ပုံရိပ်ယောင်ပုလဲ
Vol. 15 Ch. 200
ယဲ့ချန်သည် ရှောင်ရိ၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ရှောင်ရိက အတောင်များဖြန့်၍ ကောင်းကင်သို့ပျံ တက်သွားခဲ့သည်။ မြွေနဂါးကြီးက အနက်ရောင်တိမ်စိုင်ကြီးတစ်ခုပမာ ညအမှောင်၏မိုးကုပ်စက်ဝိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
မြေပြင်တွင် ကျန်ရစ်နေခဲ့သော စုန်းမအိုကြီး၊ ဒေါ်လေးနီနှင့် အမွေးပွလေး၏ဘွားလေး စသည့်မြေခွေးများက သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ သူတို့၏ကျောပြင်များတွင် ကြောက်စိတ်ကြောင့် ချွေးများ စိုရွှဲနေခဲ့သည်။
"ဒီနတ်ဘုရင်နှစ်ယောက် ဘယ်ကရောက်လာတာလဲ သိချင်မိတယ်"
စုန်းမအိုကြီးက အဝေးသို့မျှော်ကြည့်ရင်း ခပ်တိုးတိုးရေရွတ်သည်။ သူမက ယဲ့ချန်တို့သာ သူမ၏စကားကိုကြားလျှင် ပြန်လှည့်လာပြီး မျိုးနွယ်တစ်ခုလုံးအား သတ်ပစ်မည်ကို စိုးရိမ်နေခဲ့သည်။ အသက်ကြီးလေလေ ကြောက်စိတ်ပိုများလေလေ ဆိုသော သဘောသဘာဝကြောင့်ပင်။
"သူတို့က နတ်ဘုရင်တွေဖြစ်နေရင်တောင် ငါတို့ကို မသတ်ရဲပါဘူး။ ငါတို့က အစွမ်းထက်ဝံပုလွေတိုင်းပြည်ရဲ့ လက်အောက်ခံပဲ။ အရှေ့ကုန်းမြေတိုက်ကြီးမှာ ဝံပုလွေတိုင်းပြည်ကို ဘယ်သူမှရန်မစရဲဘူး။ ဒီတစ်ကိုယ်တော် သားရဲနှစ်ကောင်က ဘယ်လိုလုပ်စော်ကားရဲမှာလဲ"
ဒေါ်လေးနီက မောက်မာစွာ ပြောလိုက်သည်။ သူမက စိတ်ထဲတွင် မြစိမ်းတိမ်တောင်တန်း၌ နတ်ဘုရင်နှစ်ယောက်ပေါ်လာကြောင်းကို ဝံပုလွေတိုင်းပြည်၏ အရှင်သုံးပါးထံ သတင်းပို့ပါက အကျိုးရှိမရှိ တွက်ချက်နေခဲ့သည်။
အမွေးပွလေး၏ဘွားလေးက ထိုစကားကြောင့် သုန်မှုန်သွားခဲ့သည်။ သူမအနေဖြင့် ဝံပုလွေတိုင်းပြည်၏ လက်အောက်ခံဖြစ်ရန် ပေးဆပ်ရသောပမာဏကို သိထားပေသည်။ နှစ်စဥ်နှစ်တိုင်း မြစိမ်းတိမ်မြေခွေးမျိုးနွယ်၏ မြေခွေးမ အလှလေးငါးဆယ်ကို ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်များထံ လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သရသည်။ ထို့အပြင် မြေခွေးမလေးများမှာ အားရအောင် စော်ကားနှိပ်စက်ခံရပြီးလျှင် စားသောက်သတ်ဖြတ်ခြင်း ခံရပေသည်။ ဤအကြောင်းကို သူမ၊ ခေါင်းဆောင်နှင့် ဒေါ်လေးနီတို့သုံးယောက်သာ သိထားလေသည်။
