← Chapters

အသက်ရှုကြိမ် ၁၀

Vol. 15 Ch. 208

အသက်ရှုကြိမ် ၁၀

Vol. 15 Ch. 208

ယခု မသုံးလျှင် မည်သည့်အချိန်တွင် သုံးမည်နည်း။

ဟန်မူယဲ့သည် လက်တစ်ဖက်ကို သူ့နောက်ကျောတွင် ထားကာ လေပေါ်သို့ ပျံတက်လာသည်။ သူ့ခြေလှမ်းတိုင်း၌ ဓားကြာပန်းများ ပွင့်ကြသည်။

“စီနီယာထူစွန်းရှစ်… နောက်ဆုံးတစ်ခေါက်က ကျုပ်တို့ အတူလက်တွဲခဲ့ကြတယ်။ အခု နောက်တစ်ခေါက် ကြိုးစားကြည့်ရအောင်။”

ဟန်မူယဲ့က ရှေ့ကို လှမ်းသွားကာ အော်ဟစ်လိုက်သည်။

စစ်မြေပြင်တစ်ခုလုံးမှ လူတိုင်းက ဟန်မူယဲ့အား လှမ်းကြည့်ကြ၏။

‘သူ ဘာလုပ်ချင်တာလဲ…’

အားလုံးက နားမလည်စွာ ကြည့်နေကြသည်။

အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးက ကောင်းကင်ဘုံအဆင့်များ၏တိုက်ပွဲတွင် ဝင်ပါနိုင်သည်လား။

ရူးသွပ်နေတာများလား…

ဟန်မူယဲ့၏အော်သံအား ကြားလျှင် ထူစွန်းရှစ်၏မျက်လုံးများ စူးရှသွားသည်။

တွဲလုပ်မှာလား…

‘ဒီကောင်လေးက သူ့ကို ယွမ်ထိုက်ဂိုဏ်းဆီက လုယက်ထားတဲ့အရင်းအမြစ်တွေရဲ့ ၂၀ ရာနှုန်း အကြွေးကို ပေးရဦးမယ်ဆိုတာ သတိပေးနေတာပဲ…’

‘ဒီတိုက်ပွဲမှာ ငါ သေသွားရင် သူ ရစရာရှိတာတွေ ပျောက်သွားမှာ ကြောက်နေတာလား’

ဟန်မူယဲ့၏ခေါင်းထက်မှ ပုံရိပ်ယောင်ဓားကို ကြည့်ကာ ထူစွန်းရှစ်၏တိုက်ခိုက်ရေးစိတ်ဓာတ်များ မြင့်တက်လာသည်။

နောက်ဆုံးအကြိမ်က သူသည် ဟန်မူယဲ့နှင့် ပူးပေါင်းကာ ကောင်းကင်ဘုံအဆင့် မိစ္ဆာတစ်ကောင်အား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။

ယနေ့ သူ့တွင် ဝိညာဉ်ဓားချီများ မရှိတော့ပါ။ ထို့အပြင် ဟန်မူယဲ့၏ဝိညာဉ်လိပ်ပြာဓားချီမှာလည်း အားနည်းနေလောက်သည်။

သို့သော်လည်း သိပ်တော့ ကွာခြားခြင်း မရှိပေ။

“ဟားဟား… ကောင်လေး… နောက်တစ်ခေါက် တွဲလုပ်ရအောင်”

ထူစွန်းရှစ် လေထဲသို့ ခုန်တက်ကာ လက်မြှောက်လိုက်သည်။ ဟန်မူယဲ့၏ခေါင်းထက်မှ ဓားသည် လေထဲ ပြေးထွက်သွားကာ ထူစွန်းရှစ်၏လက်ထဲသို့ သက်ဆင်း၏။

ဟန်မူယဲ့ လေထဲတွင် ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ နတ်အလင်းများ စူးရှလင်းလက်လျှက် ဝိညာဉ်လိပ်ပြာဓားကို အသက်သွင်းကာ ထူစွန်းရှစ်နှင့် ပူးပေါင်းပေးသည်။

