← Chapters

လီဖေးယွီ၏ အတွေး

Vol. 6 Ch. 73

လီဖေးယွီ၏ အတွေး

Vol. 6 Ch. 73

အိပ်ခန်းထဲ ဝင်လာသည့်နောက် အမျိုးသမီးလီသည် ညှိစို့စို့အနံ့တစ်ခုကို ရလိုက်သည်။ သူမက ဂိုဏ်းခေါင်းဆောင်မာနှင့် အကြီးအကဲချန်တို့က အိပ်ယာရှေ့တွင် တင်ပလွေချိတ်ထိုင်ကာ မျက်လုံးမှိတ်၍ အသက်ရှုထိန်းညှိခြင်း ပြုလုပ်နေသည်ကို မြင်သည်။

ထိုနှစ်ယောက်ကြားတွင် သွေးနက်များ ပြည့်နေသော ဇလုံတစ်ခု ရှိနေ၏။ ယင်းဇလုံထံမှ ဆိုးဝါးသော အနံ့ကို ပေးစွမ်းနေချေသည်။

ဟန်လိ ပြောထားသည့်အတိုင်း သည်အကြီးအကဲနှစ်ယောက်၏ မျက်နှာမှာ အကြီးအကဲလီကို ကုသပေးဖို့အတွက် သူတို့၏ အတွင်းအားများစွာကို အသုံးပြုခဲ့ရခြင်းကြောင့် အနည်းငယ် ဖြူရောနေသည်။ အမျိုးသမီးလီသည် ထိုနှစ်ယောက်ကို ကျေးဇူးတင်စိတ် ဖြစ်မိ၏။

သူမက မည်သည့်သိုင်းပညာရပ်များကိုမျှ မသိသော်လည်း ခုလေးတင် ဟန်လိထံမှ ကြားသိခဲ့ရ၍ ထိုနှစ်ယောက်ကို အနှောက်အယှက် မပေးမိတာ ပိုကောင်းသည်ကို သိသည်။ သူမက အသံမထွက်အောင် ဖြည်းဖြည်းချင်း အိပ်ယာနား ခြေဖွ လျှောက်လာကာ အိပ်ယာခင်းပေါ်တွင် လှဲလျောင်းနေသောသူကို ကြည့်လိုက်၏။

သူမက အကြီးအကဲလီသည် အိပ်ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်သည်။ အကြီးအကဲလီ၏မျက်ခုံးနှစ်ခုကြားထဲ၌ နာကျင်ဟန်ပေါက်နေမှုသည် လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။ သူ့မျက်နှာက ဝါဖျော့နေသေးသော်လည်း အနက်ရောင်ချီများကမူ လုံးဝ ပျောက်ကွယ်သွားခဲ့ပေပြီ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်ကွက်များမှာလည်း ကွယ်ပျောက်ကာ သာမန်မျက်စိဖြင့် မြင်နိုင်သော သေးငယ်သည့် အမာရွတ်များသည် ကျန်ခဲ့တော့သည်။

အဆိပ်လုံးဝ ကင်းပျောက်သွားသည်ကို မြင်သည့်အခါ အမျိုးသမီးလီသည် ပျော်လွန်းသဖြင့် မျက်ရည်ပင် ကျမိသည်။

တအောင့်အကြာတွင် သူမက မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ သူမသည် အပြင်သို့ ပြန်ထွက်ကာ ဟန်လိကို ကျေးဇူးကားဆိုရမည်ကို သတိရကာ ဒီအိပ်ခန်းထဲကနေ တိတ်တဆိတ် ပြန်ထွက်လာ၏။ သူမက အကြီးအကဲလီ၏ အခန်းထဲကနေ လှမ်းထွက်လာသည့်အခါ လူအများက သူမကို လူများ ဝန်းရံကာ မေးခွန်းများ အတောမသပ်နိုင်အောင် မေးလေတော့သည်။ ထို့ကြောင့် သူမက ဟန်လိနှင့် တွေ့ရမည့် အခွင့်အရေးကို လွတ်သွားလေ၏။

ဟန်လိ မရှိတော့သည့်အပေါ် သူမက အံ့အားသင့်မိ၏။ ထို့ကြောင့် သူမက မုယုံနှင့် တခြားသူများကို ဟန်လိအကြောင်း အလျင်စလို မေးကြည့်သည်။

သူတို့၏ အဖြေကို ကြားရသည့်နောက် အမျိုးသမီးလီသည် ဟန်လိက အကြီးအကဲလီ နိုးလာပါက သောက်ရမည့် ဆေးညွှန်းကို ပေးခဲ့ပြီးနောက် တအောင့်တမောပင် ဆက်၍ မနေတော့သည်ကို သဘောပေါက်သွားသည်။

