← Chapters

ရှေးဟောင်းခန်းမကို ဖြိုချခြင်း

Vol. 15 Ch. 199

ရှေးဟောင်းခန်းမကို ဖြိုချခြင်း

Vol. 15 Ch. 199

"ဒါက ငါတို့မြေခွေးတွေရဲ့ ကိစ္စ။ အပြင်လူတွေ စကားပြောခွင့်မရှိဘူး"

စုန်းမအိုကြီးက ငေါက်ငမ်းလိုက်သည်။

ယဲ့ချန်သည် ဤမြေခွေးအိုကြီးသုံးကောင်တွင် အမွေးပွလေး၏ဘွားလေးကသာ အကျိုးအကြောင်းဆီလျော်သူဟု ခံစားနေရသည်။

"ဘွားလေး တိုက်ပွဲပြီးတော့ လင်းယွန်မြေခွေမျိုးနွယ်က အသက်ရှင်ကျန်သူ ရှိလား"

ထို့ကြောင့် သူက စုန်းမအိုကြီးကို လျစ်လျူရှုကာ ဘွားလေးကို မေးလိုက်သည်။

အမွေးပွလေး၏ မျက်လုံးများကလည်း သိချင်စိတ်ကြောင့် ဘွားလေးကို ကြည့်လိုက်သည်။

"နင်အာ တစ်ယောက်တည်း အသက်ရှင်ခဲ့တယ်။ အစကဆိုရင် ငါထင်တာ အားလုံးသေသွားပြီလို့....."

ဘွားလေးက ခေါင်းယမ်း၍ ဝမ်းနည်းစွာပြောလိုက်သည်။

အမွေးပွလေး၏ရင်ထဲတွင် သူမ၏မျိုးနွယ်ဝင်များ အသက်ရှင်နေနိုင်သည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် ဘွားလေး၏စကားကို ကြားသောအခါ သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ ထိန်းမရအောင် စီးကျလာခဲ့သည်။

အမွေးပွလေး ဝမ်းနည်းနေသဖြင့် ယဲ့ချန်၏နှလုံးသားလည်း နာကျင်ရသည်။ အကယ်၍ မြစိမ်းတိမ်မြေခွေးမျိုးနွယ်သာ ကူညီခဲ့လျှင် အမွေးပွလေး၏မျိုးနွယ်က ဤအဖြစ်ဆိုးကို ကျော်လွှားနိုင်ပေလိမ့်မည်။ ယဲ့ချန်အနေဖြင့် ဒေါသကိုဖောက်ခွဲမရ ဖြစ်နေခဲ့သည်။ သူသာ အစစ်အမှန်နတ်ဘုရင်တစ်ယောက်ဆိုလျှင် စုန်းမအိုကြီးကို တစ်ချက်တည်း ရိုက်သတ်လိုက်ပြီဖြစ်သည်။

ရှောင်ရိသည်လည်း ဒေါသတကြီးဖြင့် လက်သီးဆုပ် အံကြိတ်ထားမိသည်။ ဤစုန်းမအိုကြီးက အမ အမွေးပွလေး၏မိသားစုကို သတ်ဖြတ်ခဲ့သူ ဖြစ်နိုင်သည်။

"ဘွားလေးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က အမွေးပွလေးရဲ့မိသားစုဝင်များ ရှိနေမလားလို့ လာရှာတာပါ။ အခုမရှိကြဘူးဆိုတော့ ခွင့်ပြုပါဦး။ အမွေးပွလေး ရှောင်ရိ သွားကြစို့"

ယဲ့ချန်က အေးစက်စက်ပြော၍ ရှေးဟောင်းခန်းမ၏တံခါးထံ ခြေဦးလှည့်လိုက်သည်။

"ရပ်စမ်း မင်းက ငါ့ရဲ့မြစိမ်းတိမ်မြေခွေးမျိုးနွယ်ကို လာချင်တိုင်းလာ ထွက်ချင်တိုင်းထွက်လို့ ရမလား"

