← Chapters

ကြိုလင့်နေသော ဘေးအန္တရာယ်

Vol. 6 Ch. 83

ကြိုလင့်နေသော ဘေးအန္တရာယ်

Vol. 6 Ch. 83

“ခင်ဗျားက တကယ်ပဲ အညံ့ခံဖို့ စီစဉ်ထားတာလား…” ကျားထျန်လုံသည် အံ့အားသင့်မိနေသည်။

“အညံ့ခံတာဟာ အညံ့ခံတာပဲပေါ့။ ဒါပေမဲ့ ဘယ်သူက ဘယ်သူ့ကို အညံ့ခံမလဲကတော့ ခုထိ မဆုံးဖြတ်ရသေးဘူး…” ထိုစကားကို ဖြည်းဖြည်းချင်း ပြောကာ ဂိုဏ်းချုပ်ဝမ်၏ မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး သူ့လက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

“ခင်ဗျား စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာလဲ…” ကျားထျန်လုံ၏ မျက်နှာမှာ ရှုံ့တွသွားသည်။ သို့သော် တအောင့်အကြာတွင် သူက လက်ဝေ့ယမ်းကာ သူ့လူများကို ဂိုဏ်းချုပ်ဝမ်အား ဝိုင်းဖို့ အချက်ပြသည်။

ချက်ခြင်းပင် သူ၏ သံကိုယ်ရံတော်များသည် သူ့နောက်နေ အရှိန်အဟုန်နှင့် ထိုးထွက်ကာ ဝမ်ကြွယ်ချူးကို လခြမ်းကွေအသွင် ဝန်းရံလိုက်ကြသည်။ တချိန်တည်းမှာ သူတို့က ဒူးလေးများကို ထုတ်ကြ၏။ အစိမ်းရောင်အလင်းများ လင်းလက်သွားပြီး သံကိုယ်ရံတော်များသည် ဝမ်ကြွယ်ချူးထံ ဒူးလေးဖြင့် ချိန်ထားလိုက်သည်။

ကျားထျန်လုံထံမှ အမိန့်တစ်ခုသာ ရပါက သူတို့သည် ဝမ်ကြွယ်ချူးထံ မြားများ ပစ်သွင်းလိုက်ကြမည် ဖြစ်သည်။

“ကျုပ်တို့က ဂိုဏ်းရဲ့အဆင့်နိမ့်တပည့်တွေကို နေဝင်တောင်ထွတ်ဆီ ရွှေ့ပြောင်းလိုက်တာကြောင့် ကျုပ်တို့အနေနဲ့ ပြင်ပရန်သူ ကျူးကျော်လာခဲ့ရင် ခုခံနိုင်စွမ်း လုံးဝ ရှိမှာ မဟုတ်ဘူးလို့ ခင်ဗျား ထင်နေတာမလား…”

ဂိုဏ်းချုပ်ဝမ်၏ အသံ၌ ချိန်းခြောက်မှု ပါဝင်နေသည်။ သူသည် သူ့အား ချိန်ထားသော ဒူးလေးများကို လုံးဝ မမြင်သည့်အလား။

ထိုစကားများကို ကြားသည့်အခါ ကျားထျန်လုံ၏ စိတ်ထဲ၌ တမျိုး ဖြစ်သွားသည်။ သူက ဂိုဏ်းချုပ်ဝမ်၏ စကားများကို ကြားဖြတ်ကာ ဝင်မပြေဘဲ သုန်မှုန်သောမျက်နှာပေးဖြင့် ဆက်၍ နားထောင်နေသည်။ ကျားထျန်လုံသည် သူ့ရန်သူ မည်သည်ကို ပြောလာအုံးမည်အား ကြားချင်သည်။

“ဂိုဏ်းကို ဒီနေရာမှာ အထိုင်စခန်း ချဖို့ ပြောင်းခိုင်းခဲ့တာဟာ ချီးရွှမ်ဂိုဏ်းရဲ့ ခုနစ်ဆက်မြောက် ဂိုဏ်းချုပ်လီပဲ။ သူဟာ အရည်အချင်းအများကြီး ရှိပြီး မဟာဗျူဟာ ထူးချွန်ရုံသာမက ဆောက်လုပ်ရေးနဲ့ ယန္တရားပညာမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ခဲ့တယ်။ သူဟာ သူ့မျိုးဆက်ရဲ့ ထိပ်ဆုံးပါရမီရှင်အဖြစ် အမည်တွင်ခဲ့တဲ့သူ…”

