ကျားထျန်လုံ
Vol. 6 Ch. 81
အခုအချိန်၌ ရွှေရောင်ဝံပုလွေ(ဝါ) ကျားထျန်လုံသည် အူမြူးကာ ဘဝင်ခိုက်နေသည်။ စိတ်လှုပ်ရှားမှုကြောင့် ပုံမှန်အားဖြင့် သူ၏ ဖြူရော သုန်မှုန်နေသော မျက်နှာပင် အနည်းငယ် အရောင်တောက်နေသည်။
သူ အခုလို အမူဟန်ပန် ဖြစ်နေတာ အံ့အားသင့်စရာတော့ မရှိပေ။ တကယ်တော့ ချီးရွှမ်ဂိုဏ်းသည် ဝံပုလွေရိုင်းဂိုဏ်း၏ ကမ္ဘာမကြေ ရန်သူ မဟုတ်လား။ သူ၏ အကြံအစည်အောက်၌ အသက်ရှင်သော သူများအားလုံးမှာလည်း သူ့ရှေ့တွင် ကျရှုံးရလိမ့်မည်။ ဝံပုလွေရိုင်းဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်အဖြစ် သူသည် မောက်မာခွင့်ရှိသည် မဟုတ်လား။
တောင်ခြေနှင့် နေဝင်တောင်ထွတ်တို့ကြား လမ်းတဝက်၌ သူ ရပ်နေခြင်း ဖြစ်၏။ ချီးရွှမ်ဂိုဏ်း၏နယ်နိမိတ်အစပ် ကင်းစခန်း ပတ်ပတ်လည်တွင်လည်း ဝံပုလွေရိုင်းဂိုဏ်း၏ သံကိုယ်ရံတော်အဖွဲ့ဝင်များ ရှိနေကြသည်။ သူတို့က အနီရောင်ဝတ်ရုံများ ဝတ်ဆင်ထားကာ အယောက် ငါးဆယ်၊ခြောက်ဆယ်လောက် ရှိမည်။ ကျားထျန်လုံက အပင်ပန်းခံ၊အားစိုက်ထုတ်ကာ သူ၏ ဒီသံကိုယ်ရံတော်အဖွဲ့ကို တည်ဆောက်ခဲ့တာ ဖြစ်၏။ ထိုအဖွဲ့ဝင်များသည် သိုင်းပညာ မြင့်မားရုံသာမက သူ့အပေါ်တွင်လည်း သစ္စာရှိကြသူများပင်။
သူသည် ထိုအဖွဲ့ကို တန်ဖိုးထားကာ ပုံမှန်တိုက်ပွဲများတွင် အသုံးပြုလေ့ မရှိပေ။ သို့ပေမည့် အခုအခါ၌ သူသည် ထိုတဖွဲ့လုံးကို သူနှင့်အတူ ခေါ်လာခဲ့ကာ ဂိုဏ်းသေး၊ဂိုဏ်းလတ်များကို ပြဿနာ ရှာခဲ့ပြီး ဖြစ်သည်။ ပုန်ကန်ရန် စီစဉ်နေကြသော သတ္တုလှံအဖွဲ့နှင့် ကျိုးပျက်ရေအဖွဲ့တို့၏ ခေါင်းဆောင်များမှာ သူ့အမိန့်ကို အတင်းအကြပ် နာခံနေရသည်။
တကယ်တော့ ထိုဂိုဏ်းငယ်များသည် ဝံပုလွေရိုင်းဂိုဏ်း တဂိုဏ်းတည်း ကြီးစိုးမည်ကို မမြင်ချင်ကြပေ။ သူတို့က ချီးရွှမ်ဂိုဏ်းနှင့် ဝံပုလွေရိုင်းဂိုဏ်းတို့လို အင်အားစုကြီးနှစ်ခုသည် အာဏာပြိုင်နေဖို့သာ မျှော်လင့်မိသည်။ သို့မှသာ သူတို့လို ဂိုဏ်းငယ်များသည် တည်ရှိနေနိုင်မည် မဟုတ်လား။