ထိုအချိန်တွင် စုန်းမအိုကြီးက အော်ဟစ်၍ လက်ထဲရှိချိုင်းထောက်ဖြင့် မြေပြင်ကို ဘုန်းခနဲမြည်အောင် ဆောင့်ချလိုက်သည်။ ကြမ်းပြင်ရှိ ထုံးကျောက်များက ဤစွမ်းအားကြောင့် အမှုန့်ဖြစ်ကုန်သည်။ သူမ၏အမြင်တွင် ယဲ့ချန်သည် ရှေးဟောင်းခန်းမအတွင်း​ ရောက်ချိန်မှစ၍ ရိုင်းရိုင်းစိုင်းစိုင်းပြုမူကာ သူမကို လျစ်ရှုထားသည်။

"ဒါဆိုရင် ခင်ဗျားက ဘာလုပ်ချင်လို့လဲ။ မြေခွေးမျိုးနွယ်လေးတစ်ခုရဲ့ ခေါင်းဆောင်ကြီးက ငါတို့ကိုဘာလုပ်မလဲ သိချင်မိတယ်"

ယဲ့ချန်၏ခြေလှမ်းများက စုန်းမအိုကြီးကြောင့် တုံ့ခနဲရပ်သွားသည်။ သူ၏အကြည့်က သူမထံ အေးစက်စက်ကျရောက်သွားခဲ့သည်။

"အခုအချိန်ထိ ဘယ်လူသားမှ မြေခွေးမျိုးနွယ်ရဲ့ပိုင်နက်ကို မဝင်ရောက်ဖူးဘူး။ မင်းက မြေခွေးတစ်ကောင်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကြိမ်ဒဏ်အချက်ငါးရာခံယူပြီးရင် ထွက်သွားစမ်း။ နင်အာကတော့ မျိုးနွယ်စည်းကမ်းအတိုင်း အပြစ်ပေးခံရမယ်"

စုန်းမအိုကြီးက အကျိုးအကြောင်းမသင့်စွာဖြင့် ​ပြောလိုက်သည်။

"ကြိမ်ဒဏ်ငါးရာ ဟား ဟား စိတ်ဝင်စားစရာကောင်းတယ်။ နင်အာက လင်းယွန်မြေခွေးမျိုးနွယ်က ဆိုပေမယ့် သွေးမျိုးဆက်က အတော်လေးသန့်စင်တယ်။ အသွင်မပြောင်းနိုင်ခင်ကို အမြှီးခြောက်ခု ရှိနေပြီ။ ဒီလောက်သန့်စင်တဲ့ မျိုးဆက်သွေးကို အပြင်အရောက်ခံလို့ မဖြစ်ဘူး။ ငါ့အိမ်က ကလေးနဲ့ပေးစားပြီး အနာဂတ်မှာ ငါတို့အတွက် ကလေးတွေမွေးခိုင်းရမယ်"

အနီရောင်သတို့သမီးဝတ်စုံနှင့် အဘွားအိုကလည်း အမွေးပွလေးကိုကြည့်ပြီး စက်ဆုပ်ဖွယ်​စကားများ ပြောလာခဲ့သည်။

အမွေးပွလေးက သူမ၏စကားကြောင့် ဒေါသတကြီးဖြစ်သွားခဲ့သည်။

"အိုး အရုပ်လေးက တော်တော်ဒေါသကြီးနေပါလား။ ကိစ္စမရှိပါဘူး။ ငါ့ကလေးကို လက်ထပ်ပြီးရင် မင်းကို စည်းကမ်းလိုက်နာတတ်ဖို့ သင်ပေးရမယ်"

ပြည့်တန်ဆာအိုကြီးနှင့်တူသော အဘွားအိုက တခစ်ခစ်ရယ်မောလိုက်သည်။

"ခေါင်းဆောင် သခင်လေးကို ချမ်းသာပေးလိုက်ပါ"

