ဟုန်မုန့်သဲနှင့်အတူ ရှေးဟောင်း အကြွင်းအကျန်
Vol. 84 Ch. 1164
မိုဝူကျိက သစ်နက်အပိုင်းအစ တစ်ခု ရထားလေ၏။ သူသာ ဟုန်မုန့်သဲကို ရသည်နှင့် သစ်နက်ကို အမှောင်ကမ္ဘာဆီ ခေါ်သွားနိုင်လိမ့်မည်။ သစ်နက်တွင် အမှောင်ထု စည်းမျည်းများ ပါဝင်နေသောကြောင့် သူသာ အသက်ပြန်သွင်းနိုင်သည်နှင့် သူ့မဟာတာအိုအတွက် အင်မတန် အကျိုးဖြစ်ထွန်းပေမည်။
ရှီနန်မော့က ခေါင်းညိတ်ကာ
“ ဟုတ်တယ် ဟုန်မုန့်သဲတဲ့ … ဟုန်မုန့်သဲအပြင် နောက်ထပ် ရတနာလည်း ရှိသေးတယ်။ ဒါပေမဲ့ အဲဒီရတနာက ချီချန်းဆီ ပါသွားပြီ။ ဟုန်မုန့်သဲကို ကျွန်မအဖေက အဲဒီနေရာမှာတင် ချိတ်ပိတ်သိမ်းထားခဲ့တာ။
ကျွန်မအဖေနဲ့ ရှီမျိုးနွယ်ရဲ့ သွေးနဲ့ပဲ အဲဒီ ချိတ်ပိတ်ထားတာကို ပြန်ဖွင့်နိုင်လိမ့်မယ်။ နှမြောစရာကောင်းတာက ကျွန်မအဖေ ဒုက္ခရောက်တော့ အဲဒီချိတ်ပိတ်ထားတဲ့ နေရာကိုလည်း မသိရတော့ဘူး … ”
ရှီနန်မော့ တဝက်တပျက် ရပ်လိုက်သည်။ သူမတွင် ဆက်ပြောပြစရာ မလိုတော့ပေ။ သူမက ဖေးတောက်ရန်သည် သူမအား တစ်နေရာရာသို့ မျှားခေါ်နေကြောင်း သတိထားမိလိုက်သည်။
သူက ရှီနန်မော့၏ သွေးဖြင့် အတားအဆီးကို ဖွင့်လိုသည်မှာ သိသာလှသည်။ သူက ရှီနန်မော့၏ အဖေ ချိတ်ပိတ်ထားခဲ့သည့် ဟုန်မုန့်သဲနောက် လိုက်နေသည်မှာ သေချာသည်။ ထိုအတွေးဖြင့် ရှီနန်မော့ မျက်နှာမှာ ဖြူဖျော့သွားလေ၏။
အကယ်၍ မိုဝူကျိသာ ပေါ်မလာခဲ့ဘဲ သူမသာ ဆက်လိုက်မိသွားခဲ့လျှင် …
“ အစ်ကိုကြီးမို ကျေးဇူးပါ။ ကျွန်မအသက်ကို နောက်တစ်ခါ ကယ်လိုက်ပြန်ပြီ။ အစ်ကိုကြီးမိုရဲ့ အချိန်ကိုက် သတိပေးမှုကြောင့်သာ မဟုတ်ရင် ကျွန်မတော့ သူ့လှည့်ကွက်ထဲ ရောက်တော့မှာ” ရှီနန်မော့က တုန်တုန်ယင်ယင် ပြောလိုက်သည်။
“ အဲဆို ဆက်မလိုက်တော့ဘူးလား ” မိုဝူကျိက ထပ်မေးလိုက်သည်။
အကယ်၍ ရှီနန်မော့သာ လက်စားချေဖို့ရာ အမှောင်ဖုံးနေပြီး သူမ ကျေးဇူးရှင် မိုဝူကျိအား နှုတ်ဆက်ဖို့ မရပ်တန့်ခဲ့လျှင် မိုဝူကျိအနေနှင့် သူမကို သတိပေးနိုင်မည့် အခွင့်အရေး ရခဲ့မည် မဟုတ်ပေ။
ရှီနန်မော့က ခေါင်းညိတ်ကာ “ ကျွန်မ အချိန်တစ်ခုလောက်အထိ ကျင့်ကြံလိုက်ဦးမယ်။ ကျွန်မ အားကောင်းပြီလို့ ခံစားမိမှ ထွက်လာလိုက်တော့မယ် ”
မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ
