မှော်ပညာရပ်များကို အသုံးပြုခြင်း
Vol. 6 Ch. 75
နန်းတွင်းပျံသန်ခြင်းပညာရပ်ကို ကျွမ်းကျင်ပြီးသည့်အချိန်မှစ၍ ဟန်လိသည် ဝိညာဉ်ချိပ်ပိတ်ပညာရပ်နှင့် ရွှေ့ပြောင်းခြင်းပညာရပ် တို့ကိုလည်း ထပ်မံပြီး အားစိုက်ထုတ်ကာ လေ့လာတော့သည်။ သူက သည်ပျံသန်းခြင်းပညာရပ်ကဲ့သို့ လျှပ်တပြတ် ဉာဏ်အလင်းပွင့်ကာ ရုတ်တရက် အဆင့်ချိုးဖျက်နိုင်ဖို့ မျှော်လင့်ချက်ဖြင့် အချိန်နှင့်စွမ်းအားများစွာ အသုံးပြုကာ လေ့ကျင့်တော့သည်။
သို့သော် သူ အချိန်တခု သေချာ လေ့လာစူးစမ်းပြီးနောက် ထိုပညာရပ်နှစ်ခုကို သူ အသုံးပြုနိုင်စွမ်း မရှိသည်ကို တွေ့ရှိလာသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ဟန်လိ၏ မွေးရာပါ ညံ့ဖျင်းမှုကြောင့် မဟုတ်။ သူ့ခန္ဓာကိုယ်က သည်ပညာရပ်များအတွက် လုံလောက်အောင် မသန်မာသောကြောင့်လည်း မဟုတ်ပေ။
စာအုပ်ထဲ၌ ဖော်ပြထားသည့်အတိုင်းဆို ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်သည် ကြိုတင် ပြုလုပ်ထားရသည့်် မန္တာန်အမျိုးအစားတစ်ခုပင်။ ဟန်လိသည် အနီးအနားမြို့ငယ်လေးမှ သူ ဝယ်ယူခဲ့သော စာရွက်ဝါတို့ကို အသုံးပြု၍ စာအုပ်ပါ ညွှန်ကြားချက်အတိုင်း စုတ်တံဖြင့် ပုံစံကွက်များ ရေးဆွဲကြည့်သည်။
ထိုစာအုပ်သည် အဆောင်ကို ဖန်တီးဖို့ မည်သည့်ပါဝင်ပစ္စည်းများကို အသုံးပြုသင့်သည်ဟု မဖော်ပြထားသော်လည်း ဟန်လိက သမားတော်မော့ အသုံးပြုခဲ့သော ငွေရောင်အဆောင်အကြောင်း ပြန်စဉ်းစားကြည့်သည်။ ထို့ကြောင့် သူက တန်ဖိုးရှိကာ ကောင်းမွန်သော ငွေမှုူန့်များကို အဆောင် ဖန်တီးရာတွင် အသုံးပြုသည်။ ထိုသတ္တုပစ္စည်းက သက်ရောက်မှု ရှိလား၊ မရှိလားကိုမူ ဟန်လိ မသိချေ။ သို့သော် သူ ကိုယ်တိုင် ပြုလုပ်သော အဆောင်များသည် များမကြာမီမှာပင် စာအုပ်ထဲ၌ တွေ့ရသော ပုံစံများနှင့် ချွတ်ဆွတ်တူလာလေ၏။
“ဘာလဲကွာ။ အဆောင်ရဲ့ ပုံပန်းသွင်ပြင်က ထပ်တူ ဖြစ်နေရင်တောင် ခုထိ မလုံလောက်သေးဘူးပဲ…”
ဟန်လိသည် ထိုအဆောင်ကို အသက်ဝင်ဖို့ မန္တာန်များ ရွတ်ဆိုတိုင်း မှော်အဆောင်ပေါ်၌ ရေးထားသော စာသားများက သမားတော်မော့ ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်ကို အသုံးပြုခဲ့ချိန်တုန်းကလို ငွေရောင်တလက်လက် တောက်ပလာခြင်း မရှိပေ။ မည်သို့မျှ ထူးထူးခြားခြား ဖြစ်လာခဲ့တာ မရှိချေ။ ထိုအခါ ဟန်လိသည် သူ၏ ဒီကျရှုံးမှုသည် ရွတ်ဆိုသော မန္တာန်၌ ချို့ယွင်းချက် ရှိ၍လော၊ သို့မဟုတ် သူ့စွမ်းရည်က နိမ့်ကျ၍လော၊ အဆောင်ဖန်တီးရာ၌ အမှားတစ်ခုခု ရှိခဲ့၍လောကို မသိဘဲ ဖြစ်နေသည်။