ဘွားလေးက စိုးရိမ်တကြီးတောင်းဆိုလိုက်သည်။ ပတ်ဝန်းကျင်က တင်းမာလာကြောင်း သူမက သတိထားမိလိုက်သည်။ ယဲ့ချန်နှင့်ရှောင်ရိ၏ခွန်အားက ဖုံးကွယ်ထားရသော်လည်း ကလေးများဖြစ်သည့်အတွက် သန်မာမည်မဟုတ်ပေ။ ရှောင်ရိက မြွေသဏ္ဍာန် သားရဲတစ်​ကောင်ဖြစ်ဟန်တူသော်လည်း အလွန်ငယ်ရွယ်နေသည်။ သူမအနေဖြင့် ဤကလေးများက ခေါင်းဆောင်နှင့်ဒေါ်လေးနီကို မယှဥ်နိုင်ကြောင်း တွေးထင်နေခဲ့သည်။

"မြစိမ်းတိမ်မြေခွေးမျိုးနွယ်ရဲ့ ရှေးဟောင်းခန်းမထဲမှာ မောက်မာပြနေတဲ့ လူကို သင်ခန်းစာပေးရမယ်"

"အစောင့်တွေ လာကြစမ်း"

စုန်းမအိုကြီးက နှာခေါင်းရှုံ့၍ အော်ဟစ်အမိန့်ပေးလိုက်သည်။

"တော်တော်လွန်လွန်းနေပြီ"

ယဲ့ချန်က ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ခါနေသည်။ အမွေးပွလေးသည်လည်း ထိုနည်းတူပင်။

"ရှောင်ရိ တော်တော်မြင့်မြတ်တဲ့ ရှေးဟောင်းခန်းမကို ဖြိုချပစ်စမ်းကွာ။ မင်းတို့ပြောသလို မောက်မာပြဦးမယ်။ ငါ့ကိုဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

ယဲ့ချန်က ရှောင်ရိကို ညွှန်ကြားလိုက်သည်။ မူလတွင် သူက ဆန်းကျယ်အဆင့်သားရဲသုံးကောင်နှင့် အချင်းမများလိုသဖြင့် နောက်ဆုတ်လိုခဲ့သည်။ သို့သော် စုန်းမအိုကြီးက မောက်မာလွန်းနေသဖြင့် ယဲ့ချန်က ဒေါသကို မထိန်းနိုင်တော့ပေ။

သူ၏မျက်လုံးများတွင် ဝိညာဥ်အသိစိတ်ဖြင့် ခရမ်းရောင်မီးများ တောက်လောင်စေသည်။ ယဲ့ချန်က စုန်းမအိုကြီးနှင့် ဒေါ်လေးနီကို စူးစိုက်ကြည့်လိုက်သည်။

အဘွားအိုနှစ်ယောက်မှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ပြိုင်တူဆုတ်လိုက်မိကြသည်။ ယဲ့ချန်၏ ကြောက်မက်ဖွယ်အရှိန်အဝါက သူတို့၏ဝိညာဥ်များကို တုန်ခါသွားစေခဲ့သည်။ ဆန်းကျယ်အဆင့်သားရဲများအနေဖြင့် နတ်ဘုရင်တစ်ယောက်ကြောင့်သာ ကြောက်စိတ်ကို ခံစားရမည်ဖြစ်သည်။ အမွေးပွလေး၏ဘွားလေးမှာ ယဲ့ချန်ကို အံ့သြစွာကြည့်နေမိသည်။

ယဲ့ချန်က ရှေးဟောင်းခန်းမအတွင်းမှ ထွက်ခွာသွားချိန်တွင် ရှောင်ရိက တိုင်ကြီးတစ်လုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဘုန်း"

အထူးသတ္တုများဖြင့် ပြုလုပ်ထား၍ အလွန်မာကျောသော တိုင်ကြီးက ချက်ချင်းပျက်စီးသွားသည်။

"မဟုတ်ဘူး"