“ အဲလို လုပ်ဖို့ မလိုပါဘူး။ အခု နတ်ဘုရားဘုရင်အဆင့် တက်လှမ်းလိုက် … နတ်ဘုရားဘုရင် အဆင့် ရောက်ပြီးသွားရင် သူ့နောက်ကို ဆက်လိုက်လို့ ရပြီ။ မင်းက နတ်ဘုရားဘုရင် ဖြစ်သွားရင်တောင် ဖေးတောက်ရန်က မင်းကို ဆက်မျှားခေါ်ဦးမှာပဲ ”
ရှီနန်မော့က ခေါင်းခါကာ
“ တကယ်လို့ ကျွန်မ နတ်ဘုရားဘုရင် ဖြစ်သွားရင်တောင် ချီချန်းအတွက် ပြိုင်ဖက် ဖြစ်ဦးမှာ မဟုတ်ဘူး။ ချီချန်းက အခု သဟဇာတ နတ်ဘုရား ဖြစ်နေလောက်ပြီ။ ဖေးတောက်ရန်က ကျွန်မကို ချီချန်းဆီ ခေါ်သွားမှာ ကျိန်းသေတယ် ”
“ အဲဒါကို စိုးရိမ်နေဖို့ မလိုဘူး။ မင်းနောက်ကနေ ငါ လိုက်ခဲ့မယ် ” မိုဝူကျိက ဟုန်မုန့်သဲကို လိုချင်သောကြောင့် နားလည်အောင် ပြောလိုက်သည်။
တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရတွင် တစ်ခု ရှိထားမှန်း သိသော်လည်း မိုဝူကျိက ထိုမြေခွေးအိုကြီးသည် မည်မျှ ဉာဏ်များကြောင်း ကောင်းကောင်း သိထား၏။ အာကာပြင်ထဲ ဝင်ပြီးသည့်နောက်တွင် သူ့အား လိုက်ဖမ်းဖို့ရာ အလွန်ခက်ခဲပေသည်။
“ အာ …” ရှီနန်မော့က မိုဝူကျိ၏ ကျင့်ကြံဆင့်သည် မနိမ့်ကျကြောင်း သိ၏။ မိုဝူကျိ၏ အဖြေကို ကြားလိုက်ပြီးနောက် သူက သဟဇာတ နတ်ဘုရားကိုပင် ကြောက်ဟန် မပေါ်ပေ။
ရှီနန်မော့က တုံ့ဆိုင်းနေပြီးနောက် သဘောတူလိုက်သည် “အစ်ကိုကြီးမိုကို ယုံပါတ်ယ် ”
“ ကောင်းပြီ ” မိုဝူကျိက ရှီနန်မော့ဆီ နတ်ဝိညာဉ်သွေးကြော ပြန်မပေးခင် စွမ်းအားစုစည်းရေး အစီအရင်ကို ချက်ချင်း ခင်းကျင်းပေးလိုက်သည် “ မင်း အခု ကျင့်ကြံလို့ ရပြီ ”
ရှီနန်မော့ စတင်ကျင့်ကြံလိုက်သည်နှင့် အဝေးတစ်နေရာတွင် ပုန်းအောင်းနေသည့် ဖေးတောက်ရန်က အတော်လေး အံ့အားသင့်သွားသည်။ ဤသည်မှာ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ဖြစ်၏။
ရှီနန်မော့နည်းတူ ဖေးတောက်ရန်သည် နတ်ဘုရားကမ္ဘာ၌ မိုဝူကျိ တစ်ယောက် မည်မျှ နာမည်ကျော်ကြားနေသည်ကို မသိချေ။
နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာစဉ်အတွင်း ရှီနန်မော့က ဆက်တိုက် ကျင့်ကြံနေခဲ့သည်။ ဖေးတောက်ရန်နှင့် သူ့ဆရာတို့လည်း လျို့ဝှက်အပြိုအပျက်နေရာကြား ပုန်းအောင်းကာ ကျင့်ကြံနေခဲ့ကြသည်။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် သူ့ဆရာက သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းသွားကာ သူက လောကနတ်ဘုရားအဆင့် ရောက်ရှိခဲ့သည်။