ဘွားလေးက ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်မဲ့မှုကို ခံစားနေရသည်။ သူမက ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးတို့ ထွက်ခွာသွားသော အရပ်မျက်နှာကိုကြည့်၍ သက်ပြင်းချလိုက်သည်။ အမွေးပွလေးအနေဖြင့် ဤနေရာထက်စာလျှင် သူမအပေါ်ကောင်းမွန်သော ယဲ့ချန်ဖြင့် နေထိုင်ခြင်းက အန္တရာယ်ကင်းမည်ဟု သူမက မျှော်လင့်ထားခဲ့သည်။
မိုင်ဒါဇင်အဝေးတွင် ရှောင်ရိက မြေပြင်ပေါ်သို့ ဆင်းသက်၍ လူအသွင် ပြန်ပြောင်းလိုက်သည်။ သူတို့က သစ်တောအတွင်းမှထွက်၍ လမ်းမကြီးပေါ် တက်လိုက်သည်။ ညအချိန်ဖြစ်သောကြောင့် လမ်းမပေါ်တွင် ခရီးသွားတစ်ယောက်မှမရှိဘဲ အမှောင်နှင့်တိတ်ဆိတ်မှုက ကြီးစိုးနေသည်။
"အမွေးပွလေး ဝံပုလွေတိုင်းပြည်က ဘာလဲ"
ယဲ့ချန်က သိလိုစိတ်ကို မထိန်းချုပ်နိုင်သဖြင့် စပ်စုလိုက်သည်။ အမွေးပွလေးနှင့် ဝံပုလွေတိုင်းပြည်ကြားတွင် သူမ၏မျိုးနွယ်အသတ်ခံရမှုအတွက် ကြီးမားသော ရန်ငြိုးတစ်ခု ရှိနေသည်။
အမွေးပွလေး၏ မျက်နှာသွင်ပြင်က ယဲ့ချန်ကို စိတ်ရှုပ်သွားစေသည်။ အတော်အတန်ကြာသောအခါတွင်မှ သူမက လေးလံစွာဖြင့် ဖြေလာခဲ့သည်။
"အမအမွေးပွလေးက ပြောတယ်။ ဝံပုလွေတိုင်းပြည်က ကောင်းကင်သားရဲတွေကြားမှာ အာဏာရှိတဲ့ အင်အားစုတစ်ခုဖြစ်တယ်။ အတိတ်မှာ ရှီဝူအင်ပါယာဟာ ခြင်္သေ့ဘုရင်နန်းတော်လက်အောက်မှာ အေးအေးချမ်းချမ်းတည်ရှိတယ်။ နှစ်ပေါင်းတစ်ထောင်အကြာက ဝံပုလွေတိုင်းပြည် စွမ်းအားကြီးလာပြီး နယ်ချဲ့လာကြတယ်။ မရေမတွက်နိုင်တဲ့ မှော်သားရဲတွေ၊ ကောင်းကင်သားရဲတွေ သေဆုံးပြီး ခြင်္သေ့ဘုရင်နန်းတော်က အရေအတွက်သန်းနဲ့ချီအောင် ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် သူတို့က နောက်ဆုတ်သွားပြီး ရှီဝူအင်ပါယာပိုင်နက်ကို ဝံပုလွေတိုင်းပြည်က သိမ်းပိုက်လိုက်တယ်။ ပိုင်နက်အတွင်းက သားရဲတွေဟာ မိစ္ဆာဝံပုလွေတွေရဲ့အစာ ဖြစ်ကုန်တယ်"
"ခြင်္သေ့ဘုရင်အုပ်ချုပ်စဥ်က မြေခွေးမျိုးနွယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် တစ်နှစ်ကို မြေခွေးမတစ်ယောက်သာ ပို့ပေးရတယ်။ ပြီးတော့ ခြင်္သေ့ဘုရင်က တရားမျှတစွာအုပ်ချုပ်တယ်။ ဒါပေမယ့် ဝံပုလွေတိုင်းပြည်က လောဘကြီးတော့ မြေခွေးမသုံးဆယ်ပို့ပေးဖို့ လင်းယွန်မြေခွေးမျိုးနွယ်ကို အမိန့်ပေးခဲ့တယ်။ ပြီးတော့ သူတို့အားလုံး အသေဆိုးနဲ့သေခဲ့ရတယ်။ လင်းယွန်မြေခွေးမျိုးနွယ်က ဒေါသတကြီးနဲ့ တော်လှန်ခဲ့ပေမယ့် လင်းယွန်ဝံပုလွေမျိုးနွယ်ခွဲ သုတ်သင်တာကို ခံလိုက်ရတယ်"