အဘွားအိုသုံးယောက်က တားမြစ်ချင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ရှောင်ရိက နောက်ထပ်တိုင်တစ်လုံးကိုပါ လက်သီးတစ်ချက်တည်းဖြင့် ဖြိုချလိုက်သည်။

"ဝုန်း"

နောက်ဆုံးတွင် မြစိမ်းတိမ်မြေခွေးမျိုးနွယ်၏ ရှေးဟောင်းခန်းမမှာ အပျက်အစီးပုံကြီးအဖြစ် ပြိုကျသွားခဲ့သည်။ မြေခွေးအိုကြီးသုံးကောင်က ချက်ချင်းပြေးထွက်လာကြသည်။

ရှောင်ရိကမူ အပျက်အစီးများကြားမှ မထိခိုက်ဟန်ဖြင့် တစ်လှမ်းချင်းထွက်လာခဲ့သည်။ သူက ဤခန်းမကြီးကို လက်သီးနှစ်ချက်တည်းဖြင့် အလွယ်တကူဖြိုချနိုင်ခဲ့သည်။

ဘွားလေး၊ စုန်းမအိုကြီးနှင့် ဒေါ်လေးနီတို့က ခန်းမရှေ့ရှိကွင်းပြင်တွင် ရပ်ကာ အပျက်အစီးပုံကြီးကို ဝမ်းနည်းစွာကြည့်နေကြသည်။ စုန်းမအိုကြီးနှင့်ဒေါ်လေးနီမှာ ယဲ့ချန်ကို အလွန်ကြောက်လန့်နေသဖြင့် လှုပ်ပင်မလှုပ်ရဲချေ။ လူသားတစ်ယောက်ဖြစ်ဟန်တူသော ဤကောင်လေးက နတ်ဘုရင်သားရဲတစ်ကောင်ဖြစ်နေမည်ဟု သူတို့က အိပ်မက်ပင်မမက်ဖူးကြပေ။

သားရဲများ၏ကမ္ဘာတွင် နတ်ဘုရင်များက ထိပ်ဆုံးအဆင့်ဖြစ်တည်မှုများ ဖြစ်ကြသည်။ အရှေ့ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် မြေခွေးမျိုးနွယ်ခွဲပေါင်း များစွာရှိသော်လည်း နတ်ဘုရင်တစ်​ယောက်ပင် မရှိချေ။ မဟုတ်လျှင် သူတို့အနေဖြင့် မိစ္ဆာဝံပုလွေမျိုးနွယ်၏ အနိုင်ကျင့်မှုကို ခံရမည်မဟုတ်ပေ။

အဘွားကြီးနှစ်ယောက်က ဆန်းကျယ်အဆင့်သားရဲများဖြစ်သော်လည်း နတ်ဘုရင်တစ်ယောက်ကို ရန်မစရဲပေ။ နတ်ဘုရင်သာ ဒေါသထွက်သွားလျှင် မြစိမ်းတိမ်မြေခွေးမျိုးနွယ်တစ်ခုလုံး သုတ်သင်ခံရနိုင်သည်။

"ခေါင်းဆောင်ကြီးက ငါ့ကို ကြိမ်ဒဏ်ငါးရာပေးမယ်လို့ ပြောလိုက်တယ်မလား။ ဘေးမှာရပ်နေတဲ့ အဘွားကြီးကလည်း အမွေးပွလေးကို ကလေးမွေးစေချင်တယ်ပေါ့။ မင်းတို့ဘာလုပ်နိုင်မလဲ ငါ့ကို ပြစမ်း"

ယဲ့ချန်က အေးစက်စက်ငေါက်ငမ်းလိုက်သည်။ သူ၏မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်များက အလျှံတညီးညီး တောက်လောင်ထွက်ပေါ်နေသည်။

စုန်းမအိုကြီးမှာ ကြောက်လွန်းသဖြင့် နေရာတွင် ကြက်သေသေနေခဲ့သည်။ ယဲ့ချန်က အစွမ်းမရှိသူဆိုလျှင် ရှေးဟောင်းခန်းမကို ဖြိုချရဲမည် မဟုတ်ပေ။