နတ်ဘုရားကမ္ဘာ ပြန်လည်ကောင်းမွန်လာပြီးနောက် သူ့ဆရာက ရှီကျင်း ချန်ထားခဲ့သည့် ဟုန်မုန့်သဲကို လိုချင်လာသည်။ သူက အတားအဆီးကို အတင်းကျပ်ဖွင့်ဖို့ ကြိုးစားသော်လည်း ထို့အစား ပိတ်လှောင်ခံခဲ့ရသည်။ ဖေးတောက်ရန်အား ရှီမျိုးနွယ်မှ လွတ်ကျန်နေခဲ့သော သက်ရှိကို ရှာဖို့ အမိန့်ပေးခဲ့သည်။ သူ မရှာဖွေခင် လျှပ်စီးဓားအိမ်တော်၌ ရှီနန်မော့နှင့် တည့်တည့်ဆုံခဲ့မိသည်။ ထို့ကြောင့် သူက ရှီနန်မော့အား သူ့ဆရာဆီသို့ ခေါ်သွားရန် ကြံရွယ်ထားခြင်း ဖြစ်၏။ သူက ရှီနန်မော့၏ သွေးဖြင့် အတားအဆီးကို ဖွင့်နိုင်လိမ့်မည်။
သို့သော်လည်း သူက အားနည်းလွန်းပေသည်။ အကယ်၍ သူသာ ရှီနန်မော့ထက် ကျင့်ကြံဆင့် ပိုမြင့်ပါက သူမကို မျှားခေါ်ဖို့ရာအတွက် ဤမျှ အားစိုက်ထုတ်စရာ လိုမည် မဟုတ်ချေ။
လက်ရှိ မိုဝူကျိက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောကို သာမာန်ကာလျှံကာ ထုတ်ပေးလေရာ ဖေးတောက်ရန်က ထိုမြင်ကွင်းကြောင့် မည်သို့ မအံ့အားသင့်မိဘဲ နေမည်နည်း။
ရှီနန်မော့က လောကနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူမတွင် လိုအပ်နေသည်က နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုသာ ဖြစ်သည်။ ယခု မိုဝူကျိက သူမအား ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ထုတ်ပေးလာလေရာ ရှီနန်မော့အနေနှင့် နတ်ကျောက်စိမ်းဆေးလုံး မရှိဘဲ နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်လောက်၏။ ထို့အပြင် မိုဝူကျိက သူမအတွက် နတ်ကျောက်စိမ်းဆေးလုံး တစ်ပုလင်း ထုတ်ပေးခဲ့သေးသည် မဟုတ်ပါလော။
ရက်အနည်းငယ်အတွင်း နတ်ကျောက်စိမ်းဆေးလုံးကို သောက်သုံးလိုက်သည့် ရှီနန်မော့က နတ်ဘုရားဘုရင်အဆင့် အတားအဆီးသို့ ထိတွေ့သွားလေပြီ။ တစ်ခါတည်းဖြင့် သူမက ထိုအတားအဆီးများကို ချိုးဖောက်နိုင်လိုက်၏။
ပြင်းထန်သည့် မိုးကြိုးစမ်းသပ်ချက် ဖြစ်ပေါ်လာကာ မိုးကြိုးချက်များ တစ်ချက်ပြီး တစ်ချက် ကျဆင်းလာ၏။
ရှီနန်မော့သည် နတ်ဘုရားဘုရင်အဆင့် တက်လှမ်းတော့မည်ကို မြင်ပြီး ဖေးတောက်ရန်က သူမအား ဆက်မျှားမခေါ်ရဲတော့ပေ။ သူမကို သူ့ဆရာဆီ ရောက်အောင် မျှားခေါ်မသွားနိုင်ခင် သူ့အသက် ဆုံးရှုံးသွားနိုင်၏။ နတ်ဘုရားဘုရင်နှင့် လောကနတ်ဘုရား နောက်ပိုင်းအဆင့် ကွာခြားချက်မှာ အလွန်ကြီးမားလွန်းပေသည်။
