← Chapters

တန်းလူဆေးအိုး

Vol. 15 Ch. 201

တန်းလူဆေးအိုး

Vol. 15 Ch. 201

အချိန်တစ်ခုအကြာတွင် အမွေးပွလေး၏မျက်လုံးမှ အလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။

"အမွေးပွလေး အဆင်ပြေလား"

ယဲ့ချန်သည် မူလပုံစံသို့ ပြန်ရောက်လာသော အမွေးပွလေးကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

အမွေးပွလေးက ပျော်ရွှင်ဟန်ဖြင့် အမြှီးရှစ်ချောင်းကို ယမ်းခါ၍ အော်မြည်လိုက်သည်။

"အမပြောတာက သူနဲ့ပုံရိပ်ယောင်ပုလဲက ပေါင်းစပ်သွားပြီတဲ့။ ပုလဲထဲမှာ မြေခွေးမျိုးနွယ်ဘိုးဘေးတွေရဲ့ အသိစိတ်တွေ သိမ်းဆည်းထားတယ်။ သူတို့က အမကို မြေခွေးမျိုးနွယ်ရဲ့ နောက်တက်မယ့်ခေါင်းဆောင်ဖြစ်အောင် လမ်းညွှန်ပေးကြမယ်။ ပြီးတော့ သူမရဲ့ဝိညာဥ်အသိစိတ်က ကောင်းကင်အဆင့်ကို ရောက်တော့မယ်"

ရှောင်ရိက ပြုံးရွှင်စွာဖြင့် ဘာသာပြန်ပေးလိုက်သည်။ သူယူလာသော ရတနာက အမွေးပွလေးအတွက် အလွန်အကျိုးရှိစေသဖြင့် ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။

"မြေခွေးမျိုးနွယ်ရဲ့ ခေါင်းဆောင်၊ မြစိမ်းတိမ်မြေခွေးမျိုးနွယ်ရဲ့ ခေါင်းဆောင်လား"

ယဲ့ချန်က အနည်းငယ်မင်သက်သွားပြီး မေးခွန်းထုတ်လိုက်သည်။ မြစိမ်းတိမ်မြေခွေးမျိုးနွယ်တွင် ဆန်းကျယ်အဆင့် သားရဲသုံးကောင်ရှိသည်။ သို့သော် အမွေးပွလေး၏ဘွားလေးမှ လွှဲလျှင် ကျန်အဘွားကြီးနှစ်ယောက်က လက်ခံမည်မဟုတ်ပေ။ ယဲ့ချန်နှင့်ရှောင်ရိက နတ်ဘုရင်အဖြစ် ထပ်မံဟန်ဆောင်လျှင်လည်း အနှေးနှင့်အမြန် ပေါ်သွားပေလိမ့်မည်။ အမွေးပွလေးအနေဖြင့် ဆန်းကျယ်သားရဲအဆင့်သို့ရောက်မှသာ မြစိမ်းတိမ်မြေခွေးမျိုးနွယ် နာခံလာအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အမွေးပွလေးက ခေါင်းကို တစ်ချက်ယမ်းခါ၍ သားရဲဘာသာစကားဖြင့် ပြန်ဖြေလိုက်သည်။

"မြစိမ်းတိမ်မြေခွေးမျိုးနွယ်ဆိုတာက မြေခွေးမျိုးနွယ်ရဲ့ ကိုင်းခွဲလေးတစ်ခုပါ။ အရှေ့ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ မြေခွေးမျိုးနွယ်ခွဲ နှစ်ရာကျော်ရှိပြီး စုစုပေါင်းအရေအတွက်က သန်းနဲ့ချီတယ်။ မြေအဆင့်အထက်မှာ မြေခွေးသောင်းချီရှိပြီး ဆန်းကျယ်အဆင့်ဆိုရင် ရာနဲ့ချီရှိတယ်"