ထိုသို့ ပြောနေရင်း ဂိုဏ်းချုပ်ဝမ်သည် သူ့စကားကို ခဏရပ်ကာ လေးစားဟန် အမူအရာ ဖြစ်ပေါ်သည်။

ထို့နောက် သူက ထပ်မံ၍ ဆိုသည်။ “ဂိုဏ်းချုပ်လီဟာ နေဝင်တောင်ကို ဂိုဏ်းရဲ့ ပင်မခန်းမအဖြစ် ရွေးချယ်ခဲ့တာပဲ။ သူ ဒီလို ရွေးချယ်ခဲ့တာ အကြောင်းရင်းနှစ်ခုကြောင့်။ တခုက ဒီတောင်ထွတ်ဟာ အန္တရာယ်များတယ်။ဒါ့ကြောင့် စောင့်ကြပ်ရတာ လွယ်ကူပြီး အပြင်က လာတိုင်ခိုက်ဖို့လည်း ခက်ခဲတယ်။ ဒါက တည်နေရာအနေအထားအရ ခုခံကာကွယ်ဖို့ အချက်အချာကျတဲ့ နေရာကို မဟာဗျူဟာကျကျ ရွေးချယ်ခဲ့တဲ့ သဘောပဲ…”

“ဒုတိယအကြောင်းရင်းကတော့ ဒီတောင်ထိတ်ရဲ့ အလယ်မှာ သဘာဝအရ ဖြစ်ပေါ်နေတဲ့ လှိုဏ်ဂူတစ်ခု ရှိတယ်။ ဒီလှိုဏ်ဂူက တကယ်ကို အံ့အားသင့်ဖွယ် ကောင်းတယ်။ ဒီလှိုဏ်ဂူဟာ နေဝင်တောင်ထွတ်ရဲ့ သုံးပုံနှစ်ပုံ နေရာယူထားတာ။ ဒါကို တွေ့တဲ့နောက် ဂိုဏ်းဆောင်ဝမ်က သူ့စိတ်ထဲမှာ အကြံတစ်ခု ပေါ်လာခဲ့တယ်။ သူက ဒီလှိုဏ်ဂူနဲ့ ချိတ်ဆက်ပြီး စက်ယန္တရားတွေ တည်ဆောက်ခဲ့ပြီး ဒီနေဝင်တောင်ထွတ်တခုလုံးကို သဘာဝအရ ဖြစ်ပေါ်နေတဲ့ တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ ဒါ့ကြောင့် ဒီစက်ယန္တရားတွေကို ငါ့လူတွေ အသက်သွင်းလိုက်တာနဲ့ ဒီတောင်ထွတ်တခုလုံးဟာ ချက်ခြင်း ပြိုကျပြီး နေဝင်တောင်ထွတ်ပေါ်မှာ လူအားလုံးကို မြေမြှူုပ်ပစ်နိုင်တယ်…”

ဂိုဏ်းခေါင်းဆောင်ဝမ်၏ စကားဆုံးသည့်နောက် သူက ငြိမ်သက်စွာ ဆက်ရှိနေသည်။ သူသည် သူ့ရှေ့ရှိ လူအုပ်ထံ အေးစက်စက် ဝေ့ခတ် ကြည့်ရှုလိုက်သည်။

ကျားထျန်လုံက သည်အကြောင်းများကို ကြားသည့်နောက် သူသည် အံ့အားတသင့် ဖြစ်သွားသည်။ သူသည် တဖက်သူ၏ စကားများကို မယုံပေ။ သို့သော် တအောင့်အကြာထိ သူသည် ဂိုဏ်းချုပ်ဝမ်၏ ချိန်းခြောက်သော စကားများကို မည်သို့ ပြန်တုန့်ပြန်ရမှန်း မသိ ဖြစ်နေသည်။

တောင်ပေါ်မှ တခြားသူများမှာလည်း ဂိုဏ်းချုပ်ဝမ်၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားသည်။ သူတို့သည် ဂနာမငြိမ် ဖြစ်ကုန်ကာ သည်အကြောင်းကို တီးတိုးဆိုကုန်သည်။ ဉာဏ်ပိုကောင်းသော သူများကမူ တောင်ဆင်းလမ်းနှင့် နီးသောနေရာသို့ တဖြည်းဖြည်း ရွှေ့ကြသည်။ သူတို့သည် တခုခုမှားယွင်းသည်နှင့် တောင်ပေါ်မှ တဟုန်ထိုး ပြေးဆင်းရန် ပြင်ဆင်နေသည်။