ဝုန်း…

ဝိညာဉ်လိပ်ပြာဓား ခုတ်ပိုင်းကျလာ၏။ အဆုံးမဲ့သော ဖိအားများသည် သဘာဝစွမ်းအားများကို စုပ်ယူကာ ဝိညာဉ်စွမ်းအားသည် မိုင်ငါးဆယ်ပတ်လည်သို့ ဖြန့်ကျက်သွားပြီး အနက်ရောင်ဓားတစ်လက်အဖြစ် စုစည်းသွားကာ အသစ်ပြန်လည်ဖွဲ့စည်းလာသော ရေနဂါးအား ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းသည်။

ရေနဂါးသည် နာကျင်စွာဖြင့် အော်ဟစ်၏။ ၎င်း၏ခန္ဓာကိုယ်သည် ကြေပျက်သွားကာ အဝေး၌ အစိမ်းရောင်ဝတ်အဖိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

အဖိုးအိုကား နာကျင်စွာ အော်ဟစ်နေသည်။

ထူစွန်းရှစ်က ကျယ်လောင်စွာ ရယ်မောလိုက်ကာ အဖိုးအိုထံသို့ ထပ်မံ ခုတ်ပိုင်းလျှက် ပြောသည်။

“တာအိုရောင်းရင်းယွီဖန်း… ဒီနေ့ ငါ မင်းကို နဂါးတစ်ကောင်သို့ အသွင်ပြောင်းအောင် သေလမ်းသို့ ကြွမြန်းစေလိုက်မယ်”

ဓားအလင်း ကျဆင်းလာသည်တွင် အစိမ်းရောင်ဝတ်အဖိုးအို၏မျက်နှာတွင် ကြောက်လန့်ဟန်များ ပေါ်လာ၏။ သူက နောက်ကို မြန်ဆန်စွာ ဆုတ်ခွာသည်။

ထူစွန်းရှစ်ကလည်း ရယ်မောကာ ပိုမိုရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်း၏။

“သေစမ်း… အဖိုးကြီးထူ… မင်း… မင်း… အသေဆိုးနဲ့သေရမယ်”

ခေါင်းဆောင်ယွီဖန်းက အံကြိတ်ကာ နောက်ဆုတ်၏။

သူသည် ထိုဓားချက်အား မခုခံရဲပါ။

တခြားသော ကောင်းကင်ဘုံအဆင့်မိစ္ဆာလေးဦးကလည်း အချင်းချင်း ကြည့်လိုက်ကြကာ ရှေ့ကို တက်လာကြ၏။ မိစ္ဆာအလင်းများ စုစည်းဖြစ်ပေါ်လာသည်။

ထူစွန်းရှစ်က အော်ဟစ်လိုက်သည်။

“အချိန်ကိုက်ပဲဟေ့…”

သူက ဓားကို ဝှေ့ယမ်းကာ ထိုမိစ္ဆာလေးပါးအား နောက်သို့ ဆုတ်စေပြီး ဟန်မူယဲ့ဘေးသို့ သက်ဆင်းလာသည်။

“ကောင်လေး… ဓား ၁၀၀၀၀ တို့အိမ်အပြန် နည်းစနစ်က အသုံးဝင်လား”

ဟန်မူယဲ့က သူ့အား လှည့်ကြည့်ကာ ပြုံးလျက် ပြောသည်။

“ဘာလဲ… ခင်ဗျား သင်ချင်လို့လား”

ထူစွန်းရှစ်က ခေါင်းညိတ်ကာ သုန်မှုန်စွာ ပြောသည်။

“ဝိညာဉ်လိပ်ပြာဓားက နည်းနည်း အားနည်းတယ်။ ငါတို့က ဒီတိုက်ပွဲကို အသာစီးရဖို့ မလွယ်ဘူး”

ဝိညာဉ်လိပ်ပြာဓားသည် ဟန်မူယဲ့၏ဝိညာဉ်အားကို အခြေခံကာ ၎င်းဓားကို ထိန်းချုပ်ခြင်းက ထူစွန်းရှစ်၏ချီအားများကို စားသုံးသည်။

သူတို့က တစ်ဘက်မှ ကောင်းကင်ဘုံမိစ္ဆာငါးပါးကို မသတ်ဖြတ်နိုင်ပါက ယနေ့တိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

ကောင်းကင်တွင် မိစ္ဆာအရှိန်အဝါများ တဖန် အားကောင်းလာသည်။

အောက်တွင် လူတိုင်းက ဘေးချင်းယှဉ်ရပ်နေသော လူနှစ်ယောက်အား ကြည့်နေကြ၏။

အနောက်ဘက်ကုန်းမြေ၏ နံပါတ် ၁ ဓားသမား ထူစွန်းရှစ်သည် ကောင်းကင်ဘုံမိစ္ဆာငါးပါးအား တားဆီးနိုင်ပါမည်လော။