ရှောင်ရှိ၏ဘာသာပြန်မှုကြောင့် ယဲ့ချန်က အလွန်အံ့သြသွားခဲ့သည်။ မြေခွေးမျိုးနွယ်က ဤမျှကြီးမားကျယ်ပြန့်မည်ဟု သူက ထင်မထားပေ။ အမွေးပွလေးသည် ထိုမြေခွေးအားလုံး၏ ခေါင်းဆောင်ဖြစ်လာသော်လည်း လက်ရှိစွမ်းအားအရ အမည်ခံခေါင်းဆောင်သာ ဖြစ်နိုင်သည်။ အစွမ်းထက်မြေခွေးများက ခေါင်းဆောင်အဖြစ် လက်ခံစေလိုလျှင် သူမအနေဖြင့် အမိန့်ပေးနိုင်သော အစွမ်း ရှိရပေမည်။

ယဲ့ချန်သည် ကျင့်ကြံရေးလမ်းစဥ်တွင် အမွေးပွလေးကို အစွမ်းကုန်ကူညီမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် တစ်နေ့တွင် သူမက မြေခွေးမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာလျှင် သူ့ကို ထားသွားနိုင်သည်။ သူမက မှော်သားရဲတစ်ကောင်ဖြစ်ပြီး ယဲ့ချန်က လူသားတစ်ယောက် ဖြစ်သည်။ ဤအကြောင်းကို တွေးမိသောအခါ ယဲ့ချန်၏ရင်ထဲ၌ ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာသည်။ အရာအားလုံးတွင် အဆုံးသတ် ရှိစမြဲပင်။

အမွေးပွလေးနှင့်ယဲ့ချန်က စိတ်ချင်းဆက်နေသဖြင့် သူမက သူ၏ခံစားချက်ကို နားလည်နေခဲ့သည်။ အမွေးပွလေးက သူမ၏ခေါင်းကို ယဲ့ချန်၏လည်ပင်းဖြင့် ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။

ယဲ့ချန်က အမွေးပွလေးကို ကြင်နာစွာပွေ့ဖက်လိုက်သည်။ တစ်နေ့တွင် သူမက သူ့ကိုပစ်သွားမည်ဆိုလျှင် တားမြစ်မည်မဟုတ်ပေ။ လူတိုင်းတွင် ကိုယ်စီတာဝန်ယူရမည့် ဝတ္တရားများရှိပေသည်။ ယဲ့ချန်တွင်လည်း ကာကွယ်ပေးရမည့် ယဲ့မျိုးနွယ်ရှိနေသည်။ ထို့ကြောင့် သူက အမွေးပွလေးနှင့် အတူရှိရသည့် နေရက်တိုင်းကို တန်ဖိုးထားရန် ဆုံးဖြတ်လိုက်လေသည်။

ဤကမ္ဘာတွင် အရာအရာတိုင်းက ကံစီမံမှုဖြင့် ရှေ့ဆက်နေကြရသည်။ လွတ်လပ်ပေါ့ပါးစွာ ရှင်သန်လိုသူများ ရှိသော်လည်း ကံတရား၏ချည်နှောင်မှုကို မျက်ကွယ်ပြု၍မရပေ။ ဤကား တာအိုနှင့်အနီးစပ်ဆုံး သဘောတရားဖြစ်သည်။ ယဲ့ချန်အတွက် ဘဝကို ပိုမိုတန်ဖိုးထားရန် အကြောင်းပြချက်တစ်ခု ထပ်တိုးလာပြီဖြစ်သည်။

ထိုအချိန်တွင် ယဲ့ချန်၏ ဒန်တန်အတွင်းရှိ ကြယ်တာရာစက်ဝိုင်းများက စတင်ပြောင်းလဲလာကြသည်။ သူတို့က ကံကြမ္မာစက်ဝိုင်းများသဖွယ် ဆန်းကျယ်သော စွမ်းအင်တစ်ခုကို ထုတ်လုပ်လာကြသည်။ ထို့နောက် ဤလည်ပတ်မှုကြောင့် ယဲ့ချန်၏ကောင်းကင်ချီများက စတင်အသွင်​ပြောင်းလာကြသည်။ သို့သော် ဤပြောင်းလဲမှုက သိမ်မွေ့လွန်းသဖြင့် ယဲ့ချန်ကိုယ်တိုင်ပင် သတိမထားမိချေ။

