မင်းငါ့ကို ထောင်ဖမ်းတယ်
Vol. 2 Ch. 23
အခန်း (၂၃) မင်းငါ့ကို ထောင်ဖမ်းတယ်
ဟန်ရှောင်းသည် အစိတ်အပိုင်းများကို ဝရိန်ဆော်ခြင်းနှင့် တပ်ဆင်ခြင်းများ စတင်သည်နှင့်၊ လက်တုမှာ ပုံပေါ်လာသည်။ အခြားလူများသည် ဟန်ရှောင်းက မည်သည့် အပိုအစိတ်အပိုင်းကိုမှ မပြုလုပ်ခဲ့သည့်အပေါ် အံ့ဩနေကြသည်။ သူသည် စတင်ချိန်ကတည်းက ကျွမ်းကျင်စွာပြုလုပ်နေခြင်းဖြစ်ပြီး၊ သူသည် အရာအားလုံးကို ကြိုတင်စီစဉ်ထားသည်ကို သက်သေပြနေသည်။
"ဘုရားရေ၊ သူမအောင်မြင်လောက်ပါဘူးနော်၊ ဟုတ်တယ်မဟုတ်လား။" အဘိုးကြီးလူက ရေရွတ်လိုက်သည်။ လူချမ်းက သူ့ကို စိုက်ကြည့်လိုက်သည်။ ဘယ်လို မရိုးသားတဲ့ အဖိုးလဲ။
သူတို့ တအံ့တဩကြည့်နေသည်ကို မြင်ရသော ဟန်ရှောင်းက အားရပါးရ ရယ်မောချင်သွားသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် အသေးစိတ်ပုံစံ ရှိနေမှတော့ သူဘယ်လို မအောင်မြင်ဘဲ နေမှာလဲ။
_____________________
သင် [စက်ရုပ်လက် - ဘယ်ဘက် (စက်မှုဗားရှင်း)] ကို ဖန်တီးခဲ့သည်။
[စက်ရုပ်လက် - ဘယ်ဘက် (စက်မှုဗားရှင်း)]
အစစ်နှင့် အလွန်တရာတူသည့် လက်တု၊ စက်များ၏ ရွေ့လျားမှုနှင့် ဆိုင်းထိန်းစနစ်တို့ကို အသုံးပြု၍ တည်ဆောက်ထားသည်။ အသုံးပြုသူ၏ လိုအပ်ချက်ကိုလိုက်၍ အနေအထားကို ပြုပြင်နိုင်သည်။ အလျော့အတင်း ပြုလုပ်နိုင်သည်။ နူးညံ့သည်၊ သို့သော် အလွန်အကြမ်းခံသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အရောင်တင်ထားသော သတ္တုလက်တုကို ပြုလုပ်ရန် ဟန်ရှောင်းသည် ၂နာရီနှင့် ၃၃မိနစ်ကြာသွားသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ကောင်းကောင်းအလုပ်လုပ်သည့် လက်တုတစ်ခုမှန်း လူတိုင်းပြောနိုင်၏။
လူတိုင်း အံ့ဩထိတ်လန့်သွားသည်။
သူတကယ်ကြီး လုပ်ခဲ့တယ်။
လူချမ်းက မယုံကြည်နိုင်စွာ သူမ၏ပါးစပ်ကို ကာထားရင်းမှ၊ အတွေးတစ်ခု စိတ်ထဲဝင်လာသည်။ ငါတော့ ပွပေါက်တိုးပြီပဲ။
"ဒီလက်တုကို တစ်ခုခုနဲ့ ဖုံးအုပ်လိုက်မယ်ဆိုရင် အစစ်နဲ့ ပိုပြီးတူလိမ့်မယ်..."
