← Chapters

ရန်သူနှင့် ထိပ်တိုက်တွေ့ခြင်း

Vol. 6 Ch. 80

ရန်သူနှင့် ထိပ်တိုက်တွေ့ခြင်း

Vol. 6 Ch. 80

ထိုအမိန့်ပေးတံဆိပ်သည် ဂိုဏ်းချုပ်ဝမ် ကိုယ်တိုင်၏ အာဏာနှင့် ညီမျှပေသည်။ ထိုတံဆိပ်ပြားကို ကိုယ်ထားသူက အကြီးအကဲတစ်ယောက်ထက် အဆင့်နိမ့်သည် တပည့်အားလုံးကို အမိန့်ပေးနိုင်သည်။ ထိုလူဝက ခေါင်းဆောင်ဝမ်၏ ယုံကြည်ရသော လက်ထောက်တစ်ယောက် ဖြစ်ကာ ပြောကြသည်မှာ သူသည် ခေါင်းဆောင်ဝမ်နှင့် ဆွေမျိုးနီးစပ်တော်သည်ဟုပင် ဆိုသည်။ ထို့ကြောင့် ခေါင်းဆောင်ဝမ်က သူ ပေးလိုသော အမိန့် သို့မဟုတ် သိစေလိုသော အကြောင်းတခုခုရှိပါက ထိုလူဝကနေ တဆင့် ပြောခိုင်းတတ်သည်။

မကြာသေးမီက ဂိုဏ်းချုပ်ဝမ်သည် သည်အမိန့်ပေးတံဆိပ်ကို ထိုလူဝထံပေးကာ ကိစ္စတချို့ ဆွေးနွေးဖို့ အကြီးအကဲလီကို လာပြောခိုင်းခဲ့သည်။ သိုသော် ထိုလူဝက အမိန့်ကို ပြီးမြောက်ဖို့ ဖင့်ကြာနေပြီး နောက်ကျမှ ရောက်လာခဲ့သည်။ ထိုအခါ သူက နေဝင်ချိန်၌ တောင်ပေါ်သို့ ပြန်ခြင်းက ပင်ပန်းလွန်းမည်ဟု ခံစားမိခဲ့သည်။ ထို့ကြောင့် သူ့ကို ပေးလိုက်သော တာဝန်နှင့် ဂိုဏ်းချုပ်ဝမ်၏ ယုံကြည်မှုကို အသုံးချကာ အကြီးအကဲလီ၏အိမ်တွင် အချိန်ခဏ အနားယူပြီးမှ တောင်ပေါ်သို့ ပြန်မည်ဟု ဆိုသည်။

အကြီးအကဲလီသည် အကူအညီမဲ့စွာ သူနှင့် အလိုက်သင့် နေပေးရသည်။ အကြောင်းမှာ သူက ထိုလူဝကို ရန်မစဝံ့သောကြောင့်ပင်။ သူက ကျန်းရွှယ်အာနှင့် တခြားတပည့်များကို ခေါ်၍ ညတွင်းချင်း နေဝင်တောင်ထွတ်သို့ ထွက်လာခဲ့ပေသည်။

သို့သော် သည်အချိန်တိုအတွင်း တောင်ထိပ်၌ ဝံပုလွေရိုင်းဂိုဏ်း၏ ထိုးနှက်တိုက်ခိုက်လာမှုကြောင့် ဆိုးဝါးသော အပြောင်းအလဲများ ဖြစ်ကုန်သည်။ နဂိုတည်းက ကြောက်တတ်ရာတွင် နှစ်ယောက်မရှိသော ထိုလူဝသည် တယောက်တည်း မပြန်ချင်တော့ချေ။ သို့သော်လည်း လီနေအိမ်၏ ခြံဝန်းထဲတွင် ရှိနေသော လူအများစုမှာ ချီးရွှမ်ဂိုဏ်းတပည့်များ၏ မိသားစုဝင်များသာ ဖြစ်ပြီး သူတို့အများစုက သိုင်းပညာကို နကန်းတလုံး မသိကြသူများသည်။ အခုလက်ရှိ၌ သူတို့သည် တိုက်ပွဲသံများထဲမှ တစ်သံသံကို ကြားရတိုင်း ကြောက်လန့်ကာ ခေါင်းငုံ့နေကြ၏။

ကံကောင်းစွာဖြင့် မုယုံက ပြတ်ပြတ်သားသား ရှိသူတစ်ယောက် ဖြစ်နေခြင်းပင်။ သူက လီဖေးယွီ ချန်ထားပေးခဲ့သော သူ့လက်အောက်မှ တပည့်နှစ်ဆယ်ကို အကူအညီတောင်းခဲ့ကာ အတူတူ စုစည်းထားနိုင်ခဲ့သည်။