အဓိကလမ်းမပေါ်တွင် ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးက ခရီးဆက်နေကြသည်။ အဝေးရှိ တောင်ကြားတစ်ခုအတွင်းမှ နေမင်းကြီးက ဖြည်းညှင်းစွာ မြင့်တက်လာသည်။ ခဏအကြာတွင် အရုဏ်တက်နေရောင်ခြည်များက လောကကြီးအပေါ် ဖြာကျလာကာ လမ်းမကြီးလည်း စတင်အသက်ဝင်လာသည်။

နန်မန်တိုင်းပြည်၏ တော်ဝင်နန်းတော်ဝင်းအတွင်း၌ အဆောက်အအုံတိုင်းကို ဧရာမကျောက်စိုင်ကျောက်ခဲကြီးများနှင့် ဆောက်လုပ်ထားသည်။ ကျောက်တုံးတိုင်းတွင် ကြမ်းတမ်းရက်စက်သော သားရဲပုံများ ထွင်းထားသည်။ နေရောင်က ထိုပုံများအပေါ် ကျရောက်လာသောအခါ ၎င်းတို့က ကြီးကျယ်ခမ်းနားစွာ တောက်ပနေကြသည်။

တော်ဝင်နန်းတော်က ရှေးဟောင်းဗိမာန်ကြီးတစ်ခုကဲ့သို့ မိုင်တစ်ရာကျော် ကျယ်ဝန်းသည်။ ၎င်း၏အလယ်တွင် မြင့်မားသော မျှော်စင်တစ်ခုရှိသည်။ ကီလိုမီတာအနည်းငယ်မြင့်သော မျှော်စင်၏ထိပ်ဖျားက တိမ်များကြားသို့ ရောက်ရှိနေသည်။ လက်ရန်းမပါသော ကြောင်လိမ်လှေကားတစ်ခုကို မျှော်စင်၏ပတ်လည်တွင် တပ်ဆင်ထားသည်။ မျှော်စင်၏ထိပ်ဆုံးတွင် ရင်ပြင်တစ်ခုရှိပြီး ကြံ့ခိုင်သန်မာသော ယောကျ်ားတစ်ယောက်က အပေါ်ပိုင်းဗလာ၊ တိရိစ္ဆာန်အရေပြားဖြင့် လုပ်ထားသော နံငယ်ပိုင်းကို ဝတ်ဆင်၍ တင်ပျဥ်ခွေထိုင်နေခဲ့သည်။ သူ၏ပတ်လည်တွင် ကောင်းကင်ချီများ ရစ်သိုင်းနေသဖြင့် ကျင့်ကြံနေပုံပေါ်ပြီး တစ်ကိုယ်လုံး မီးကျီးခဲပမာ ရဲရဲတောက်နေသည်။

ဤလူက အသက်ငါးဆယ် ကျော်ပြီဖြစ်သော်လည်း ရုပ်ရည်အရ အသက်သုံးဆယ်ခန့်ဟုသာ ထင်မှတ်ရသည်။ ဆံပင်ရှည်ကို ဘေးနှစ်ဖက်တွင် ကျစ်ထားသဖြင့် လေအတိုက်တွင် လူးလွန့်နေကြသည်။ ဖုထစ်သန်မာသော ကြွက်သားကြီးများနှင့် ကြောက်မက်ဖွယ် အမာရွတ်များက တစ်ကိုယ်လုံးအနှံ့ တည်ရှိနေသည်။ သူက တိတ်ဆိတ်စွာထိုင်နေသော်လည်း မောက်မာကြီးစိုးသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည်။

ဤယောကျ်ားက နန်မန်တိုင်းပြည်၏ဘုရင် ထို့ပါဟုန်ယဲ့ ဖြစ်လေသည်။ ကောလဟာလများတွင် သူ့ကို ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်ဟု ဖော်ပြကြသော်လည်း အမှန်တကယ်မှာ ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးအဆင့်သို့ပင် ရောက်တော့မည်ဖြစ်သည်။ သူ၏လက်ထက်တွင် နန်မန်တိုင်းပြည်က အတိက်ထက် သုံးဆပိုမိုကျယ်ဝန်းလာကာ ထို့ပါမျိုးနွယ်လည်း အထွတ်အထိပ်အခြေအနေသို့ တက်နိုင်ခဲ့သည်။

