ညှိနှိုင်းခြင်း၊ ဆူညံပေါက်ကွဲခြင်း
Vol. 6 Ch. 76
ချီးရွှမ်ဂိုဏ်းနှင့် ဝံပုလွေရိုင်းဂိုဏ်းတို့ကြား အတော်အတန် ဆွေးနွေးပြီးနောက် အင်အားစုနှစ်ခုသည် သူတို့ဂိုဏ်းနှစ်ခုကြား နယ်နိမိတ်၌ တည်ရှိသော သဲတောင်ကုန်းတွင် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြသည်။
ဆွေးနွေးမှုူ၌ ပါဝင်သော အဖွဲ့ဝင်များနှင့် ပတ်သတ်၍ ဝံပုလွေရိုင်းဂိုဏ်းသည် နှစ်ဖက်လုံး၌ ယုံကြည်ထိုက်သော အာဏာရပုဂ္ဂိုလ်တစ်ယောက်က ကိုယ်စားပြုရမည်ဟု အဆိုတင်သွင်းခဲ့သည်။ မဟုတ်ပါက ဆွေးနွေးမှုကို ဆက်လုပ်ရန် မလိုတော့ပေ။
သည်တောင်းဆိုမှုက အဆင်ပြေသဖြင့် ချီးရွှမ်ဂိုဏ်းအတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်သွားတာ မရှိပေ။ ထိုတောင်းဆိုမှုမှာ ညှိနှိုင်းမှုများအတွက် ပုံမှန်အခြေအနေသာ ဖြစ်သည်။
တကယ်တော့ ဂိုဏ်းနှစ်ခုစလုံးသည် အန္တရာယ်များသော အခြေအနေ၌ သူတို့၏ အဆင့်အတန်းမြင့်ဆုံး ပုဂ္ဂိုလ်ကို မစေလွှတ်ချင်ကြပေ။ ချီးရွှမ်ဂိုဏ်းသည် အဆင့်အတန်းမြင့်သော ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စေလွှတ်ဖို့ များသည်။ အလားတူပင် ဝံပုလွေရိုင်းဂိုဏ်းသည်လည်း သူတို့၏ ဂုဏ်သိက္ခကို ထိန်းဖို့ အလားတူ အဆင့်ရှိသော တစ်ယောက်ကို စေလွှတ်နိုင်သည်။ သို့ဖြစ်၍ သည်အခြေအနေက ပြဿနာ တစ်ခု မဟုတ်ပေ။
ထို့ကြောင့် နှစ်ဖက်လုံးသည် ညှိနှိုင်းမည့် နေ့ကို သဘောတူကြသည်။ ထိုနေ့သို့ ရောက်လာသည့်အခါ ဂိုဏ်းနှစ်ခုလုံးက ဆေးနွေးပွဲတွင် ပါဝင်ဖို့ ဂိုဏ်းဝင်တစ်ရာကို စေလွှတ်ကြမည်။ ညှိနှိုင်းနေစဉ်အတွင်း ဝံပုလွေရိုင်းဂိုဏ်း၏ ချုံခိုတိုက်ခိုက်မှုူကို ကာကွယ်ဖို့ ချီးရွှမ်ဂိုဏ်းသည် တတ်နိုင်သမျှ ကြိုပြင်ဆင်ထားမည်။ ချီးရွှမ် ဂိုဏ်းဝင်များသည် စေ့စပ်သေချာမည့် အရံအစီအစဉ်တစ်ခုကို ကြိုပြင်ဆင်ထားကြမည် ဖြစ်၏။
အဖွဲ့ဝင်ငါးယောက် ပါဝင်မည့် ညှိနှိုင်းဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့အပြင် ကျန်သည့် ဂိုဏ်းဝင်တစ်ရာကို ဒုဂိုဏ်းချုပ်ဝူက ဦးဆောင်မှာ ဖြစ်သည်။ ဒုဂိုဏ်းချုပ်ဝူသည် ဂိုဏ်း၏ ဒုတိယမြောက် အစွမ်းထက်ဆုံးသူပင်။ ဆွေးနွေးပွဲသို့ လိုက်ပါမည့် ဂိုဏ်းဝင်တစ်ရာမှာလည်း ဂိုဏ်းအတွင်း ကျွမ်းကျင်အဆင့် ရှိသူများ ဖြစ်ကြသည်။ သူတို့ထဲ၌ အကြီးအကဲများ၊ ဂိုဏ်းခွဲခေါင်းဆောင်များ၊ အဆင့်မြင့်ဂိုဏ်းဝင်များ ပါဝင်ကြသည်။ ထိုသို့သော အင်အားစုသည် ကြီးမားသော တိုက်ပွဲတစ်ခုကို ဆင်နွှဲဖို့ အမှန်တကယ်ပင် ထိုက်တန်သည်ဟု ယူဆနိုင်သည်။
ထိုမျှ များပြားသော ကျွမ်းကျင်မှုများဖြင့် စုဖွဲ့ထားသော အဖွဲ့ဖြင့်ဆို ဝံပုလွေရိုင်းဂိုဏ်းသည် သူတို့၏ ထိပ်ပိုင်းဂိုဏ်းဝင်များအားလုံး တပြိုင်တည်း တိုက်ခိုက်လာခဲ့လျှင်ပင် သူတို့သည် ချီးရွှမ်ဂိုဏ်းကို အသာစီး ယူနိုင်လိမ့်မည် မဟုတ်လောက်ပေ။ ချီးရွှမ်ဂိုဏ်းဝင်တိုင်းသည် ယုံကြည်မှု မြင့်နေကြသည်။
လီဖေးယွီလည်း ထိုအဖွဲ့တွင် ပါဝင်ခဲ့ပေသည်။ နေရမည့်အချိန် သိပ်မကျန်တော့သော သူ့အတွက် အန္တရာယ်များသော နေရာဖြစ်လေလေ၊ သူ့ သွေးဆာမှုက ပိုလာလေပင်။
ညှိနှိုင်းမည့်နေ့ နီးကပ်လာသည့်အခါ ချီးရွှမ်ဂိုဏ်း၏ ထိပ်ပိုင်းကျွမ်းကျင်သူအဖွဲ့၏ တဝက်နီးပါးသည် ခရီးစနှင်လာကြပြီ ဖြစ်သည်။ သူတို့အတွက် သည်ခရီးစဉ်မှာ လဝက်လောက် ကြာနိုင်မည်။ ခက်ခဲမှုလည်း ရှိလိမ့်မည်။
ဟန်လိကမူ ဒီညှိနှိုင်းမှုကို သိပ်အရေးမထားပေ။ ညှိနှိုင်းမှု အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ သူ့အရေး မဟုတ်ပါ။ သူက ဒီချီးရွှမ်ဂိုဏ်းကနေ အပြင်လောကသို့ ထွက်သွားဖို့ အဆင်သင့် ဖြစ်နေလေပြီ။ ထို့ကြောင့် မည်သည့်အတွက် ချီးရွှမ်ဂိုဏ်း၏ အောင်မြင်မှု၊ကျရှုံးမှုက သူနှင့် ဆိုင်ပါ့မည်နည်း။
သူတို့က သူနှင့် လာမရှုပ်ပါက သူသည် ဒီကိစ္စကို အရေးစိုက်ရန် ပျင်းလှသည်။
ဂိုဏ်း၏ အထူးအဖွဲ့ ညှိနှိုင်းဖို့ မထွက်သွားခင်တည်းက ဟန်လိသည် တည်တည်ငြိမ်ငြိမ် ရှိနေကာ အနာဂတ်တွင် သူ့အတွက် လိုကောင်းလိုလာနိုင်သည့် ဆေးဝါးပင်များကို ပိုမြန်မြန် ကြီးထွားအောင် အရှိန်မြင့်တင် လုပ်ဆောင်နေသည်။ ထို့အပြင် သူက အနာဂတ်တွင် အသုံးဝင်နိုင်မည့် တန်ဖိုးရှိ ဆေးပင်မျိုးစေ့အချို့ကိုလည်း စတင် စုဆောင်းနေသည်။