ကျားထျန်လုံက ပီပြင်သော စိတ်ဓာတ်ရှိသူ မဟုတ်ပေ။ သူသည် ထိုဂိုဏ်းငယ်များ၏ ခေါင်းဆောင်များ၏ ကလေးငယ်များကို ပြန်ပေးဆွဲထားသလို သည်တိုက်ပွဲ၌ ဝံပုလွေရိုင်းဂိုဏ်းကို ကူညီပေးပါက အကျိုးအမြတ် ရမည်ဟု ကတိပေးထားခဲ့သည်။ ထို့ကြောင့် ဂိုဏ်းငယ်များသည် ဝံပုလွေရိုင်းဂိုဏ်းဘက်သို့ ရောက်နေသည်မှာ ကြာခဲ့ပြီပင်။
အတွေးထဲ မြောနေစဉ် ကျားထျန်လုံက အနီးအနားတွင် ရပ်နေသော ဂိုဏ်းငယ်များ၏ ခေါင်းဆောင်များထံ လှမ်းကြည့်လိုက်သည်။
ခုအခါ၌ ထိုသူများသည် မျက်နှာငြှိုးငယ် နေကြသည်။ ကျားထျန်လုံ၏အကြည့်က သူတို့ထံ ကျရောက်လာသည့်အခါ သူတို့က သူ့ကို တချက်ပြန်ကြည့်တာ၊ သို့မဟုတ် အကြည့်ရှောင်တာကို ပြုလုပ်ကြသည်။
ထိုအခြေအနေကို မြင်သည့်အခါ ကျားထျန်လုံသည် စိတ်ထဲကနေ အေးစက်စက် ရယ်မောလိုက်သည်။ သူ့အာရုံကို ရှေ့တည့်တည့်သို့ ပြန်စိုက်ထားလိုက်ပြီး သူသည် ချီးရွှမ်ဂိုဏ်းကို အနိုင်ယူပြီးနောက် ထိုဂိုဏ်းငယ်များကို သိမ်းပိုက်ဖို့ အစီအစဉ်ကို စတွေးနေသည်။
ကျားထျန်လုံ၏ ရှေ့တွင် လူတစ်ထောင်နီးပါး ရှိနေသည်။ ထိုသူများသည် မတူညီသော ဝတ်ရုံများကို ဝတ်ဆင်ပြီး ကိုင်ဆောင်ထားသော လက်နက်များမှာလည်း မတူကြပေ။ သူတို့သည် ချီးရွှမ်ဂိုဏ်း၏ ကင်းစခန်းများကို ပျားအုပ်ကဲ့သို့ တိုက်ခိုက်ခဲ့ကြသည်။ သူတို့ကြား၌ ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့သဖြင့် အထိအခိုက်များစွာ ဖြစ်ခဲ့သည်။
သို့သော် ကျားထျန်လုံသည် အရေးမစိုက်ပေ။ ခုလက်ရှိ တိုက်ခိုက်နေသော သူများသည် သူ၏ ဝံပုလွေရိုင်းဂိုဏ်းမှ မဟုတ်။ သူတို့မှာ သတ္တုလှံအဖွဲ့နှင့် ကျိုးပျက်ဂိုဏ်းမှ လူများသာ ဖြစ်သည်။ စကတည်းက သူတို့သည် နေဝင်တောင်ထွတ်ကို သိမ်းပိုက်နိုင်မည့် စွမ်းရည် ထိုသူတို့၌ ရှိနေလိမ့်မည်ဟု သူက မမျှော်လင့်ထားပေ။ သူက တခြားဂိုဏ်းငယ်များမှ လူများကို ကင်းစခန်းများ၏ စွမ်းအားကို လျော့ပါးကာ အသုံးမဝင်အောင် ဖြစ်စေခြင်း၌သာ လိုချင်ခဲ့တာ ဖြစ်သည်။ ထိုသို့ဖြစ်ပါက သူ၏ ထိပ်တန်းအဖွဲ့နှင့် ဒူးလေးသမားများသည် ခြေကုန်လက်ပမ်းကျနေသော ကျန်သည့် ကင်းစခန်းများကို လွယ်လင့်တကူ သိမ်းပိုက်သွားနိုင်မည် ဖြစ်သည်။
စစ်တပ်သုံး အမြန်ပစ်မီးဒူးလေးများအကြောင်း တွေးမိကာ ကျားထျန်လုံ၏ တည်ငြိမ်နေသော အမူအရာအတွင် စိတ်ကျေနပ်ဟန် အရိပ်အမြွက် ပေါ်လာသည်။