သို့သော် သူက ပို၍ စူးစမ်းစမ်းသပ် ကြည့်ပြီးနောက် ကွဲပြားသောရလဒ်တစ်ခု ပေါ်လာသည်။
သူသည် သတ္တုအမျိုးအမည်များ၊ ပါးစပ်ရာဇဝင်၊ မှော်ပညာရပ်များကို အပြင်းအထန် ဆက်တိုက် လေ့လာပြီးနောက် ဟန်လိသည် နောက်ဆုံးတွင် ကျင့်ကြံသူများ အသုံးပြုသော အဆောင်များသည် သာမန်သေမျိုးများ သိရှိထားသော ဝတ္ထုပစ္စည်းများ မဟုတ်ပေ။ ယင်းအဆောင်များသည် သာမန်စက္ကူများနှင့် သတ္တုများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ချေ။ သို့သော် ကျင့်ကြံသူများသာ သိကြသော သတ္တုအမည်များဖြင့်သာ အဆောင်များကို လုပ်ဆောင်နိုင်ကြ၏။ ထိုသတ္တုပစ္စည်းများကို ကျင့်ကြံသူများကိုသာ လက်ခံသည့် အထူးနေရာများတွင် တွေ့နိုင်သည်။ ထို့အတွက်ကြောင့် သူသည် မန္တာန်စာသားများကို ပြည့်ပြည့်စုံစုံ ရွတ်ဆိုနိုင်ခဲ့လျှင်ပင် သည်အဆောင်များကို အောင်မြင်အောင် လုံးဝ မဖန်တီးနိုင်ပေ။
ရွှေ့ပြောင်းခြင်းပညာရပ်သည်လည်း အလားတူပင်။
ဟန်လိသည် အိမ်တွင် အလွယ်တကူ ရှိသည့် ဓား၊ ဓားသွား စသဖြင့် ပစ္စည်းများနှင့် ဒီပညာရပ်ကို လေ့ကျင့်ကြည့်၏။ သို့သော် အကြိမ်တိုင်း သူ ကျရှုံးခဲ့သည်။
သို့ပေမည့် ခုခါတွင် ရွှေ့ပြောင်းခြင်းပညာဖြင့် ထိန်းချုပ်နိုင်သော ပစ္စည်းများမှာ ကျင့်ကြံသူများအတွက် အထူးတလည် ထွင်းထုထားသည့် အရာများကိုသာ ထိန်းချုပ်နိုင်သည်ကို နားလည်သွားခဲ့လေပြီ။ ၎င်းပညာရပ်မှာ သာမန်ပစ္စည်းများပေါ်၌ အသုံးမဝင်ပေ။
ထို့အတွက်ကြောင့် ဟန်လိက သူ သမားတော်မော့ထံမှ ရခဲ့သော ဝိညာဉ်ညှို့ငင်ခြင်းနာရီ၊ ဝိညာဉ်ခုနစ်ခုဝါးမြိုခြင်းပညာရပ်၌ အသုံးပြုသော ငွေရောင်ဓားခုနစ်လက်အပါအဝင် တခြား ထူးခြားဆန်းပြားသော ပစ္စည်းများကို ထုတ်သုံးလာရ၏။ ယင်းတို့ကို ရွှေ့ပြောင်းခြင်းပညာရပ်အတွက် ကြားခံ အသုံးပြုကြည့်သည်။ အတွေ့အကြုံရှိလာခဲ့သော်လည်း ဟန်လိသည် ထိုပစ္စည်းတစ်ခုကိုတလေပေါ်၌ပင် ၎င်း ရွှေ့ပြောင်းခြင်းပညာရပ်ကို အောင်အောင်မြင်မြင် အသုံးမပြုနိုင်သေးပေ။ ထိုအခါ ဟန်လိသည် အတော့်ကို စိတ်ပျက်လက်ပျက် ဖြစ်သွာမိ၏။ ရွှေ့ပြောင်းခြင်းပညာရပ်ဖြင့် မည်သည့်ပစ္စည်းကိုမျှ အသုံးပြု၍ မရသည့်အခါ ဟန်လိသည် ရွေးချယ်စရာ မရှိတော့ဘဲ ၎င်းပညာရပ်နှင့် သင့်တော်သော ပစ္စည်းကို သူ ရှာမတွေ့ခင်ထိ ရပ်တန့်ထားရတော့မည်။
(မှတ်ချက်…။ ဝိညာဉ်ညှို့ငင်ခြင်းနာရီမှာ ဝိညာဉ်သေကို ထိန်းချုပ်ရာ၌ ဟန်လိနှင့်သမားတော်မော့တို့ အသုံးပြုသော နာရီ ဖြစ်သည်။ )
