← Chapters

အဆိပ်ဖယ်ရှားခြင်း

Vol. 6 Ch. 72

အဆိပ်ဖယ်ရှားခြင်း

Vol. 6 Ch. 72

ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲနေမိ၏။ သို့သော် သူ့မျက်နှာတွင်မူ အပြုံး ရှိနေဆဲပင်။ နတ်သမားတော်ဟူသော သူ၏ပုံရိပ်ကို ထိန်းသိမ်းထားဖို့ငှာ သူသည် အရာအားလုံးကို တင်ကြို၍ စီစဉ်ချထားသကဲ့သို့ ပြုမူရပေမည်။

သူ၏တည်ငြိမ်မှုက သည်နေရာရှိ လူများကို လှည့်စားဖို့ ကူညီပေးသည်။ သူ မျှော်လင့်ထားသလို သူတို့ကို ဆေးလုံး၏ အစွမ်းသတ္တိဟု ယုံကြည်သွားစေသည်။ သူတို့က သူ့အပေါ်တွင်လည်း ပို၍ လေးစားသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဂိုဏ်းခေါင်းဆောင်မာက အားပါးတရ ပြုံးလိုက်ကာ ဂုဏ်ယူဟန် ပြသသည်။ ဟန်လိက သူ၏ လက်အောက်မှ တစ်ယောက် ဖြစ်နေသည့်နှယ်။ သူက ခုလက်ရှိ၌ ဟန်လိ၏ အထောက်အပံကို ရဖို့ ဖြစ်နိုင်ချေ အရှိဆုံးသူ မဟုတ်လား။ ထို့ကြောင့် သူက စိတ်ပါလက်ပါ ရယ်မောကာ ပျော်ရွှင်နေသည်။

သို့သော် သိပ်မကြာမီတွင် အခြေအနေက ရုတ်ချည်း ပြောင်းလဲမှု ဖြစ်လာသည်။

“မကောင်းတော့ဘူး…” ကျန်းရွှယ်အာက အလန့်တကြား ထအော်လိုက်၏။

“ဦးလေး မျက်နှာပေါ်မှာ မဲနက်နက်အရောင်တွေ ပြန်ပေါ်လာပြန်ပြီ…”

ထိုစကားတို့က လူတိုင်းကို မင်သက်သွားစေသည်။ သူတို့ထဲမှ အချို့က အကြီးအကဲလီအနား ရောက်လာကာ သေချာ ကြည့်ကြသည်။ အကြီးအကဲကျောက်မှာ ထိုထဲတွင် ပါဝင်သည်။

ကျန်းရွှယ်အာ၏ အော်သံကို ကြားသည့်အခါ ဟန်လိသည် သူ့နှလုံးခုန်ခြင်းမှာ အခိုက်အတန့် ရပ်သွားသကဲ့သို့ ခံစားမိ၏။ သို့သော် သူက ချက်ခြင်း အနားတိုးကြည့်သည့် လူအုပ်ထဲသို့ ဝင်မလာ၊ ထိုအစား သူက အိပ်ယာရှေ့သို့ ချဉ်းကပ်လာသည်။

အမျိုးသမီးလီက အလိုက်သိ၊အကင်းပါးသောသူ ဖြစ်၍ သူမက ချက်ခြင်းပင် ဂျူနီယာနှစ်ယောက်ကို အိပ်ယာအား ရွှေ့ပေးဖို့ လှမ်းအော်ပြောလိုက်သည်။ သူမက သမားတော်ဟန် ဆေးဝါးကုသမှု လုပ်နိုင်ဖို့အတွက် ခပ်မြန်မြန် အခန်းပြင်ပေးလိုက်တာ ဖြစ်သည်။

ဟန်လိက အိပ်ယာဘေးရှိ သူ မြင်ရသော နေရာလွတ်ထံ တည်ငြိမ်စွာ လှမ်းလာပြီး အခြေအနေကို သေချာ စူးစမ်းသည်။

အမွှေးတိုင်တတိုင်ဝက်စာ လောင်ကျွမ်းချိန်လောက် ကြာမြင့်ပြီးနောက် ဟန်လိက သည်အဆိပ်သည် လုံးဝ ဖယ်ရှားမခံရသေးဘဲ အကြီးအကဲလီ၏ မျက်နှာပေါ်၌ မထင်မရှား မဲနက်နက်အရောင် ကျန်နေသည်ကို မြင်၏။

ထို့နောက် ဟန်လိက မလိုအပ်ဘဲ ဆူညံသွားအောင် ပုံကြီးချဲ့သော အမျိုးသမီးငယ် ကျန်းရွှယ်အာကို ခေါင်းငဲ့ကာ တချက် လှမ်းကြည့်သည်။

