← Chapters

ယုံကြည်ခြင်းကို လေ့ကျင့်ခြင်း

Vol. 164 Ch. 2333

ယုံကြည်ခြင်းကို လေ့ကျင့်ခြင်း

Vol. 164 Ch. 2333

နန်ထျန်းကုန်းမြေ ဟောင်ထျန်းကလန်မှ ဆက်ခံသူ၊ ဗုဒ္ဓကုန်းမြေမှ ပါရမီရှင်၊ ယွမ်ရှစ်ကုန်းမြေမှ ပါရမီရှင်၊ အနောက်ပင်လယ်ကုန်းမြေမှ အနောက်ပင်လယ်နန်းတော်၏ဆက်ခံသူ၊ ရှေးနတ်ဘုရားကလန်မှ တန်ခိုးရှင်နှင့် ရီဖူရှင်းတို့ပါဝင်သည့် လူကိုးဦးအဖွဲ့သည် စွန့်ပစ်ခံကလန်မှ ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်ကြမည် ဖြစ်သည်။

တန်ခိုးရှင်များအားလုံး၏အမူအရာက လေးနက်နေသည်။ သူတို့က တိုက်ပွဲကို ကြည့်ရှုရန် မစောင့်နိုင်အောင် ဖြစ်နေကြ၏။

ကောင်းကင်ဒေသမှ တန်ခိုးရှင်များမှာ တိုက်ပွဲအား ပိုမို၍ စိတ်လှုပ်ရှား‌ မျှော်လင့်နေကြသည်။ သည်လူစာရင်းကား ကြောက်စရာ ကောင်းလှ၏။ တိုက်ပွဲတွင် ပါဝင်ရန် ရွေးချယ်ထားသူများမှာ အဆင့်ရှစ်များထဲ၌ပင် အလွန်အားကောင်း သန်မာသူများ ဖြစ်ကြသည်။ သူတို့၏စွမ်းရည်များမှာ မေးခွန်းထုတ်စရာ မလိုပေ။

ရီဖူရှင်းကား အဖွဲ့ထဲတွင် အဆင့်ခုနစ်မျှသာ ဖြစ်သည်။ သို့သော်လည်း သူ၏တိုက်ပွဲမှတ်တမ်းများနှင့် အောင်မြင်မှုများအရ သူသည် အဆင့်ရှစ်ရန်ဟောင်များထက် အလွန်အားကောင်းသည်မှာ ထင်ရှား၏။

သည်နေရာမှ လူများမှာ ရီဖူရှင်းနှင့် နတ်ဆိုးအင်ပါယာ၏တပည့် ရှောင်းမုတို့၏တိုက်ပွဲသတင်းကို မသိကြသေးသော်လည်း အများအပြားမှာ မူလဘုံသို့ ရောက်နေသည်မှာ ကြာမြင့်ပြီးဖြစ်သည်။ နတ်ဆိုးဘုံမှ တန်ခိုးရှင်များမှာလည်း မူလဘုံသို့ အလွန်နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် ရီဖူရှင်းက ရှောင်းမုအား အနိုင်ယူခဲ့ပြီးနောက်တွင်မှ ရောက်လာကြခြင်း ဖြစ်သည်။

တကယ်၍ လူအများကသာ ထိုသတင်းကို ကြားသိခဲ့ပါက ရီဖူရှင်း၏တိုက်ခိုက်ရေးစွမ်းရည်ကို အနည်းငယ်မျှပင် သံသယ ဝင်ကြမည် မဟုတ်ပေ. နတ်ဆိုးအင်ပါယာ၏တပည့်ကို အနိုင်ယူနိုင်ခဲ့သည့် လူတစ်ယောက်သည် လက်ရှိ ရွေးချယ်ထားသော အုပ်စုထဲမှ မည်သူနှင့်မဆို ယှဉ်နိုင်စွမ်း ရှိပေသည်။

တခြားလူများကို အတူတိုက်ခိုက်ရန် ဖိတ်ခေါ်သော ဝတ်စုံဖြူလူငယ်၏နာမည်မှာ ဟွားကျွင်းလိုင် ဖြစ်သည်။ သူသည် ရှေးနတ်ဘုရားကလန်များမှ တစ်ခုဖြစ်သော ဟောင်ထျန်းကလန်မှ ဖြစ်သည်။ ဟွားကျွင်းလိုင်သည် မဟာအင်ပါယာ၏ဆက်ခံသူလည်း ဖြစ်၏။ သူ၏နာမည်မှာ နန်ထျန်းကုန်းမြေတစ်လျှောက် ကျော်ကြား၏။ သူသည် သေချာပေါက် ‌ဦးဆောင်နိုင်စွမ်း ရှိသူ ဖြစ်သည်။