ဟန်လိက ဝိညာဉ်ချိပ်ပိတ်ပညာရပ်နှင့် ရွှေ့ပြောင်းခြင်းပညာရပ်တို့အတွက် သင့်တော်သော အရာဝတ္ထုများ ကင်းမဲ့နေခြင်းမှာ သူ့အတွက် ပြဿနာမှန်း သိသည့်အချိန်မှစ၍ သူ့အာရုံကို တခြားအရာများတွင် စူးစိုက်ရတော့သည်။ သူသည် တခြား လျှို့ဝှက်သိုင်းပညာရပ်များနှင့် စွမ်းအားပညာရပ်များကို လေ့လာပြီး အချိန်တိုအတွင်း သူ့ခွန်အားကို တိုးမြင့်နိုင်ဖို့အတွက် ယင်းတို့ကို ပေါင်းစည်းဖို့ လုပ်ဆောင်ကြည့်သည်။
ဤသို့ဖြင့် ဟန်လိသည် ခက်ခက်ခဲခဲ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်၍ သူက အောင်မြင်မှု သေးသေးမွှားမွှားများကို မြန်မြန်ဆန်ဆန် ရရှိလာခဲ့သည်။
အကြိမ်ကြိမ် ကြိုးစားပြီးနောက် နောက်ဆုံးတွင် သူသည် မြူခိုးအရိပ်ခြေလှမ်းပညာရပ်နှင့် နန်းတွင်းပျံသန်းခြင်းပညာရပ်တို့ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။
သူက ဤသည်ကို ပေါင်းစည်းခြင်းဟု တွေးသော်လည်း အမှန်ကမူ နန်းတွင်းပညာရပ်နောက်၌ အရိပ်မြူခိုးခြေလှမ်း ပညာရပ်ကို အသုံးပြုတာသာ ဖြစ်သည်။ သည်ပညာရပ်နှစ်ခုကို စည်းချက်ကျကျ၊ သဟာဇာတဖြစ်အောင် သေချာ ထိန်းချုပ်ရသည်။ မဟုတ်ပါက ချို့ယွင်းချက် အမှားများကို အလွယ်တကူ တွေ့သွားနိုင်သည်။ ထို့အတွက်ကြောင့် ဟန်လိသည် ထိုပညာရပ်နှစ်ခုအပေါ် သေချာအာရုံစိုက်လေသည်။
ဤသို့ဖြင့် သူသည် နန်းတွင်းပျံသန်းခြင်းပညာရပ်၏ ဆိုးကျိုးများနှင့် အရိပ်မြူခိုးပညာရပ်ကို အသုံးပြုသည့်အခါ စွမ်းအားများစွာ ကုန်ခမ်းရသည့် ပြဿနာတို့ကို ဖယ်ရှားနိုင်စွမ်း ရှိလာကာ ယင်းပညာရပ်နှစ်ခုကို တဖြည်းဖြည်း ပြီးပြည့်စုံအောင် ကျွမ်းကျင်လာသည်။ သူက မတူညီသော တည်နေရာများသို့ ခန့်မှန်း၍ မရအောင် ရွှေ့လျား သွားလာနိုင်လာသည်။
ယင်းနောက်တွင် ဟန်လိသည် မီးလုံးပညာရပ်ကို အသုံးချရာ၌လည်း ဉာဏ်အလင်းတစ်ခု ထပ်ရလာသည်။
ပုံမှန်ဆို မီးလုံးပညာရပ်ကို အသုံးပြုသူသည် သူတို့၏ စွမ်းအားဖြင့် မီးလုံးငယ်ကို ထုတ်ဖော်ကာ ရန်သူ့ကို တိုက်ခိုက်တာ ဖြစ်သည်။ ဤသည်မှာ သည်ပညာရပ်၏ မူလကျသော စွမ်းရည် ဖြစ်သော်လည်း ဟန်လိကမူ ၎င်းက သည်ပညာရပ်၏ အကန့်အသတ် မဟုတ်ဟု တွေးမိခဲ့သည်။