"အရေးမပါတာတွေ ထားလိုက်၊ အခုစမ်းကြည့်ရအောင်။"
အဘိုးကြီးလူက တံတွေးများကို မြိုချရင်း ဖြတ်ပြောလိုက်သည်။ ဟန်ရှောင်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားသော်လည်း သူ့စိတ်ကတော့ မပြောင်းလဲသေးပေ။
အရပ်ရှည်ရှည် လူအိုကြီးက အဘိုးကြီးလူကို မျက်လုံးများလည်၍ စိတ်ရှုပ်သလိုကြည့်ကာ လက်တုကို ကောက်ယူပြီး စစ်ဆေးကြည့်တော့သည်။ သူချက်ချင်းပင် သဘောကျသွား၏။ လက်တုသည် သူ၏ လက်ငုတ်တိုနှင့် သက်တောင့်သက်သာပင် အံဝင်ခွင်ကျဖြစ်သွားသည်။ အခြားသော လက်တုများကဲ့သို့ အလျော့အတင်း ပြုလုပ်၍ မရခြင်း၊ တောင့်တောင့်ကြီး ဖြစ်နေခြင်းများ မရှိပေ။ သူလက်တုကို အရင်က မဝတ်ဆင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ လှုပ်ရှားမှုများကို လက်တုက လာရှုပ်နေသောကြောင့် ဖြစ်သည်။ သို့သော် ဟန်ရှောင်း၏ ဖန်တီးမှုက ထိုသို့သော အခက်အခဲကို မခံစားရပေ။ တကယ့်အစစ်ကဲ့သို့ ခံစားရပြီး လှုပ်ရှားကြည့်သောအခါ သူ့တွင် လက်တစ်ဖက် ပြန်ပေါက်လာသလိုပင် ခံစားရ၏။ ကျုံ့ဆန့်နိုင်သည့် ဆိုင်းထိန်းစနစ်က သူ့ကို ရိုးရှင်းသော လှုပ်ရှားမှုများကို လွယ်ကူစွာ ပြုလုပ်နိုင်စေသည်။
ပြီးပြည့်စုံမှုပဲ။
ဤသည်မှာ သူခံစားရသည်ကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော စကားလုံးဖြစ်သည်။
"မင်းဘယ်လိုထင်လဲ၊ စိတ်ကျေနပ်ရဲ့လား။"
အဘိုးကြီးလူက ဘီယာကို စုပ်သောက်ရင်း မေးလိုက်သည်။
လူချမ်းက အရပ်ရှည်ရှည် လူအိုကြီးကို စိုးရိမ်တကြီး ကြည့်နေသည်။
အရပ်ရှည်ရှည် လူအိုကြီးမှာ ကျဉ်းထဲကျပ်ထဲ ရောက်နေသလို ခံစားရ၏။ သူ့သူငယ်ချင်းကို ကူညီသင့်လား၊ ဒါမှမဟုတ် သူ့ရဲ့ခံစားချက်အမှန်ကို ပြောသင့်လား။ ဘာက ပိုပြီး အရေးကြီးသလဲ။
"ဒီလက်က အရမ်းကောင်းတယ်။ ငါကျေနပ်ပါတယ်။”
အဘိုးကြီးလူမှာ ဘီယာသီးသွားပြီး အဆက်မပြတ်ချောင်းဆိုးနေရင်း အရပ်ရှည်ရှည် လူအိုကြီးကို စိုက်ကြည့်လိုက်၏။
ငါတို့က မဟာမိတ်တွေ မဟုတ်ဘူးလား၊ ငါတို့မှာ ကြံစည်ထားတာ ရှိတယ်လေ။
"အဖိုးသဘောကျတယ်ဆိုရင် ယူထားလိုက်ပါ။"
ဟန်ရှောင်းက လုံးဝမအံ့ဩပေ။
အရပ်ရှည်ရှည် လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး၊
"ငါ ဒီမျက်နှာသာပေးမှုကို မှတ်ထားပါမယ်။"
အဘိုးကြီးလူမှာ အံ့အားသင့်သွားသည်။ ဒီလက်က ငါပစ္စည်းတွေနဲ့ လုပ်ထားတာလေ၊ ငါ့ကိုတောင် ခွင့်တောင်းသေးလို့လား။
"ဒါဆို ကျွန်တော် ဒီမှာ နေလို့ရပြီလား။"