"သခင်လေးကို ခေါင်းဆောင်နဲ့ဒေါ်လေးနီရဲ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ ရှေးဟောင်းခန်းမလည်း ပြိုသွားပြီဆိုတော့ ဒီကိစ္စကို ကြေအေးပေးပါ"

ဘွားလေးက ဝင်ရောက်တောင်းပန်လိုက်သည်။

ယဲ့ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်ကသာ လုံလောက်အောင် အစွမ်းထက်မနေလျှင် ဤနေရာမှ မောင်းထုတ်ခံရပြီး အမွေးပွလေးလည်း အကျဥ်းခံရပေလိမ့်မည်။

သို့သော် သူက ဝိညာဥ်စစ်သည်တော်ကို ဆန်းကျယ်အဆင့်သားရဲသုံးကောင်ရှေ့တွင် မလိုအပ်လျှင် ထုတ်မပြလိုပေ။

ဘွားလေး၏စကားအဆုံးတွင် ယဲ့ချန်၏မျက်နှာက ပျော့ပြောင်းသွားခဲ့သည်။ သူ၏လက်ရှိခွန်အားအရ ဆန်းကျယ်အဆင့်တစ်ယောက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ သူက ဝိညာဥ်အသိစိတ်ဖြင့် ရန်သူကိုခြောက်လှန့်ရန်သာ တတ်နိုင်သည်။

ထိုအချိန်တွင် စုန်းမအိုကြီးက မော့ကြည့်လာသော်လည်း ယဲ့ချန်၏အကြည့်တစ်ချက်ဖြင့် ခေါင်းပြန်ငုံ့သွားပြီး စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

အမွေးပွလေးက အဘွားကြီးနှစ်ယောက်ကို စိတ်ပျက်ရွံရှာဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမက ဘွားလေးအပေါ် အမုန်းတရားများ မရှိတော့ပေ။ ဘွားလေးက လာရောက်ကူညီချင်သော်လည်း ဤအဘွားကြီးနှစ်​ယောက်က တားမြစ်ထားခြင်း ဖြစ်ပေလိမ့်မည်။

"ငါတို့မြစိမ်းတိမ်မြေခွေးမျိုးနွယ်က ဝံပုလွေတိုင်းပြည်ရဲ့ လက်အောက်မှာ ရှိတယ်။ မင်းက အစွမ်းထက်ရင်တောင် ငါတို့ကို အနိုင်ကျင့်လို့မရဘူး"

ဒေါ်လေးနီက နောက်ခံအားကိုးဖြင့် ခြိမ်းခြောက်ရန် ကြိုးစားလာသည်။

စုန်းမအိုကြီးမှာ သူမ၏စကားကြောင့် တုန်လှုပ်သွားခဲ့သည်။ ယဲ့ချန်က နတ်ဘုရင်တစ်ယောက်ဆိုလျှင် ဝံပုလွေတိုင်းပြည်ကို အဖက်လုပ်နေမည် မဟုတ်ပေ။ သူမတို့က လက်အောက်ခံအင်အားစုတစ်ခု ဖြစ်သော်လည်း ဤမျိုးနွယ်အတွက် နတ်ဘုရင်တစ်ယောက်ကို ဝံပုလွေတိုင်းပြည်က ရန်စမည်မဟုတ်ပေ။ သူမမှာ ယဲ့ချန်၏အကြည့်တစ်ချက်ဖြင့်ပင် အလွန်တုန်လှုပ်နေခဲ့သည်။

"မိစ္ဆာဝံပုလွေမျိုးနွယ်လား။ ကျောက်စိမ်းမျှော်စင်မှာ ကြုံခဲ့ရတဲ့ကောင်တွေ ထင်တယ်"