ရွှေ့လျားမှုပညာ ကျွမ်းကျင်သူတစ်ယောက်က လူတစ်ယောက်၏ စွမ်းအင်အပေါ် မူတည်၍ အမြန်နှုန်း နှေးတာ၊မြန်တာ ဖြစ်နိုင်သော မီးလုံးငယ်ကို အလွယ်တကူ ရှောင်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် ဟန်လိ၏ စွမ်းရည်က ကျန်းဟူ(သိုင်းလောက) ရှိ ကျင့်ကြံသူများကို နီးနီးကပ်ကပ် တိုက်ခိုက်ဖို့ အဟန့်အတား ရှိနေ၏။ သည့်အတွက်ကြောင့် သူသည် မီးလုံး ပေါ်လာသည်နှင့် သူက ထိုမီးလုံးကို တိုက်ရိုက် ပစ်သွင်းမည့်အစား ၎င်းကို သူ့လက်နှစ်ဖက်ဖြင့် ဓားငယ်ကို ထိန်းချုပ်သလိုမျိုး ရှေ့ဦးစွာ ထိန်းချုပ်၍ ၎င်းမီးလုံးပညာရပ်၏ ဖျက်စီးပစ်နိုင်သော၊မဟန့်တားနိုင်သော စွမ်းအားကို အသုံးချကာ တိုက်ခိုက်ပေမည်။ ထိုသို့သောနည်းလမ်းဖြင့် တိုက်ခိုက်ပါက သူ့အတွက် မီးလုံးပညာရပ်ကို ထုတ်ဖော်ဖို့ စွမ်းအားတဝက်လောက်ကို အသုံးပြုကောင်း အသုံးပြုရနိုင်၏။
သူ၏ ထိုသို့သော နည်းစနစ်ဖြင့် ဟန်လိသည် ကျွမ်းကျင်သော ရန်သူများကို လွယ်ကူစွာ သတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိလေသည်။
သူ၏ ထိုနည်းစနစ်အသစ်ကြောင့် နောက်ဆုံးတွင် ဟန်လိသည် စိတ်အေးနိုင်တော့၏။ သူက သူ့ကိုယ်ပိုင်စွမ်းရည်အပေါ် စိတ်ပူနေခြင်း ဆက်မဖြစ်တော့ပေ။ နောက်ဆုံးတွင် သူသည် သူမိထားသော အဆိပ်အတွက် ဖြေဆေးရဖို့ လန်စီရင်စုထံ ခရီးနှင်ဖို့ လုံလောက်သော ယုံကြည်မှု ရလာခဲ့လေပြီ။
(မှတ်ချက်…အခုမှ သည်လန်စီရင်စု ဟူသော အမည်ကို စာအုပ်တွင် ပထမဆုံး ဖော်ပြသော်လည်း လန်စီရင်စုသည် သမားတော်မော့၏ မွေးရပ်မြေ ဖြစ်၏။)
သူ၏ နည်းစနစ်များကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းအပြင် ဟန်လိက တန်ဖိုးရှိ ဆေးဝါးများကို အစာပြေမုန့်ကဲ့သို့ သဘောထားကာ ထာဝရနွေဦးပညာရပ်၏ အဋ္ဌမအဆင့်သို့ ချိုးဖျက်နိုင်ဖို့အတွက် စားသုံးသေးသည်။ သို့မှသာ သူ၏ မှော်စွမ်းအားသည် များစွာ တိုးတက်လာမည် မဟုတ်လား။
ခုလက်ရှိ သူ့စွမ်းအားအရ ဟန်လိသည် ယွီကျစ်ထုံ သူ၏ မူလအနေအထားအတိုင်း ရှိခဲ့လျှင်ပင် သူ့အနေဖြင့် ဖိနှိပ်နိုင်ပြီ ဖြစ်သည်။ သို့သော် ကျွမ်းကျင်သော ပညာရပ်များတွင်မူ ဟန်လိက ယွီကျစ်ထုံကို မယှဉ်နိုင်လောက်ပေ။ အတိတ်တုန်းက ယွီကျစ်ထုံသည် သူ၏ဂိုဏ်း၌ ကျင့်ကြံခဲ့ချိန်က သူ့အနေဖြင့် စီနီယာများထံမှ ညွှန်ကြားမှုများကို ရရှိခဲ့ပြီး သူ့ဂိုဏ်းဖော်များနှင့်လည်း အသိအမြင်များ အပြန်အလှန် ဆွေးနွေးမှု ရှိခဲ့မည်သာ။ သူက ဟန်လိထက် များစွာ ပိုသန်မာခဲ့ရပေမည်။
ဟန်လိသည် ထိုသည်ကို သတိမပြုမိပေ။ သို့သော် သူ သိခဲ့လျှင်လည်း သူက စိုးရိမ်နေမည် မဟုတ်ပေ။ သူက အခြေခံမှော်စွမ်းအားပညာရပ် တခု၊နှစ်ခုလောက် သင်ယူတတ်မြောက်ခြင်းက တခြားကျင့်ကြံသူများနှင့် လက်ရည်တူ ရပ်တည်စေနိုင်လိမ့်မည်ဟု မယုံကြည်ထားပေ။ ခုလက်ရှိ သူ့ရန်သူများက တန်ခိုးရှင်လောကမှ မဟုတ်၊ သေမျိုးလောကမှ ဖြစ်ကြသည်။ ကျန်းဟူရှိ ကျင့်ကြံသူများ မဟုတ်ကြပေ။