ဟန်ရှောင်းက အဘိုးကြီးလူကို လှည့်၍ မေးလိုက်သည်။ သူ့နှုတ်ခမ်းများက ပြုံးသယောင်ယောင် ကွေးနေ၏။
အဘိုးကြီးလူ၏ အံ့ဩမှုက ချက်ချင်းပင် အရှက်ရစရာအဖြစ် ပြောင်းလဲသွားသည်။ သူက လှည့်ထွက်သွားပြီး အပေါ်ထပ်သို့ ဦးတည်လိုက်သည်။ သူက အင်တင်တင်နှင့် ပြန်ပြော၏။
"ဘာပဲဖြစ်ဖြစ်ကွာ၊ မင်းနေချင်တယ်ဆိုလဲ နေပေါ့၊ မင်းဘယ်လောက် ကြာကြာခံမလဲ ကြည့်တာပေါ့။"
လူချမ်းက လက်သီးလက်မောင်းတန်း၍ အောင်ပွဲခံနေသည်။
အရပ်ရှည်ရှည် လူအိုကြီးက ဟန်ရှောင်းကို ပြုံးပြပြီး ထွက်ခွါသွားသည်။ လမ်းကြားလေးမှ လမ်းလျှောက်ထွက်လာပြီးနောက်၊ သူ့ကိုစောင့်နေသည့် အနက်ရောင်ဆီဒင်ကားအတွင်းသို့ ဝင်လိုက်သည်။
ဒရိုင်ဘာက သူ့ကိုလေးစားစွာဖြင့် မိုဘိုင်းဖုန်းတစ်လုံး လှမ်းပေး၏။ အရပ်ရှည်ရှည် လူအိုကြီးက ဖုန်းကိုကိုင်ပြီးသည်နှင့်၊ သူ၏ ကိုယ်နှုတ်အမူအရာတစ်ခုလုံးမှာ လုံးဝပြောင်းလဲသွားသည်။ သူသည် ယခု အလွန်တင်းမာခက်ထန်သော ပုံစံရှိနေပြီး၊ ယခင်က ဖော်ရွေသောလူအိုကြီးနှင့် လုံးဝကွဲပြားသော လူတစ်ယောက်ဖြစ်သည်။
“ဂျာမီနယ်အဖွဲ့အစည်းရဲ့ ဝရမ်းပြေးက အနောက်ပိုင်းမြို့တော်ထဲကို ခိုးဝင်လာပြီးပြီ။ ရှိနေတဲ့ ကိုဩဒီနိတ်က...”
သူက လေးနက်သော အသံဖြင့် ပြော၏။
“စုံစမ်းရေးဌာနကို အခု သူ့ကိုစောင့်ကြည့်ဖို့ပြောလိုက်။ ငါက ပစ်မှတ်နဲ့ တွေ့ခဲ့ပြီးသွားပြီ၊ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း စုံစမ်းမယ်။ မလိုအပ်ရင်၊ မလှုပ်ရှားနဲ့။”
ဂျာမီနယ်အဖွဲ့အစည်းမှ စွန့်ခွာထွက်ပြေးလာသူများသည် တစ်ခါတစ်ရံ အလွန်တန်ဖိုးရှိသော သတင်းအချက်အလက်များ ကိုင်ဆောင်ထားကြ၍ နိုင်ငံ၆နိုင်ငံ၏ အလွန်တန်ဖိုးထားခြင်းခံရ၏။ ကံမကောင်းစွာဖြင့်၊ ထွက်ပြေးလာသူ အများစုသည် အရေးမပါသည့်လူများသာ ဖြစ်သည်။ အခြားတစ်ဖက်တွင်တော့၊ ဟန်ရှောင်းသည် ဆုကြေးငွေထုတ်ခံထားရသည့် ပထမဆုံးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူသည် အလွန်အရေးကြီးသော သတင်းအချက်အလက်များကို ပိုင်ဆိုင်ထားသည်မှာ ဖြစ်နိုင်၏။
ဝပ်ရှော့ထဲတွင်၊ ဟန်ရှောင်းသည် အရပ်ရှည်ရှည် လူအိုကြီး ထွက်သွားသည်ကို ကြည့်နေရာမှ ပြန်လှည့်လိုက်သည်။
သူ၏ ဆောင်ရွက်ချက်မှတစ်ဆင့် အရပ်ရှည်ရှည် လူအိုကြီးသည် သူက ရန်မလိုကြောင်း သိစေလိမ့်မည်။ ထို့ပြင် ပိုကောင်းသော ဆက်ဆံရေးအတွက် အုတ်မြစ်ချပြီးသားလည်း ဖြစ်၏။