“တိတ်စမ်း…။ ညံတဲ့ကောင်၊ ထွက်ပြေးဖို့ ကြံတဲ့ကောင် အကုန်လုံး ရက်ရက်စက်စက် အသက်ခံရမယ်…”

ကျားထျန်လုံက ခပ်မြန်မြန် တည်ငြိမ်မှု ပြန်ရလာသည်။ သူ့လူများသည် ဂနာမငြိမ် ဖြစ်နေသည်ကို မြင်သည့်အခါ သူသည် စိတ်ကသိကအောက် မဖြစ်မိဘဲ မနေနိုင် ဖြစ်မိသည်။ သူက သူသာ သူတို့ကို ဂနာငြိမ်အောင် ချက်ခြင်း မရပ်တန့်စေပါက ထိန်းချုပ်ဖို့ ပိုခက်သွားမည်ကို သိသည်။ သို့အတွက် သူသည် စဉ်းစားမနေဘဲ ခက်ထန်ထန် အမိန့်ပေး အော်ဟစ်လိုက်ခြင်းပင်။

သူ၏ ထိုအမိန့်မှာ သူ့သစ္စာရှိ လူယုံများအတွက် မဟုတ်ပေ။ သူ့လူယုံများသည် ထွက်ပြေးဖို့ ကြိုးစားသည့် လူအနည်းငယ်ကို ခေါင်းဖြတ်သတ်ပစ်လိုက်ကြသည်။ ထိုအခါ ကျန်သည့်သူများသည် ချက်ခြင်း ငြိမ်သက်သွားကာ အော်ဟစ်သံများ တိတ်ဆိတ်သွားသည်။

သို့သော် ကျားထျန်လုံသည် ထိုသို့ ဖိနှိပ်မှုသည် ယာယီသာ ဖြစ်ကြောင်း နားလည်သည်။ သူသာ ရန်သူ ပြောသည့် စကားများမှာ အလိမ်အညာ ဖြစ်ကြောင်း သေချာ မပြောပြပေးနိုင်ပါက သူ့ဂိုဏ်းမှ မဟုတ်သော တခြားဂိုဏ်းမှ သူများကို ထိန်းချုပ်ဖို့ မလွယ် ဖြစ်လိမ့်မည်။ သူက ဂိုဏ်းချုပ်ဝမ်၏ စကားများကို ကြောက်လန့်ကာ ထိုသူများ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည်။

“ခင်ဗျား စကားတွေက အမှန်ပါလို့ ဘယ်သူက ယုံမှာလဲ၊ ခုလိုမျိုး တဖက်သက် ပြောချင်တာ ပြောတာကိုတော့ လူတိုင်း ပြောတတ်တယ်…”

ကျားထျန်လုံသည် ဒေါသတကြီး ဆို၏။

“ဟုတ်လား။ ငါ့မှာ သက်သေပြလို့ ရတာတွေ အများကြီးရှိတယ်။ ဒီမှာ နေပြီး မင်းကိုယ်တိုင် ကြည့်သွားပေါ့။ တယောက်ယောက်က ကျုပ် သက်သေပြနေတဲ့အချိန် ထွက်ပြေးတာ၊ ဒါမှမဟုတ် ဆက်တိုက်ခိုက်မှု လုပ်လာခဲ့ရင်တော့ ကျုပ်လည်း ဒီစက်ယန္တရားတခုလုံးကို အသက်သွင်းပြီး ကျုပ်တို့အားလုံးကို အဆုံးသပ်ပစ်မယ်…”

ဝမ်ကြွယ်ချူး၏ စကားများထဲ၌ သတ်ဖြတ်ချင်စိတ်အပြည့်၊ ချိန်းခြောက်မှုအပြည့် ပါဝင်နေသည်။

ကျားထျန်လုံသည် သူ့ရန်သူ၏ အမူအရာကို အသေအချာ ဂရုတစိုက် လေ့လာကာ အမှားတချို့ကို တွေ့ရှိဖို့ ကြိုးစားနေသည်။ ကံမကောင်းစွာဖြင့် ဝမ်ကြွယ်ချူး၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေကာ သူ ပြောသည့်စကားများထဲ၌ အတုအယောင် လုံးဝ မပါသည့်အလားပင်။ သူက သူ့စကားများအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေပုံ ပေါက်သည်။