ထိုအခါ အမျိုးသမီးလီသည် ခဏတာ ပြောစရာ စကားမဲ့သွား၏။ သို့သော် သူမ၏စိတ်ထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ သူမက အကြီးအကဲလီ၏ ခန္ဓာကိုယ် ပြန်ကောင်းမွန်လာပါက သူတို့ဇနီးမောင်နှံသည် ဟန်လိထံ သွားလည်ပတ်ကာ အကြီးအကဲလီ၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စိတ်ဖြင့် ငွေကြေးများစွာ သွားပေမည်ဟု ဆုံးဖြတ်ထားသည်။

အမျိုးသမီးလီသည် အိမ်ထဲ၌ နတ်သမားတော်ဟန်လိအပြင် နောက်တစ်ယောက်ပါ ပျောက်နေသည်ကို သတိမပြုမိပါ။ လီဖေးယွီသည် ကျန်းရွှယ်အာဘေးတွင် အရိပ်ကဲ့သို့ ကပ်နေမည့်အစား အခုအခါ၌ သူပါ ပျောက်နေ၏။

အကြီးအကဲလီ၏ နေအိမ်ကနေ ခုလေးတင် ထွက်လာသော ဟန်လိသည် လမ်းသွယ်လေးတစ်ခုဘေးတွင် ခေါင်းအောက်၌ လက်လျှို၍ မြက်ခင်းပေါ် လှဲကာ အနားယူနေလေသည်။

တအောင့်အကြာတွင် အနက်ရောင်အရိပ်တစ်ခုက သူ့အပေါ် အုပ်စိုးလာ၏။ ထိုအခါ ဟန်လိသည် အတော်လေး ကသိကအောက် ဖြစ်သွားသည်။ သူက ကောင်းကောင်း နှောက်ယှက်ခံလိုက်ရသည့်အလား။

“ဟေး…အနားလာရှုပ်နေတာ ရပ်လိုက်တော့။ ကျုပ်တို့ ဘယ်အချိန်တွေ့တွေ့ ခင်ဗျားက ကျုပ်အပေါ် ခုန်အုပ်ဖို့ အမြဲကြိုးစားနေတာပဲ။ ကျုပ်က ကျန်းရွှယ်အာ မဟုတ်ဘူး…”

ဟန်လိက ထိုသို့ ဆိုသည့်အခါ အနက်ရောင်အရိပ်တစ်ခုသည် ဟန်လိဘေးနားထံ ငှက်မွှေးတောင်တစ်ခုနှယ် ကျဆင်းလာသည်။ ခုန်ဆင်းလာသော ထိုသူ၏ကိုယ်နေဟန်ထားမှာ သေသပ်ပေသည်။ ထိုအရိပ်မှာ ဟန်လိနောက် လိုက်လာသော လီဖေးယွီပင်။

“ဟန်လိ၊ မင်းလို မဲညစ်ညစ်အသားအရေနဲ့ကောင်က အမျိုးသမီးကျန်းရွှယ်အာနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြောတာ မရှက်ဘူးလား…”

ထိုစကားကို ကြားသည့်နောက် ဟန်လိက မျက်လုံးကစားကာ လှဲနေရာကနေ ထရပ်လာသည်။

“ကြည့်ရတာ ကျုပ်တို့ရဲ့ စီနီယာတပည့်လီကြီးက သူ့မိတ်ဆွေတွေအပေါ် တန်ဖိုးထားပုံ ရတယ်။ ဒါ့ကြောင့် စီနီယာတပည့်လီနဲ့ မိတ်ဆွေဖြစ်ရတာ ကျုပ်အတွက်တော့ အမှန်တကယ် အချည်းနှီး မဖြစ်စေဘူးပဲ…”

“အဓိပ္ပာယ် မရှိတာတွေ ပြောတာ တော်တော့။ မင်း ငါ့ကို ဘာကြောင့် ခေါ်ထုတ်လာတာလဲ။ ကျန်းရွှယ်အာနဲ့ နီးနီးကပ်ကပ် နေရဖို့ ငါ့အတွက် အခွင့်အရေး ဘယ်လောက်ရှားလဲ မင်း သိလား။ ဒါပေမဲ့ ငါက မင်းနဲ့ လာတွေ့ပြီး အခု အချိန်ဖြုန်းနေရတယ်။ မင်း အဓိပ္ပာယ်ရှိတာ တခုခု ပြောစရာ မရှိရင်လည်း ငါ့ကို မင်းနောက် ဘာလို့ လိုက်လာခိုင်းရတာလဲ…”