ဟန်ရှောင်းသည် ဝပ်ရှော့ကို အရာ ၃ခု ရရှိရန် လာခဲ့ခြင်းဖြစ်သည်။ ပထမတစ်ခုမှာ အဘိုးကြီးလူသည် ယန္တရားပညာနှင့် သက်ဆိုင်သော အလွန်များပြားကျယ်ပြန့်သည့် စုဆောင်းမှုများကို သိမ်းဆည်းထားသည်။
ဒုတိယတစ်ခုမှာ ဤဝပ်ရှော့သည် ဂျာမီနယ်အဖွဲ့အစည်းမှ ပုန်းအောင်းရန် ကောင်းမွန်သောနေရာဖြစ်သည်။ ဂျာမီနယ်အဖွဲ့အစည်းတွင် နိုင်ငံ၆နိုင်ငံလုံး၌ သူလျှိုများ ရှိကြသော်လည်း၊ သူတို့သည် နေရာတကာ မသိနိုင်ပေ။ ဤဝပ်ရှော့မှာ သူတို့မသိသည့် နေရာများထဲမှ တစ်ခုဖြစ်သည်။ အကယ်၍ သူတို့ရှာတွေ့ခဲ့လျှင်တောင်၊ အဘိုးကြီးလူရှိသေး၏။ အဘိုးကြီးလူသည် ယခုဟီလာထက် အဆပေါင်းများစွာ အစွမ်းထက်သည်။ သူသည် ဘာမှမကောင်းဘဲ ဂရုမစိုက်သလို နေနေသော်လည်း၊ သူသည် ဂြိုလ်ပေါ်တွင်ရှိသည့် D အမျိုးအစား စူပါလူသား အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ အစဦးဂြိုလ်များတွင် အသန်မာဆုံး စူပါလူသားမှာ C အမျိုးအစားသာ ဖြစ်သည်။
ယန္တရားပညာရှင်တစ်ယောက် စူပါလူသားတစ်ယောက် ဘာကြောင့်ဖြစ်တာလဲ ဆိုတာနဲ့ပက်သက်ပြီး တိုင်ပင်ဆွေးနွေးမှု အများအပြားရှိကြသည် - အကယ်၍ ယန္တရားပညာရှင်ကို သာမန်လူသားတစ်ယောက်၏စံနှုန်းဖြင့် ကန့်သတ်ထားပါက၊ သူတို့၏ တီထွင်ဖန်တီးမှုများကို ၉၀%ကျော် ကန့်သတ်ထားသလို ဖြစ်သွားလိမ့်မည်။ ထို့ပြင် စူပါလူသားများသာလျင် သူတို့တီထွင်ထားသည့် စွမ်းအားကြီးသည့် စက်ပစ္စည်းများကို အသုံးပြုနိုင်သည်။ အချို့ပစ္စည်းများဆိုလျှင် အခြားအမျိုးအစား ၄မျိုးက လုံးဝမသုံးနိုင်ဘဲ၊ ယန္တရားပညာရှင်တစ်မျိုးတည်းကသာ အသုံးပြုနိုင်သည်။
ယန္တရားပညာရှင်များဆိုသည်မှာ သေနတ်များနှင့် စက်ရုပ်ကြီးများကိုသာ ဆိုလိုသည် မဟုတ်ပေ။ မြင့်မားသောအဆင့်ရှိသည့် ယန္တရားပညာရှင်တစ်ယောက်သည် တစ်ခုခုကို အထူးပြု၍ တတ်မြောက်ထားနိုင်သည်။ သူတို့သည် ဓါးကိုင်ဆောင်ခြင်းကို ပို၍ကြိုက်နှစ်သက်နိုင်သည်။ လုပ်ကြံသတ်ဖြတ်ခြင်းလည်း ဖြစ်နိုင်၏။ သို့မဟုတ် ရွေ့လားနိုင်သော ဝတ်စုံကို ထိန်းကျောင်းခြင်းလည်း ဖြစ်နိုင်သည်။ ဤအရာများသည် ဤယန္တရားပညာရှင် အမျိုးအစားမှ ပေးနိုင်သည့် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများထဲမှ တစ်ချို့သာဖြစ်သည်။
တရားဝင် သတင်းအချက်အလက်များက ယန္တရားပညာရှင် အမျိုးအစားကို ဤသို့ဖော်ပြထားသည်။
"တိုက်ခိုက်ရေး ယန္တရားများနှင့် ကျစ်လစ်သိပ်သည်းခြင်းတို့၏ မာစတာ။ အလွန်ကောင်းမွန်စွာ ဟန်ချက်ညီမှုရှိသည်။