ကျားထျန်လုံက တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်မိ၏။ “ဂိုဏ်းချုပ်ဝမ်ရဲ့ စကားတွေထဲမှာ လှည့်ကွက် မရှိဘူးလို့ ကျုပ်ကို လာမပြောနဲ့။ ဒါပေမဲ့ သူ့အကြံက နေဝင်တောင်ထွတ်အပေါ်မှာ လူတိုင်းကို တကယ်ပဲ ဖျက်စီးပစ်ချင်နေတာလား…”

“ဒုတိယမြောက် ယန္တရားကို အသက်သွင်းလိုက်…” ဝမ်ကြွယ်ချူးသည် ရုတ်တရက် ဂိုဏ်းခန်းမဘက် လှည့်ကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထို့နောက် သူက ဘေးတဖက်သို့ လှည့်ကာ ခန်းမငယ်နောက်တစ်ခုကို စတင် စိုက်ကြည့်နေ၏ သူက ကျားထျန်လုံကို ဆက်၍ အရေးမစိုက်နေတော့ပေ။

သူ့ရန်သူက ထိုသို့ ပြုမူသည်ကို မြင်သည့်အခါ ကျားထျန်လုံသည် ဒေါသပုန်ထသည်။ သို့သော် သူက သူ့စိတ်ထဲရှိ ဒေါသကို ခက်ခက်ခဲခဲ ဖိနှိပ်ထားသည်။ သူ့ရန်သူ၏ သက်သေပြမှုသည် သူ့ကို ကျေနပ်စေခြင်းသာ မရှိပါက သူသည် ဂိုဏ်းချုပ်ဝမ်ကို လူသားဖြူကောင်ဖြစ်သည့်အထိ ဒူးလေးဖြင့် ဝိုင်းပစ်ရန် ချက်ခြင်း အမိန့်ပေးတော့မည် ဖြစ်သည်။

သို့သော် ဝမ်ကြွယ်ချူး၏ ခန်းမထံ ထူးခြားဟန်ဖြင့် စိုက်ကြည့်နေပုံက ဝံပုလွေရိုင်းဂိုဏ်းမှ လူများကို အာရုံပိုစိုက်လာစေသည်။ သူတို့သည် ထူးဆန်းတာ တခုခု ဖြစ်လေတော့မည်ကို တွေ့မြင်ချင်နေသည့်အလား ဂိုဏ်းချုပ်ဝမ် ကြည့်နေသော နေရာထံ အကြည့်များ ရောက်ကုန်သည်။

ဝံပုလွေရိုင်းဂိုဏ်းဝင်များပါ ဂနာမငြိမ် ဖြစ်လာသည်။ သူတို့သည် ကျိုးပျက်ရေဂိုဏ်းမှ လူနှစ်ယောက်က ခေါင်းငုံ့ကာ တီးတိုးစကားဆိုနေခြင်းကိုပါ သတိမပြုမိတော့ပေ။

“ဟန်လိ…ကျုပ်တို့ ဂိုဏ်းချုပ်ပြောတာ အမှန်လို့ မင်း ထင်လား။ ဒီလောက် ကြီးမားလှတဲ့ နေဝင်တောင်ထွတ်က အမှန်တကယ် တွင်းပေါက်တစ်ခု ဖြစ်နေလိမ့်မယ်လို့တော့ မင်း ကျုပ်ကို မပြောနဲ့…။ ကျုပ် ဒီနေရာကို အရင်က အကြိမ်များစွာ ရောက်ခဲ့ဖူးတယ်။ ဒီနေရာနဲ့ ပတ်သတ်လို့ မှားယွင်းတဲ့ ခံစားချက် လုံးဝ မရခဲ့ဘူး…”

“ဂိုဏ်းချုပ်ဝမ်က အချိန်ဆွဲဖို့ သူတို့ကို လှည့်စားဖို့ ကြိုးစားနေတာလား…”

“ဖြစ်နိုင်ပါတယ်…”

လူအုပ်ထဲ၌ ထိုသို့‌ ဆွေးနွေးနေသော လူငယ်နှစ်ယောက်မှာ ဝမ်ကြွယ်ချူး၏ စကားများကို သံသယဝင်နေသည်ပုံ ရသည်။

ထိုနှစ်ယောက်သည် တခြားသူများ မဟုတ်ကြ။ အကြီးအကဲလီ၏ နေအိမ်ထံ အလျင်စလို သွားခဲ့ကြသော ဟန်လိနှင့်လီဖေးယွီတို့ပင်။ သူတို့သည် ဝံပုလွေရိုင်းဂိုဏ်း၏ လူအုပ်ထဲ ရုပ်ဖျက် ဝင်ရောက်နေခြင်းပင်။

All Chapters