောင်း ဘာမှမသိသော်လည်း၊ သူ့တွင်လည်း ဟန်ရှောင်းကို ထွက်သွားစေချင်သည့် အကြောင်းပြချက် ရှိနေ၏။ အတွေ့အကြုံရင့်ကျက်နေသော သူ့အဖို့၊ ဟန်ရှောင်းသည် လူသတ်ခဲ့ဖူးမှန်း သူအာရုံရနေသည်။ သူက ပြဿနာများကို ရှောင်လွှဲနေချင်ခြင်းသာဖြစ်သည်။
"ကြည့်ရတာ အဘိုးကြီးလူက ငါ့ကိုလွှဲချလိုက်ပြီပဲ။"
အကြည့်ချင်း ဖလှယ်ပြီးနောက် အရပ်ရှည်ရှည် လူအိုကြီးက တွေးမိလိုက်သည်။
ဟန်ရှောင်းတိုင်းတာ၍ ပြီးသည်နှင့် လူချမ်းက အကူအညီပေးရန် ကမ်းလှမ်း၏။
"မင်းရဲ့ စိတ်ကူးကို ပြောပြ၊ ငါတို့ အတူတူ ဒီဇိုင်းဆွဲရင် အချိန်ကုန် သက်သာလိမ့်မယ်။"
"မလိုတော့ပါဘူး၊ ကျွန်တော့်မှာ ပြည့်စုံတဲ့ ဒီဇိုင်း ရှိထားပြီးသား။"
မထင်မှတ်စွာပင် ဟန်ရှောင်းက ငြင်းလိုက်သည်။
"၂မိနစ်ပဲ ရှိသေးတယ်။"
လူချမ်း၏ မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားသည်။
"မင်းလေလုံးထွားတာကလည်း လပေါ်တောင် ရောက်တော့မယ်။"
အဘိုးကြီးလူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ၂မိနစ်အတွင်း ပြည့်စုံသည့် အသေးစိတ်ပုံစံ ရလာရန်မှာ သူ့အတွက်ပင် မဖြစ်နိုင်ပေ။ ဟန်ရှောင်းလို ကလေးတစ်ယောက်က ဘယ်လိုလုပ် ပိုပြီး ဖြစ်နိုင်မှာလဲ။
ဟန်ရှောင်းက လိုအပ်သော ပစ္စည်းများနှင့် ကိရိယာများ စာရင်းကို လူချမ်းကို ပေးလိုက်သည်။ သူမက အလျှင်အမြန်ပင် သွားယူလိုက်သည်။ သို့သော်၊ ဟန်ရှောင်းအတွက် သိပ်တော့မျှော်လင့်မထားပေ။ စမ်းသပ်မှုက ရယ်စရာကောင်းပြီး မျှတမှုလည်း မရှိပေ။
ဟန်ရှောင်းက စတင်၍ ဖိနှိပ်စက်ကို သုံးကာ သတ္တုများကို ပုံသွင်းပြီး အစိတ်အပိုင်းများရအောင် လုပ်လိုက်သည်။ သူက အလူမီနီယံအလွိုင်းသည် ပေါ့ပါးပြီး၊ မာကျောသော်လည်း ပုံသွင်းရန်လွယ်ကူသည့်အတွက် အလူမီနီယံအလွိုင်းကို အဓိကပစ္စည်းအဖြစ်သုံးရန် ကြံစည်ထားသည်။ သူ့ကို စကူများ၊ သံမှိုများနှင့် ချိန်းကြိုးများ အဆင်သင့် ထောက်ပံ့ပေးထားခြင်းက အချိန်ကုန် အလွန်သက်သာစေသည်။
[အခြေခံစက်ယန္တရားရင်းနှီးမှု]က ဟန်ရှောင်းကို စက်ပစ္စည်းများကို ပေါင်းစပ်ဖွဲ့စည်းမှုအတွက် ထက်မြက်သော အလိုလိုသိစိတ်ကို ပေးထား၏။ တခဏအတွင်းပင်၊ သူ့အတွက် အစိတ်အပိုင်းများသည် အသက်ရှိလာသလို ထင်ရသည်။ သူတို့သည် စက်တစ်ခုဖြစ်ရန် ပေါင်းစပ်ဖို့ စိတ်လှုပ်ရှားနေကြသည်။ ယန္တရားပညာရှင်တစ်ယောက်၏ ရင်းနှီးကျွမ်းဝင်မှုနှင့် ကျွမ်းကျင်မှုများသည် အလွန်တရာမှ အရေးကြီးလှသည်။ [အခြေခံစက်ယန္တရားရင်းနှီးမှု] ၏ အဆင့်တိုင်းသည် ထုတ်လုပ်သည့် ပစ္စည်းအရည်အသွေးနှင့် ပြုလုပ်နိုင်သည့် အမြန်နှုန်းကို ၁% တိုးတက်စေသည်။
