နန်းတွင်းပျံသန်းခြင်းပညာရပ်
Vol. 6 Ch. 74
ဟန်လိသည် လီဖေးယွီ၏ လွှမ်းမိုးနိုင်စွမ်း ရှိနေသော မျက်နှာကို လေးစားမှုဖြင့် ကြည့်ကာ ငြိမ်သက်မိနေသည်။ သူက မည်သို့ စကားဆိုရမည်မှန်း မသိ ဖြစ်နေသည်။
ရုတ်တရက် လီဖေးယွီက သူ့အရှိန်အဝါကို ပြန်သိမ်းဆည်းလိုက်သည်။ သူက ဟန်လိထံ မျက်လုံးကစားကာ လေသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“မင်း ဘယ်လိုထင်လဲ။ ငါ့ရဲ့ အရှိန်အဝါက အစစ်အမှန်ဆန်တယ်မလား။ ဒီလို အရှိန်အဝါကြောင့် မင်းငါ့ကို လေးစားမိသွားတယ်မလား…”
လီဖေးယွီ၏ ထိုမောက်မာသော စကားများကို ကြားသည့်အခါ ဟန်လိသည် ခါးသီးစွာ မရယ်မိဘဲ မနေနိုင် ဖြစ်မိသွားသည်။ အကြောင်းမှာ သူသည် လီဖေးယွီ၏ မာန်ပါသော စကားလုံးများကြောင့် အမှန်တကယ် လှုပ်ရှားမိခဲ့ရသည်။ သို့ပေမည့် လီဖေးယွီ၏ နောက်ဆုံးစကားတို့ကြောင့် သူ့ ဒုံရင်းအသွင်အပြင်အတိုင်း ချက်ခြင်း ပြန်ဖြစ်သွားစေသည်။
ဟန်လိက လီဖေးယွီကို ခဏ စိုက်ကြည့်ကာ အံကြိတ်၍ စကားဆိုလာသည်။ “လွှမ်းမိုးနိုင်တဲ့ စရိုက်ဟုတ်လား။ ငါကတော့ မင်းဟာ ငကြောက်တစ်ကောင်နဲ့ ပိုတူတယ်လို့ပဲ မြင်တယ်…”
လီဖေးယွီသည် ဟန်လိ၏ ထိုမှတ်ချက်ကို စိတ်ထဲမထားပေ။ ထိုအစား သူက အားပါးတရ ရယ်မောလိုက်လေသည်။ သူသည် ဟန်လိကို စောစောတုန်းက အားမာန်ပါသော လေသံဖြင့် စိုးမိုးလိုက်ရသည့်အပေါ် အတော်လေး ကျေနပ်သွားခဲ့သည်။
သို့သော် ဟန်လိသည် တဖြည်းဖြည်း တည်ငြိမ်မှု ပြန်ရလာသည်။ လီဖေးယွီက ရယ်မောနေတုန်းပင်။ ဟန်လိက မထူးခြားနားဟန်ဖြင့် ပြောလာသည်။
“မင်း ပြဿနာအတွက် ငါ သတိပေးပြီးပြီး။ အခု ငါ မင်းကို အလေးအနက် ထပ်မေးချင်တယ်။ မင်း မင်းရဲ့ သိုင်းပညာရပ်တွေကို စွန့်လွှတ်မလား။ မင်း အဲ့လို လုပ်မယ်ဆို မင်း သက်တမ်းက နောက်ထပ်နှစ်အနည်းငယ်ကြာ ပိုနေရလိမ့်မယ်။ ဒါဆို ကျန်းရွှယ်အာနဲ့ မင်းနေရဖို့ အချိန်ပိုရလိမ့်မယ်။ မင်းအနေနဲ့ ဒီအမြင်ကို တကယ် ထည့်မစားစဉ်းဘူးလား…”
လီဖေးယွီ၏ ရယ်သံက ရုတ်တရက် ရပ်သွားသည်။ သူ့မျက်နှာမှာ နက်မှောင်သွားသည်။ သူက ဟန်လိကို ခပ်ကြမ်းကြမ်း စိုက်ကြည့်လာ၏။