[ဖိသိပ်ခြင်းနည်းပညာ] နှင့် [နေရာလွတ်နည်းပညာ] ကို သင်ယူပြီးနောက်၊ ယန္တရားပညာရှင်များသည် အလွန်ကြီးမားသော စက်ယန္တရားကြီးများကို သေးငယ်သော အခန်းငယ်လေးထဲသို့ တစ်စစီဖြုတ်ကာ ဖိသိပ်ထည့်သွင်းနိုင်ပြီး၊ လိုအပ်သည့်အချိန်တွင် ချက်ချင်းပြန်လည်တပ်ဆင်နိုင်သည်။
[အလျှင်အမြန်တပ်ဆင်မှု]ကို သင်ယူပြီးပါက၊ စွမ်းအင် အများအပြားရှိသော ယန္တရားပညာရှင်များသည် ကိရိယာများပင် မလိုအပ်ဘဲ စက်ယန္တရားများကို ဖန်တီးနိုင်ကြ၏။ သူတို့လိုအပ်သည်မှာ လုံလောက်သောစွမ်းအင်နှင့် လိုအပ်သောကုန်ကြမ်းပစ္စည်းများသာ ဖြစ်သည်။ ထို့ပြင် သူတို့သည် ဖန်တီးတည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို ကျော်ပစ်နိုင်ပြီး သူတို့လိုအပ်သောအရာကို ချက်ချင်းတည်ဆောက်နိုင်ကြသည်။
ကစားသမားများ၏ ပစ္စည်းသိုလှောင်ရာနေရာသည် တကယ့်အလေးချိန်အတိုင်း သက်ရောက်မှုရှိသည်။ အထက်တွင်ပြောခဲ့သော စွမ်းရည်များကြောင့် ယန္တရားပညာရှင်များသည် အလေးချိန်၏ ကန့်သတ်ချက်ကို စိတ်ပူစရာမလိုသည့် တစ်ခုတည်းသော အမျိုးအစားဖြစ်သည်။ သို့သော် မှော်ဆရာများနှင့် စိတ်စွမ်းအားရှင်များသည်လည်း ဤကဲ့သို့စွမ်းရည် ရှိ၏။
တတိယ အကြောင်းရင်းမှာ ဟန်ရှောင်း ဝပ်ရှော့ကို လာရသည့် အရေးကြီးဆုံး အကြောင်းပြချက်ဖြစ်သည့် လျှို့ဝှက်ဇာတ်လမ်းသွားအတွက် ဖြစ်သည်။ ထိုအတွက် ဆုလာဘ်မှာ အစောပိုင်းအဆင့် နတ်ဘုရားကိရိယာ၏ ဒီဇိုင်းပုံစံဖြစ်သည်။
အနာဂတ်တွင်၊ အဘိုးကြီးလူသည် ဝပ်ရှော့မှ ထွက်သွားမည်ဖြစ်ပြီး၊ ဒီဇိုင်းပုံစံများ ပါရှိသည့် ဒီဂျစ်တယ်မီးခံသေတ္တာတစ်ခု ချန်ထားခဲ့၏။ သူက လူချမ်းကို ထိုသေတ္တာအား သူမ၏ဖခင်ဖြစ်သူ လူချိန်ကိုပေးရန် မှာကြားထားခဲ့လိမ်သည်။လူချိန်သည် လေလွင့်သွားလာသူများကြားတွင် တပ်မှူးချုပ်တစ်ယောက်ဖြစ်ပြီး သူ၏အဖေဖြစ်သူ အဘိုးကြီးလူနှင့် ဆက်ဆံရေးမကောင်းကြပေ။
ဂိမ်းထဲမှာတုန်းက၊ ကစားသမားတစ်ယောက်သည် ငြီးငွေ့ဖွယ်ကောင်းသော စနစ်၏တောင်းဆိုချက်လမ်းကြောင်းကို ပြီးစီးခဲ့ပြီး ထိုမီးခံသေတ္တာ၏ စကားဝှက်ကို ရရှိခဲ့သည်။ ထို့နောက်သူက ထိုကိရိယာကို ဖန်တီးရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဒုက္ခသုက္ခခံ၍ ရှာဖွေခဲ့သည်။ သို့သော်လည်း၊ ထိုအရာက ထိုက်တန်၏။ ထိုကိရိယာဖြင့် သူသည် တစ်ယောက်ချင်းတိုက်ခိုက်သည့် တိုက်ပွဲကွင်းပြင်ကို ကြီးစိုးနိုင်ခဲ့ပြီး အမြင့်ဆုံးမှတ်တမ်းဖြစ်သည့် ၃၈ပွဲဆက်တိုက် နိုင်ပွဲကို ရရှိခဲ့သည်။