သည်နေရာက လူသူကင်းမဲ့ကာ တောင်ကို ကျော်၍ တည်ဆောက်ထားသောကြောင့် ထိုလူများသည် တောင်ပေါ်တွင် ဖြစ်ပျက်နေသော အလုံးစုံကို သဘောမပေါက်ကြပေ။ သူတို့သည် အချက်ပေးသံနှင့် ကျယ်လောင်သော တိုက်ပွဲသံများကို ကြားရလျှင်ပင် အဆုံးသပ်၌ ယင်းအသံများက အပြင်ဘက်တွင် ဖြစ်ပွားနေသော ကိစ္စများ ဖြစ်၍ သူတို့က မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်ဘဲ ရှိသည်။

ထို့ကြောင့် မုယုံက အခြေအနေကို အလျင်အမြန် သုံးသပ်ပြီး လူအချို့ကို အပြင်ဘက်သို့ စေလွှတ်ကာ သတင်းစုံစမ်းခိုင်းရန် စဉ်းစားသည်။ သို့သော် ထိုအခါ၌ သိုင်းပညာ နကန်းတလုံး မတတ်သော လူဝက ကြားဝင်ရှုပ်လာသည်။ သူက သတင်းထောက်လှမ်းမည်ကို ကာဆီးကာဆီးလုပ်ရုံသာမက အမိန့်ပေးတံဆိပ်ဖြင့်ပင် အပြင်ဂိုဏ်း၏ ဂျူနီယာတပည့်များအပေါ် မုယုံ၏ အခွင့်အာဏာကို ယူဆောင်ခဲ့သေးသည်။ ထိုသို့ဖြင့် သူက သည်နေရာကို ဘေးကင်းရန် စီစဉ်သည်။

မုယုံက ရန်သူ၏ သတင်းအမှန်ကို သိဖို့က အရေးကြီးလှသည်ကို သိသည်။ သူက ဒီလူဝနှင့် ယင်းကိစ္စကို အကြိမ်ကြိမ် ဆွေးနွေးကြည့်သည်။ သို့သော်လည်း လူဝက အကြောက်လွန်နေ၏။ သူက ဂိုဏ်းချုပ်ဝမ်၏ အမိန့်ပေးတံဆိပ်ပြကာ မုယုံကိုယ်တိုင်ကိုလည်း ကင်းထောက်လှမ်းဖို့ သွားခွင့်မပြုပေ။ ထိုလူဝက မုယုံသည် သူ့အသက်အတွက် ကာကွယ်ပေးမည့် သူ၏ ကိုယ်ရံတော်ဟု တွေးထင်နေသည့်အလား။

ထိုအခါ မုယုံသည် အခန်းထဲ၌ ဂနာမငြိမ် ဖြစ်ကာ ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက် ဖြစ်နေတော့သည်။ မည်သို့ပင်ဖြစ်စေ သူသည် နလပိန်းတုံး ထိုလူဝ၏ အမိန့်ကို နာခံနေရဆဲ ဖြစ်သည်။ ချီးရွှမ်ဂိုဏ်းတွင် အမိန့်မနာခံပါက အပြစ်ပေးခံရမည့် စည်းကမ်းများ ရှိပေသည်။

အပြစ်သေးပါက ထိုသူ၏ သိုင်းပညာကို ဖျက်စီးကာ ဂိုဏ်းမှ ထုတ်ပယ်ခံရမည်။ အပြစ်ကြီးလေးပါက ခေါင်းဖြတ်ခံရမည် ဖြစ်သည်။ မုယုံက အပြင်ဘက်တွင် ဖြစ်နေသော ကိစ္စရပ်များသည် ဂိုဏ်း၏ သေရေးရှင်ရေး ကိစ္စများ ဖြစ်နိုင်သည်ကို သေချာ သတိပြုမိသည်။ သို့သော် သူသည် ခြေတလှမ်းပင် မရွှေ့နိုင် ဖြစ်နေရသည်။

အခုအချိန်တွင် မုယုံသည် သူ့ကိုယ်သူ ကြီးမြတ်သူဟု ထင်နေသော ငကြောက်လူဝကို ရိုက်သတ်ပစ်ချင်နေသည်။ ထိုအတောအတွင်း ဟန်လိနှင့်လီဖေးယွီတို့သည် မည်သို့ဖြစ်ပျက်နေသည်ကို လုံးဝ မသိကြပေ။ ထို့ကြောင့် သူတို့က အကြီးအကဲလီ၏ နေအိမ်ထံ အလျင်စလို လာနေသည်။