ထို့အပြင် သူသည် ကုန်းမြေအသီးသီးမှ အင်အားစုများနှင့်ပတ်သက်၍ ဗဟုသုတ ကြွယ်ဝဟန် ရှိသည်။ မဟုတ်လျှင် သူက ကုန်းမြေအသီးသီးမှ ရှေးနတ်ဘုရားကလန်များ၏တန်ခိုးရှင်များကို စီစစ်ရွေးထုတ်ကာ ဖိတ်ကြားနိုင်မည် မဟုတ်ပေ။

ရီဖူရှင်းမှလွဲ၍ သူ ရွေးချယ်ခဲ့သော တန်ခိုးရှင်ရှစ်ဦးမှာ အင်အားကြီးနောက်ခံများ ရှိကြသည်။ သူတို့၏မိသားစုများမှာ ကောင်းကင်ဒေသ၏ကြောက်မက်ဖွယ်အင်အားစုများဟု သတ်မှတ်နိုင်သည်။

“စွန့်ပစ်ခံကလန်သားတွေ… စရအောင်” ဟွားကျွင်းလိုင်က စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များကို နှုတ်ဆက်သည်။ ထို့နောက် သူ့ထံမှ အလွန်အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ တခြားနေရာများမှလည်း ကြောက်မက်ဖွယ် မဟာလမ်းစဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ထိုစွမ်းအားများ ပျံ့လွင့်လာသည်နှင့် တစ်ဝုန်းဝုန်း မြည်သံများ ကြားလာရကာ ပတ်ဝန်းကျင်လေဟာနယ်အား သိမ့်သိမ့်တုန်စေသည်။ ရီဖူရှင်း၏နတ်ခန္ဓာမှ ရွှေရောင်အလင်းများ ဖြာထွက်လာသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဉ်စွမ်းအားများ တစ်ဝုန်းဝုန်း အော်မြည်သံပေးသည်။ သူက အနီးမှ လူများကို ကြည့်သည်။ သူတို့က ကွဲပြားခြားနားသော နေရာကိုးခုတွင် ရပ်နေကြ၏။ သူတို့၏စွမ်းအားကို ခံစားမိလျှင် စွန့်ပစ်ခံကလန်မှ ကျောက်ဆောင်ဝင်္ကပါသည် သူတို့ထံတွင် ကျဆုံးနိုင်မည်ဟု ယုံကြသည်။

သည်တစ်ကြိမ်ကား ကွဲပြားခြားနားသည်။ ယခုတစ်ခေါက် လူကိုးယောက်မှာ ထိပ်သီးပါရမီရှင် ကိုးဦး ဖြစ်သည်။ သူတို့၏ခွန်အားမှာ သာမန်ထက် ထူးကဲသည်။ သူတို့ တပြိုင်နက်တည်း တိုက်ခိုက်လျှင် ပြိုင်စံရှား၏။

ယခင်တိုက်ပွဲများကို လေ့လာကြည့်ခဲ့ရာ၌ စွန့်ပစ်ခံကလန်မှ တိုက်ကွက်ဝင်္ကပါသည် လူကိုးဦး တစ်စိတ်တည်း အဖြစ် ပေါင်းစပ်ခြင်းအပေါ် မူတည်သည်။ အလွန်ပြင်းထန်သော တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရလျှင်ပင် ဝင်္ကပါသည် တိုက်ခိုက်ခံရသော နေရာမှ အားနည်းချက်အား တခြားနေရာများမှ ခွန်အားဖြင့် ပြန်လည်အားဖြည့် ကုစားနိုင်သည်။

