တန်ပြန်အစီအမံ
Vol. 6 Ch. 77
“ဒါပေမဲ့ ထူးဆန်းတာက သူတို့ ဘယ်လိုလုပ်ပြီး အနီးအနားက ကင်းစခန်းတွေကို ချိုးဖျက်လာကြတာလဲ။ ငါတို့ တောင်ပေါ် ပြန်လာတဲ့လမ်းမှာလည်း ကင်းသမားတွေကို သတိမပြတ် ထားဖို့ အော်ပြောခဲ့သေးတယ်…”
လီဖေးယွီသည် သံသယအပြည့်ဖြင့် တကိုယ်တည်း ရေရွတ်လိုက်သည်။
“ဘာမှ မထူးဆန်းဘူး။ ဝံပုလွေရိုင်းဂိုဏ်းက ခုလိုမျိုး အပြင်းအထန် တိုက်ခိုက်ဖို့ အချိန်အတော်ကြာတည်းက အစီအစဉ်တွေ ချမှတ်ထားခဲ့တာ။ ကင်းသမားတွေထဲမှာ သူလျှိုတွေ ထည့်ဖို့ဟာ လွယ်ကူတဲ့ ကိစ္စပဲ။ ကင်းစခန်းတွေကို အဲ့သူလျှိုတွေ့က တိတ်တဆိတ် သိမ်းပိုက်ပစ်လိုက်နိုင်တာ ပုံမှန်ပါပဲ…”
ဟန်လိက ထိုသို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါပေမဲ့ ဝံပုလွေရိုင်းဂိုဏ်းက မတူညီတဲ့ ဂိုဏ်းခွဲတွေကို လွယ်လင့်တကူ သိမ်းပိုက်ချင်ရင်တော့ ဒါဟာ မဖြစ်နိုင်ဘူး။ သူတို့က ဂိုဏ်းခွဲတောင်ကုန်းအားလုံးကို ဝန်းရံထားရုံပဲ ရှိပြီး မတိုက်ခိုက်ကြသေးဘူးလို့ ငါ ထင်တယ်။ ပြီးရင် သူတို့က သူတို့ရဲ့ ကျွမ်းကျင်သူတွေကို စုစည်းပြီး နေဝင်တောင်ထွတ်ပေါ်မှာ ရှိတဲ့ ပင်မဂိုဏ်းကို စုပေါင်း တိုက်ခိုက်လိမ့်မယ်။ သူတို့က ဂိုဏ်းချုပ်ကို ဖမ်းတာ၊ ဒါမှမဟုတ် သတ်ပစ်ဖို့ပဲ လိုတယ်။ ပြီးရင် သူတို့အတွက် ကျန်တာက အလိုက်သင့် လုပ်ကိုင်သွားရုံပဲ…”
“ဒါဆို ကျုပ်တို့က အခု ဘာလုပ်ရမှာလဲ။ ကျုပ်တို့ နေဝင်တောင်ထွတ်ရှိ သွားသင့်လား…”
လီဖေးယွီသည် မေးခွန်း တခုပြီးတခု ဆက်တိုက် မေးလာသည်။
ဟန်လိသည် နှုတ်ဆိတ်သွား၏။ အချိန်အတန်ကြာပြီးနောက် သူက ရုတ်တရက် လီဖေးယွီဘက်သို့ လှည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“ခင်ဗျား ကျုပ်ကို အရေးကြီးတဲ့ တခု ခုထိ မပြောရသေးဘူး။ ညှိနှိုင်းတဲ့အဖွဲ့မှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ အများကြီး ပါဝင်တယ်။ဒါ့ကြောင့် သူတို့အားလုံးက ဘယ်လိုလုပ်ပြီး လုံးလုံးလျာလျာ အပြတ်ရှင်းခံရတာလဲ။ အကျိုးအကြောင်း ကျကျ ပြောရရင် ဝံပုလွေရိုင်းဂိုဏ်းမှာ ဒီလောက်ထိ ခွန်အား မရှိနိုင်ဘူး…”
ဟန်လိ၏ စကားများကို ကြားသည့်နောက် လီဖေးယွီ၏ မျက်နှာပေါ်ရှိ ကြွက်သွားများသည် တင်းကြုပ်သွားသည်။ သူက ခါးသီးဟန် အမူအရာဖြင့် ပြုံးကာ ပြောလာသည်။
“သူတို့က ဒူးလေးတွေ အများအပြားနဲ့ အမျှင်မပြတ် ဆက်တိုက်ပစ်ခဲ့ကြတာ။ အဲ့ဒူးလေးတွေက စစ်တပ်သုံး ဖြစ်နိုင်တယ်…”
