← Chapters

ရွှေအလင်းဘုန်းကြီးပု

Vol. 6 Ch. 82

ရွှေအလင်းဘုန်းကြီးပု

Vol. 6 Ch. 82

ထိုသို့ ပြောလာသူမှာ ကျားထျန်လုံ ဘေးတွင် ရပ်နေသော အရပ်သုံးပေသာ ရှိသည့် လူပုတစ်ယောက်ပင်။

ထိုလူပုသည် အသက်လေးဆယ်လောက် ရှိကာ သူ့ပိတ်ပါးသော ခန္ဓာကိုယ်ပေါ်၌ ရွှေချည်မျှင် ထိုးထားသော အနီရောင်ဝတ်ရုံကို ခြုံလွှမ်းထားသည်။ သူ့လက်ချောင်း၌ ရွှေလက်စွပ်၊ လည်ပင်းတွင် ရွှေဆွဲကြိုး တခု ရှိနေသည်။ သူ့ ခါးပတ်လည်မှာ ရွှေခေါင်းလောင်းများ ချိတ်ဆွဲထားသေးသည်။ သူ ပါးစပ်ဟကာ စကားဆိုသည့်အခါ၌လည်း သူ၏ ရွှေသွားကို အထင်းသား မြင်ရသည်။

အခုအခါ၌ သူသည် စိတ်မရှည် ဖြစ်နေသည်။ သူသည် ကျားထျန်လုံ၏ သတိထားနေခြင်းအပေါ် အတော် မကျေမနပ် ဖြစ်နေတာ ထင်ရှားသည်။

ကျေးရွာတစ်ရွာမှ လူချမ်းသာ ကုန်သည်တစ်ယောက်ပုံ ဖြစ်နေသော ထိုလူပုက ကျားထျန်လုံကို မလေးမစားသော စကားများ ပြောဝံ့နေသည်။ ထို့ကြောင့် ကျားထျန်လုံ၏ သစ္စာရှိ သံကိုယ်ရံတော်များသည် လူပုကို အစိမ်းလိုက် ဝါးစားမည့်အလား စိုက်ကြည့်လာသည်။

လူပုသည် ထိုသံကိုယ်ရံတော်များ၏ မျက်လုံးထဲ၌ ကျားထျန်လုံအပေါ် သစ္စာရှိမှုနှင့် ဒေါသကို မြင်သည်။ သူက အေးတိအေးစက် ရယ်မောလိုက်သည်။ သူက ထိုသူအားလုံးကို မျက်လုံးထဲ ထည့်မထားသည့်အလား။ သူက ပို၍ပင် မောက်မောက်မာမာ ပြောလာသည်။

ခေါင်းဆောင်ကျား…ခင်ဗျားက ကျုပ်ကို ရွှေစင်သုံးရာနဲ့ ဖိတ်ခေါ်ခဲ့တယ်။ ခင်ဗျား သုံးစွဲခဲ့တဲ့ ငွေတွေက တညလုံး ကျုပ်ကို ဒီလောက် ထိုင်ကြည့်နေဖို့အတွက်တော့ မဟုတ်ဘူးမလား။ ကျုပ် ရင်ဆိုရမယ့် ဘယ်သူ ဖြစ်ဖြစ် တိုက်ရိုက်သာ ပြောလိုက်။ ဒါပေမဲ့ ခင်ဗျားက ချီးရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ကျုပ်အနေနဲ့ ရင်ဆိုင်ဖို့ မလိုဘူးလို့ ပြောထားခဲ့တယ်။ ဟုတ်တယ်မလား။ ဒီလိုအားနည်းတဲ့သူကို ရင်ဆိုင်ဖို့ကတော့ ခင်ဗျားဘာသာ ကိုင်တွယ်နိုင်တယ်။ ဒါ့ကြောင့် ကျုပ်အကူအညီရဖို့ ရွှေစင်အများကြီး ပေးပြီး ကျုပ်ကို ငှားယမ်းခဲ့တာဟာ ဘာကြောင့်လဲ…”

“ချီးရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လောက်ကတော့ အင်မောတယ်အရှင်ရဲ့ အကူအညီ မလိုဘူးဆိုတာ အမှန်ပါ။ ကျုပ်အနေနဲ့ အရှင်ကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကတော့ ချီးရွှမ်ဂိုဏ်းချုပ်ရဲ့ ခုထိ အသက်ရှင်နေသေးတဲ့ စီနီယာသိုင်းဦးလေးသုံးယောက်ကြောင့်ပါ…”

“အပြင်ပိုင်းမှာ အဲ့လူသုံးယောက်ကို သေပြီလို့ ထုတ်ပြောထားတယ်။ ဒါပေမဲ့ အမှန်တော့ သူတို့က နေဝင်တောင်ထွတ်ရဲ့ လျှို့ဝှက်ခန်းထဲမှာ တံခါးပိတ် ကျင့်ကြံနေကြတာ။ ခုလက်ရှိ သူတို့သုံးယောက်ရဲ့ အဆင့်ဟာ အသွင်ပြောင်းနယ်ပယ်ကို ချိုးဖျက်ပြီးနေမှာကို ကျုပ် စိုးရိမ်တာ။ ဒါ့ကြောင့် ရွေးချယ်စရာမရှိဘဲ အင်မောတယ်အရှင်အနေနဲ့ ဒီလူ သုံးယောက်ကို ကျုပ်တို့အတွက် ရင်ဆိုင်ပေးဖို့ အကူအညီတောင်းခံခဲ့ရတာပါ..”

ကျားထျန်လုံ၏ အသံက အင်မတန် သိမ်မွေ့အောက်ကျို့နေကာ ဒေါသသံ မြူမှုန်မျှပင် မပါဝင်ပေ။

ကျားထျန်လုံသည် ထိုအနီရောင်ဝတ်ရုံဖြင့် လူပုကို လူရိုင်းကုန်းမြေများ၏ နယ်စပ်ရှိ တာအိုဘုံကျောင်းတစ်ခု၌ တွေ့ခဲ့တာ ဖြစ်သည်။ သူ့ကိုယ်သူ ဘုန်းကြီးရွှေအလင်းဟု ဂုဏ်ပုဒ်တပ်ထားသော ထိုပညာရှင်သည် ဓားပျံများကို ထိန်းချုပ်သည့် နည်းလမ်းကို ပြသခဲ့ကာ ချိုးဖျက်မရသော သံမဏိခန္ဓာကိုယ်ကိုလည်း ကျင့်ကြံထားသူပင်။

ကျားထျန်လုံကိုယ်တိုင် ထိုသည်ကို တွေ့ခဲ့ပြီးနောက် ထိုသူ ပြသခဲ့သော ယင်းပညာရပ်နှစ်ခုကို အထင်ကြီး လေးစားမိသွားခဲ့သည်။ သူက ထိုလူပုသည် မသေမျိုးလမ်းစဉ်(ဝါ)အင်မောတယ်လမ်းစဉ်ကို လျှောက်လှမ်းသော တစုံတစ်ယောက် ဖြစ်နိုင်သည်ဟု သံသယရှိကာ ထိုသူနှင့် ဆက်ဆံရေး တည်ဆောက်ရန် ဆုံးဖြတ်ခဲ့တာပင်။

ထိုလူပုသည် ရွှေသတ္တုအပေါ် အလွန်စွဲလမ်းသည်ကို သိရပြီးနောက် ကျားထျန်လုံသည် သူ့ကို ရွှေစင်များစွာ ချက်ခြင်း လက်ဆောင်ပေးခဲ့သည်။ ထိုသို့ဖြင့် သူသည် ထိုလူပု၏ စိတ်နှလုံးကို လှုပ်ရှားစေနိုင်ခဲ့ကာ ထိုလူပုက သူ့ပြဿနာကို တကြိမ် ကူညီပေးမည်ဟု ကတိပေးခဲ့သည်။