ဟန်လိသည် သူ့ကို ခေါ်ထုတ်လာသည့်အတွက်ကြောင့် လီဖေးယွီက မကျေမချမ်း ဖြစ်နေခြင်းပင်။ လီဖေးယွီသည် ကျန်းရွှယ်အာဘေးတွင်သာ ရှိနေလိုသည် မဟုတ်လား။

“ကျုပ်က မင်းကို ခေါ်ထုတ်ခဲ့တာလား။ ဒါကို ကျုပ်တောင် မသိရပါလား။ ကျုပ်ကိုယ်တိုင် ခင်ဗျား လိုက်လာဖို့ ပြောခဲ့မိလား…” ဟန်လိသည် အံ့အားတသင့် ဖြစ်သွားဟန် ဟန်ဆောင်ပြုမူကာ ဆို၏။

“မင်း အခန်းထဲက ထွက်လာတုန်းက ငါ့ကို မျက်စပစ်ပြခဲ့တယ်လေ။ မကန်းမှတော့ မင်းနောက် ငါ့ကို လိုက်လာစေချင်တာ ငါက ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ။ မင်း ငါ့ကို တခုခု ပြောဖို့မလား။ မြန်မြန်ပြော..ငါ ကျန်းရွှယ်အာဆီ ပြန်သွားရအုံးမယ်…”

လီဖေးယွီက နောက်လှည့်ကာ ထွက်သွားရန် ဟန်ပြင်တော့သည်။ ဟန်လိသည် သူ့သူငယ်ချင်းလီဖေးယွီကို ဆက်၍ စမနေတော့ပေ။ ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး သူက လီဖေးယွီကို မေးလိုက်၏။

“မဆိုင်ဘဲ ဝင်ပါတယ်လို့တော့ ငါ့ကို အပြစ်မတင်နဲ့အုံး။ မင်းရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ ငါ တခုကို သေချာ သိချင်တယ်။ ကျန်းရွှယ်အာက မင်း အနှစ်သာရထုတ်နှုတ်ခြင်း ဆေးလုံးကို သောက်နေပြီး မင်းမှာ အသက်ရှင်ဖို့ နှစ်အနည်းငယ်ပဲ ကျန်တော့တာကို သိထားလား…”

ထိုစကားကို ကြားသည့်အခါ လီဖေးယွီသည် ငြိမ်သက်သွားသည်။ သူ့မျက်နှာမှာ သေလောက်အောင် ဖြူရောသွား၏။ သွေးမရှိတော့သည့်အလားပင်။

ဟန်လိသည် သက်ပြင်းခပ်သဲ့သဲ့ချကာ သူ ဆက်မေးရန် မလိုတော့သည်ကို သိလိုက်၏။ လီဖေးယွီ၏ အမူအရာဖြင့်ပင် အဖြေက သိသာနေပြီ မဟုတ်လား။

“မင်း ဘာကြောင့် ငါ့ကိစ္စမှာ ဝင်ပါနေရတာလဲ…” လီဖေးယွီ၏ အမူအရာမှာ ဝမ်းနည်းတကြီး ဖြစ်ဟန်ဖြင့် ပြည့်နှက်သွားသည်။ အချိန်အတန်ကြာ စကားရပ်နေပြီးမှ နောက်ဆုံးတွင် သူက စကားပြန်ဆက်လာသည်။

ဟန်လိသည် လီဖေးယွီ၏ အမေးကို ပြန်မဖြေ၊ ထိုအစား သူက လီဖေးယွီ၏ ပုခုံးကို လှမ်းပုတ်ကာ နှစ်သိမ့်ပေးဖို့ ကြိုးစားသည်။

“ဒီလို အချစ်ရေး ပတ်သတ်မှုမှာ မင်းအနေနဲ့ အများကြီး နစ်မြုပ်ပစ်လိုက်ရင် မင်းအတွက် ဝမ်းနည်းမှုဟာ ပိုအားကောင်းလာလိမ့်မယ်ဆိုတဲ့ စကားကို မင်း ကြားဖူးပါတယ်…”

ဟန်လိက လီဖေးယွီ တည်ငြိမ်သွားပြီးနောက် သူ့စိတ်ထဲ ရှိတာကို ပြောလာ၏။ သူက ဉာဏ်ပညာကြွယ်သော လေသံဖြင့် စကားဆိုလာခဲ့ပေသည်။ သူ့လေသံကြောင့် လီဖေးယွီသည်ပင် တအောင့်လောက် စကားဆွံ့အသွားသည်။