ရှောင်ရိက အမွေးပွလေး၏စကားများကို ဘာသာပြန်နေရင်း ဒေါသကြောင့် မျက်နှာက မည်းနက်နေသည်။
"ဒီဝံပုလွေတွေက တော်တော်လွန်သွားပြီ"
သူက နောင်တွင် မိစ္ဆာဝံပုလွေများကိုတွေ့လျှင် ရက်ရက်စက်စက် သတ်ပစ်မည်ဟု သံဓိဋ္ဌာန်ချလိုက်လေသည်။
ယဲ့ချန်က နောက်ဆုံးတွင် အမွေးပွလေး၏နာကျင်မှုကို နားလည်သွားခဲ့သည်။ မှော်သားရဲများနှင့် ကောင်းကင်သားရဲများ၏ကမ္ဘာတွင်လည်း လူသားတိုင်းပြည်များကဲ့သို့ ပိုင်နက်အတွက် စစ်မီးများ တောက်လောင်နေကြသည်။
"အမွေးပွလေး ငါ အစွမ်းထက်လာပြီဆိုရင် လက်စားချေပေးမယ်"
ယဲ့ချန်က လေးနက်တည်ကြည်စွာ ကတိပေးလိုက်သည်။ ဝိညာဥ်အသိစိတ်ကို နတ်ဘုရင်အဆင့် သို့မဟုတ် သူ၏ကျင့်ကြံဆင့်ကို နတ်ဝိဇ္ဇာအဆင့်သို့ မြှင့်တင်နိုင်လျှင် နတ်ဘုရင်အဆင့်သားရဲများကို ယှဥ်ပြိုင်နိုင်ပြီဖြစ်သည်။ သို့သော် ဝံပုလွေတိုင်းပြည်တွင်ရှိသော နတ်ဘုရင်အရေအတွက်ကို သူက မသိထားပေ။
"ဟုတ်"
အမွေးပွလေးက လူသားဘာသာစကားဖြင့် ဖြေလိုက်သည်။
"အမွေးပွလေး မင်း .... မင်း စကားပြောနိုင်ပြီလား"
ယဲ့ချန်က အချိန်အတန်ကြာငေးငိုင်နေရာမှ အမွေးပွလေး၏ ချိုသာကြည်လင်သော အသံကြောင့် သတိဝင်သွားခဲ့သည်။ သူက အမွေးပွလေး လူစကားပြောသည်ကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရခြင်းဖြစ်သည်။
အမွေးပွလေးက ရှက်ရွံ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။
"အမက စကားလုံးနည်းနည်းပဲ ပြောတတ်တယ်တဲ့"
ရှောင်ရိက ဘာသာပြန်ပေးလိုက်သည်။
စကားလုံး အနည်းငယ်ပြောနိုင်လာခြင်းကပင် တိုးတက်မှုတစ်ခု ဖြစ်သောကြောင့် ယဲ့ချန်က ကျေနပ်စွာပြုံးလိုက်သည်။
"အစ်ကိုကြီး ကျွန်တော် မြေခွေးရွာက ရှေးခန်းမကို ဖြိုချတုန်းက ပုလဲတစ်လုံး ကောက်ရလာတယ်။ ဘာရတနာလဲဆိုတာတော့ မသိဘူး"
ရှောင်ရိက သူ၏သိုလှောင်အိတ်အတွင်း လက်နှိုက်၍ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သူ၏ပြည့်ပြည့်ဖောင်းဖောင်း လက်ဝါးထဲတွင် အဖြူရောင်သလင်းကျောက် ဘောလုံးတစ်လုံး ရှိနေသည်။ ၎င်းက ကြက်ဥတစ်လုံးအရွယ်အစားခန့် ကြီးမားကာ နို့နှစ်ရောင် တောက်ပလင်းလက်နေသည်။