သို့သော် ဟန်လိ၏ အမူအရာသည် မပြောင်းလဲသွားပေ။ သူ့အကြည့်ကို တစက်မျှ ပြန်မရုတ်သွားချေ။ သူတို့နှစ်ယောက်က လဘ္ဘက်ရည်တအိုးကျိုစာ ကြာပြီးသည့်အထိ အကြည့်ချင်း ဆုံနေပြီးနောက် လီဖေးယွီသည် သူ့အကြည့်ကို ပြန်ရုတ်၏။ သူ့မျက်နှာ အရောင်မှာလည်း ပုံမှန် ပြန်ဖြစ်သွားသည်။
“ဟန်လိ…ငါ့သိုင်းပညာကို စွန့်လွှတ်ဖို့ လုံးဝ စဉ်းစားမှာ မဟုတ်ဘူး။ ဒါကို ပြောဖို့အတွက် မင်း ငါ့ကို ခေါ်ထုတ်လာတာ ငါ သိတယ်။ ဒါပေမဲ့ ဒီကိစ္စကို ထပ်မပြောနဲ့တော့။ ဟုတ်ပြီလား…” သူက အလျှော့မပေးမည့် လေသံဖြင့် ပြောလာသည်။ သူ့စကားများထဲ၌ တောင်းပန်ဟန်လေသံပါ ပါဝင်နေသည်။
“ဒါ့အပြင် ကြက်တစ်ကောင်ကိုတောင် အနိုင်မယူနိုင်တဲ့ ခွန်အား မရှိတဲ့ သူမျိုးသာ ငါ ဖြစ်သွားခဲ့ရင် ကျန်းရွှယ်အာက ငါ့ကို မော်ကြည်နေအုံးမယ်လို့ မင်း ထင်လား…”
ဟန်လိသည် ပြောစရာ စကားမဲ့သွားသည်။ သူက တဖက်သို့ ခေါင်းလှည့်ကာ လီဖေးယွီလာခဲ့သော လမ်းသွယ်ထံ လှမ်းကြည့်သည်။ သူက တအောင့်ကြာ ကြည့်ရှုူပြီးနောက်မှာ စကားဆိုလာသည်။
“မင်း ဆုံးဖြတ်ပြီးမှတော့ ငါ တခြား ထပ်ပြောဖို့ မကြိုးစားတော့ဘူး။ မြန်မြန်လုပ်။ အခု မင်း ထွက်သွားသင့်ပြီ။ မင်းနဲ့ အမျိုးသမီးငယ်ကျန်းရွှယ်အာတို့ ပျော်ရွှင်ရတဲ့အတွဲတတွဲ ဖြစ်ဖို့ ငါ မျှော်လင့်ပါတယ်…”
ဟန်လိ၏ ထိုစကားကို ကြားသည့်အခါ လီဖေးယွီသည် ချက်ခြင်း ပြုံးဖြီးဖြီး ဖြစ်သွား၏။ သူက ဟန်လိ၏ ပုခုံးကို အားပါးတရ သုံးလေးခါ ပုတ်လိုက်သည်။
“ကောင်းတယ်…ညီအစ်ကို။ ဒါမှ ငါ ကြားချင်တဲ့ စကားပဲ။ ဒီနေ့အတွက် မင်း ခုပြောလိုက်တဲ့ စကားတွေကသာ ငါ့ကို အပျော်ရဆုံး ဖြစ်စေတာ။ ငါ အရင် ထွက်သွားတော့မယ်ကွာ…”
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လီဖေးယွီသည် လမ်းသွယ်အတိုင်း တိုးဝင် ပျောက်ကွယ်သွားတော့သည်။ သူ့အရိပ်ပင် မကျန်ခဲ့တော့ပေ။
“အို…နာလိုက်တာဟ…” ဟန်လိသည် သူ့ပုခုံးကို ခပ်မြန်မြန် လှမ်းဆုပ်ကိုင်၏။ လီဖေးယွီ သူ့ပုခုံးကို ပုတ်သွားချိန်၌ အတွင်းအားကို ကြိတ်၍ ထည်သွားခဲ့ခြင်းပင်။ ထို့ကြောင့် ဟန်လိ၏ ပုခုံးသည် ရောင်ကိုင်းလာခဲ့သည်။ သည်တကြိမ်၌ သူ ခံစားရသည်က သေးသေးသိမ်သိမ် မဟုတ်ပေ။
“ဒီအရူးကတော့ ငါ သူ့ကို စိတ်ခု သွားအောင် လုပ်ခဲ့လို့ အတွင်းအား တကယ် အသုံးပြုခဲ့တာပဲ….” ဟန်လိက ထိုသို့ တွေးမိ၏။ သူက နာကျင်မှု သက်သာစေရန် ဆေးပတ်တီးကို ထုတ်ကာ ရောင်နေသော သူ့ပုခုံးကို စည်းထားလိုက်ရ၏။