အပြစ်တင်ဟန် အနည်းငယ် ပါဝင်သော ဟန်လိ၏ အကြည့်ကို ကျန်းရွှမ်အာဘေး၌ တချိန်လုံး ရှိနေသော လီဖေးယွီက လှမ်းမြင်သည်။ သူက ဟန်လိကို ပြန်ကြည့်သည်။ သူသည် ဟန်လိကို သူ့နှလုံးသားထဲရှိ နတ်ဘုရားမ ဖြစ်နေသော ကျန်းရွှယ်အာကို ထိခိုက်စေမည်အား ခွင့်မပြုနိုင်သည့်ပုံ ရသည်။

ဟန်လိသည် စွန့်အမိသွား၏။ သည်လီဖေးယွီက အချစ်နွံထဲ ကျသွားသည့်အခါ မိတ်ဆွေသူငယ်ချင်းထက် သူ့ချစ်သူအပေါ် ပို၍ တန်ဖိုးထားပုံ ရသည်။

ဟန်လိက သူ့ကိုယ်ဟန်ကို ပြန်ပြင်ကာ အကြီးအကဲလီ၏ အခြေအနေကို ဆက်လက် ကြည့်ရှုနေသည်။

အကြီးအကဲလီ၏မျက်နှာပေါ်တွင် ကျန်နေသော မဲနက်နက်အရောင်အပြင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်ကွက်များမှာ ပဲစေ့ခန့် အရွယ်သို့‌ ရောက်လာပြီးနောက် ဆက်၍ သေးငယ်သွားရမည့်အစား သည်အရွယ်အစားအတိုင်း ဆက်ရှိနေသည်။ သူ့ခန္ဓာကိုယ်ရှိ အကြွင်းအကျန် အဆိပ်ကြောင့် အကြီးအကဲလီက သတိမေ့နေဆဲပင်။

ခုလက်ရှိ အခြေအနေကို မြင်သည့်အခါ ဟန်လိက သူ့အရံအစီအစဉ်ကို နောက်ဆုံးတွင် အသုံးပြုနိုင်စွမ်း ရှိနိုင်လာပြီကို သိလိုက်သည်။ သူက သူ ပြောခဲ့သော စကားများက အလိမ်အညာ ဖြစ်တော့မည်ကို ပူပန်နေဖို့ မလိုတော့ပေ။ အခု သူ့ကိုယ်ပိုင် အမြှော်အမြင်ကို ပြသဖို့ အချိန်ကောင်း ရောက်လာတာ ဖြစ်သည်။

“ရေသန့်သန့် တဇလုံလောက် သွားခပ်ခဲ့ချေ…” ဟန်လိက မေးခွန်းပြန်မထုတ်နိုင်သော လေသံဖြင့် ဆိုလိုက်သည်။

သည်တကြိမ်၌ ရေဇလုံ သွားယူသည့် တာဝန်က ကျန်းရွှမ်အာပေါ် မကျရောက်တော့ပေ။ မည်သူမျှ မတုန့်ပြန်နိုင်ခင်မှာပင် မုယုံက အလျင်စလို ထွက်သွားကာ ရေဇလုံ သွားယူသည်။

ဟန်လိက အကြီးအကဲချန်းနှင့် ဂိုဏ်းခေါင်းဆောင်မာတို့ထံ လှည့်ကာ အလေးအနက် ပြောလိုက်၏။

“ပြီးတော့ အကြီးအကဲလီရဲ့ ခန္ဓာကိုယ်ပေါ်က အဆိပ်ကို အရေးကြီးတဲ့ နေရာတချို့ဆီ ရွှေ့စေဖို့ အတွင်းအား အသုံးပြုပေးရမယ့် လူနှစ်ယောက်ရဲ့ အကူအညီကိုလည်း ကျုပ်လိုအပ်တယ်။ ပြီးရင် ကျုပ်က ဒီအဆိပ်ကို သန့်စင်ဖယ်ရှားပစ်ဖို့ အပ်စိုက်ပညာရပ်ကိုပါ အသုံးပြုရမယ်။ ဒါ့ကြောင့် အကြီးအကဲတို့နှစ်ယောက်က ကျုပ်ကို ကူညီပေးနိုင်မလား…”

ဂိုဏ်းခေါင်းဆောင်မာ၏ မျက်လုံးက မရေမရာဟန် တောက်ပသွား၏။ သို့သော် သူက သဘောတူသည်။ တဖက်ရှိ အကြီးအကဲချန်းကလည်း အေးတိအေးစက် ခေါင်းညိတ်ကာ သဘောတူလာသည်။