ဟန်လိသည် သွားရောက်ညှိနှိုင်းသောအဖွဲ့ ဂိုဏ်းသို့ ပြန်လာသည်နှင့် ဂိုဏ်းဝင်အချို့ကို နှုတ်ဆက်ကာ သူ ထွက်သွားတော့မည့်အကြောင်းကို တရားဝင်ပြောဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဂိုဏ်း၏ ထိပ်ပိုင်းလူများက သူ့ကို မထွက်သွားစေချင်ပါက သူတို့ရှေ့၌ သူ၏ အစစ်အမှန်စွမ်းအားကို အနည်းငယ် ပြသပေးဖို့ ဝန်လေးနေမည် မဟုတ်ပေ။
အမှန်တော့ တိတ်တဆိတ် ထွက်သွားခြင်းက အကောင်းဆုံး ဖြစ်သည်။ သို့သော် ဟန်လိက ဂိုဏ်းမှ လူများ သူ့ကို ရှာမတွေ့သည့်အခါ သူ့မိသားစုအတွက် ပြဿနာ ဖြစ်သွားမည်ကို သူ စိတ်ပူ၏။ ထို့ကြောင့် သူက ဂိုဏ်း၏ ထိပ်ပိုင်းအဖွဲ့ဝင်များအား သူ၏ စွမ်းအားကို အနည်းငယ်လောက် ပြသကာ နှုတ်ဆက်ဖို့ လိုမည်ဟု ဆုံးဖြတ်ခဲ့တာပင်။
ထွက်သွားမည့် အကြောင်းရင်းကိုလည်း သူ အချိန်ကြာတည်းက သေချာ စဉ်းစားပြီးသွားပြီ ဖြစ်၏။ သူက သူ့ဆရာဖြစ်သူ၊ သမားတော်မော့ကို သတိရ၍ သွားရှာအုံးမည်ဟု ပြောလိုက်ရုံသာ။ သူတို့က သူ့ကို ယုံကြည်သည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ ဟန်လိက အရေးမစိုက်ပေ။ သူ့ထံ၌ ခု ပိုင်ဆိုင်ထားသည့် စွမ်းအားဖြင့်ဆို သူက ထိုသူများ မည်သို့ တွေးနေသည်ကို အဘယ်ကြောင့် ပူပန်နေရမည်နည်း။
ဟန်လိသည် ထိုသို့ တွေးမိသည့်အခါတိုင်း သူ့နှုတ်ခမ်းကို မတွန့်ကွေးမိဘဲ မနေနိုင်၊ အေးတိအေးစက် အပြုံးတစ်ခုကို မထုတ်ဖော်မိဘဲ မနေနိုင် ဖြစ်၏။ ခုလက်ရှိ ဟန်လိသည် သူ ဆန္ဒရှိပါက ဂိုဏ်းဝင်အချို့၏ အသက်ကို လွယ်လင့်တကူ ရှင်းပစ်နိုင်သည်။ သူ့အတွက် လက်ဝါး တချက် ပင့်လိုက်ရုံမျှသာ။
တကယ်တော့ ထိုသည်တို့မှာ အတွေးသပ်သပ်မျှသာ။ သူသည် ဂိုဏ်းဝင်များကို သတ်သည့် လုပ်ရပ်မျိုးကို လုပ်မည် မဟုတ်ပေ။
သို့သော် ဟန်လိသည် ညှိနှိုင်းသည့် အဖွဲ့ထွက်ခွာသွားပြီးနောက် လေးညမောက်၌ ဆံပင်ရှည်များ ရှုူပ်ပွ၊ အဝတ်အစားဖရိုဖရဲနှင့် တခေါင်းလုံး ဖုန်မှုန့်များဖြင့် လူတစ်ယောက်က ရုတ်တရက် သူ့အိမ်ထဲ ဗြုန်းစားကြီး ရောက်လာလိမ့်မည်ဟု လုံးဝ စိတ်ကူးမထားမိပေ။ ထိုသူ၏ မျက်လုံးတို့မှာ လုံးဝ နီရဲနေသည်။ သူက ဟောဟဲလိုက်ကာ မောပန်းကာ ကွဲအက်သော လေသံဖြင့် စကားဆိုလာသည်။