သို့သော်လည်း အကယ်၍သာ တိုက်ကွက်ဝင်္ကပါသည် တန်ခိုးရှင်ကိုးဦး၏ အသန်မာဆုံးသော တိုက်ကွက်များဖြင့် တပြိုင်နက်တည်း တိုက်ခိုက်ခံရပါက တမုဟုချင်း ပြိုလဲသွားနိုင်သော ဖြစ်နိုင်ဖွယ်တစ်ခု ရှိပေသည်။ ယခု လူကိုးဦးသည် ထိုသို့ စွမ်းရည် ရှိနေသည်။ ထို့ကြောင့်လည်း ရီဖူရှင်းက တိုက်ပွဲ၌ ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်က ဆုံးဖြတ်ပြီးသားဆိုပါက အနိုင်ရသူကိုးဦးသည် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ကျင့်ကြံနိုင်မည် ဖြစ်ကာ ရီဖူရှင်းသည်လည်း တစ်နေရာ အပိုင်စား ရပေမည်။

သည်တစ်ကြိမ်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးတွင် လေးနက်သော အမူအရာကို တွေ့ရသည်။ သူတို့က လက်ဟန်ချိပ်စည်းတချို့ကို လုပ်လိုက်ကြ၏။ ချက်ချင်းပင် မဟာလမ်းစဉ်အော်မြည်သံများကို ကြားလာရသည်။ ပုံရိပ်ယောင် နတ်ဘုရားများ ဖြစ်ပေါ်လာ၏။ သူတို့သည် ကောင်းကင်ကို ဖုံးအုပ်ကာ လေဟာနယ်အား ပိတ်ဆို့သည်။ ယခင်တိုက်ကဲ့သိုပင် ပုံရိပ်ယောင်နတ်ဘုရားများသည် နေရာတိုင်းတွင်ရှိကာ လေဟာနယ်အား ပိတ်ဆို့ထားသည်။ ကောင်းကင်ဒေသမှ တန်ခိုးရှင်ကိုးဦးမှာ ဝင်္ကပါအတွင်း ပိတ်မိသွားကြသည်။

စွန့်ပစ်ခံကလန်သည် ယခင်တိုက်ပွဲတွင် ထုတ်ဖော်ခဲ့သော ဒုတိယအဆင့်တိုက်ပွဲဝင်ပုံစံကို အသုံးပြုလိုက်ကြ၏။ ထိုအချက်မျှဖြင့်ပင် သူတို့က ကောင်းကင်ဒေသမှ တန်ခိုးရှင်များကို မည်မျှ အလေးထားသည်ကို သိသာစေသည်။

“အားလုံး… ကျုပ်တို့က တစ်ကွက်တည်းနဲ့ ချိုးဖျက်ရအောင်” ဟွားကျွင်းလိုင်က ပြောသည်။ သူတို့က ကျောက်ဆောင်ဝင်္ကပါကို ချိုးဖျက်လိုမှတော့ အချိန်ဖြုန်းနေခြင်းက အလကားဖြစ်သည်။ သူတို့က ဝင်္ကပါကို ချိုးဖက်လိုပါက အဆုံးစွန်သော စွမ်းအားဖြင့် တစ်ကွက်တည်းအသုံးပြုကာ တိုက်ခိုက်ရပေမည်။ သူတို့က ယခင်တိုက်ပွဲမှ တန်ခိုးရှင်များကဲ့သို့ အချိန်မဖြုန်းနိုင်ပေ။

“သဘောတူတယ်” တစ်ယောက်က ပြန်ပြောသည်။ ချက်ချင်းပင် သူတို့ကိုးဦးအနီးပတ်လည်၌ ပြိုင်စံရှားစွမ်းအားများ စုစည်းလာနေသည်။ သူတို့မှာ လေဟာနယ်ထဲ၌ ပိတ်မိနေသော်လည်း သူတို့ထုတ်လွှတ်သော အရှိန်အဝါများမှ သူတို့က မည်မျှ သန်မာသည်ကို သိနိုင်သည်။

