လင်းယုန် နှင့် ခရု
Vol. 15 Ch. 202
လီရှု၏စကားကို ကြားသောအခါ ရွှမ်းယီက သဘောတကျ ရယ်မောလိုက်သည်။ သူက လီရှု၏ကိုယ်ကျင့်တရားကို အထင်သေးခဲ့ပုံပေါ်သည်။ လီရှုသာ တန်းလူဆေးအိုးအပေါ် လောဘတက်နေလျှင် လေ့ရီ၊ဟောင်ဖုန်းနှင့်ရန်ချန်းတို့နှင့် တန်းတူဖြစ်ပြီး ဆရာဖြစ်သူ၏ တန်ဖိုးထားခြင်းကို ခံရမည်မဟုတ်ပေ။
"ယဲ့ချန်က ပါရမီအလွန်ကြီးတယ်။ နှစ်ပေါင်းရာချီနေလာတဲ့ သက်တမ်းတလျှောက် ဒီလိုပါရမီရှင်မျိုး မတွေ့ဖူးဘူး။ ငါတို့လိုသာမန်လူတွေက သူနဲ့ မယှဥ်နိုင်ဘူး။ ဒါကိုလက်ခံပြီး ရှေ့ဆက်လျှောက်ရမှာပေါ့ကွယ်"
ရွှမ်းယီသည် လီရှု၏စကားကြောင့် စိတ်အေးသွားကာ ဝမ်းမြောက်ဝမ်းသာဖြင့် အကြံပေးလိုက်၏။
"စစ်တပ်တစ်ခုရဲ့ စစ်သူကြီးက လူတွေကို အမိန့်ပေးချင်ပေးနိုင်မယ်။ သာမန်လူတစ်ယောက်ရဲ့စိတ်ကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဆရာအနေနဲ့ အတိတ်ကပြောဖူးတဲ့ ပုံပြင်တစ်ခုကို မှတ်မိသေးလား"
သို့သော် လီရှုက ခေါင်းမာစွာဖြင့် ခေါင်းယမ်းပြလိုက်သည်။
"ငါ မေ့သွားပြီ"
ရွှမ်းယီက တစ်ချက်ပြုံး၍ ဖြေသည်။
"အတိတ်က ဆရာပြောခဲ့တဲ့စကားဟာ ကျွန်တော့်စိတ်ထဲမှာ အခုချိန်အထိ လတ်ဆတ်နေဆဲပါ။ အရှေ့ကုန်းမြေကြီးရဲ့ အနောက်ဘက်အကျဆုံးဒေသမှာ ကောင်းကင်ကိုရောက်နေတဲ့ မျှော်စင်တစ်ခုရှိတယ်။ ဒီအပေါ်ကို သတ္တဝါနှစ်ကောင်ကလွဲလို့ ဘယ်သူမှ မရောက်ဖူးဘူး။ တစ်ခုက ရွှေလင်းယုန်ဖြစ်ပြီး နောက်တစ်ကောင်က ခရုဖြစ်တယ်။ ကျွန်တော်လည်း ခရုလိုခိုင်မာသန်စွမ်းတဲ့ ဇွဲလုံ့လကို အရင်းပြုပြီး တစ်နေ့မှာ မျှော်စင်ထိပ်ကို တက်နိုင်ရမယ်။ ကျွန်တော်က ညီလေးယဲ့ချန်ကို မနာလိုမဖြစ်တဲ့အပြင် သူ့အောင်မြင်မှုတွေအတွက် ဂုဏ်ပြုနေမှာပါ။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့ဆရာတူအစ်ကိုဖြစ်နေတော့ သေချာပေါက်ကြိုးစားမယ်"
လီရှုက တည်ကြည်လေးနက်စွာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။
"ဒီတစ်ခေါက်ပုံပြင်ကို ကြားလိုက်ရတော့ လီရှု မင်းက ဆရာ့ကို သင်ခန်းစာတစ်ခု သင်ပေးလိုက်တယ်။ မင်းရဲ့ဆရာအနေနဲ့ အရှက်ရမိပါတယ်"
လီရှု၏စကားကြောင့် ရွှမ်းယီက အချိန်တစ်ခုကြာ မင်သက်သွားပြီးမှ ချီးကျူးလိုက်သည်။
ခြံဝန်းအပြင်မှ ဝိညာဥ်အသိစိတ်ဖြင့် နားထောင်နေသော ယဲ့ချန်ပင်လျှင် လီရှု၏စကားကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။ ဆရာတူအစ်ကိုဖြစ်စေ၊ ဆရာဖြစ်စေ ကိုယ်ကျင့်တရားအရာတွင် စံထားလောက်သူများ ဖြစ်ကြသည်။ ယဲ့ချန်အနေဖြင့်လည်း ဆရာတူအစ်ကိုလီရှုမှာ တစ်နေ့တွင် သူလိုချင်သော အောင်မြင်မှုကို ရရှိပါစေဟု ဆုတောင်းပေးခဲ့သည်။
ယဲ့ချန်သည် ဆရာရွှမ်းယီနှင့် ဆရာတူအစ်ကိုလီရှုကို မိသားစုဝင်များအဖြစ် ယဲ့မျိုးနွယ်နှင့်တန်းတူ သတ်မှတ်လိုက်လေသည်။
ရွှမ်းယီနှင့်လီရှုက စကားပြောနေကြစဥ် တံခါးခေါက်သံ ခပ်ဖွဖွထွက်ပေါ်လာသည်။
"လီရှု တံခါးသွားဖွင့်ပေးလိုက်ပါ"
ရွှမ်းယီက လီရှုကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
"ညီလေးယဲ့ မင်းပြန်လာပြီလား"