“ဟူး…ငါ့အတွက် ကောင်းတာ လုပ်ဖို့ တကယ်ပဲ ခက်ခဲတယ်။ ကောင်းတာလုပ်ဖို့ ကြိုးစားတဲ့အတွက် အခုတော့ ငါပဲ ဒီလို အဆုံးသပ်လိုက်ရတယ်။ ငါက တကယ်ပဲ ကောင်းတဲ့အလုပ်တွေနဲ့ မသင့်တော်ပဲ။ ငါ စွမ်းအားပညာရပ်တွေကို နားလည်အောင်ပဲ သွားလုပ်သင့်တယ်။ နောက်တကြိမ် ငါ ဒီကောင်လီဖေးယွီကို ထပ်တွေ့ရင် ငါ ခံလိုက်ရတဲ့အတွက် ပြန်တုန့်ပြန်ရမယ်…”
ဟန်လိသည် အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ထိုသို့ တွေးသည်။
ထိုသို့ဖြင့် အချိန်ကာလများ ကုန်ဆုံးခဲ့ပြီးနောက် ဟန်လိသည် အသက်ဆယ့်ရှစ်နှစ်အရွယ် ရောက်လာခဲ့ပေပြီ။
ဤကာလတွင် ချီးရွှမ်ဂိုဏ်းနှင့် ဝံပုလွေရိုင်းဂိုဏ်းတို့ကြား ကတောက်ကဆဖြစ်မှုသည် နောက်ဆုံး၌ တဖက်နှင့်တဖက် စစ်ကြေညာသည့်အထိ ဖြစ်လာခဲ့ပေသည်။
ထိုအင်အားစုနှစ်ခုကြား တိုက်ပွဲကြီးငယ်များ မကြာမကြာ ဖြစ်လာ၏။ ဟန်လိအပါအဝင် ချီးရွှမ်ဂိုဏ်း၏ တပည့်များအပေါ် ယင်းတိုက်ပွဲများက သက်ရောက်မှု ရှိလာသည်။ ဟန်လိက ဝမ်းနည်းမှုနှင့် ပူပန်းမှုူတို့ကို ခံစားမိနေ၏။
တောင်ကြား အပြင်ဘက်အဝရှိ အချက်ပေးနာရီကြီးသည် ခါတိုင်းအခါထက် ပို၍ အသံမြည်လာခဲ့ပေသည်။ ဂိုဏ်းနှစ်ခုကြား တိုက်ပွဲကြောင့် ချီးရွှမ်ဂိုဏ်းတွင် ဒဏ်ရာရသော သူများ ပိုများလာကာ ဟန်လီအဖို့ အတော်အတန် ခက်ခဲသော ဆေးပညာရပ်များကို လေ့ကျင့်ဖို့ အခွင့်အရေး ဖြစ်လာစေသည်။ သူ၏ ဆေးပညာအပေါ် ကျွမ်းကျင်မှုက တိုးတက်လာခဲ့၏။
သို့သော် ဟန်လီ၏ သေရာကနေ ပြန်ရှင်အောင် ကုသပေးနိုင်သည်ဟု ထင်ရသော မှော်ဝင်နေသလို ကုသပေးနိုင်စွမ်းဖြင့်ပင် တချို့ အဆင့်မြင့် ဂိုဏ်းဝင်အချို့သည် သူတို့၏ ဒဏ်ရာများကြောင့် သေဆုံးသွားရတာ ရှိ၏။ သူတို့က တိုက်ပွဲအတွင်း သေဆုံးတာ ဖြစ်ချင်ဖြစ်၊ သို့မဟုတ် ဂိုဏ်းသို့ အပြန်လမ်းတွင် သေဆုံးသွားကာ ဟန်လိကို ကုသဖို့ပင် အခွင့်အရေးအနည်းငယ် မရစေခဲ့တာမျိုးတွေ ရှိလာ၏။
ထို့ကြောင့်လည်း ဂိုဏ်းနှစ်ဂိုဏ်းလုံးက သူတို့၏ ကျဆုံးသွားသော ဂိုဏ်းဝင်များနေရာတွင် အစားထိုးဖို့ လူငယ်ပါရမီရှင်လေးများကို နေရာပေးလာသည်။