ဟွားကျွင်းလိုင်၏နောက်တွင် မဟာအင်ပါယာ၏ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းသည် ပုံရိပ်ဆိုသော်လည်း တကယ့် မဟာအင်ပါယာတစ်ပါး ဆင်းသက်လာသည်နှင့် တူ၏။ ဟွားကျွင်းလိုင်ထံမှ ထိတ်လန့်ဖွယ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ၏ဆံပင်ရှည်သည် လေထဲကခုန်ကာ သူ၏အဝတ်စများသည် တဖျတ်ဖျတ် လွင့်နေသည်။ သူက လက်ကိုမြောက်လိုက်သည်တွင် မဟာအင်ပါယာပုံရိပ်သည်လည်း ထိုနည်းတူ ပြုမူသည်။ ဧရာမလက်ဝါးသည် ချက်ချင်းပင် တစ်ဘက်လူများထံသို့ ဦးတည်သွား၏။ ဧရာမလက်ဝါးသည် နတ်အလင်းများဖြင့် တောက်ပနေကာ လေဟာနယ်အား လှိုင်းလေများ ထန်စေသည်။ လက်ဝါးသည် လေဟာနယ်ကို တိုက်ရိုက်ချိုးဖျက်လိုက်သည့်အလား ထင်မှတ်ရ၏။

တချိန်တည်းမှာ ကွဲပြားခြားနားသော နေရာကိုးခု၌ ရပ်နေကြသော တန်ခိုးရှင်များကလည်း စတင်တိုက်ခိုက်ကြသည်။ ဗုဒ္ဓကုန်းမြေမှ ဆက်ခံသူသည် ကောင်းကင်ကို လက်ညိုးညွန်လိုက်သည်။ သူ၏လက်ချောင်းသည် အဆမတန် ကြီးထွားလာခဲ့ကာ နတ်ဘုရားလက်ချောင်းအလား ဖြစ်လာသည်။ လက်ချောင်းသည် ဖြိုဖျက်မရနိုင်သလို အရာခပ်သိမ်းကိုလည်း ထွင်းဖောက်နိုင်သည်။

ယွမ်ရှစ်ကုန်းမြေမှ တန်ခိုးရှင်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ဘီလီယံနှင့်ချီ ဓားများပါဝင်သော ဓားကဒ်ဘေးတစ်ခုသည် ကောင်းကင်၌ စတင်ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် နတ်ဘုရား၏အမျက်ဒေါသကို ထုတ်ဖော်သည့်အလား မိုးစက်မိုးပေါက်ပမာ ကျဆင်းလာကြတော့သည်။

တခြားတန်ခိုးရှင်ငါးဦးကလည်း စတင်တိုက်ခိုက်ကြသည်။ ရီဖူရှင်းလည်း ရပ်မနေပေ။ သူ့ထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာသည် ဓားတစ်လက်အလား ဖြစ်လာသည်။ ထို့နောက် သူက ရှေ့ကို လက်ညိုးထိုးလိုက်သည်။ ဤတွင် မရေမတွက်နိုင်သော ဓားများသည် စတင်စုစည်းလာခဲ့ကာ တဒင်္ဂနတ်ဓားကို ထုတ်ဖော်သည်။ ထို့နောက် ဓားသည် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ ဖန်တီးထားသော ပုံရိပ်ယောင်နတ်ဘုရားများထံသို့ ဦးတည်သွား၏။

တန်ခိုးရှင်ကိုးဦးက တပြိုင်နက်တည်း တိုက်ခိုက်ကြ၏။ တခြားနေရာများတွင်ဆိုပါက လူအနည်းငယ်ကသာ ဤသို့သော တိုက်ခိုက်မှုများကို ခံနိုင်ကြပေမည်။ သူတို့က ထိုတိုက်ခိုက်မှုများကို တပြိုင်နက်တည်း ထုတ်ဖော်ခြင်းဖြစ်ရာ သူတို့၏ပေါင်းစပ်စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပေမည်နည်း။

တိုက်ခိုက်မှုများသည် ပစ်မှတ်ကို ထိသောအခါ တစ်ဝုန်းဝုန်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး တံတိုင်းများသည် အမှန်တကယ် အက်ကွဲလာတော့သည်။ မကြာခင်မှာပင် ပိတ်ဆို့ထားသော လေဟာနယ်သည် စတင်ပြိုကွဲပြီး ရှေးနတ်ဘုရားပုံရိပ်များမှာလည်း ပျက်စီးသွားကြတော့သည်။ ကောင်းကင်သည် ပြိုလဲလာသည့်အလား ထင်မှတ်ရ၏။

ဝင်္ကပါကား ပြိုပျက်သွားခဲ့သည်။ လူထုမှာ စိတ်နှလုံးများ တုန်ယင်သွားကြ၏။ ထင်မှတ်ထားသည့်အတိုင်း ခိုင်မာလှပါသည်ဆိုသော ဝင်္ကပါသည် ကောင်းကင်ဒေသမှ တန်ခိုးရှင်များ၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် တောင့်မခံနိုင်ပေ။ သူတို့မှာ ကောင်းကင်ဒေသ၏အတော်ဆုံးများဖြစ်ကြသည်။