သည်တကြိမ်၌ ဝံပုလွေရိုင်းဂိုဏ်းသည် ရန်သူ့အဖွဲ့၏ ကင်းစခန်းများကို အသာစီးယူ၍ လွယ်လွယ်ကူကူ ဖြတ်ကျော်လာနိုင်ခြင်းမှာ ယင်းဒူးလေးများကြောင့်လည်း ပါသည်။
မဟုတ်ပါက ရန်သူအဖွဲ့ဝင်များကို အပြုတ်တိုက်ဖို့ မဖြစ်နိုင်ပေ။ နေဝင်တောင်ထွတ်၏ ကင်းစခန်း ဒါဇင်ချီကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ဝံပုလွေရိုင်းဂိုဏ်းဝင်များမှာလည်း အင်အား အတော်လေး ချည့်နဲ့ သွားရလိမ့်မည်။ ထိုအခါကျလျှင် ဂိုဏ်းငယ်များကို သိမ်းပိုက်မည့် သူ့အနာဂတ် အစီအစဉ်အတွက် နှောင့်နှေးသွားစေမည် ဖြစ်သည်။
ကျားထျန်လုံက သည်စစ်တပ်သုံး ဒူးလေးများကို ရဖို့ များများစားစား အားမစိုက်ထုတ်ခဲ့ရပေ။ ထိုအစား ယင်းလက်နက်များက သူ့အိမ်တွင် အလိုလို ပေါ်လာခဲ့သည့်အလား မှတ်ရသည်။
ကျားထျန်လုံက ထိုကိစ္စကို ပြန်စဉ်းစားမိသည့်အခါတိုင်း သူက အတော်လေး ကျေနပ်ရသည်။
ထိုအဖြစ်အပျက်သည် လွန်ခဲ့သောသုံးလခန့်က သူ ဌာနချုပ်တွင် ချီးရွှမ်ဂိုဏ်းကို တိုက်ခိုက်ဖို့ အစီအစဉ် ဆွဲနေစဉ်က ဖြစ်ခဲ့တာပင်။ ထိုစဉ်က သူသည် သူ့ကို တွေ့ချင်သည်ဟု ဆိုသော သူ၏ ဆွေမျိုးဟူသည့် မင်းမှုထမ်းအရာရှိဖြစ်သူနှင့် တွေ့ဆုံခဲ့သည်။ စစချင်းတော့ ကျားထျန်လုံသည် အံ့အားသင့်ခဲ့သေးသည်။ ကျားထျန်လုံက ထိုမင်းမှုထမ်းအရာရှိနှင့် တွေ့ခဲ့ကာ ထိုသူသည် အမှန်တကယ်ပင် သူ့အဖေဘက်မှ ဝမ်းကွဲအကို ဖြစ်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ လွန်ခဲ့သော ဆယ်နှစ်က ဝံပုလွေရိုင်းဂိုဏ်းသည် မြင်းစီးဓားပြအဖွဲ့အဖြစ်သာ ရှိနေခဲ့တုန်းက ဂိုဏ်း၏ တချို့အဖွဲ့ဝင်များသည် လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ကျန်းစီရင်စုနန်းတွင်းကောင်းစီ၏ စစ်တပ်အတွင်း ဝင်ရောက်ရန် အမိန့်ပေးခံရသည်။
ထိုဝမ်းကွဲအစ်ကို သည်အုပ်စုတွင် ပါသွားခဲ့တာ ဖြစ်သည်။ နှစ်များ ကြာလာသည့်အခါ သူ၏ ဝမ်းကွဲအစ်ကိုသည် မထင်မှတ်စွာ စစ်တပ်၏ ဒုဗိုလ်ရာထူးကို ရယူနိုင်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် သူ့ဝမ်းကွဲအစ်ကိုသည် ကျင်းစီရင်စုထံ ကုန်ပစ္စည်းများ သွားပို့ဆောင်ရာတွင် စောင့်ရှောက်ဖို့ တာဝန်ယူရပြီး သွားလမ်းတွင် ရှိနေခဲ့ချိန် သူက ဝံပုလွေရိုင်းဂိုဏ်း၏ ခေါင်းဆောင်၊ ကျားထျန်လုံအကြောင်း ကြားခဲ့ရခြင်းပင်။ ထိုအခါ လမ်းကြုံနေ၍ သူက သူ့ဝမ်းကွဲညီထံ လာရောက်လည်ပတ်ခဲ့သည်။