ထို့ကြောင့် ဟန်လိက မောက်မာနေခြင်း မဟုတ်၊ ထိုအစား သူက သူ့ကိုယ်ပိုင်အောင်မြင်မှုအတွက် ကျေနပ်မိရုံမျှသာ ဖြစ်သည်။ သူ ချီးရွှမ်ဂိုဏ်းမှ ထွက်ခွာဖို့ ဆင်ခြင်တခုကို ရှာဖို့ ကြိုပြင်ဆင်ထားနေစဉ် ဝံပုလွေရိုင်းဂိုဏ်းက တိုက်ပွဲများ ရပ်ကာ ငြိမ်းချမ်းရေးစကား ဆွေးနွေးဖို့ ရုတ်တရက် အကြုံပြုလာခဲ့သည်။
အနှီသတင်းများ ပျံ့နှံ့လာသည့်အချိန် ချီးရွှမ်ဂိုဏ်းတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ ပြီးခဲ့သော တိုက်ပွဲများ၌ ဝံပုလွေဂိုဏ်းသည် အသာစီး ရထားကာ ချီးရွှမ်ဂိုဏ်းကို ဖိအား အဆက်မပြတ် ပေးထားနိုင်ခဲ့သည်။ ထိုသို့သော အသာရနေသည့် အခြေအနေ၌ ဝံပုလွေရိုင်းဂိုဏ်းသည် ငြိမ်းချမ်းရေးစကား ပြောဖို့ အဘယ်ကြောင့် လာ၍ ကမ်းလှမ်းရသနည်း။ လှည့်ကွက် တခုခု ရှိနေသည်လား။ လူတော်တော်များများ၏ စိတ်ထဲ၌ သံသယ များလာသည်။
အချိန်တိုအတွင်း ချီးရွှမ်ဂိုဏ်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် လက်ခံသူ၊ လက်မခံသူများ၏ ပြောဆိုမှုများ ဆက်တိုက် ရှိလာသည်။ ထိပ်ပိုင်းအဖွဲ့ဝင်များအားလုံး၌ သူတို့၏ ကိုယ်ပိုင် အမြင်များ ရှိကြသည်။ ခေါင်းမာသော လီဖေးယွီကမူ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ငြင်းဆန်သူများထဲ၌ ပါဝင်သည်။
ထိုအခါ ဝံပုလွေဂိုဏ်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လက်ခံသူများနှင့် မလက်ခံသူများကြား ငြင်းဆိုသံများ ပွက်ပွက်ညံနေသည်။ ထိုငြင်းဆိုမှု၌ မည်သည့်ဘက်ကမျှ သိသိသာသာ အနိုင်မရကြချေ။ အဆုံးသပ်တွင် ဂိုဏ်းချုပ်ဝမ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချရ၏။ သူက ချီးရွှမ်ဂိုဏ်းသည် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုသည်။ ညှိနှိုင်းမည့် အခြေအနေများက အဆင်ပြေပါက ချီးရွှမ်ဂိုဏ်းသည် ဝံပုလွေဂိုဏ်းနှင့် လက်ဆွဲနှုတ်ဆက်မည်။ သို့မဟုတ်ပါက သူတို့က ဆက်၍ တိုက်ခိုက်ကြမည်ဟု ဂိုဏ်းချုပ်ဝမ်က ဆုံးဖြတ်လိုက်၏။
သည်ဆုံးဖြတ်ချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံသောအုပ်စုအား မကျေနပ်စေသော်လည်း ၎င်းမှာ လက်သင့်ခံနိုင်မည့် တစ်ခုတည်းသော သဘောတူညီချက် ဖြစ်နေ၏။ ချီးရွှမ်ဂိုဏ်းသည် ထိုဆုံးဖြတ်ချက်အတိုင်း ဆက်၍ လုပ်ဆောင်ပေမည်။