ထိုပါရမီရှင်လူငယ်များထဲ၌ ဝံပုလွေရိုင်းဂိုဏ်းမှ ဝူရှစန့်ယင်း၊ ချီးရွှမ်ဂိုဏ်းမှ ကျဲရွှမ်ရှုံးတို့ ပါဝင်သည်။ လီဖေးယွီသည်လည်း ထိုလူငယ်အုပ်စုတွင် ပါဝင်ပေ၏။ အကြောင်းမှာ သူသည် ဝုံပုလွေရိုင်းဂိုဏ်းဘက်မှ ဇီရီကျန်းကို ကိုယ်တိုင် ခေါင်းဖြတ်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် ပြင်ပဓားသွားဂိုဏ်းခွဲ၏ ဂိုဏ်းခေါင်းဆောင်ဟူသော အထင်ကြီးစရာ နေရာတစ်ခုကို ရလာ၏။ သို့ဖြစ်၍ လီဖေးယွီကို အာဏာရှိသောသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သူနှင့် ကျန်းရွှယ်အာတို့ကြား ပတ်သတ်မှုမှာလည်း ပိုခရီးရောက်လာခဲ့ကာ လက်ထပ်ဖို့ ဆွေးနွေးသံများ ထွက်ပေါ်လာသည့်အထိ ဖြစ်လာကြသည်။
လာမည့် ထိုလက်ထပ်ပွဲအတွက် ဟန်လိသည် သက်ပြင်းသာ ချမိသည်။ လီဖေးယွီ လုပ်ဆောင်နေသည့် အရာမှာ မှန်၏၊မမှန်၏ မည်သူက သိပါမည်နည်း။ တကယ်တော့ သူသည် လီဖေးယွီ မဟုတ်ပေ။ လီဖေးယွီကဲ့သို့လည်း သူ ဆုံးဖြတ်ချက် မချနိုင်ပေ။
ဟန်လိသည် သူ သေရမှာ သေချာသိနေပြီးနောက် သူ့ချစ်သူကို လက်ထပ်ဖို့အထိ သတ္တိမျိုး မရှိပေ။
ထို့ကြောင့်လည်း ဟန်လိက လီဖေးယွီအကြောင်းနှင့် ပတ်သတ်၍ ဆွံ့အနားမကြားသကဲ့သို့သာ ပြုမူတော့၏။ သူနှင့် လီဖေးယွီ မည်မျှ ရင်းနှီးပါစေ သူ ကျော်၍ မရသော စည်းများ ရှိသည်သာ။ လီဖေးယွီက သူ့သူငယ်ချင်းကောင်း ဖြစ်၏။ သို့အတွက် ဟန်လိသည် လီဖေးယွီ၏ ရွေးချယ်မှုများကို အရေးထားပေးရမည်။
ထို့အပြင် မကြာသေးမီက သူ့အတွက် အလွန်အရေးပါလှသော ကိစ္စတစ်ခု ရှိလာခဲ့၏။ ထို့ကြောင့် ဟန်လိက သူ့အာရုံစိုက်မှုကို ထိုကိစ္စ၌သာ နစ်မြုပ်တာက များ၏။
အကြိမ်ကြိမ် ကျရှုံးပြီးနောက် နောက်ဆုံးတွင် ဟန်လိသည် နန်းတွင်းပျံသန်းခြင်း ပညာရပ်ကို မည်သို့ အသုံးပြုရမည်အား သင်ယူနိုင်ခဲ့ပေပြီ။
ထိုပျံသန်းခြင်းပညာရပ်သည် ကောင်းကင်မျက်လုံး ပညာရပ်နှင့် ဆင်၏။ သည်နှစ်ခုလုံးသည် အထောက်အပံ့ ပညာရပ်များ ဖြစ်ကာ တခုက ကိုယ့်ခန္ဓာကိုယ်ပေါ်တွင်သာ အသုံးပြုနိုင်ပြီး တခုက တခြားသူများအပေါ်တွင်သာ အသုံးပြုနိုင်သည်။ သို့ပေမည့် ၎င်းပျံသန်းခြင်းပညာရပ်၏ လက်တွေ့ကျသော အသုံးဝင်မှုက ကောင်းကင်မျက်လုံး ပညာရပ်ထက် မည်မည်ရရ သာလွန်သည်။