“စစ်တပ်သုံး အမြန်ပစ် ဒူးလေးတွေလား…”
“အမှန်ပဲ…”
“ကျုပ်တို့ တောင်ကနေ ထွက်လာပြီး ဒုတိယမြောက်နေ့။ ကျုပ်တို့ ကွင်းပြင်ထဲမှာ စကားပြောနေကြတဲ့အချိန်၊ ကျုပ်တို့ရဲ့ နယ်နိမိတ်ထဲမှာပဲ ရှိနေသေးတဲ့အတွက် လူတိုင်းဟာ စိတ်အေးလက်အေး ရှိနေကြတယ်။ အဲ့အချိန်မှာပဲ ဘေးပတ်လည်ကနေ များပြားလှတဲ့ ဝံပုလွေရိုင်းဂိုဏ်းဝင်တွေ ပေါ်လာကြတယ်။ သူတို့အားလုံး လက်ထဲမှာလည်း ဒူးလေးတွေ ကိုင်ဆောင်ထားကြတယ်။ ပြီးတာနဲ့ ကောင်းကင်တခွင်လုံးဟာ မြားမိုး ရွာတော့တာပဲ။ ဒီ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် မြားမိုးတွေကြားမှာ သိုင်းပညာစွမ်း နိမ့်ကျတဲ့ တပည့်တွေအားလုံး သေကုန်တယ်။ အတော်လေး ကံကောင်းတဲ့သူတွေကတော့ ပထမမြားမိုးအသုတ်မှာ ရှောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အများအပြား ဒဏ်ရာရကုန်တဲ့အတွက် သူတို့ရဲ့ သိုင်းပညာအစွမ်းက အတော်လေး နိမ့်ကျကုန်တယ်။ ကျုပ်လည်း အဲ့ ကံကောင်းတဲ့သူတွေကြားထဲက တစ်ယောက် ဖြစ်ခဲ့လို့။ မဟုတ်ရင် ကျုပ် ပြန်လာနိုင်မှာတောင် မဟုတ်ဘူး…”
ထိုသို့ ပြောနေရင်း လီဖေးယွီသည် ထိတ်လန့်မိနေတုန်းဖြစ်၏။ သူ့မျက်လုံးကနေ အကြောက်တရား အရိပ်အမြွက်များ အလိုလို လှစ်ဟပေါ်နေသည်။ ကြည့်ရသည်မှာ ဒူးလေးများဖြင့် အမျှင်မပြတ်အောင် မြားမိုးရွာကာ တိုက်ခိုက်ခဲ့မှုက လီဖေးယွီကို အတော်လေး သက်ရောက်စေခဲ့ပုံရသည်။
ဒူးလေးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် တခြားကျွမ်းကျင်သူတွေ ပေါ်လာခဲ့တယ်။ လူတိုင်းက တိုက်ပွဲအပြင်းအထန် တိုက်ရတော့တာပေါ့။ ကျုပ်တို့ အင်အားစုရဲ့ ကျန်တဲ့သူတွေဟာ စုဖွဲ့မှုကို ဖြတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့လို လူခွဲပြီး ပြေးလွှားတိုက်ခိုက်မှသာ ကျုပ်တို့အတွက် အသက်ရှင်နိုင်မယ့် အခွင့်အရေး များလာနိုင်မှာ မလား…”
“ငါလည်း ကံကောင်းသွားလို့။ ရန်သူ့အမြင်မှာ ငါဟာ သူတို့သတ်ရမယ့်သူ စာရင်းထဲ ထိပ်ဆုံးက ရှိမနေလို့ပေါ့။ ဒါ့ကြောင့် ငါ့နောက်ကို လူအနည်းငယ်ပဲ လိုက်ခဲ့ကြတယ်။ သူတို့ရဲ့ သိုင်းပညာက သိပ်မမြင့်တဲ့အတွက် ငါ ထိုးထွက်လာတဲ့အချိန် ဒီကောင်တွေကို သတ်ဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ အလျင်စလို ပြန်ဆုတ်လာနေရင်း ဝံပုလွေရိုင်းဂိုဏ်းက ငါတို့ရဲ့ ကင်းစခန်းတွေကို တခုပြီးတခု အမြန်သိမ်းပိုက်ပစ်တာကို တွေ့ရှိခဲ့တယ်။ သူတို့က ချုံခိုတိုက်ခိုက်မှုကနေ လွတ်မြောက်လာတဲ့သူတွေကို သူတို့ရဲ့ ထောင်ချောက်ထဲ ရောက်လာဖို့ စောင့်နေခဲ့ကြတယ်။ ထောင်ချောက်ထဲ နှစ်ကြိမ် ကျရောက်သွားတဲ့နောက် ငါလည်း ဆက်ပြီး အကူအညီ မရှာရဲတော့ဘူး…”