“ကောင်းပြီ…”

ထိုအခိုက်တွင် ထူစွန်းရှစ်ဘေးတွင် ရပ်နေသော ဟန်မူယဲ့သည် ရှေ့ကို တစ်လှမ်းတိုးကာ အော်ဟစ်လိုက်သည်။

“ကျုပ်မှာ ဓား ၁၀၀၀၀ တို့အိမ်အပြန် လို့ခေါ်တဲ့ နည်းစနစ်တစ်ခုရှိတယ်။ ဒီနည်းစနစ်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ နံပါတ် ၁ အပြင်စည်းဂိုဏ်းသား မော့ယွမ် တီထွင်ခဲ့တာ ဖြစ်တယ်”

“မော့ယွမ်ဟာ ဒီနည်းစနစ်ကို တီထွင်ဖို့ နှစ်ပေါင်း ၂၀၀ အချိန်ယူခဲ့ရတယ်။ ဓားသိုင်းပေါင်း ထောင်ကျော်အောင် လေ့လာဆည်းပူးခဲ့ရတယ်”

“ဒီဓားသိုင်းဟာ ဗီဇပါရမီနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အလေးမထားဘူး။ မင်းရဲ့ စိတ်နှလုံးမှာ ဓားနှလုံးသားရှိဖို့ပဲ လိုတယ်”

ဟန်မူယဲ့၏ခန္ဓာကိုယ်တွင် ဖိနှိပ်ထားသော ဓားအလင်းသည် စုစည်းလာခဲ့ကာ သူ့အနီး၌ ရွှေရောင်ဓားကြာပန်းများ ဖူးပွင့်လာကြသည်။

လက်တစ်ဖက်ကို နောက်တွင် ပိုက်လျှက် တခြားလက်တစ်ဖက်ကို မြှောက်ကာ ဓားကို ရှေ့သို့ ချိန်ရွယ်လိုက်၏။

“ဆရာမော့က ဒီဓားနဲ့ သာမန်လူတွေအတွက် ဓားလမ်းစဉ်တစ်ခု လမ်းဖောက်ပေးမယ်လို့ ပြောဖူးတယ်”

“ဒီနေ့ ကျုပ် ဟန်မူယဲ့… ကျုပ်ရဲ့ဆရာကိုယ်စား သင်ကြားပေးမယ်။ ဒီဓားသိုင်းဟာ လောကမှာ ရှိတဲ့ ဘယ်ဓားသမားမဆို သင်ယူနိုင်တယ်”

“အားလုံးပဲ… သေသေချာချာ ကြည့်ထားကြပါ”

မရေမတွက်နိုင်သော ဓားသမားများ လှမ်းကြည့်ကြသည်။ လေထဲတွင် ရပ်နေသော ဟန်မူယဲ့က သူ၏လက်ကို ဓားတစ်လက်အလား ရှေ့သို့ ချိန်ရွယ်လိုက်၏။

“ဓား ၁၀၀၀၀ တို့အိမ်အပြန်”

မရေမတွက်နိုင်သော ဓားကြာပန်းများ ဖူးပွင့်လာကြသည်။ ပွင့်ချပ်တိုင်းသည် ပုံရိပ်များအဖြစ် အသွင်ပြောင်းလာ၏။

ပုံရိပ်တိုင်းသည် ဓားသိုင်းတစ်မျိုးစီ လေ့ကျင့်ကြသည်။

ဓားသိုင်းတစ်ခုစီသည် ဓားဟန်တစ်မျိုးစီ ဖြစ်၏။

သူက လက်ဝှေ့ယမ်းလိုက်၏။

ဓားတစ်ချက် …

ဓား ဆယ်လက် …

ဓားအလက် ၁၀၀ …

ဓားအလက် ၁၀၀၀ …

ဓားအလက် ၁၀၀၀၀ …

ဓား ၁၀၀၀၀ တို့ အိမ်ပြန်လာနေကြသည်။

ဓားကြာပန်းများ ပျက်ပြယ်သွား၏။

ဟန်မူယဲ့သည် လက်များကို နောက်တွင် ပိုက်ကာ ထူးမခြားနားစွာ ပြောသည်။

“စီနီယာ… နားလည်ပါရဲ့လား”