ပုလဲထံမှ ပြင်းထန်သော စွမ်းအားတစ်ရပ် ဖြာထွက်နေသည်။ ထို့အပြင် ၎င်း၏ရနံ့ကလည်း ရှူမိသူတိုင်း၏ စိတ်ဝိညာဥ်ကို နုပျိုလန်းဆန်းစေသည်။
ယဲ့ချန်နှင့်အမွေးပွလေးက ဤပုလဲထံမှ အကြည့်မခွာနိုင်ခဲ့ပေ။ ၎င်းက ဆန်းကျယ်သောစွမ်းအင်တစ်ခုကို ပိုင်ဆိုင်ထားပုံ ပေါ်သည်။
"ရှောင်ရိ ဒါကို ဘယ်နေရာက ကောက်လာတာလဲ"
ယဲ့ချန်က တအံ့တသြ မေးလိုက်သည်။ သူက ဤပုလဲ၏အသုံးဝင်ပုံကို မသိသော်လည်း မရိုးရှင်းကြောင်း ခံစားနေရသည်။
"ရှေးဟောင်းခန်းမ ပြိုကျသွားတော့ မြေအောက်မှာ တစ်ခုခုရှိနေတာကို ကျွန်တော်က အာရုံခံမိခဲ့တယ်။ ဟိုအဘွားကြီးတွေအလစ်မှာ တူးပြီးယူလာခဲ့တာ။ အစ်ကိုကြီး ဒီပုလဲက တန်ဖိုးကြီးလား"
ရှောင်ရိ၏မျက်နှာက ဂုဏ်ယူဟန် အထင်းသားပေါ်လွင်နေသည်။
ယဲ့ချန်မှာ ရှောင်ရိ၏အမူအရာကြောင့် မရယ်ဘဲမနေနိုင်တော့ပေ။ ရှောင်ရိက အမွေးပွလေး၏ကိုယ်ပွား ဖြစ်လာပြီး ဓားပြတစ်ယောက်နှင့် တစ်နေ့တခြားဆင်တူလာနေသည်။ မည်သည့်အရာဖြစ်စေ အဖိုးတန်သည်ဟုထင်လျှင် သူက ယူဆောင်လာမည် ဖြစ်သည်။
ဤပုလဲက ရှေးဟောင်းခန်းမအောက်တွင် မြုပ်နှံထားသဖြင့် အဖိုးတန်ပေမည်။ မြစိမ်းတိမ်မြေခွေးမျိုးနွယ်၏ ဝိညာဥ်အသိစိတ်က ရှောင်ရိကို မယှဥ်နိုင်သဖြင့် ရတနာကို မတွေ့ခြင်း ဖြစ်နိုင်သည်။
အမွေးပွလေးက ရှောင်ရိ၏လက်ထဲမှ ပုလဲကိုကြည့်နေရင်း ညာလက်ဖဝါးလေးဖြင့် ထိလိုက်သည်။ သူမ၏လက်ဖဝါးက ပုလဲနှင့် ထိမိလိုက်သည်နှင့်တပြိုင်နက် ၎င်းထံမှ နို့နှစ်ရောင်အလင်းကွင်းတစ်ခုက ပတ်ဝန်းကျင်သို့ ပြန့်ထွက်လာသည်။ ၎င်းက လူတိုင်းကို ဖြတ်သန်းသွားပြီး ရှေးခေတ်၏အရှိန်အဝါကို ထုတ်ဖော်နေသည်။
"အမွေးပွလေး ဒါကဘာလဲဆိုတာ သိလား"
ယဲ့ချန်က မေးလိုက်သည်။ လေထဲတွင် အလင်းကွင်းတစ်ခု ထွက်ပေါ်လာခြင်းက အမွေးပွလေးသည် ဤပုလဲကို အသက်သွင်းနိုင်သည်ဟု ဖော်ပြနေခဲ့သည်။
"ကွိ ကွီ ကွိ"
အမွေးပွလေးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"အမကပြောတယ်။ ဒါက မြေခွေးမျိုးနွယ် နှစ်သန်းပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အဖိုးတန်ရတနာဖြစ်တယ်။ ရှေးခေတ်ကဘိုးဘေးတွေက ဒီပုလဲကို ရှေးဟောင်းခန်းမအောက်မှာ မြုပ်နှံခဲ့လို့ ဘယ်သူမှမတွေ့ခဲ့ကြဘူး ထင်တယ်။ ဒါကို ပုံရိပ်ယောင်ပုလဲလို့ ခေါ်တယ်။ မရေမတွက်နိုင်တဲ့ မြေခွေးမျိုးနွယ်ဘိုးဘေးတွေက