သို့သော်လည်း သူ့တွင် အကြံမှအပ ဘာမှမရှိချေ။ ယခု သူ ထွက်ပြေးသွားလိုက်လျှင်ပင် သေချာပေါက် အရိပ်အယောင်များ ချန်ထားခဲ့ရမည်။ လောကနတ်ဘုရားတစ်ယောက်က ထိုအရိပ်အယောင်များကို သတိမထားမိနိုင်သော်လည်း နတ်ဘုရားဘုရင်ကား သေချာပေါက် သတိပြုမိလိမ့်မည်။ အစကတည်းက သူက သေမျိုးတစ်ယောက်လို ဖြစ်နေသည့် မိုဝူကျိအား အန္တရာယ်တစ်ခုအဖြစ် မထင်ခဲ့ပေ။
မိုဝူကျိက ဖေးတောက်ရန် ထွက်ပြေးသွားသည်ကို စိတ်ထဲ မထားပေ။ သူ့လက်ရှိအင်အားဖြင့် သဲလွန်စ မကျန်ဘဲ ထွက်သွားဖို့ရာ မဖြစ်နိုင်ချေ။
သူက ရှီနန်မော့၏ မိုးကြိုးစမ်းသပ်ချက်အပေါ်သာ အာရုံစိုက်ထားလိုက်သည်။ ရှီနန်မော့က ဤနှစ်အတွင်း တော်တော်ကံကောင်းခဲ့သည်မှာ သိသာလှသည်။ ရှီနန်မော့၏ မိုးကြိုးစမ်းသပ်ချက်မှာ ပြင်းထန်သောကြောင့် အနည်းငယ် ခက်ခဲသော်လည်း အသက်အန္တရာယ်တော့ မရှိချေ။
၁၁ ရက်ကြာမြင့်ပြီးနောက် ရှီနန်မော့က နတ်ဘုရားဘုရင် အဆင့် ၁ သို့ ရောက်ရှိသွားလေပြီ။ သူမ ကျင့်ကြံဆင့်ကို အခြေကျအောင် လုပ်ပြီးနောက် ရှီနန်မော့က သူမပစ္စည်းများကို သိမ်းဆည်းကာ စွမ်းအားစုစည်းရေး အစီအရင်မှ ထွက်လာလိုက်သည်။
သူမ ထွက်လာသည်နှင့် မိုဝူကျိအား ပြုံးကာ နှုတ်ဆက်လိုက်သည် “ အစ်ကိုကြီးမို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီအဆင့်ကို ဖြတ်ကျော်ဖို့ အချိန်ဘယ်လောက်ကြာဦးမယ်ဆိုတာကို သိမှာ မဟုတ်ဘူး ”
ရှီနန်မော့က အပို ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ မိုဝူကျိနှင့် နတ်ဘုရားကမ္ဘာ ပြန်ကောင်းမွန်လာမှုကြောင့်သာ မဟုတ်လျှင် သူမက အလွန်ဆုံး နတ်ဘုရားအုပ်စိုးသူအဆင့်သာ ရှိနေပေဦးမည်။
ကျင့်ကြံသူများက အချိန်အများဆုံးကို ကံကြမ္မာပေါ် ပုံအပ်ထားကြသည်။ အကယ်၍ သူမသာ ဤတစ်ကြိမ် မိုဝူကျိနှင့် မတွေ့ခဲ့လျှင် နတ်ဘုရားဘုရင် အဆင့် ရောက်ဖို့ နောက်ထပ် နှစ်တစ်ထောင်လောက် ကြာသွားနိုင်ပေသည်။ နှစ်တစ်ထောင်ကြာပြီးသည့်နောက်တွင်ပင် လောကနတ်ဘုရားအဆင့် ရှိနေသေးသည်မှာလည်း ဖြစ်နိုင်၏။
မည်သည့် ကျင့်ကြံသူကမှ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောနှင့် နတ်ကျောက်စိမ်း ဆေးလုံးကို သာမာန်ကာလျှံကာ ထုတ်ပေးနိုင်ကြသည် မဟုတ်ပေ။