ထူစွန်းရှစ် ခေါင်းညိတ်ကာ ဦးညွှတ်သည်။

“ဓား ၁၀၀၀၀ တို့အိမ်အပြန် နည်းစနစ်ကို သင်ပေးတဲ့အတွက် မင်းကို ဦးတစ်ခေါက် ညွှတ်ဖို့ ထိုက်တန်ပါတယ်”

ထို့နောက်တွင် သူက ခါးကို ပြန်မတ်လိုက်ကာ ရှေ့ကို တစ်လှမ်းတက်လိုက်သည်။ သူက အဝေးမှ လူးလိမ့်နေသော မိစ္ဆာတိမ်စိုင်များအား ကြည့်သည်။ သူ့မျက်လုံးများမှ အဆုံးမရှိသော အလင်းများ ပေါက်ကွဲထွက်လာ၏။

“ကျုပ် ထူစွန်းရှစ်၊ အနောက်ဘက်ကုန်းမြေရဲ့ နံပါတ် ၁ ဓားသမားအဖြစ် လူသိများကျော်ကြားတယ်။ ဝိညာဉ်သူငယ်အဆင့် ဓားနှလုံးသားကို ပိုင်ဆိုင်တဲ့ ကျုပ်ဟာ အရင်က ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းတယ်လို့ ထင်မိတယ်”

“ဒီနေ့တော့ ကျုပ်က အကန့်အသတ်ကို ကျော်လွန်ပြီးတော့ မြင်တွေ့ခဲ့ရတယ်”

ထူစွန်းရှစ်၏ခေါင်းပေါ်၌ အစိမ်းရောင်ဓားငယ်တစ်လက် ပေါ်လာသည်။

ဓားသည် ဝိညာဉ်ဓားချီဖြင့် ဖွဲ့စည်းထားသော ဓားမာန်ဟုန်ဖြစ်သည်။ ထိုဓားငယ် ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချီအားများအားလုံးကို ဖိနှိပ်သွားသည်။

“တောင်ပိုင်းကုန်းမြေက တာအိုရောင်းရင်းတို့… ကျုပ် ဆရာဟန်ဆီက ဓား ၁၀၀၀၀ တို့အိမ်အပြန် နည်းစနစ်ကို အခုမှ သင်ယူလိုက်ရတယ်။ ကျုပ်ရဲ့ဓားကို ကြည့်ပါ…”

ထို့နောက် ဓားအလင်းများ ပေါက်ကွဲထွက်လာသည်။

မိုင်ငါးရာပတ်လည်၌ ဓားများအားလုံး တုန်ခါသွားကာ လေထဲသို့ ပျံတက်လာကြသည်။ ၎င်းတို့သည် ဝိညာဉ်လိပ်ပြာဓားထံ၌ လာရောက်ပေါင်းစပ်ကြကာ ဧရာမဓားကြီးတစ်လက် ဖြစ်လာ၏။

၎င်းဓားသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ဟန်မူယဲ့၏အမူအရာ ပြောင်းလဲသွားသည်။ သူက ခရမ်းကျောက်စိမ်းဆေးလုံး ၂လုံးအား ထုတ်ကာ လက်ဖဝါး၌ အမှုန့်ခြေလိုက်ပြီး အဆုံးမရှိသော သဘာဝစွမ်းအင်များအား ပေါက်ကွဲထွက်စေသည်။

သည်တစ်ခေါက်တွင် သူသည်လည်း ရူးသွပ်ရပေမည်။

သူ၏စိတ်နယ်ပယ်မှ ခရမ်းကျောက်စိမ်းဆေးလုံးသည် ဘန်းခနဲ ပေါက်ကွဲသွား၏။ ဆေးဂုဏ်သတ္တိများသည် ဝိညာဉ်စွမ်းအားများအဖြစ် အသွင်ပြောင်းသွားကာ ဝိညာဉ်လိပ်ပြာဓားအား အသက်ဝင်စေလျှက် ထူစွန်းရှစ်နှင့် ပူးပေါင်းသည်။

“စီနီယာ… ကျုပ် အသက်ရှုကြိမ် ၁၀ လောက် ခံနိုင်တယ်”

ဟန်မူယဲ့က တီးတိုးပြောသည်။

“အသက်ရှုကြိမ် ၁၀ လား…”

All Chapters