မသေခင်မှာ သူတို့ရဲ့အသိစိတ်ကို ဒီပုလဲမှာ ပေါင်းစပ်တတ်ကြတယ်။ မြေခွေးမျိုးနွယ်ရဲ့ သွေးမျိုးဆက်တွေသာ ဒီပုလဲကို အသက်သွင်းနိုင်တယ်။ ပုံရိပ်ယောင်ပုလဲကို ပိုင်ဆိုင်တဲ့သူဟာ မြေခွေးမျိုးနွယ်ရဲ့ခေါင်းဆောင်နေရာကို ချွင်းချက်မရှိ ရယူနိုင်တယ်။ ဒီပုလဲ ပျောက်ဆုံးနေလို့ မြေခွေးမျိုးနွယ်မှာ ဆန်းကျယ်အဆင့်ထက်က ကျင့်ကြံသူမရှိတာ နှစ်ပေါင်းများစွာ ကြာပြီ"
အမွေးပွလေး၏ရှင်းပြချက်ကို ယဲ့ချန် နားလည်စေရန် ရှောင်ရိက ဘာသာပြန်ပေးလိုက်သည်။
"ဒီပုလဲကို မင်း အသက်သွင်းနိုင်လား"
ယဲ့ချန်က အမွေးပွလေးကိုကြည့်၍ မေးလိုက်သည်။
"ဟုတ်"
အမွေးပွလေး၏စကားသံက ဖြည်းဖြည်းချင်း လူသားအသံနှင့် တူညီလာသည်။
"ရှောင်ရိ ဒီပုလဲကို အမအမွေးပွလေးအတွက် လက်ဆောင်ပေးလို့ရမလား"
ယဲ့ချန်က ရှောင်ရိကို ညှင်သာစွာ တောင်းဆိုလိုက်သည်။ ဤရတနာကို ရှောင်ရိက ရှာတွေ့သည့်အတွက် ညီအစ်ကိုမောင်နှမများကြားတွင် လေးလေးစားစား တောင်းယူရမည်ဖြစ်သည်။
"အစ်ကိုကြီးနဲ့အမက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံတယ်။ ပြီးတော့ ဒါကြီးက ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး။ အမကို သေချာပေါက်ပေးမှာပေါ့"
ရှောင်ရိက ချစ်စဖွယ်ပြုံး၍ ပုံရိပ်ယောင်ပုလဲကို ယဲ့ချန်၏လက်ထဲ ထည့်ပေးလိုက်သည်။
ယဲ့ချန်က ပုံရိပ်ယောင်ပုလဲကို ကိုင်ထားစဥ် အမွေးပွလေးက ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။ သူမ၏ဝိညာဥ်အသိစိတ်က ပုံရိပ်ယောင်ပုလဲအတွင်း ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်က အမွေးပွလေးကို အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သဖြင့် တစ်ချက်ပင်မလှုပ်ခဲ့ပေ။
ပုလဲက ပိုမိုလင်းလက်လာပြီး အဖြူရောင်အလင်းကွင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းကွင်းများကြားတွင် အဘွားအိုများစွာ၏ပုံရိပ်များက မှေးမှိန်စွာ ထွက်ပေါ်နေသည်။ သူတို့က မြေခွေးမျိုးနွယ်၏ ခေါင်းဆောင်ဟောင်းများဖြစ်ကြပြီး အမျိုးသမီးခေါင်းဆောင်များချည်း ဖြစ်သည်။ မြေခွေးမျိုးနွယ်၏ မျိုးဆက်တိုင်းတွင် အမျိုးသမီးများကသာ ခေါင်းဆောင်ခဲ့ကြသည်။