မိုဝူကျိက ခေါင်းခါကာ “ ဖေးတောက်ရန်ကို သွားရှာချည် … ငါ မင်းနောက်က လိုက်ခဲ့မယ်။ အဲဒီဟုန်မုန့်သဲက ငါ့အတွက် အလွန်အရေးကြီးတယ်။ ငါ အများကြီး မလိုပါဘူး။ မင်းဆီက နည်းနည်းလောက်ပဲ လိုတာပါ … ”
ရှီနန်မော့က နတ်ဘုရားဘုရင် အဆင့် ၁ ရောက်နေပြီ ဖြစ်ရာ အချိန်တိုအတွင်း များများစားစား တိုးတက်မလာသေးပေ။ ယခု မိုဝူကျိက သူမနှင့်အတူ ဖေးတောက်ရန် နောက်လိုက်ပေးမည် ဖြစ်ကာ သူမက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်
“ အစ်ကိုကြီးမို ကျွန်မက ဟုန်မုန့်သဲ မလိုဘူး။ တကယ်လို့ ကျွန်မတို့ ရှာတွေ့ရင် အကုန်လုံး အစ်ကိုကြီးမိုကို ပေးမယ်။ အရင်တုန်းကရော၊ အခုရော အစ်ကိုကြီးမိုရဲ့ ကျေးဇူးတွေက နည်းတာ မဟုတ်ဘူး။ ဟုန်မုန့်သဲလေးက အဲဒါတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ … ”
အကယ်၍ နတ်ဘုရားအရိုက်အရာနှင့် ပညာရှင်များသာ ရှီနန်မော့ စကားကို ကြားသွားလျှင် အများစုက ငိုကြွေးမိလောက်သည်။
“ ဒါပေမဲ့ တောက်ဖေးရန်က ထွက်သွားပြီ ထင်တယ်။ သူ့နေရာကို မခံစားမိတော့ဘူး ” ရှီနန်မော့က စတင် စိုးရိမ်လာမိသည်။
တကယ်တော့ သူမသာ သူမအဖေ၊ ဒေါ်လေးကျွင်း၊ ချန်းဟွာနှင့် ရွမ်ကျိတို့အတွက် လက်စားချေပေးနိုင်ပြီး အစ်ကိုကြီးမိုအတွက် ဟုန်မုန့်သဲကို တွေ့ဖို့ ကူညီပေးနိုင်လျှင် အကောင်းဆုံး ဖြစ်၏။
မိုဝူကျိက တုံ့ဆိုင်းမနေဘဲ “ အဲဒီလူက သူ့ကိုယ်သူ ဉာဏ်ကောင်းတယ် ထင်နေတာ … မင်း သူ့ကို ရှာမတွေ့မှာစိုးလို့ သဲလွန်စတွေ ချန်ထားခဲ့တယ်လေ ”
***
ဖေးတောက်ရန်က သိသာအောင် မလုပ်ဘဲ သူ့ထွက်သွားရာ လမ်းကြောင်းအတိုင်း သူ့စွမ်းအားနည်းနည်းစီ ချန်ရစ်ထားခဲ့သည်။ ရက်များစွာ ကြာပြီးနောက် ထိုစွမ်းအားက ကွယ်ပျောက်သွားလိမ့်မည်။
ရှီနန်မော့က သူ့စွမ်းအားအတိုင်း လိုက်ကာ ခြောက်ရက်ကြာပြီးနောက် သူမ စိတ်စွမ်းအားဖြင့် ဖေးတောက်ရန်ကို အာရုံခံမိပြီ ဖြစ်၏။
ဖေးတောက်ရန်၏ ခန္ဓာကိုယ်မှာ သွေးများရွဲနေပြီး တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားဟန် ပေါ်သည်။ ရှီနန်မော့၏ စိတ်စွမ်းအားကို အာရုံခံမိကာ ထပ်မံ ထွက်ပြေးလိုက်ပြန်သည်။
ရှီနန်မော့၏ စိတ်စွမ်းအားက ဖေးတောက်ရန်၏ ဒဏ်ရာများကို သိလောက်အောင်အထိ မခံစားမိသော်လည်း မိုဝူကျိက ခံစားမိ၏။ မိုဝူကျိသည် ထိုဖေးတောက်ရန်၏ ဒဏ်ရာများသည် မပြင်းထန်ကြောင်း သတိပြုမိလိုက်သည်။ သူ တစ်စုံတစ်ယောက် လက်ချက်ဖြင့် အရိုက်ခံရသလို ဖြစ်နေသော်လည်း သူ့ဒဏ်ရာများသည် အဘယ်ကြောင့် မပြင်းထန်နေရသလဲကိုတော့ မိုဝူကျိလည်း မသိချေ။