ထို့ကြောင့် ကျားထျန်လုံသည် ထိုလူပုအပေါ် မျိုးဆက်များစွာ ငယ်သော ဂျူနီယာတစ်ယောက်ကဲ့သို့ သူ့ကိုယ်သူ သဘောထားကာ ဆက်ဆံနေခြင်းပင်။ သူက မလေးမစား လုံးဝ မလုပ်ဝံ့ပေ။ သူ့စိတ်ထဲ၌ အနှီဘုန်းကြီးရွှေအလင်းကို သူ အုပ်စိုးသော ဝံပုလွေရိုင်းဂိုဏ်းမျိုးက ထိုသူ ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်မည် မဟုတ်တာ သေချာ သိထားသည်။

ဘုန်းကြီးရွှေအလင်းသည် သူ၏ တောင်းဆိုမှုကို ကြားသည့်နောက် သူက အားပါးတရ ရယ်မောလိုက်သည်။ သူ့ ရယ်မောသံ စဲသွားမှ သူက မောက်မောက်မာမာ ဆိုလာသည်။ “သေမျိုးအနည်းငယ်ကလား။ သူတို့ကို ကျုပ်အတွက် ထားလိုက်။ သူတို့ရဲ့ သိုင်းကျင့်စဉ်က ဘယ်လောက်မြင့်မြင့် ငါ့ဓားပျံပညာရပ်ရှေ့မှာ အဲ့လူတွေ ငါ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်း စိတ်ချလက်ချ၊ စိတ်အေးလက်အေးသာနေ…”

“ဟုတ်ကဲ့ပါ။ ကျုပ် အင်မောတယ်အရှင်ကို ပြဿနာ များစေခဲ့ပြီ။ ကျုပ် ကတိပေးထားတဲ့ ရွှေစင်တွေကို ကျိန်းသေပေါက် ပေးမယ့်အပြင် ဒီကိစ္စ ပြီးသွားတဲ့နောက် ကျုပ်အနေနဲ့ အရှင့်ကို ရွှေစင်နှစ်ထောင် ထပ်တိုးပေးဖို့ ဆုံးဖြတ်လိုက်ပြီ…”

ဘုန်းကြီးပုက ထိုသည်ကို ကြားသည့်အခါ သူ့မျက်နှာက ပြုံးဖြီးသွားသည်။ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ပိုများလာမည့် ရွှေစင်တို့ကြောင့် ပျော်မြူးသွားတာ သိသာသည်။

ဘုန်းကြီးရွှေအလင်းကဲ့သို့ အစွမ်းထက်သော သူထံမှ အာမခံ စကားကို ကြားရပြီးနောက် ကျားထျန်လုံသည် ဆက်၍ သတိထားမနေတော့ဘဲ ဝံပုလွေရိုင်းဂိုဏ်းမှ သူ့အင်အားစုများကို နေဝင်တောင်ထွတ်သို့ အမြန်သွားကာ ချီးရွှမ်ဂိုဏ်း၏ ပင်မဂိုဏ်းခွဲဖြစ်သော ခုနစ်ထွေအန္တိမဂိုဏ်းခွဲကို တိုက်ခိုက်ဖို့ ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။

တောင်ထွတ်ထံ ဦးတည်ပြေးဝင်သွားသော လူများသည် များပြားလှသောကြောင့် ကျားထျန်လုံနှင့် ကျန်သည့် သံကိုယ်ရံတော်များသည် ထိုဂိုဏ်းခွဲ၏ ဝင်ပေါက်သို့ ရောက်ရန် အတော်လေး အားစိုက်လိုက်ရသည်။

သူ အမုန်းတီးဆုံးဖြစ်သော ရန်သူဂိုဏ်း၏ ပင်မဂိုဏ်းခွဲကို စိုက်ကြည့်ကာ ခေါင်းဆောင်ကျားသည် ထိုခုနစ်ထွေအန္တိမဂိုဏ်းခွဲ၏ ထည်ဝါမှုကြောင့် တွန့်သွားမိသည်။ သူက သူ့ဝံပုလွေရိုင်းဂိုဏ်း၏ ပင်မခန်းမသည် သည်နေရာနှင့် ယှဉ်ပါက ခွေးတိုးပေါက်ကဲ့သို့ ဖြစ်နေကာ မည်သို့မျှ မယှဉ်နိုင်ဟု ခံစားမိရသည်။