အမွေးပွလေး၏မျက်လုံးများ ဖြတ်ခနဲပွင့်လာပြီး ၎င်းတို့က ကျောက်မျက်ရတနာနှစ်ခုသဖွယ် အစွမ်းကုန်တောက်ပနေကြသည်။ အမွေးပွလေးက ပုံရိပ်ယောင်ပုလဲအတွင်းမှ အသိစိတ်များနှင့် ဆက်သွယ်နေခဲ့သည်။ သူမ၏မျက်နှာထက်တွင် ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ ယဥ်ကျေးခြင်းနှင့် စူးစမ်းလိုခြင်းစသော ခံစားချက်များစွာ တပြိုင်နက်ဖြစ်ပေါ်နေကြသည်။ ပုံရိပ်ယောင်ပုလဲက မျက်စိကျိန်းစပ်လောက်အောင် တောက်ပလာပြီး လေပေါ်သို့ ဖြည်းညှင်းစွာ မြောက်တက်လာသည်။ ထို့နောက် ၎င်းက ခိုဥတစ်လုံးအရွယ်အစားအထိ သေးငယ်သွားကာ အမွေးပွလေး၏ပါးစပ်အတွင်း ဝင်ရောက်သွားသည်။
မကြာမီပင် အမွေးပွလေး၏ခန္ဓာကိုယ်က နွေးထွေး၍ အဖြူရောင်များ လင်းလက်လာသည်။ သူမ၏ဘေးတွင်ရှိနေသော ယဲ့ချန်နှင့်ရှောင်ရိပင်လျှင် သက်တောင့်သက်သာ ခံစားနေရသည်။ ပုံရိပ်ယောင်ပုလဲ၏စွမ်းအင်က အမွေးပွလေးနှင့် ဖြည်းညှင်းစွာပေါင်းစပ်နေသဖြင့် ဝိညာဥ်အသိစိတ်က လျင်မြန်စွာကြီးထွားလာသည်။ သူမ၏အမြှီးများကြားတွင် အမွေးဖွားလေးတစ်ခု ထပ်မံထွက်ပေါ်လာသည်။
အမွေးပွလေးတွင် ခုနစ်ချောင်းမြောက်အမြှီး ဖြစ်တည်လာခဲ့သည်။
အမြှီးများ၏အရေအတွက်က မြေခွေးများ၏ အနာဂတ်အောင်မြင်မှုကို သက်ရောက်နေသည်။ သာမန်မြေခွေးများက အမြှီးငါးခုအထိရှိလျှင် အလွန်ပါရမီကောင်းနေပြီ ဖြစ်သည်။ သန့်စင်သော မျိုးဆက်များက ခြောက်ခုအထိရှိလျှင် ရာစုနှစ်တစ်ခုတွင် တစ်ယောက်သာပေါ်သော ပါရမီရှင်ဖြစ်သည်။ အမြှီးခုနစ်ချောင်းကတော့ တစ်သန်းလျှင် တစ်ယောက်သာ ရှိနိုင်ပေသည်။
အမွေးပွလေး၏ ခုနစ်ချောင်းမြောက်အမြှီးက လျင်မြန်စွာကြီးထွားလာပြီး ကျန်အမြှီးများနှင့် အရွယ်အစားတူညီသွားခဲ့သည်။ ရှစ်ချောင်းမြောက်အမြှီးက ထွက်ပေါ်လာမည့် လက္ခဏာများ ပြသနေသော်လည်း တစ်စင်တီမီတာအထိသာ ရှည်ထွက်လာ၍ ရပ်တန့်သွားခဲ့သည်။
ရှစ်ချောင်းမြောက်အမြှီး ထွက်ပေါ်ရန် နောက်ထပ်ရတနာနှင့် ကံကောင်းမှုများ လိုအပ်နေပုံပေါ်သည်။
အမွေးပွလေး၏ ဝိညာဥ်အသိစိတ်နှင့် ကျင့်ကြံဆင့်ကလည်း တိုးတက်လာပြီး မြေအဆင့်၏ထိပ်ဆုံး ကောင်းကင်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းလိုသည်အထိ ရောက်လာခဲ့သည်။
ပုံရိပ်ယောင်ပုလဲက အမွေးပွလေးနှင့် ပေါင်းစပ်သွားပြီးနောက် သူမ၏ခန္ဓာကိုယ်က တောတောင်အတွင်းမှ သစ်ခွပန်းရနံ့ကဲ့သို့ ဆွတ်ပျံ့ဖွယ် ရနံ့တစ်ခုကို ထုတ်ဖော်ခဲ့လေသည်။
***