သို့သော်လည်း ရှီနန်မော့က ဖေးတောက်ရန်၏ ဒဏ်ရာကိစ္စကို ထည့်မတွက်ပေ။ သူမက အမြန်နှုန်းကို တိုးကာ ကျောက်တုံးတောအုပ်ထဲ လိုက်ဝင်သွားလိုက်၏။
ထိုကျောက်တုံးတောအုပ်ကို ကြည့်ကာ မိုဝူကျိက အနည်းငယ် ရင်းနှီးသလို ခံစားမိနေသည်။ သူက နတ်ဘုရားကမ္ဘာ ပြန်လည် မကောင်းလာခင် ဤနေရာကို ရောက်ခဲ့ဖူးပြီး ကျောက်တုံးတောအုပ်အစား စိမ့်ရွံ့တော တစ်ခုသာ ဖြစ်၏။ ကျောက်တုံးတောအုပ် ဖြစ်ပေါ်လာပြီးနောက် နတ်ဝိညာဉ်ဆေးပင် အသစ်များလည်း ဖြစ်ပေါ်လာသည်။ မိုဝူကျိ ယခင် ရောက်လာစဉ်အခါက ဤကျယ်ပြောလှသည့် နတ်ဝိညာဉ်ဆေးပင် လျို့ဝှက်နယ်မြေကို သူ့လူသားဂိုဏ်းဆီ ပြောင်းရွေ့နိုင်ခဲ့သည်။
ကျောက်တုံးတောအုပ်ထဲ ဝင်ပြီးနောက် ဖေးတောက်ရန်က ပျောက်ကွယ်သွားလေ၏။ ရှီနန်မော့က မိုဝူကျိကို လှည့်မရှာချေ။ အကြောင်းမှာ မိုဝူကျိက သူမအား တစ်ယောက်တည်း လာသကဲ့သို့ ဟန်ဆောင်ဖို့ရာ ပြောထား၍ ဖြစ်သည်။
နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် စည်းမျည်းအက်ကြောင်းရှိ နီးကပ်သည့် နေရာများမှာ ပို၍ ကြီးမားကျယ်ပြန့်လာသည်။
ဤကျောက်တုံးတောအုပ်သည် အက်ကြောင်းစည်းမျည်းနှင့် အနည်းငယ် အလှမ်းဝေးသော်လည်း ထိုအောက်ခြေရှိ သမိုင်းဝင် အကြွင်းအကျန်နယ်မြေမှာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာမှု သက်ရောက်ခြင်း မခံရပေ။ ဤနေရာမှာ မည်မျှ ထူးခြားနေကြောင်း သိသာလှ၏။ ထို့ကြောင့် မိုဝူကျိပင် မလိုအပ်ဘဲ ဖေးတောက်ရန်နှင့် သူ့ဆရာတို့ကို သတိပေးသလို မလုပ်ရဲပေ။ ဤအဝင်ဝကို ပိတ်လိုက်သည်နှင့် မိုဝူကျိပင် ရှာနိုင်တော့မည် မဟုတ်ပေ။
မိုဝူကျိ အမြင်၌ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးသည့်နောက်တွင် နဂိုအတိုင်း ကျန်ရှိနေသည့် ရှေးဟောင်း အကြွင်းအကျန် နယ်မြေ သို့မဟုတ် ကမ္ဘာက အင်မတန် ထူးခြားနေသည်။
နမူနာအားဖြင့် နတ်ဘုရားသင်္ချိုင်းတောင်ကြားနှင့် သူ့အောက်ရှိ နတ်ဘုရားနားခိုရာနယ်မြေတို့ ဖြစ်ပေသည်။ ထိုနေရာကို အကန့်သတ်ခံထားရသော်လည်း တစ်ခုတည်းသော ပြောင်းလဲမှုမှာ နတ်ဘုရားနယ်မြေ၏ နတ်ဘုရားသင်္ချိုင်းတောင်ကြား အဝင်ဝသာ ဖြစ်ပေမည်။