ထိုနန်းတွင်းပျံသန်းခြင်း ပညာရပ်ကို အသုံးပြုပြီးနောက် ဟန်လိသည် သူ့ခန္ဓာကိုယ်မှာ ပျံလွှားတစ်ကောင်လို ပေါ့ပါးသွားသည်ဟု ခံစားမိ၏။ မြေပြင်ကနေ ပေါ့ပေါးပါးပါး ခုန်လိုက်ရုံဖြင့် သူသည် အားစိုက်ထုတ်ရခြင်း မရှိဘဲ ဆယ်ပေကျော်ထိ ဖြတ်ခနဲ သွားနိုင်စွမ်း ရှိလာသည်။ ထို့အပြင် လေထဲသို့ ခုန်ပေါက်သွားလာရခြင်းကို ဟန်လိက စွဲလမ်းလာခဲ့ကာ နေ့စဉ် တောင်ကြားထဲ၌ သည်ပျံသန်းခြင်းပညာရပ်ကို သုံးကာ လေးငါးခြောက်ခေါက်လောက် အရှိန်အဟုန်နှင့် သွားလာတတ်သည်။ သူသည် ချင်းကောင်၌ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာခဲ့ပေပြီ။
(မှတ်ချက်…ချင်းကောင် ဟူသည်မှာ တရုတ်သိုင်းပညာရပ်၊ အထူးသဖြင့် ဝူးရှဇာတ်လမ်းများတွင် ကိုယ့်ဖော့ပညာ အထွတ်အထိပ်ရောက်၍ ရေပေါ်ကိုယ့်ဖော့သွားလာနိုင်၊ မတ်စောက်သောတောင်များပေါ် ခြေကန်၍ တတ်နိုင်သည့် သဘောမျိုးကို ဆိုလိုပေသည်။ )
တကယ်တော့ ၎င်းပညာရပ်၏ အရှိန်အဟုန်သည် သူ အရိပ်မြူခိုးခြေလှမ်းကို အသုံးပြုချိန်က ရရှိခဲ့သော အရှိန်အဟုန်နှင့် ကွဲပြားပေသည်။ အရိပ်မြူခိုးခြေလှမ်းပညာရပ်က ဂိုဏ်း၏ လျှို့ဝှက်ပညာရပ် ဖြစ်သည်။ ၎င်းပညာရပ်သည် တိုတောင်းသော အကွာအဝေး၌ အမြန်နှုန်းကို တိုးမြှင့်ဖို့ စွမ်းအားများစွာ အသုံးပြုရခြင်းပင်။ ထိုသို့သော လှုပ်ရှားမှု ပညာရပ်သည် နေရာကျဉ်းများ၌ အသုံးပြုရာ၌သာ ၎င်း၏ အစွမ်းထက်မှုကို ထုတ်ဖော်နိုင်ဆုံး ဖြစ်၏။
နှိုင်းယှဉ်ရသော် နန်းတွင်းပျံသန်းခြင်းပညာရပ်မှာ စွမ်းအားအနည်းငယ်ကို အသုံးပြုကာ ခန္ဓာကိုယ်ပေါ်ရှိ ဝန်ထုတ်ဝန်ပိုးကို လျော့ပါးစေတာ ဖြစ်သည်။ ထို့ကြောင့် အနှီပညာရပ်ဖြင့် ဟန်လိသည် ခန္ဓာကိုယ်ကို ဝန်ထိုဝန်ပိုး မဖြစ်စေဘဲ ဆန္ဒရှိသလို ပြေးလွှားသွားလာနိုင်စွမ်း ရှိလိမ့်မည်။ ထို့အပြင် သည်ပညာရပ်ကို သူ့စွမ်းအားများ ကုန်ဆုံးသည့်အထိ၊ သို့မဟုတ် သူ့စွမ်းအား ထောက်ပံ့မှုကို သူ့ စိတ်သဘောအရသူ ရပ်တန့်ပစ်သည့််အခါထိ ဆက်တိုက် အသုံးပြုနိုင်သည်။ ထို့အတွက်ကြောင့် နန်းတွင်းပျံသန်းခြင်း ပညာရပ်သည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ကုန်းမြေများကြား ခရီးနှင်သွားလာဖို့ အသုံးများသော ပညာရပ်တစ်ခု မည်၏။