လမ်းတွင် သူတို့သည် ရန်သူဓားပြများကို ကွေ့ပတ်ရှောင်သွားသည်။ သူတို့က တတ်နိုင်သမျှ သူတို့၏ လမ်းကြောင်းကို အလျင်အမြန် ဖုံးကွယ်ကြသည်။ သူတို့သည် အကြီးအကဲလီနှင့် ကီလိုမီတာတစ်ဝက်လောက်သို့ ရောက်လာသည့်အချိန်၌ ဝတ်ရုံနက်လူအုပ်စုနှင့် တည့်တည့်ကြီး တိုးမိခဲ့သည်။ ထိုအခါ သူတို့၏ တည်ရှိမှုကို မဖုံးကွယ်ထားနိုင်တော့ပေ။ ဤသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ် ရန်သူနှင့် ထိပ်တိုက်တွေ့တာ ဖြစ်၏။

လက်ရှိ၌ ဓားမော့များ ကိုင်ထားသော ဝတ်ရုံနက် ဆယ်ယောက်ကျော် ရှိနေကာ သူတို့သည် ဟန်လိ၊လီဖေးယွီနှင့် ဝိညာဉ်သေတို့ကို ဝိုင်းထားသည်။

သူတို့၏ ဝတ်ပုံစားပုံကို ကြည့်ကာ ဟန်လိသည် သူတို့၏ အင်္ကျီလက်အိုးများ၌ အဖြူရောင်အစင်းကြောင်းတစ်ခုကို ထိုးထားသော သူများသည် ဒီအုပ်စုတွင် အားအနည်းဆုံး ဖြစ်သူများမှန်း သိလိုက်သည်။ အဖြူရောင်အစင်းကြောင်းနှစ်ခု အင်္ကျီလက်အိုးပေါ်တွင် ထိုးထားသော သူတို့မှာ ပို၍ သန်မာပုံရမည်။ သို့သော် အသန်မာဆုံး ရန်သူများကမူ အဖြူရောင်အစင်းကြောင်းသုံးခု အင်္ကျီလက်အိုးအပေါ် ထိုးထားသော သုံးယောက် ဖြစ်သည်။ ထိုထဲမှ မျက်နှာပေါ်တွင် အမာရွတ်များရှိသော သူက သည်အုပ်စု၏ ခေါင်းဆောင်ဖြစ်တာ သိသာနေသည်။

ထိုမျက်နှာအမာရွတ်ဖြင့် ခေါင်းဆောင်က သူတို့ တိုင်းထားသော ဟန်လိတို့ အုပ်စုကို သေချာ စူးစမ်းနေသည်။ သူက ကြိတ်၍ ခေါင်းခြောက်နေမိသည်။

ထိုခေါင်းဆောင်ဖြစ်သူက ယခုလိုမျိုး ခံစားမိသည်မှာ မထူးဆန်းပေ။ ဟန်လိတို့ သုံးယောက်၌ လီဖေးယွီက အလယ်တွင် ရှိနေကာ သူ့ပုံစံက ညစ်ပေဆုတ်ပြတ်နေကာ တောသားတစ်ယောက်လို ထင်ရ၏။ ဟန်လိ၏ မျက်လုံးများကမူ စိတ်စံစားချက် ကင်းမဲ့ကာ သူ့အသားအရေမှာလည်း သိုင်းပညာ နကန်းတလုံးမှ မသိသော လယ်သမားတစ်ယောက်နှင့် တူနေသည်။ သို့သော် ထိုသူတို့ထံမှ ဖိအားကို ပေးစွမ်းနေသည်။ သူတို့အပြင် သွေးများစွန်းပေနေသော ဝိညာဉ်သေလည်း ရှိသေးသည်။

မျက်နှာအမာရွတ်ဖြင့် ခေါင်းဆောင်က ကျန်းဟူ၌ အတွေ့အကြုံ ကြွယ်ဝသော်လည်း သူသည် စဉ်းစားမရ ဖြစ်နေသည်။

သူက သူ့ငယ်သားများထံ လှမ်းကြည့်ကာ သတိမပေါ့ရန် အချက်ပြသည်။ ထို့နောက် သူသည် ရန်သူအုပ်စုထံ ကျယ်လောင်စွာ လှမ်းပြော၏။ “မင်းတို့ ဘယ်သူပဲ ဖြစ်ဖြစ်၊ ချီးရွှမ်ဂိုဏ်းက ကျရှုံးသွားပြီ။ ဒါ့ကြောင့် အညံ့ခံပါ။ မင်းတို့အသက်ကို ချမ်းသာပေးမယ်…”