ထို့ပါဟုန်ယဲ့က ရင်ပြင်ထက်တွင် မတ်တပ်ရပ်ကာ သူ၏ပိုင်နက်ကို ကြည့်ရှုလိုက်သည်။ သူ၏ဆန်းကျယ်ဝိဇ္ဇာအဆင့်ကြောင့် မြင်ကွင်းက ကြည်လင်ပြတ်သားနေသည်။ ထို့ပါမျိုးနွယ်က သူ့ကြောင့် အစွမ်းပိုထက်လာခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်တွင် နန်မန်တိုင်းပြည်ကို ခုခံနေသည်မှာ ရှီဝူအင်ပါယာတစ်ခုသာ ကျန်ရစ်သည်။ ထို့ပါဟုန်ယဲ့က ရှီဝူအင်ပါယာကို သိမ်းပိုက်ပြီးလျှင် သူ၏ရည်မှန်းချက်နောက်တစ်ခုဖြစ်သော အလယ်အင်ပါယာသို့ ထို့ပါမျိုးနွယ်ကို ခေါ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပါမျိုးနွယ်က ထိုနေရာတွင် ဒုတိယအဆင့်မျိုးနွယ်တစ်ခုလောက်ပင် သန်မာမည်မဟုတ်သော်လည်း ထို့ပါဟုန်ယဲ့က ရည်မှန်းချက်ကြီးမားသူ ဖြစ်သည်။

ထို့ပါဟုန်ယဲ့က ကောင်းကင်ချီများကို ရှူသွင်းနေစဥ် အစိမ်းရင့်ရောင်ချပ်ကာကို ဝတ်ဆင်ထားသော စစ်သူကြီးတစ်​ယောက် ရောက်ရှိလာသည်။ စစ်သူကြီးက ထို့ပါဟုန်ယဲ့နှင့် ငါးမီတာခန့်တွင် ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်သည်။

"အရှင်မင်းကြီး"

သူက ရိုရိုသေသေနှင့် ပြောလိုက်သည်။

"ပြော ဘာကိစ္စလဲ"

ထို့ပါဟုန်ယဲ့က မျက်လုံးများ မှိတ်ထားရင်း အေးအေးဆေးဆေး မေးလိုက်သည်။

"ရှီဝူအင်ပါယာကနေ သတင်းဆိုး ရောက်လာပါတယ်။ စစ်သူကြီးဒေါင်မန်၊ စစ်သူကြီးစီခုန်းနဲ့ နောက်လိုက်တွေအားလုံး အသတ်ခံလိုက်ရပါတယ်"

စစ်သူကြီးက ထို့ပါဟုန်ယဲ့ကို မော်မကြည့်ဘဲ လျှောက်တင်လိုက်၏။

"ဘာကွ ဘယ်ကောင်လုပ်တာလဲ"

စစ်သူကြီး၏သတင်းကြောင့် ထို့ပါဟုန်ယဲ့၏မျက်လုံးများ ဖြတ်ခနဲ ပွင့်လာသည်။ သူက ဒေါသတကြီးမေးလိုက်သည်။

"ကျွန်တော်မျိုးတို့ မသိရသေးပါဘူး"

ထို့ပါဟုန်ယဲ့ ဒေါသထွက်သည်ကို မြင်သောအခါ စစ်သူကြီးက ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။

"မင်ဝူ လုပ်တာလား"