ယဲ့ချန်က ဒေါ်လေးနီ၏စကားကြောင့် ဒေါသထွက်သွားကာ မျက်လုံးတွင်းမှ ခရမ်းရောင်မီးတောက်ပမာဏကို တိုးမြှင့်လိုက်သည်။

သို့သော် သူနှင့်ရှောင်ရိက နတ်ဘုရင်အတုများ ဖြစ်နေသောကြောင့် နတ်ဘုရင်အစစ်တစ်ကောင်သာ ပေါ်လာလျှင် ယှဥ်နိုင်မည် မဟုတ်ပေ။

အမွေးပွလေးမှာ မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးဖြင့် ဘွားလေးကို ကြည့်လိုက်မိသည်။ သူမ၏မိသားစုကို ဝံပုလွေများက သတ်ဖြတ်သွားသည်။ မြစိမ်းတိမ်မြေခွေးမျိုးနွယ်က ထိုရန်သူများ၏လက်အောက်ခံ ဖြစ်နေခဲ့သည်။ အမွေးပွလေး၏အကြည့်ကြောင့် ဘွား​လေးမှာ အရှက်ရသွားခဲ့သည်။

ပတ်ဝန်းကျင်တွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ စုန်းမအိုကြီးနှင့်နောက်လိုက်များမှာ​ ကြောက်လွန်းသဖြင့် အသံပင်မထွက်ရဲချေ။ အချိန်တိုင်းစက္ကန့်တိုင်းက သူမတို့၏စိတ်ကို နာကျင်စွာနှိပ်စက်နေသည်။ ဘွားလေးအနေဖြင့်လည်း မည်သည့်စကားကိုမှ မပြောရက်တော့ချေ။

"မင်းတို့က အ​မွေးပွလေးနဲ့ မျိုးနွယ်တူနေလို့ ကံကောင်းသွားတယ်။ နောက်တစ်ကြိမ်ဆိုတာတော့ ရှိလာမှာ မဟုတ်ဘူး"

"ရှောင်ရိ အသွင်ပြောင်းလိုက်။ ငါတို့ သွားကြမယ်"

ယဲ့ချန်က တင်းမာစွာ သတိပေးလိုက်သည်။

သူ၏စကားအဆုံးတွင် ရှောင်ရိက မီတာသုံးရာကျော်ရှည်သော တောင်ပံမြွေနဂါးကြီးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ သူက နှာတစ်ချက် မှုတ်လိုက်သောအခါ မြေခွေးရွာ၏ အဆောက်အအုံအချို့ လွင့်ထွက်သွားသည်။

ရှောင်ရိသည်လည်း ဤမြေခွေးမျိုးနွယ်၏ လုပ်ရပ်ကြောင့် မကျေမနပ် ဖြစ်နေခဲ့သည်။

စုန်းမအိုကြီးသည် ရှောင်ရိ၏မူလအသွင်ကို မြင်သောအခါ ကြောက်ဒူးတုန်သွားခဲ့သည်။ ဤမျှကြီးမားသော ခန္ဓာကိုယ်မျိုးကို နတ်ဘုရင်အဆင့်မှော်သားရဲကသာ ပိုင်ဆိုင်ပေလိမ့်မည်။ မှော်သားရဲများက ဝိညာဥ်အသိစိတ်မရှိသော်လည်း ရုပ်ခန္ဓာက အလွန်သန်မာသည်။ နတ်ဘုရင်မှော်သားရဲတစ်ကောင်ကို အမိန့်ပေးနိုင်သည်မှာ နတ်ဘုရင်အဆင့် ကောင်းကင်သားရဲသာရှိသောကြောင့် ယဲ့ချန်အပေါ် သူမ၏ကြောက်စိတ်များ တိုးလာခဲ့သည်။ ဒေါ်လေးနီမှာမူ ခေါင်းကိုပင်မမော့ရဲဘဲ မြေကြီးကိုသာ တွေတွေကြီးစိုက်ကြည့်နေခဲ့လေသည်။

***

All Chapters