ဟန်လိက ပြုံးသည်။ သူက လီဖေးယွီထံ ခေါင်းလှည့်ကာ ပြောလိုက်သည်။ “ဒီကိစ္စကို ဘယ်သူ ကိုင်တွယ်မလဲ။ မင်း ကိုင်တွယ်မလား၊ ဒါမှမဟုတ် ဝိညာဉ်သေကို ကိုင်တွယ်ခိုင်းလိုက်ရမလား…”

လီဖေးယွီက သူ့စကားကို နားထောင်နေပြီး သူ့မျက်လုံးက ဖြတ်ခနဲ အရောင်လက်သွားသည်။ သူက ပြန်ဖြေသည်။ “ဒီလူတွေ ကြည့်ရတာ ရေလှိုင်းဂိုဏ်းရဲ့ အဆင့်နိမ့်တပည့်တွေ ဖြစ်ပုံပဲ။ ငါ ဝံပုလွေရိုင်းဂိုဏ်းရဲ့ ဓားပြတွေကို အမဲလိုက် သတ်ဖြတ်ခဲ့တာ ကြာခဲ့ပြီ။ ဒါ့ကြောင့် ငါ့မကျေနပ်ချက်တွေကို သူတို့အပေါ် ပေါက်ကွဲခွင့်ပြုလိုက်။ ဒါ့အပြင် သူတို့လက်နက်တွေကို ငါ အသုံးပြုရမယ့် တစ်ခုလည်း ရှိသေးတယ်…”

လီဖေးယွီသည် သူ့စကားကို အဆုံးသပ်သည့်အချိန်၌ ရန်သူတို့က ဓားရေး ပြင်လိုက်ကြသည်။ ဖြတ်ခနဲ လီဖေးယွီသည် သူနှင့် အနီးဆုံးရှိ ဝတ်ရုံနက်လူရှေ့သို့ ရောက်သွားသည်။

ထိုသူမှာ အံ့အားသင့်သွားကာ သူ့ဓားမော့ကို ပင့်ခုတ်ရန်ပါ မေ့လုနီးပါး ဖြစ်သွား၏။ သို့သော် သူ့လက်ထဲရှိ ဓားမှာ ရန်သူ့လက်ထဲ ကျရောက်သွားသည်ကို တွေ့လိုက်ရသည်။ သူက ချက်ခြင်း ထိတ်ပြာကာ နောက်ဆုတ်သည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။ ဖြတ်ခနဲ ဓားအလင်း လင်းလက်ကာ သူ့ခေါင်းနှင့်ကိုယ်သည် အိုးစားကွဲသွားတော့သည်။

သေသပ်သော၊ မြန်ဆန်သော ဆက်တိုက်လှုပ်ရှားမှုများ ဆက်လာသည်။ လီဖေးယွီသည် ရေလှိုင်းဂိုဏ်းမှ တပည့်များ ပြန်မတုန့်ပြန်နိုင်ခင်မှာပင် ထိုသူများ၏ ဓားမော့များကို လုယူကာ သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်သည်။

ကျန်သူများ၏ အမူအရာများမှာ ကြီးစွာ ပြောင်းလဲကုန်၏။ အထူးသဖြင့် မျက်နှာအမာရွတ်ဖြင့် ခေါင်းဆောင် ဖြစ်သူပင်။ သူ့သိုင်းပညာက တခြားသူများထက် သာလွန်သောကြောင့် သူက အခြေအနေကို ပိုသိသာ စိတ်ဓာတ်အောက်ဆုံးထိ ထိုးကျသွား၏။ သူသည် အတိတ်တုန်းက ကျွမ်းကျင်သူများစွာ ပျက်စီးခြင်း ကြုံခဲ့ရသည်များအား မှတ်မိသွား၏။ ထို့ကြောင့် သူသည် ပြတ်ပြတ်သားသား အမိန့်ပေးတော့သည်။ “အားလုံး…နောက်ဆုတ်တော့။ မြန်မြန်အချက်ပြပြီး ကျွမ်းကျင်သူတွေကို အကူအညီခေါ်ကြ…”

သူ့စကားကို အခြားဝတ်ရုံနက်များသည် အာရုံစိုက်ကြသည်။ သူတို့သည် နောက်သို့ အမြန် ပြန်ဆုတ်သည်။ သူတို့၏ စက်ဝန်းပုံ ဝိုင်းနေသော အနေထားကြောင့် သူတို့သည် အဘက်ဘက်သို့ ပြန့်ကြဲကာ အလျင်အမြန် ထွက်ပြေးကုန်သည်။ တချို့က သူတို့၏ အိတ်ထဲမှ တစုံတစ်ခုကို ထုတ်ယူသည်။ ယင်းမှာ အကူအညီတောင်းခံဖို့ အချက်ပြသည့် ပစ္စည်းများပင်။