ထိုကစားသမားအတွက် အချိန်နှင့် ကြိုးစားအားထုတ်မှုများက ထိုက်တန်သည့်အချိန်တွင်၊ ဟန်ရှောင်းသည် စကားဝှက်ကို သိထားပြီးဖြစ်၍ စနစ်၏တောင်းဆိုချက်လမ်းကြောင်းတစ်ခုလုံးကို ပြန်သွားစရာ မလိုတော့ပေ။
လျှို့ဝှက်သည့် စနစ်၏တောင်းဆိုချက်လမ်းကြောင်းသည် ပြိုင်ဆိုင်မှုတစ်ခုဖြစ်သော်လည်း၊ လူတစ်ယောက်သာလျှင် အနိုင်ရနိုင်၏။ အခြားကြိုးစားကြသည့် ကစားသမားများသည်လည်း သေတ္တာ၏ စကားဝှက်ကို သိကြသည်။ ဖိုရမ်များ၏ စနစ်၏တောင်းဆိုချက်လမ်းကြောင်းရှိ သတင်းအချက်အလက်များ၌ပင် စကားဝှက်ကို တင်ထားကြ၏။
ဇာတ်လမ်းသွားလမ်းကြောင်းသည် ပေါ်ပေါက်လာရန် အချိန်များစွာ ကျန်ရှိသေး၍ ဟန်ရှောင်းသည် သူတို့နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားသည်။
နတ်ဘုရားအဆင့် ကိရိယာအတွက်
"မင်းရဲ့ အလုပ်သင်အကြောင်း ရှင်းပြမယ်။ အစားအသောက်နဲ့ နေထိုင်ဖို့က ငါတို့ထောက်ပံ့ပေးမယ်။ ဒုတိယထပ်မှာ အခန်းလွတ်တစ်ခန်းရှိတယ်။ မင်းလုပ်ရမယ့်အလုပ်တွေက ပြုပြင်ထိန်းသိမ်းမှုတွေကို ကူညီပေးရမယ်၊ အမှာစာတွေရောပဲ။ ငါမင်းကို တစ်လ ဒေါ်လာ ၁၀၀၀ ပေးမယ်။ အဆင်ပြေမလား။"
လူချမ်းက ဟန်ရှောင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေ၏။ သူသည် ကျွမ်းကျင်မှုရှိကြောင်း သိသော်လည်း၊ သူမတွင့် သူ့ကို လစာမြင့်မြင့်ဖြင့် ကမ်းလှမ်းရန် ငွေကြေးမရှိပေ။
"ကျွန်တော် လက်ခံပါတယ်။"
ဟန်ရှောင်းက တွေဝေမနေဘဲ ပြန်ဖြေလိုက်ရာ သူမ ပျော်ရွှင်သွား၏။
ဒုတိယထပ်သည် ဧည့်ခန်း၊ မီးဖိုချောင်နှင့် အိပ်ခန်းများပါဝင်သည့် လူနေတိုက်ခန်းတစ်ခုဖြစ်သည်။လူချမ်းက ဟန်ရှောင်းကို သူ၏အိပ်ခန်းသို့ ခေါ်လာသည်။ ထိုအခန်းက ရိုးရိုးရှင်းရှင်းပင် သစ်သားအိပ်ရာတစ်ခု၊ ဗီဒို၊ စာအုပ်စင်နှင့် အလုပ်နေရာအသေးလေးတစ်ခု ပါဝင်သည်။
"ဒါကအခု မင်းရဲ့အခန်းပဲ။"
လူချမ်းက ပျော်ပျော်ရွှင်ရွှင်ပြောလိုက်ပြီး အခန်းသော့ကို ဟန်ရှောင်းဆီပေးလိုက်ကာ အခန်းကို သန့်ရှင်းရေးစလုပ်တော့သည်။
သူမ အလွန်ပျော်ရွှင်နေ၏။ ဒေါ်လာ ၁၀၀၀ သည် အတော်နည်းသော ငွေးကြေးပမာဏဖြစ်သည်။ သာမန်လူတစ်ယောက်အတွက် လစဉ်အသုံးစရိတ်ပင် မလုံလောက်နိုင်ပေ။ ဟန်ရှောင်းကို တကယ် ဈေးပေါပေါနှင့် ရခဲ့ခြင်းဖြစ်သည်။
'ငါဒီကလေးကို ကောင်းကောင်းဆက်ဆံရမယ်၊ ဒါမှ သူထွက်ပြေးမသွားမှာ'
သူမဖာသာ တွေးလိုက်သည်။
ဟန်ရှောင်းမှာ ငိုရရယ်ရမလားပင် မသိတော့။ သူဌေးအစား အလုပ်လျှောက်တဲ့သူက စိတ်လှုပ်ရှားနေရမှာ မဟုတ်ဘူးလား။