ပိတ်ဆို့ထားသော လေဟာနယ် ပျက်စီးသွားသည်ကိုကြည့်ကာ ရီဖူရှင်း၏ခံစားချက်များ ရှုပ်ထွေးနေသည်။ သူသည် ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်ရန် စိတ်ဝင်စားသော်လည်း စွန့်ပစ်ခံကလန်၏ရန်သူ မဖြစ်လိုပေ။ သူသည် စွန့်ပစ်ခံကလန်မှ တည်ဆောက်ထားသော ယုံကြည်မှုများကို လေးစားပေသည်။

ကံမကောင်းသည်ကား ကောင်းကင်ဒေသမှ တန်ခိုးရှင်များသည် မစ်ရှင်အား အောင်မြင်ရန် ဆုံးဖြတ်ထားသည်။ သူတို့က လျှို့ဝှက်နယ်မြေ၌ ကျင့်ကြံခွင့်ရမည့် ကိစ္စအား လက်မလွှတ်လိုပေ။ သူတို့သည် ဝင်္ကပါအား ချိုးဖျက်ရန် ဤမျှ သန်မာသော လူစာရင်းကို ဖွဲ့စည်းခဲ့ကြသည်။

ဝင်္ကပါ ကျိုးပျက်သွားပြီဟု လူတိုင်းက တွေးထင်နေကြသော်လည်း စွန့်ပစ်ခံကလန်မှ အဖိုးအို၏အမူအရာမှာ တည်ငြိမ်နေသည်။ သူသည် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးကို ကြည့်ကာ သက်ပြင်းချသည်။

ထိုအခိုက်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦး၏မျက်လုံးများ ပိတ်သွားသည်။ သူတို့၏နဖူးမှ နတ်အလင်းများသည် တစ်နေရာတည်းတွင် စုစည်းသွားသည်။ မဟာလမ်းစဉ်၏အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ လေဟာနယ်၏အငွေ့အသက်မှာ ချက်ချင်း ပြောင်းလဲ၏။

ထိုစဉ် ပြိုပျက်သွားသော လေဟာနယ်သည် တဖန် ပြန်လည်ဖွဲ့စည်းသွားသည်ကို မြင်ကြရ၏။ ကျောက်ဆောင်ဝင်္ကပါသည် မိမိကိုယ်ကိုယ် ပြန်လည်ပြုပြင်ကုစားနေသည်။

ဘာဖြစ်နေတာလဲ…။

ပတ်ဝန်းကျင်မှ တန်ခိုးရှင်များအားလုံးက နားမလည်သော အမူအရာ ဖြစ်နေကြသည်။ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးထံမှ နတ်အလင်းများ တောက်ပနေသည်။ သူတို့၏အသွေးအသားများသည် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားကာ မဟာလမ်းစဉ်၏လေဟာနယ်နှင့် ပေါင်းစပ်၏။ သူတို့သည် ရှေးဟောင်းနတ်ဘုရားများအဖြစ် ပြောင်းလဲကာ သူတို့၏ဝိညာဉ်စွမ်းအားများမှာလည်း အဆုံးစွန်သို့အထိ မြင့်တက်သွားသည်။

မဟာလမ်းစဉ်၏အော်မြည်သံကို ကြားသည်တွင် ရီဖူရှင်းက မျက်လုံးများကို ကျဉ်းမြောင်းလျှက် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးအား ကြည့်သည်။ သူ၏စိတ်နှလုံးများ လေးလံလာသည်။

သူတို့က…

စွန့်ပစ်ခံကလန်မှ တည်ဆောက်ထားသော ယုံကြည်မှုအား သူ ပြန်သတိရလာသည်။ သူတို့သည် အသွေးအသားများကို ကျောက်ဆောင်များအဖြစ် ပြောင်းလဲလျှက် ကုန်းမြေအား ကာကွယ်ကြသည်။

ယခု သူတို့က ထိုသို့သော ယုံကြည်မှုကို ကျင့်ကြံအားထုတ်ကာ စတေးလိုက်ခြင်းများလား…။

All Chapters