နေဝင်တောင်ထွတ်ပေါ်ရှိ မြေလွတ်နေရာများစွာလည်း ရှိသည်။ အပြာရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသော အဆောက်အဦကြီးတစ်ခု၊ ယင်းအဆောက်အဦနောက်၌ ပိုသေးငယ်သော အဆောက်အဦ ခြောက်ခု ရှိသည်။ ခန်းမများလည်း ရှိနေ၏။

ညအမှောင်၊ မှိန်ဖျော့ဖျော့မီးတိုင်များ၏ အလင်းရောင်သာ ရှိ၍ ထိုအဆောက်အဦများကို အပြည့်အဝ ထင်ထင်ရှားရှား မမြင်ရသော်လည်း အပြာရောင်ကျောက်သားခန်းမများ၏ ထည်ဝါခမ်းနားသော အရှိန်အဝါက ဝံပုလွေရိုင်းဂိုဏ်းနှင့် တခြားဂိုဏ်းငယ်များ၏ အဖွဲ့ဝင်များကို အံ့ဩတကြီး ဖြစ်မိစေသည်။ တိုက်ခိုက်ရန် ရောက်လာသူများမှာ ချက်ခြင်း မတိုက်ခိုက်သေးဘဲ သည်အပြာရောင်ကျောက်သားအဆောက်အဦများကို ယင်တစ်ကောင်ပင် မလွတ်သွားအောင်ထိ ဝိုင်းထား၏။

“တကယ်ပဲ…ကျုပ်တို့ရန်သူဂိုဏ်းဟာ နှစ်နှစ်ရာလောက် ရှည်ကြာတဲ့ သမိုင်းရှိတဲ့ ဂိုဏ်း ပီသပါပေတယ်။ ဒီအဆင့် ချမ်းသာကြွယ်ဝမှုဟာ ကျုပ်တို့လို ဆယ်စုနှစ်သာသာပဲ တည်ရှိသေးတဲ့ ဂိုဏ်းတွေ၊အဖွဲ့တွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး…”

ကျားထျန်လုံသည် စိတ်ထဲကနေ ထိုသို့ ဆိုမိသည်။

သူက ချီးရွှမ်ဂိုဏ်းကို အမြစ်ဖြတ်ပြီးသည်နှင့် ပင်မအပြာရောင်ကျောက်သားခန်းမထံ ပြောင်းလာကာ သူ၏ ဗဟိုအမိန့်ပေးမည့်နေရာအဖြစ် သတ်မှတ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ခမ်းနားထည်ဝါသော အဆောက်အဦက သူ့ကိုယ်ပိုင် အဆင့်အတန်းကိုပါ မြင့်တက်သွားစေဖို့ အထောက်အပံ့ ပေးနိုင်သည် မဟုတ်လား။

ကျားထျန်လုံသည် ခန်းမ၏ မဟူရာရောင်ဝင်ပေါက်ကို တချက် လှမ်းကြည့်သည်။ ဘေးပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် သူ့ညာလက်ကို လေထဲသို့ ဖြည်းဖြည်းချင်း ပင့်မြှောက်သည်။

ထိုအခိုက်တွင် နေဝင်တောင်ထွတ်ကို ဝိုင်းထားသော လူအုပ်ပေါ် ငြိမ်သက်တိတ်ဆိတ်မှု ဆင်းသက်လာသည်။ လူအားလုံး၏ အကြည့်က ကျားထျန်လုံ၏ လက်ထံ ကျရောက်နေ၏။ သူတို့သည် ကျားထျန်လုံ လက်ဝေ့ယမ်းလိုက်ခြင်းက တိုက်ခိုက်ရန် အချက်ပြခြင်း ဖြစ်သည်ကို သိကြသည်။