သူတို့နှစ်ယောက် တွေ့ဆုံခဲ့ချိန်၌ သတိတရ နှုတ်ဆက်စကားများ ဆိုကာ ပြီးခဲ့သော နှစ်များက အတွေ့အကြုံများအကြောင်း အပြန်အလှန် ပြောဆိုခဲ့သည်။ ကျားထျန်လုံသည် ချီးရွှမ်ဂိုဏ်းနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် အကြောင်း ပြောလာသည့်အခါ သူသာ ကျားထျန်လုံကို အရည်အသွေးမြင့် အမြန်ပစ်မီးဒူးလေး ရာချီကို ပံ့ပိုးပေးပါက ချီးရွှမ်ဂိုဏ်း၏ ခုခံမှုသည် အလျင်အမြန် ကျရှုံးလိမ့်မည်ဟု ဆိုလာခဲ့သည်။ ကျားထျန်လုံသည် ချီးရွှမ်ဂိုဏ်း၏ လူတိုင်းကို တစ်ယောက်မှ မကျန်သည့်အထိ သတ်ပစ်နိုင်လိမ့်မည်ဟု ဆိုသည်။
သူ့ဝမ်းကွဲက ထိုကိစ္စကို သာမန်ကာလျှံကာ ပြောလိုက်တာ ဖြစ်သော်လည်း နားထောင်နေသော ကျားထျန်လုံ၏ စိတ်နှလုံးမှာ တချက် ခုန်ပေါက်သွားသည်။ သူက သူ့ဝမ်းကွဲထံမှ ထိုဒူးလေးများ သူ့ကို ပေးဖို့ ကြိုးစား တောင်းဆိုတော့သည်။ သူ့ဝမ်းကွဲသည် နည်းငယ် ရယ်မောကာ သူ ပို့ပေးရမည့် ကုန်ပစ္စည်းများသည် ထိုအမြန်ပစ်မီးဒူးလေးများ ဖြစ်ကြောင်း ရိုးရိုးသားသား ပြောပြလာသည်။ သူက ကျားထျန်လုံကို မပေးနိုင်၍ မဟုတ်။ ဒူးလေးများများစားစား ယူချင်ပါက အစိုးရအမှုထမ်းများကို ငွေစကြေးစ တံစိုးလက်ဆောင် ပေးရမည်ဟု ဆိုသည်။
ကျားထျန်လုံသည် သူ့ဝမ်းကွဲ ပြောသည်ကို အားတက်သရော သဘောတူကာ တခါတည်း ငွေတုံးနှစ်တုံး သုံးဆွဲကာ သူ့ဝမ်းကွဲထံမှ ထိုဒူးလေးသုံးရာကို လဲလှယ်ခဲ့ပေသည်။ သူက ယင်းတို့ကို သူ ယုံကြည်ရသော ငယ်သားများကို ပေးကာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်အောင် လေ့ကျင့်ခိုင်းထားသည်။
“သူတို့ရဲ့ ခံစစ် ကျိုးပျက်သွားပြီ…”
မြေကြီးပါ တုန်လှုပ်စေသော အသံများ ဟိန်းထွက်လာကာ ကျားထျန်လုံသည် အတွေးအမျှင်တန်းနေရာကနေ မင်သက်သွားမိသည်။