“မင်းက ဘာကြောင့် ဒီနှစ်ယောက်ရဲ့ အကူအညီကို အထူး လိုအပ်တာလဲ။ ကျုပ်က ကူညီပေးဖို့ အရည်အချင်း မပြည့်မှီလို့လား…” အကြီးအကဲကျောက်က မရွှင်လန်းဟန်ဖြင့် မေးခွန်းထုတ်လိုက်၏။ ဟန်လိက သူ့ကို အထင်သေးနေသည်ဟု သူ ယုံကြည်နေသည်။

ဟန်လိက တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူက သည်ခေါင်းမာသော အကြီးအကဲကျောက်ကို ရှင်းရှင်းလင်းလင်း ပြောရမည်ကို သိလိုက်သည်။

“အကြီးအကဲကျောက် ကျင့်ကြံတဲ့ ရောနှောစက်ဝန်းလက်ဝါးက အပြင်ပိုင်းအားကို အခြေခံတဲ့ သိုင်းပညာရပ်မလား။ ဒါ့ကြောင့် သန့်စင်တဲ့ အတွင်းအားချင်း ယှဉ်ရင် ဂိုဏ်းခေါင်းဆောင်မာနဲ့ အကြီးအကဲချန်းတို့က ပို သင့်တော်လိမ့်မယ်လို့ ကျုပ် ထင်တယ်…”

ဟန်လိသည် စိတ်ရှည်ပြူငှာသော အသံဖြင့် ရှင်းပြလိုက်၏။

“ဒါက…”

ဟန်လိ၏ ကျိုးကြောင်းသင့်သော ဖြေကြားမှုကြောင့် အကြီးအကဲကျောက်သည် မည်သို့ ခွန်းတုန့်ပြန်ရမှန်းမသိတော့ပေ။

ထို့နောက်တွင် ဟန်လိက အမိန့်သံပါသော လေသံဖြင့် အခန်းထဲရှိ ကျန်သည့်လူများကို ပြောလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်မာနဲ့ အကြီးအကဲချန်းတို့ကလွဲလို့ လူတိုင်းပဲ အပြင်ကို အခု ထွက်ပေးပါ။ အကြီးအကဲလီရဲ့ အဆိပ်ကို ဖယ်ရှားမယ့် နည်းလမ်းက လူတိုင်း ကြည့်နေဖို့ မသင့်တော်လှဘူး။ လုံးဝ တိတ်ဆိတ်နေဖို့ လိုအပ်တယ်။ ဒါ့ကြောင့် ကျုပ်တို့ကို တခြားသူတွေ အနှောက်အယှက် ပေးတာ ခံလို့မရဘူး…”

ဟန်လိ၏ စကားဆုံးသည့်အခါ အခန်းထဲရှိလူများသည် ထိုစကားများက အဓိပ္ပာယ်မရှိဟု ခံစားမိသည်။ ပထမဆုံး သဘောပေါက်သူမှာ အမျိုးသမီးလီ ဖြစ်ကာ သူမက တလေးတစားဟန်ဖြင့် စကားတခွန်းဆိုလာသည်။ “ကျမခင်ပွန်းကို သမားတော်ဟန်ရဲ့ လက်ထဲမှာ ထားခဲ့ပါ့မယ်…” ထိုသို့ဆိုကာ သူမသည် အခန်းထဲမှ ဦးဆုံး ထွက်သွားသည်။

အမျိုးသမီးလီကို ဥပမာယူကာ တခြားသူများသည် သူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မည်သို့မျှ မတတ်နိုင်တော့ဘဲ အခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာရသည်။

မုယုံက သန့်ရှင်းသော ရေဇလုံကို ယူလာပေးပြီးနောက် ဟန်လိက သူ့ကိုလည်း ချက်ခြင်း ပြန်ထွက်ခိုင်းကာ အခန်းတံခါးအား တင်းတင်းကြပ်ကြပ် ပိတ်ခိုင်းလိုက်သည်။ အခန်းအပြင်ဘက်၌ လူအုပ်ကြီးသည် တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်ချောက်ခြားစွာ ကြည့်မိကုန်သည်။

နှစ်ဆယ့်ငါးမိနစ်လောက် အချိန်ကုန်သွား၏။ သို့သော် အခန်းတံခါးက ခုထိ ပွင့်မလာသေးပေ။ အပြင်ဘက်ရှိ လူအုပ်ကို ကာဆီးထားသည်မှာ တံခါးတချပ်သာ ရှိသော်လည်း သူတို့သည် အတွင်းဘက်ကနေ အသံစိုးစိမျှ မကြားရဘဲ ရှိနေသည်။