“နေအုံး…”

ရုတ်တရက် မဟူရာရောင်နက်မှောင်နေသော ခန်းမထံမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

ဒေါက်…ဒေါက်…။

ခြေလှမ်းသံများကို ပိုရှင်းသထက်ရှင်းစွာ ကြားလာရသည်။

ခြေလှမ်းသံများ ကြားရပြီးနောက် နောက်ဆုံးတွင် ဝတ်ရုံဖြူနှင့် သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာ၏။ ထိုပုံရိပ်သည် သစ်သားဆံထိုးတခုကို ဆံပင်၌ ထိုးထားပြီး သူ၏ ခန္ဓာကိုယ်သည် ဓားရှည်တလက်ကဲ့သို့ ဖြောင့်မတ်နေသည်။ သူ့မျက်နှာမှာ ဖြူရောလှ၏။ သို့သော် သူ့မျက်လုံးတို့ကမူ တောက်ပနေသည်။ သူနှင့် အကြည့်ချင်းဆုံသူတိုင်း သူတို့၏စိတ်နှလုံးများကို ထက်ရှသော ဓားများဖြင့် ထိုးနှက်ခံရသကဲ့သို့ ခံစားမိစေမည့် အကြည့်မျိုးကို သူ ပိုင်ဆိုင်ထားသည်။

ခန်းမထဲမှ လှမ်းထွက်ကာ ဆယ်မီတာလောက် လျှောက်လာပြီးနောက် သူက ရပ်၍ လူအုပ်ကြီးရှေ့တွင် မားမားရပ်သည်။ သူ့မျက်လုံးထဲ၌ အကြောက်တရား တစက်မျှ ရှိမနေပေ။

လူအုပ်ကို ဝေ့ကြည့်ပြီးနောက် နောက်ဆုံးတွင် သူ့အကြည့်က ကျားထျန်လုံ၏ ပင့်မြှောက်ထားသော ညာလက်၊ ထိုမှသည် မျက်နှာထံ ကျရောက်လာသည်။

“ကျားထျန်လုံ..” ထိုသက်လတ်ပိုင်းသူက ခေါင်းဆောင်ကျား၏ အမည်ကို လှမ်းအော်၏။

“ဝမ်ကြွယ်ချူး…” ကျားထျန်လုံကလည်း ထိုသက်လတ်ပိုင်းလူ၏ အမည်ကို ခေါ်ကာ ခွန်းတုန့်ပြန်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့ဂိုဏ်းနှစ်ခုရဲ့ ဆိုင်ရာ ခေါင်းဆောင်တွေအဖြစ် မင်းနဲ့ ကျုပ်က ခုမှ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဖူးကြတာ။ ဟုတ်တယ်မလား…။ ကျုပ်ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ဝမ်…” ကျားထျန်လုံသည် လှောင်ပြောင်ဟန်ဖြင့် စကားဆိုလာသည်။ သူက သူ့ညာလက်ကို လေထဲကနေ တဖြည်းဖြည်း ပြန်ချထားလိုက်သည်။

ဝမ်ကြွယ်ချူးက ကျားထျန်လုံကို စကားတခွန်းမှ မဆိုဘဲ အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသည်။ လေထုသည် တင်းကြပ်မှု စရှိလာ၏။

“ဂိုဏ်းချုပ်ဝမ်က ဒီကို တစ်ယောက်တည်း လာခဲ့တာလား။ ခင်ဗျားက အညံ့ခံဖို့ စိတ်ကူး ရှိနေတာ ဖြစ်မယ်…” လှောင်ပြုံးပြုံးကာ ကျားထျန်လုံသည် ယဉ်ကျေးမနေဘဲ မေးလာသည်။

“ခင်ဗျား ပြောတာ မှန်တယ်။ ကျုပ်က အညံ့ခံဖို့ လာဆွေးနွေးတာ…”

ချီးရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ ဝမ်ကြွယ်ချူးသည် ရေခဲတမျှ အေးစက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

All Chapters