ထို့ပါဟုန်ယဲ့၏ ခန္ဓာကိုယ်မှ လူသတ်လိုစိတ်က မီးတောက်ကြီးပမာ ဝုန်းခနဲထတောက်လာခဲ့သည်။ သူက လက်သီးကို အားကုန်ဆုပ်လိုက်သဖြင့် ဖျိုးဖျိုးဖျစ်ဖျစ်မြည်သံများပင် ထွက်ပေါ်လာသည်။ ဒေါင်မန်ယင်ရန်နှင့် စီခုန်းဖုန်းရန်သည် ကောင်းကင်ဝိဇ္ဇာများဖြစ်ကာ ရှီဝူအင်ပါယာ၏ပိုင်နက်အတွင်း သူတို့ကိုသတ်နိုင်သူမှာ လက်တစ်ဖက်ပင် မပြည့်ပေ။ နန်မန်တိုင်းပြည်က အင်အားကြီးမားသော်လည်း အစွမ်းထက်ကောင်းကင်ဝိဇ္ဇာများစွာ မပိုင်ဆိုင်ထားပေ။ စစ်သူကြီးနှစ်ယောက်ကို တပြိုင်နက်ဆုံးရှုံးရခြင်းက နန်မန်တိုင်းပြည်အတွက် ဆုံးရှုံးမှု အလွန်ကြီးနေခဲ့သည်။

"စစ်သူကြီးနှစ်ယောက်က ယဲ့ချန်လို့ခေါ်တဲ့ ပစ်မှတ်ကိုသတ်ဖို့ မြစိမ်းတိမ်တောင်တန်းကို သွားခဲ့ကြပါတယ်။ ကံမကောင်းစွာနဲ့ တစ်ဖွဲ့လုံး အသတ်ခံလိုက်ရပါတယ်။ လူတစ်ယောက်ပြောတာကတော့ စစ်သူကြီးစီခုန်းနဲ့ မြွေနဂါးကြီးတစ်ကောင် ကောင်းကင်ပေါ်မှာ တိုက်ခိုက်ကြတယ်။ တရားခံက မှော်သားရဲတွေဖြစ်နိုင်ပါတယ်။ ဧကရာဇ်မင်ဝူကလည်း အဲ့ဒီနေ့မှာ ရှီဝူနေပြည်တော်က မထွက်ခွာပါဘူး အရှင်"

စစ်သူကြီးက သူသိထားသမျှ သတင်းများကို တင်ပြလိုက်သည်။

"မှော်သားရဲတစ်ကောင် ယဲ့ချန် ကြည့်ရတာ ဒီကလေးကို ငါ အထင်သေးလိုက်မိပြီလား"

ထို့ပါဟုန်ယဲ့က မျက်မှောင်ကြုတ်၍ စဥ်းစားခန်းဝင်လိုက်သည်။

"ငါကိုယ်တော် အမိန့်ချမယ်။ စစ်သူကြီးနှစ်ယောက်ရဲ့ အလောင်းကို ရအောင်ပြန်ယူပြီး သိက္ခာနဲ့အညီ သင်္ဂြိုဟ်ပေးလိုက်။ မင်း သွားနိုင်ပြီ"

အချိန်တစ်ခုအကြာတွင် ထို့ပါဟုန်ယဲ့က စစ်သူကြီးကို အမိန့်တစ်ခုပေးလိုက်သည်။

"အမိန့်တော်အတိုင်းပါ အရှင်"

စစ်သူကြီးက ခေါင်းညွှတ်အရိုအသေပေးကာ ရင်ပြင်ပေါ်မှ ထွက်ခွာသွားခဲ့သည်။

ထို့ပါဟုန်ယဲ့သည် ရှီဝူအင်ပါယာဘက်သို့ မျှော်ကြည့်လိုက်သည်။ ထိုအင်ပါယာမှလွဲလျှင် ပတ်ဝန်းကျင်တိုင်းပြည်များက သူ၏လက်အောက်ခံ ဖြစ်လာကြသည်။ ရှီဝူအင်ပါသာလျှင် ဆက်လက်တောင့်ခံနေဆဲဖြစ်သည်။ မည်သည့်နည်းလမ်းများသုံးရပါစေ သူ၏အစီအစဥ်များ ပျက်စီးမခံနိုင်သဖြင့် ထို့ပါဟုန်ယဲ့က ရှီဝူအင်ပါယာကို သေချာပေါက်သိမ်းပိုက်ပေမည်။ မမျှော်လင်စွာဖြင့် ရှီဝူအင်ပါယာတွင် သူနှင့်ပါရမီချင်းယှဥ်နိုင်သော လူငယ်မျိုးဆက်တစ်ယောက် ကျော်ကြားလာသည်။ ဤပါရမီရှင်ကိုလည်း သူက သေချာပေါက် အပြတ်ရှင်းရပေလိမ့်မည်။