ထိပ်တန်းအဆင့်အတန်းရှိသည့် စက်ရုပ်ခြေလက်အင်္ဂါသည် အတွေးတစ်ချက်နှင့်ပင် ရိုးရှင်းစွာ ထိန်းချုပ်နိုင်ပြီး တကယ့်ခြေလက်အစစ်များကဲ့သို့ပင် မသိသာပေ။ "Winter Soldier" ၏ ယန္တရားလက်တုသည် ထိုသို့သော စက်ရုပ်ခြေလက်အင်္ဂါကို ပိုပြီးခိုင်ခံ့မာကျောအောင် လုပ်ထားခြင်းဖြစ်သည်။ (Avengers ရုပ်ရှင်မှ Captain America ၏ သူငယ်ချင်း) သို့သော်လည်း ထိုသို့သော ယန္တရားလက်သည် တပ်ဆင်ရာ၌ ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် "ထိန်းချုပ်ခြင်း"အရည်အချင်းများဖြစ်သည့် [အခြေခံလျှပ်စစ်သံလိုက်ပညာ] နှင့် [အာရုံကြောပေါင်းစပ်ခြင်း] တို့လည်း လိုအပ်သည်။
ဆိုက်ဗာနက်တစ်ဖြင့်၊ ဦးနှောက်မှလွဲ၍ လူခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းမဆို အစားထိုးနိုင်၏။ စက်များဖြင့် လူတစ်ယောက်ကို အဆင့်မြှင့်တင်မှုများနှင့် အစားထိုးလဲလှယ်မှုများကို အစားထိုးသုံစွဲကာ ဆိုက်ဘော့အဖြစ်ပြောင်းလဲနိုင်ပြီး၊ ခန္ဓာကိုယ်သက်လုံနှင့် ဇီဝစွမ်းအင်များကို မှီခိုရန် မလိုတော့ပေ။ ဆိုက်ဘော့တစ်ယောက်သည် အသက်ရှင်ရန်အတွက် စားသောက်ဖို့ မလိုတော့ဘဲ သာမန်လူတစ်ယောက်ထက် ပို၍ရှည်ကြာစွာ အသက်ရှင်နေနိုင်သော်လည်း၊ အာရုံများဆုံးရှုံးသွားခြင်းက၊ ဆိုက်ဘော့ကို တဖြည်းဖြည်းချင်း သူ့ကိုယ်သူ ဆုံးရှုံးသွားစေသည်။ ထိုကဲ့သို့ ဖြစ်ပျက်မှုကို အတွေးများ ပရိုဂရမ်သွင်းထားခြင်းနှင့် ယုတ္တိဗေဒဆိုင်ရာ ကန့်သတ်ချက်ဘောင်များ ထည့်သွင်းခြင်းတို့ဖြင့် ကာကွယ်နိုင်သော်လည်း၊ ဆိုက်ဘော့များသည် သူတို့၏ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားနိုင်သည်။ အဆင့်မြင့်သော လူမှုအဖွဲ့အစည်းများက ဤနည်းလမ်းကို အသုံးပြုကာ အမြောက်စာများကို ထုတ်လုပ်လေ့ရှိကြသည်။
အသံဖြင့်ထိန်းချုပ်နိုင်သော ယန္တရားလက်ကို "ထိန်းချုပ်ခြင်း" အရည်အချင်း [အခြေခံအသံပိုင်း] ဖြင့် ပြုလုပ်နိုင်သည်။ ယန္တရားပညာရှင်များသည် အလွှာအဆင့်ဆင့်ရှိသော အဆင့်အတန်းတစ်ခုဖြစ်ပြီး၊ သူတို့သည် ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို အသုံးချကာ ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဗားရှင်းအမျိုးမျိုးရှိသည့် ကိရိယာများကို ဖန်တီးနိုင်ကြသည်။
ယခုအချိန်တွင်၊ ဟန်ရှောင်းသည် ယန္တရားပညာတွင် ထိုကဲ့သို့သောအဆင့်ကို မရောက်ရှိသေးပေ။ သူ၏ စိတ်ကူးမှာ ရိုးရှင်း၏။ သူက သူ၏ ပေါ့ပါးသောယန္တရားလက်ကို မော်ဒယ်တစ်ခုအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ သူက ပေါ့ပါးသောယန္တရားလက်၏ ရွေ့လျားမှုနှင့် ချိန်းကြိုးများကို စက်ရုပ်လက်၏ လက်တွေ့ကျသော လှုပ်ရှားမှုများနှင့် ပေါင်းစပ်ရန် ကြံစည်နေခြင်းဖြစ်သည်။ ပေါ့ပါးသောယန္တရားလက်နှင့် မတူသည်က၊ လောင်စာဆီများအစား ဘက်ထရီနှင့် အသုံးပြုရခြင်းဖြစ်သည်။
အဘိုးကြီးလူက ဟန်ရှောင်းကို ဘီယာတစ်လုံးသောက်ရင်း စောင့်ကြည့်နေသည်။ ဟန်ရှောင်း သူ့ကိုယ်သူ အရူးလုပ်သည်ကို ကြည့်ရန် မစောင့်နိုင် ဖြစ်နေတော့သည်။