သူက အံ့အားသင့်မိသွားကာ ခေါင်းမော့၍ ချီးရွှမ်ဂိုဏ်း၏ တောင်ထိပ်ပေါ်မှ ကင်းစခန်းများကို လှမ်းကြည့်သည်။ ထိုအခါ ယင်းကင်းစခန်းဝင်ပေါက်များသည် အမှန်တကယ် ကျိုးပျက်ကာ ဂိုဏ်းငယ်များမှ လူများ ခုန်ပေါက်နေသည်ကို လှမ်းမြင်သည်။
ကျားထျန်လုံသည် မျက်မှောင်ကြုတ်သွား၏။ သူက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသည်။ ခံစစ်၏ သဘောအရ နောက်ဆုံးခံစစ်များသည် တိုက်ခိုက်ဖို့ ပိုခက်ခဲပေသည်။ သူ၏ သံကိုယ်ရံတော်အဖွဲ့က ဝင်တိုက်ပါက ခုလောက်မြန်မြန် ချိုးဖျက်နိုင်ခြင်းမှာ ယုတ္တိရှိသေးသည်။ အခု သည် သောင်းပြောင်းထွေလား ဖြစ်နေသော ဂိုဏ်းငယ်များမှ လူများက ချီးရွှမ်ဂိုဏ်း၏ နောက်တန်းခံစစ်များကို မည်သို့ ခုလောက်မြန်မြန် ချိုးဖျက်နိုင်ရသနည်း။ သည်ကစားပွဲ၌ တခြားလျှို့ဝှက်ပူးပေါင်းသူများ ရှိနေသေးသည်လော။
ကျားထျန်လုံ မျက်နှာထက်၌ သုန်မှုန်သော အမူဟန်ပန် ပေါ်လာသည်။ ကျားထျန်လုံအကြောင်း သိကြသော သူတိုင်းသည် ထိုအမူဟန်ပန်က သူ့စိတ်ထဲ၌ မကျေနပ်သည့် လက္ခဏာမှန်း သိသည်။ အခုအချိန်၌ သူ့ကို ရန်စမိသူတိုင်းသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သေဖို့များပေမည်။
“ခံစစ်ကျိုးပျက်သွားပြီ ဆိုမှတော့ ကျုပ်တို့ ဘာကြောင့် မလှုပ်ရှားသေးတာလဲ…”
လူအုပ်ထဲမှ အသံတသံ ဟိန်းထွက်လာသည်။ ထိုအသံပိုင်ရှင်သည် ကျားထျန်လုံကို တစက်လေးမျှ လေးစားမှု မပြသပေ။
သို့အတွက် ခေါင်းဆောင်ကျားထျန်လုံက ဒေါသပုန်ထသွားရမည် ဖြစ်၏။ သို့ပေမည့် ဒေါသထွက်ရမည့်အစား သူသည် ခေါင်းလှည့်ကာ တလေးတစား ပြောလာသည်။ “အရှင်ကျန်း…ကျုပ်တော့ ဒီဝင်ပေါက်ကျိုးပျက်သွားတဲ့အပေါ် တခုခု မှားနေတယ်လို့ ခံစားမိတယ်။ အထဲမှာ ထောင်ချောက် ရှိနေမှာ စိုးမိတယ်။ ကျုပ်တို့ နည်းနည်း သတိပိုထားရင် ကောင်းမယ် ထင်တယ်…”
“မင်းက ဘာကို ကြောက်နေတာလဲ။ မင်း ဘေးမှာ ငါ ရှိတဲ့အတွက် ဒီသာမန်လူတွေက မင်းကို ထိခိုက်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။ သွားကြစို့…သွားကြစို့။ ငါ တညလုံး ဒီမှာ ရှိနေတာ အတော် ပင်ပန်းနေပြီ…။ ငါတို့ ချီးရွှမ်ဂိုဏ်းကို မြန်မြန် သိမ်းပိုက်နိုင်လေလေ ငါ မြန်မြန် အနားယူလို့ရလေပဲ…”
သည်အသံသည် နားကလောလှပေသည်။