"ကန့်သတ်ဒေသက စတင်လာတော့မယ်။ ဒီကောင်လေးက မင်ဝူနဲ့ဆက်ဆံရေးကောင်းရင် တိုက်ပွဲကို ပါဝင်လာမှာ သေချာတယ်"

ထို့ပါဟုန်ယဲ့က ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ၏ကိုယ်တွင်းမှ ကြောက်မက်ဖွယ်ဖိအားတစ်ရပ် ပြန့်ထွက်လာသဖြင့် အနီးရှိကောင်းကင်ချီများပင် ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

ရှီဝူအင်ပါယာ တော်ဝင်ခြံဝန်း လျှို့ဝှက်အိမ်တော်အတွင်း ဖြစ်သည်။

ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိတို့က နောက်ဆုံးတွင် ပြန်ရောက်လာကြသည်။ လမ်းတလျှောက် တောအထပ်ထပ်တောင်အသွယ်သွယ်ကို ကျော်ဖြတ်ခဲ့ရသော်လည်း ယဲ့ချန်အနေဖြင့် ပျံသန်းနိုင်သော သားရဲများကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက မြို့တစ်မြို့သို့အရောက်တွင် ညဥ့်လေမြင်းတစ်ကောင်ကိုသာ ဝယ်ယူ၍ ခရီးနှင်ခဲ့ရပေသည်။

ယဲ့ချန်က ဆရာရွှမ်းယီနှင့် လီရှုတို့ကိုရှာဖွေရန် ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။

သူ၏ဆရာနှင့် ဆရာတူအစ်ကိုက ဆေးဖော်စပ်ခန်းတွင် ရှိနေကြသည်။ ဆရာရွှမ်းယီက ထိုင်ခုံဖြင့်ထိုင်နေပြီး လီရှုက ကြမ်းပြင်တွင် ဖျာငယ်တစ်ချပ်ဖြင့် လေးစားစွာနာယူနေခဲ့သည်။

"လီရှု မင်းက ဆေးပညာမှာ တော်တော်တိုးတက်လာတယ်။ ဂုဏ်ပြုပါတယ်"

ရွှမ်းယီကပြုံး၍ ပြောလိုက်သည်။

"ဆရာရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"

လီရှုက စိတ်လှုပ်ရှားနေပုံ မပေါ်ချေ။ သူ၏အရည်အချင်းက ယဲ့ချန်ဖြင့်ယှဥ်လျှင် နိမ့်ကျကြောင်း သဘောပေါက်ထားခဲ့သည်။

လီရှုနှင့်ရွှမ်းယီတို့ စကားပြောခြင်းကို ဝိညာဥ်အသိစိတ်ဖြင့် ခိုးနားထောင်ခြင်းက မသင့်တော်ဟု ခံစားရသဖြင့် ယဲ့ချန်က ၎င်းကို ပြန်လည်ရုတ်သိမ်းရန် ပြင်လိုက်သည်။ ထိုအခိုက်တွင် စကားဝိုင်းအတွင်း သူ၏နာမည် ပါဝင်လာခဲ့သည်။

"လီရှု ယဲ့ချန်က အလွန်ထူးချွန်ထက်မြက်တယ်။ သူက တန်းလူဆေးအိုးကို ဆက်ခံဖို့အတွက် ချွင်းချက်မရှိသင့်တော်တယ်။ မင်းအနေနဲ့ သူ့အပေါ်ကို မုဒိတာပွားပေးနိုင်မလား"