ထိုသို့သော တိတ်ဆိတ်မှုက သတင်းစောင့်နေသော သည်လူအုပ်ကို ဂနာမငြိမ် ဖြစ်လာစေသည်။ အစောပိုင်းက တည်ငြိမ်နေသော အမျိုးသမီးလီသည်ပင် ဂနာမငြိမ် ဖြစ်လာပုံရသည်။ အခန်းအပြင်၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော ဒေါသကြီးသည့် အကြီးအကဲကျောက်ဆိုလျှင် ပြောနေဖို့ပင် မလိုချေ။

အခန်းအပြင်ရှိ လူများက သူတို့၏ စိတ်ရှည်နိုင်မှု လုံးဝ ကုန်ဆုံးတော့မည့်အခိုက်၌ ကျွီခနဲ မြည်သံနှင့်အတူ အခန်းတံခါး ပွင့်လာ၏။

ထိုအခါ လူအုပ်၏ အကြည့်များက တနေရာတည်းထံ စုပြုံ ကျရောက်လာသည်။ အနီးဝန်းကျင် လေထုမှာ လေးလံမှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ဖိစီးလာသည်။

ဟန်လိက တည်တည်ငြိမ်ငြိမ် လျှောက်လာ၏။ သူ့မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုက အထင်းသား ပေါ်နေသည်။ သို့သော် သူက လူအုပ်နှင့် ထိုသူတို့၏ စိတ်အားထက်သန်နေသော အကြည့်များကို မြင်သည့်အခါ ပြုံးပြလိုက်ရ၏။

“အခု အကုန်လုံး အဆင်ပြေသွားပြီ။ အဆိပ်အကြွင်းအကျန်လည်း လုံးဝ ဖယ်ရှားပြီးပြီ။ ဒီတညလောက် ကောင်းကောင်း အနားယူပြီးရင် အကြီးအကဲလီက မနက်ဖြန်မှာ သတိပြန်ရလာလိမ့်မယ်…”

ဟန်လိက ထိုစကားများကို ယုံကြည်မှု အပြည့်ဖြင့် ပြောလာသည်။ အမှန်တကယ်တော့ သူ ကိုယ်တိုင်ပင် အကြီးအကဲလီ၏ အဆိပ်ကို ဖယ်ရှားပေးသည့် ဖြစ်စဉ်၌ အနည်းငယ်မျှပင် မရှုပ်ထွေးသွားဘဲ အဆင်ပြေချောမွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဟန်လိ၏ စကားများကို ကြားသည့်နောက် အမျိုသမီးလီနှင့် တခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ပြုံးလာသည်။ မူလက သူတို့၏ ဖိစီးလေးလံနေသော စိတ်များမှာလည်း ယူပစ်သလို ပျောက်သွားကြ၏။ တချို့သူများက အခန်းထဲ ဝင်ကာ အကြီးအကဲလီ၏ အခြေအနေကို ကြည့်ချင်နေပုံ ရသည်။ သို့သော် ဟန်လိက လက်မြှောက်ကာ ထိုသူအားလုံးကို ဟန့်တားလိုက်သည်။

“အကြီးအကဲလီရဲ့ ခန္ဓာကိုယ်က အခု အတော့်ကို အားနည်းလွန်းနေတယ်။ ဒါ့ကြောင့် အခု သူ့အနားမှာ လူဝိုင်းမအုံတာ၊ ဆူဆူညံညံ အသံ မဖြစ်စေတာ အကောင်းဆုံးပဲ။ ဂိုဏ်းခေါင်းဆောင်မာနဲ့ အကြီးအကဲချန်းတို့ကလည်း သူတို့ရဲ့ အတွင်းအားကို အများအပြား အသုံးပြုခဲ့ရပြီး ခု အသက်ရှုလေ့ကျင့်ခန်း ပြန်လုပ်ဆောင်နေကြတယ်။ ဒါ့ကြောင့် အခန်းထဲကို လူနည်းနည်း ဝင်လေလေ ပိုကောင်းလေလေလို့ ကျုပ် ထင်တယ်။ အကောင်းဆုံးကတော့ အမျိုးသမီးလီတစ်ယောက်ပဲ ဝင်ရောက်တာပဲ…”

ဟန်လိက အမျိုးသမီးလီကို အလေးအနက် ပြောလိုက်သည်။

အမျိုးသမီးလီက ခေါင်းညိတ်ကာ ဟန်လိကို ကျေးဇူးတင်ကြောင်း အမူအရာ မပြသမိဘဲ မနေနိုင် ဖြစ်ရ၏။ တအောင့်အကြာတွင် သူမက သူမ၏ခင်ပွန်းဖြစ်သူကို ကိုယ်တိုင်မြင်ရဖို့ တစ်ယောက်တည်း အခန်းထဲ ဝင်သွားသည်။

All Chapters