“ငါက တခြားအဖွဲ့ဝင်တွေရဲ့ အခြေအနေကိုပါ သိချင်တဲ့အတွက်ကြောင့် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဝံပုလွေရိုင်းဂိုဏ်းက ကြီးကြပ်သူတစ်ယောက်ကို အလစ်အငိုက်ဖမ်းတိုက်ခိုက်ခဲ့တယ်။ သူ့ရှိကနေ ငါဟာ ဒုဂိုဏ်းချုပ်ဝူနဲ့ အကြီးအကဲတော်တော်များများက ဝံပုလွေရိုင်းဂိုဏ်းရဲ့ ကျွမ်းကျင်သူများစွာ ဝိုင်းတိုက်ခိုက်လို့ သေသွားခဲ့တဲ့အကြောင်းကို သိခဲ့ရတာပဲ။ ကျန်ခဲ့တဲ့သူ ဆိုလို့ ငါ့လိုမျိုး အရေးသိပ်မပါဘူးလို့ သတ်မှတ်ခံထားရတဲ့ ထွက်ပြေးလာတဲ့သူအချို့ပဲ ရှိတော့တယ်…”
“အဲ့သတင်းတွေ သိတဲ့နောက် ငါလည်း အချိန်ဖင့်မနေရဲတော့ဘဲ ရှိသမျှ ခွန်အား အသုံးပြုပြီး တောင်ရှိ အရောက်ပြန်လာခဲ့ရတာ။ လမ်းတဝက်မှာ ငါဟာ ငါ့လိုမျိုး တခြားနှစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံခဲ့သေးတယ်။ ဒီလိုနဲ့ ငါတို့တွေ အတူတူ ပူးးပေါင်းပြီး တစ်ရက်နဲ့တစ်ည ကြာအောင် ထွက်ပြေးပြီးတဲ့နောက် နောက်ဆုံးမှာ တောင်ပေါ် ပြန်ရောက်လာခဲ့ကြတာပဲ…”
“ငါတို့ ပြန်ရောက်လာတာနဲ့ အဲ့နှစ်ယောက်က ဂိုဏ်းချုပ်ဝမ်ကို ညှိနှိုင်းတဲ့အဖွဲ့တစ်ခုလုံး သုတ်သင်ခံရတဲ့အကြောင်း သတင်းပို့ဖို့ နေဝင်တောင်ထွတ်ဆီ သွားကြတယ်။ ငါကတော့ ငါ့ဒဏ်ရာကို ကုသအုံးမယ်လို့ အကြောင်းပြပြီး ငါတို့ တန်ပြန်တိုက်ခိုက်မယ့် ကိစ္စကို မင်းနဲ့ ဆွေးနွေးချင်လို့ မင်းရှိ ရောက်လာခဲ့တာ…”
“ခေါင်းဆောင်ဝူနဲ့ တခြားသူတွေ အမြောက်အများ သေဆုံးခဲ့ကြပေမယ့်လည်း တပည့်အချို့ကတော့ လွတ်မြောက်လာနိုင်ခဲ့တယ်။ ဂိုဏ်းမှာ ငါတို့ရဲ့ အဆင့်အတန်းဟာ မနိမ့်လွန်း၊မမြင့်လွန်း မဟုတ်လား။ ဒါ့ကြောင့် ခုလိုအခြေအနေ ကြုံရတဲ့အတွက် ပိုမြင့်မားတဲ့အဆင့်ရှိတဲ့သူတွေက ငါတို့ အပေါ် ဒေါသပုန်ချပြီး အပြစ်တင်၊မတင် ဘယ်သူ သိနိုင်မလဲ…”
“ငါ မင်းကို အရာအားလုံး ပြောလို့ မပြီးသေးခင်မှာပင် ဒီဝံပုလွေရိုင်းဂိုဏ်းက တောင်ထိ ကျူးကျော်လာခဲ့ပြီ။ အခု ငါတို့ ဘာလုပ်ရမလဲ မင်း ငါ့ကို ပြောတော့…”
လီဖေးယွီသည် အကူအညီမဲ့ဟန်ဖြင့် အသက်ပင်မရှုဘဲ တရပ်စပ် ပြောလိုက်သည်။