“အနာဂတ်မှာ မင်း ပိုမခံစားရအောင်လို့ ငါက စေတနာနဲ့ မင်းကို ဒီအချစ်နွံထဲ ပိတ်မိနေရာကနေ ဆွဲထုတ်ဖို့ ကြိုးစားပေးနေတာပဲ…” ဟန်လိသည် နွေးထွေးစွာဖြင့် နောက်ဆက်စကားကို ဆိုလိုက်၏။ လီဖေးယွီသည် ဟန်လိကို ထူးဆန်းဟန်ဖြင့် လှမ်းကြည့်သည်။

“ဘာလဲ..မင်း ပြဿနာ တခုခု ရှိလို့လား…” လီဖေးယွီ၏ သူ့အပေါ် စုန်ချည်ဆန်ချည်အကြည့်ကြောင့် ဟန်လိက ထိုသို့ မေးလိုက်သည်။

“ခွေးကောင်…မင်း အသက်ဘယ်လောက်ရှိနေလို့ ခုလိုပုံစံနဲ့ ပြောနေရတာလဲ။ မင်းက အဘိုးကြီးတစ်ယောက်လို ဘာကြောင့် ဒီလို စကားမျိုးကို ဆိုနေရတာလဲ။ မင်းအနေနဲ့ မိန်းမတစ်ယောက်အပေါ် ချစ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိတယ်လို့ ငါ့ကို လာမပြောနဲ့…”

လီဖေးယွီက ရုတ်တရက် ထိုသို့ မေးလာသည်။

“ဒါပေါ့ ကျုပ်က အမျိုးသမီးတစ်ယောက်နဲ့ အချစ်ရေးအချစ်ရာ မပတ်သတ်ဖူးပါဘူးး။ ကျုပ် ပြောတဲ့ စကားတွေက စာအုပ်ထဲက လာတာပဲ…။ ဒီစကားတွေက ကျိုးကြောင်းသင့်တယ်လို့တော့ ကျုပ် ထင်တယ်။ ဒါ့ကြောင့် ကျုပ်က မင်းကို ရှင်းပြပေးတာ…”

“အို…သောက်ကျိုးနည်း။ ငါ ပြောလိုက်မယ်။ မင်းက နှလုံးသားရေးရာ ကိစ္စကို ဘယ်လိုများ သေချာ သိနိုင်ပါ့မလဲ။ ငါ့အနေနဲ့ မင်းရဲ့ ရှည်လျားတဲ့ ပြစ်တင်ဝေဖန် ဆရာကြီး လုပ်တဲ့ စကားတွေ လိုအပ်လို့လား။ ငါနဲ့ ကျန်းရွှယ်အာရဲ့ ပတ်သတ်မှုက ငါတို့စိတ်ထဲမှာ တည်ရှိတဲ့အရာသာ ဖြစ်တယ်…”

လီဖေးယွီက သက်ပြင်းရှည်ချကာ သူ့ရင်ဘက်ကိုယ် သူပုတ်၍ ဆိုလိုက်၏။

ဟန်လိသည် စွံအမိသွားသည်။ သည်အရူး၏ အမူအရာက ခုလောက်ထိ အပြောင်းအလဲ ဘာကြောင့် မြန်ရသနည်း။ သူသည် ခုလေးတင် ရှင်သန်ခြင်း၊ သေဆုံးခြင်းအကြောင်း ပြောခဲ့ကာ ခု မျက်စိတမှိတ်လေးအတွင်း အရူးတစ်ယောက်ကဲ့သို့ ရယ်မောနေပြန်သည်။ သူက အတော်လေး စိတ်ခံစားချက်များသူလား။

သို့သော် ဟန်လိသည် ခေါင်းမာမာဖြင့်ပင် ဆက်မေးလာသည်။ “မင်း ကျန်းရွှယ်အာကို တကယ်ပဲ လက်မလွှတ်ပေးဘူးလား။ သူမကို တခြားတယောက်ရဲ့ ရင်ခွင်ထဲမှာ မင်း မြင်တဲ့အချိန်ကျရင် မင်း ဘယ်လို ဖြစ်သွားမလဲ…”

လီဖေးယွီ၏ မြောက်ကြွကြွ အမူအရာသည် ချက်ခြင်း အတော်လေးကို အေးစက်သွားသည်။ သူသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်လာကာ မာမာထန်ထန် ပြောလာသည်။ “ကျန်းရွှယ်အာကို ထိဝံ့တဲ့သူတိုင်းရဲ့ လက်ကို ငါ ခုတ်ဖြတ်ပစ်မှာ…”

“ငါ သေပြီးတဲ့နောက် ဖြစ်လာမယ့် အရာတွေကိုတော့ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ အသက်ရှင်နေသ၍တော့ ကျန်းရွှယ်အာက ငါ့အပိုင်ပဲ…”

သူ၏လေသံမှာ ရေခဲတမျှ အေးစက်လှ၏။

All Chapters