အဖြူရောင်အစင်းကြောင်းနှစ်ခု အင်္ကျီလက်အိုးတွင် ထိုးထားသော ဝတ်ရုံနက်လူက အမြန်ဆုံး ဖြစ်သည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူသည် လေးမီတာနီးပါးသို့ ရောက်သွားသည်။

သူက အသက်ဘေးကနေ ထွက်ပြေးနိုင်ပြီ ဟူသော မျှော်လင့်ချက်ဖြင့် ကြိတ်၍ ပျော်မိ၏။ သို့သော် သူသည် သူ့လည်ပင်းမှ အေးစက်စက်ခံစားချက်ကို သတိမပြုမိပေ။ တအောင့်အကြာတွင် ထိုခံစားချက်က သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ ထိုအခါ သူသည် တုန်လှုပ်မိကာ အဆုပ်ကွဲသည့်အထိ အော်ချင်မိသည်။ သို့သော် သူက သူ့ခန္ဓာကိုယ်ကို မပိုင်တော့ပေ။ သူ့ခွန်အားများ ဆုံးရှုံးသွားကာ သူသည် မြေပြင်ထက်သို့ တဖြည်းဖြည်း ပြိုလဲသွားတော့သည်။ သူက ခြေတလှမ်းပင် လှမ်းနိုင်စွမ်း မရှိတော့ပါ။

ထိုအခိုက်တွင် သူသည် ဓားတစ်လက်က သူ့လည်ပင်းကို ထွင်းဖောက်သွားခဲ့ပြီမှန်း သဘောပေါက်သွားတော့သည်။

ထိုဝတ်ရုံနက်သူသည် သေခါနီးထိ သူ့အဖြစ်ကိုယ်သူ လက်မခံနိုင်ခဲ့ပေ။ သူသည် အဝေးဆုံး ထွက်ပြေးလာနိုင်ခဲ့တာ ထင်ရှားသည်။ ထို့ကြောင့် သူသည် ခုလောက်မြန်မြန် မည်သို့မည်ပုံ သေသွားခဲ့ရသနည်း။

သေအံမူးမူး ဖြစ်နေချိန် သူက အတင်းအားတင်းကာ ခေါင်းလှည့်ကြည့်သည်။ သေမင်းတံခါးဝအတွင်း ဝင်ခါနီးအချိန်၌ သူသည် နောက်ဆုံးအချိန်မှာ သူနှင့် သိပ်မဝေးသော နေရာ၌ ဝတ်ရုံနက်တစ်ယောက်နှင့် ရိပ်ခနဲရိပ်ခနဲ ရှိနေသော အရိပ်တစ်ခုကို လှမ်းမြင်သည်။ ဖြတ်ခနဲ လင်းလက်မှုနှင့်အတူ ဝတ်ရုံနက်သူ့ဂိုဏ်းဝင်မှာ လဲကျသွားသည်။ ထို့နောက်တွင် နောက်ထပ် သူ့ဂိုဏ်းဝင်တပည့်တစ်ယောက်နှင့် အဖြူရောင်အလင်းလင်းလက်မှုမှာ သူ့အမြင်တွင် ပေါ်လာခဲ့သည်။ ဓားတစ်လက်က ထိုတပည့်၏ လည်တိုင်ကိုပါ ထပ်မံ၍ ထွင်းဖောက်သွားပြန်သည်။ သူ့လိုပင် သူ့ဂိုဏ်းဝင်များ၏ ခန္ဓာကိုယ်များသည် မြေပြင်ထက်သို့ လဲပြိုကျကာ သူတို့၏ လည်တိုင်မှ သွေးများ စိမ့်ကျနေတော့သည်။

ထိုအရိပ်၏ လျှပ်တပြတ် သတ်ဖြတ်မှုများကို မျက်မြင်တွေ့ရသည့်နေက် သည်ဝတ်ရုံနက်သူသည် ပြုံးကာ သူ၏ သေခြင်းကို လက်ခံလိုက်တော့သည်။ အကြောင်းမှာ သူက သူ တစ်ယောက်တည်း သေတာ မဟုတ်မှန်း သိသွားသောကြောင့်ပင်။ မကြာမီတွင် သူနှင့်အတူ မရဏလမ်းကို တခြားသူများစွာ လိုက်ပါလာကြမည် မဟုတ်လား။

All Chapters