သူ့စကားကို ကြားသည့်အခါ ဟန်လိက မျက်မှောင်ကြုတ်ကာ သူ့ခေါင်းကို စဉ်းစားဖို့ အလုပ်ပေးရတော့သည်။
ထိုအခိုက်တွင် သတ်ဖြတ်မှုများ၊ တိုက်ပွဲများက ပိုပြင်းထန်လာနေသည်။ အချိန်နှင့်အမျှ သေအံမူးမူး လူများ၏ ဗလုံးဗထွေးအော်သံများ ဆူညံစွာ ထွက်ပေါ်နေသည်။
“တောင်ပေါ်မှာ မင်းရဲ့ လက်အောက်ခံတွေ ရှိသေးလား…” ဟန်လိက မေးလိုက်သည်။ သူ့အသံက အတော်လေး လေးနက်နေ၏။
ရှိတယ်။ အကြီးအကဲလီရဲ့ နေအိမ် အနီးအနားမှာ ငါ့လက်အောက်ခံ အယောက်နှစ်ဆယ်လောက် ရှိနေကြတယ်။ မူလတုန်းကတော့ ညှိနှိုင်းတဲ့အဖွဲ့ ပြန်ရောက်လာတဲ့နောက် ကိစ္စတချို့လုပ်ဖို့အတွက် သူတို့ကို ခေါ်ထုတ်ဖို့ ငါ စီစဉ်ထားခဲ့တာ။
ကောင်းပြီ။ ဒါဆို အကြီးအကဲလီနဲ့ မိန်းကလေးကျန်းရွှယ်အာတို့နဲ့ တွေ့ဖို့ကော၊ တခြားသူတွေကိုပါ စုစည်းဖို့ကော အခွင့်အရေး ရအောင်လို့ ငါတို့ အရင်ဆုံး အကြီးအကဲလီရဲ့ နေအိမ်ကို သွားကြမယ်။
“အင်း…ငါ မင်း စကားကို နားထောင်မယ်…”
“အခု အပြင်ဘက်မှာက အခြေအနေတွေ ရှုပ်ထွေးနေတယ်။ ငါ ရွှယ်အာကို တော်တော်လေး စိတ်ပူတယ်…”
လီဖေးယွီက စိတ်ပူပန်စွာ ပြောလာသည်။
ဟန်လိသည် စဉ်းစားဉာဏ်ပျောက်နေသော လီဖေးယွီကို ဖြတ်ခနဲ ကြည့်လိုက်သည်။ တဖက်တွင် လီဖေးယွီသည် ကျန်းရွှယ်အာကို အလွန်အမင်း စိတ်ပူနေသည်။ တခြားတဖက်တွင်လည်း သူက သူမကို အလျင်စလို လက်ထပ်ပြီးပါကလည်း သူ့အနေဖြင့် အချိန်အတော်ကြာ အသက်မရှင်နိုင်တော့သည်ဖြစ်၍ သူမက မုဆိုးမတစ်ယောက် ဖြစ်သွားလိမ့်မည်ကို ကောင်းကောင်းနားလည်နေသည်။
ဟန်လိက အဆောက်အအုံ ခေါင်မိုးပေါ်ကနေ ပေါ့ပေါ့ပါးပါး ခုန်ကာ ဆင်းလိုက်သည်။ တအောင့်အကြာတွင် လီဖေးယွီက သူ့နောက်မှ လိုက်ဆင်းသည်။
“တချို့အရာတွေလေးတွေ သွားယူဖို့ ငါ့ကို ခွင့်ပြုအုံး။ ပြီးတာနဲ့ ငါတို့ ချက်ခြင်း ထွက်မယ်…”
“အင်း…ဒါပေမဲ့ မင်း မြန်မြန်လုပ်နော်။ ငါ ရွှယ်အာရဲ့ လုံခြုံရေးအတွက် တကယ် စိတ်ပူနေတာ…”
ထိုစကား ကြားသည့်အခါ ဟန်လိသည် ဆွံအနေရုံသာ ရှိတော့သည်။
လီဖေးယွီက ရွှယ်အာဟူသော အမည်ကို ထပ်ခါထပ်ခါ ပြောနေခြင်းကို ဟန်လိက အထင်အမြင် သေးမိ၏။ ထို့အတူ သူက အားကျမိ၏။ မနာလိုဖြစ်မိ၏။
ဟန်လိသည် သည်လီဖေးယွီ၏ အချစ်မွှန်နေခြင်းကို ဆက်၍ အာရုံစိုက်မနေတော့ပေ။ သူက သူ့စိတ်ထဲရှိ လုပ်စရာ ကိစ္စရှိသည်များကို တွေးကာ သူ့အိမ်ထဲ ဝင်ပြီး သူ့အတွက် မရှိမဖြစ် အရာများကို မြန်မြန်ဆန်ဆန် ယူဆောင်နေသည်။