“ညှိနှိုင်းမှုအဖွဲ့တော့ လက်စသပ်သွားပြီ။ ခေါင်းဆောင်ဝူ၊ ကာကွယ်သူတွေ၊ အကြီးအကဲတွေ…သူတို့အားလုံး သေကုန်ကြပြီ…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မင်သက်ကြောင်ရီ သွားမိသည်။ သို့သော် သူ တန်ပြန် မမေးနိုင်ခင်မှာပင် ဒူ ဟူသော စူးရှရှ အသံကျယ်ကြီးသည် တောင်ကြောတခွင် ပဲ့တင်ထပ်လာလေသည်။
ဒုန်း…ဒုန်း…
နောက်ထပ် အချက်ပေးသံများပါ ဆက်တိုက် ထွက်ပေါ်လာသည်။
ဒုန်း…ဒုန်း…။
ထိုအသံများနှင့်အတူ တိုက်ပွဲခေါ်သံများ၊ လက်နက်ချင်း ထိခိုက်သံများကိုပါ ကြားရလေ၏။ သည်အခိုက်တွင် ချီးရွှမ်ဂိုဏ်း၏ သာယာသော တောင်ကြောတခွင်သည် ဂိုဏ်းဝင်များ အစုလိုက်အပြုံလိုက် အသတ်ခံရသော နေရာ ဖြစ်လာခဲ့သည်။
ဟန်လိ၏ အမူအရာမှာ ပြောင်းလဲသွးသည်။ သူသည် သူ့ရှေ့မှ လူ၏ ပြောစကားကိုပါ ဆက်၍ နားထောင်နိုင်စွမ်း မရှိတော့၊ သူ့ခန္ဓာကိုယ်ကို ဖြတ်ခနဲ လှုပ်ရှားလိုက်သည်။ ထို့နောက် ဟန်လိသည် သူ့နေအိမ်အပြင်ဘက်တွင် ပေါ်လာသည်။ သူက အရပ်လေးမျက်နှာထံ ခပ်မြန်မြန် ကြည့်ရှုလိုက်ကာ အမြင့်ဆုံး အဆောက်အအုံတစ်ခုကို လှမ်းတွေ့သည်။ သူက ခြေတချက် ဆောင့်ကာ ထိုအဆောက်အအုံ၏ ထိပ်ဖျားပေါ် ရောက်သွားသည်။ ထိုနေရာကနေ သူသည် တောင်ကြားအပြင်ဘက်ရှိ အကွာအဝေးထံ လှမ်းကြည့်သည်။
သူ့မျက်နှာ အမူအရာက သုန်မှုန်လာသည်။ သူ့အမြင်၌ တောင်ကြောတခုလုံးသည် မီးတောက်များဖြင့် ပြည့်နေပြီး လူအများအပြားမှာ ဝရောသုန်းကား ပြေးလွှားနေသည့် မြင်ကွင်း၊ ဓားများ တဝင့်ဝင့် ဖြစ်နေခြင်းတို့ ပေါ်လာသည်။ ဂိုဏ်း၏ အချက်ပေးသံသည် သည်ဒေါသတကြီး ဆူညံပွက်သံများကြားထဲ၌ နစ်မြုပ်သွားချေသည်။
သူ့နောက်မှ လေတိုးသံ ကြားရ၍ ဟန်လိက ခေါင်းမလှည့်ဘဲ မေးလိုက်သည်။ “လီဖေးယွီ…ဒါက ဝံပုလွေရိုင်းဂိုဏ်းလား…”
“ဟုတ်တယ်…သူတို့က ကျုပ်တို့ကို အကွက်ချက်ပြီး သတ်ဖို့ သေချာ စီစဉ်ထားနိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ညှိနှိုင်းတဲ့အဖွဲ့ကို အပြတ်ဖြုတ်ပြီးတဲ့နောက် သူတို့က အသက်ရှင်လျက် လွတ်လာတဲ့ ကျန်တဲ့သူတွေကိုပါ ချက်ခြင်း လိုက်သတ်ဖို့ တောင်အထိ ရောက်လာခဲ့ကြတာ…”
လီဖေးယွီ၏ ခုလက်ရှိ လေသံအရ သူသည် ဒေါသပုန် အတော်ထနေကာ ဝံပုလွေရိုင်းဂိုဏ်း၏ လုပ်ရပ်ကို လက်မခံချင် ဖြစ်နေတာ သိသာသည်။ သူ့ခန္ဓာကိုယ် တခုလုံးမှာ ဖုန်များ ပေပွနေပြီး သူ့ဆံပင်မှာလည်း ရှုပ်ပွနေသည်။