ရွှမ်းယီက စိုးရိမ်စွာမေးလိုက်သည်။ တန်းလူဆေးအိုးသည် သူ၏ဆရာထံမှ အမွေရခဲ့သော ရတနာတစ်ခုဖြစ်သည်။ အတိတ်တွင် လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်းတို့က လီရှုကိုဘေးဖယ်ထားခြင်းမှာ ဆရာရွှမ်းယီက သူ့ကို မြင့်မြင့်မားမား မှန်းထားသောကြောင့် ဖြစ်သည်။ ရွှမ်းယီကွယ်လွန်သွားလျှင် တန်းလူဆေးအိုးကို လီရှုရသွားမည်အား လေ့ရီတို့သုံးယောက် မနာလိုဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဆရာတူညီအစ်ကိုများအကြား ဆက်ဆံရေးက အက်ကြောင်းထင်လာသည်။

"တန်းလူဆေးအိုး"

ယဲ့ချန်က ရေရွတ်လိုက်မိသည်။ သူက ရွှမ်းယီထံမှ မည်သည့်ရတနာမဆို မလိုချင်ခဲ့ပေ။ သင်ကြားပေးခဲ့သော ဆေးပညာဗဟုသုတများကပင် ယဲ့ချန်အတွက် အလွန်ကျေးဇူးကြီးမားခဲ့သည်။ ထို့အပြင် ဆရာတူအစ်ကိုလီရှုသာ သူ့ကို ထောက်ခံမပေးခဲ့လျှင် ဤသို့သင်ယူခွင့်ရမည် မဟုတ်ပေ။ ကျေးဇူးသိတတ်သော ယဲ့ချန်က ထိုဆေးအိုးကို ဆရာတူအစ်ကိုထံမှ လုယူရန်စိတ်ကူး လုံးဝမရှိချေ။

"ဆရာ ကျွန်တော်က တန်းလူဆေးအိုးအပေါ် လောဘတက်မှာကို စိုးရိမ်နေတာဆိုရင် စိတ်ချနေပါခင်ဗျာ။ တန်းလူဆေးအိုးက အစွမ်းထက်ရတနာတစ်ခုဖြစ်တယ်။ ဆရာကိုယ်တိုင် မဟာဆေးဆရာဖြစ်တာတောင်မှ ဒါကို အသက်မသွင်းနိုင်ခဲ့ဘူး။ ကျွန်တော်က ဆေးပညာမှာ အခုလိုတိုးတက်လာတယ်ဆိုတာကလည်း ညီလေးယဲ့ချန်ကို အတုယူကြိုးစားခဲ့လို့ပါ။ ကျွန်တော့်ပါရမီက သူ့အောက်နိမ့်ကျပါတယ်။ သူ့ရဲ့ဆရာတူအစ်ကိုအနေနဲ့ ညံ့ဖျင်းနေရင် အလွန်ရှက်စရာကောင်းလို့ ကျွန်တော်က ကြိုးစားခဲ့တာပါ"

လီရှုက ရွှမ်းယီစိုးရိမ်နေသကဲ့သို့ စိတ်ထားမျိုး မရှိချေ။ သူက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။

အပြင်ဘက်တွင်ရပ်၍ နားထောင်နေသော ယဲ့ချန်မှာ ဆရာနှင့်ဆရာတူအစ်ကို၏စကားများကြောင့် ပြုံးလိုက်မိသည်။ သူက ဆရာတူအစ်ကိုလီရှုအတွက် ဖိအားတစ်ခုဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ ရွှမ်းယီရော လီရှုပါ တစ်ကိုယ်ကောင်းဆန်သူများ မဟုတ်သောကြောင့် ယဲ့ချန်က တန်းလူဆေးအိုးကိုယူမည် မဟုတ်ပေ။ ရွှမ်းယီကို ဆယ်စုနှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သော လီရှုကသာ ဤရတနာနှင့်ထိုက်တန်ပေသည်။ ယဲ့ချန်သည် ဆရာနှင့်ဆရာတူအစ်ကို၏ ကြင်နာမှုကို တစ်သက်လုံး အမှတ်ရနေမည် ဖြစ်လေသည်။

***

All Chapters