လီရှုက ထိုင်ရာမှ ထရပ်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ ယဲ့ချန်ကိုတွေ့သောအခါ သူက ပြုံး၍ ကြိုဆိုလိုက်သည်။
"ဟုတ်ကဲ့ ဆရာတူအစ်ကိုလီ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။
"ဝင်လာခဲ့ကွာ။ ငါတို့က မင်း ဒီလောက်မြန်မြန် ပြန်လာမယ်မထင်ဘူး။ အပြင်ရောက်တုန်းရောက်ခိုက် ပျော်နေမယ်ထင်တာ"
လီရှုက စနောက်လိုက်သည်။
"ဆရာ"
ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိက အခန်းတွင်းသို့ ဝင်ရောက်လာကြသည်။ ယဲ့ချန်က ရွှမ်းယီ၏ရှေ့တွင် ခေါင်းညွှတ်၍ အရိုအသေပေးလိုက်သည်။
"မင်းကိစ္စ ပြီးခဲ့ပြီလား"
ရွမ်းယီက မေးလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်၍ ဖြေသည်။
"အခုတလော ငါ မျက်ခွံတွေ အရမ်းလှုပ်နေတော့ မင်းဒုက္ခရောက်နေမှာကို စိုးရိမ်နေခဲ့တယ်။ မင်းက လုံလုံခြုံခြုံပြန်ရောက်လာတာ ကောင်းတယ်။ ဒါက ခက်ခဲတဲ့ခရီးတစ်ခု ဖြစ်ခဲ့မှာဆိုတော့ မင်းအနေနဲ့ နှစ်ရက်လောက် အနားယူလိုက်ပါဦး"
ရွှမ်းယီက ကြင်နာစွာပြောလိုက်သည်။ ယဲ့ချန်ကို စောင့်ကြည့်နေသူ များစွာရှိသောကြောင့် ယခုပြန်ရောက်လာသောအခါ သူ၏စိတ်ထဲရှိအလုံးကြီး ကျသွားခဲ့သည်။
ရွှမ်းယီ၏စကားကို ကြားရသောအခါ ယဲ့ချန်၏ရင်ထဲတွင် ရိုသေလေးစားစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
"စကားမစပ် မင်းမရှိတုန်း မင်ဝူက နှစ်ခေါက်တောင် ရောက်လာခဲ့တယ်။ မင်းပြန်ရောက်ပြီဆိုတော့ သူ့ကို သွားတွေ့လိုက်ပါဦး"
ရွှမ်းယီက မင်ဝူရောက်လာကြောင်း သတိပေးလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်သည်။
ထို့နောက် ရွှမ်းယီနှင့်လီရှုက ယဲ့ချန်၏အတွေ့အကြုံကို မေးမြန်းလိုက်ကြသည်။ ယဲ့ချန်သည် မြစိမ်းတိမ်ဂိုဏ်းတွင် သူ၏ဝမ်းကွဲညီမလေး အနှိပ်စက်ခံရပုံနှင့် သူမကိုကယ်တင်ပြီး ယဲ့မျိုးနွယ်သို့ လင်းတနီဖြင့်ပြန်ပို့လိုက်ပုံကို ပြောပြလိုက်၏။ သို့သော် ရှောင်ရိက မြစိမ်းတိမ်ဂိုဏ်းကို ခြောက်လှန့်ရန် မူလအသွင်ပြောင်းခဲ့ခြင်း၊ နန်မန်တိုင်းပြည်၏ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရခြင်းနှင့် မြေခွေးမျိုးနွယ်ခွဲတစ်ခုကို တွေ့ခဲ့ရခြင်းတို့အား ဖုံးကွယ်ထားခဲ့သည်။ သူက ရွှမ်းယီနှင့်လီရှုကို မယုံ၍မဟုတ်ဘဲ ဤအကြောင်းများကိုသိလျှင် အကျိုးထက် အပြစ်က ပိုများနေသောကြောင့် ဖြစ်သည်။
ရွှမ်းယီနှင့်လီရှုကလည်း အသေးစိတ်အထိ လိုက်လံမစပ်စုခဲ့ကြပေ။
ရွှမ်းယီကဲ့သို့ ဆရာတစ်ယောက်ရှိခြင်းသည် ယဲ့ချန်အတွက် ကံကြမ္မာက မျက်နှာသာပေးခြင်းဖြစ်သည်။ လေ့ရီတို့လူစုက အဘယ်ကြောင့် သစ္စာဖောက်ခဲ့ခြင်းကို သူ နားမလည်နိုင်ပေ။ ရွှမ်းယီထက် ပိုမိုကောင်းမွန်သော ဆရာတစ်ယောက်ကို သူတို့အနေဖြင့် ရှာတွေ့ရန် မဖြစ်နိုင်ပေ။
ယဲ့ချန်က ဆရာ၊ ဆရာတူအစ်ကိုတို့ဖြင့် ညနေခင်းတိုင်အောင် စကားလက်ဆုံကျခဲ့သည်။ သူက အခန်းသို့ပြန်ရောက်သောအခါ ဆက်လက်ကျင့်ကြံလိုက်သည်။ ရှောင်ရိသည်လည်း အမွေးပွလေး၏လမ်းညွှန်မှုဖြင့် မှော်သားရဲတို့တတ်အပ်သော သိုင်းပညာကို စတင်လေ့ကျင့်ခဲ့သည်။
ဒေါင်မန်ယင်ရန်နှင့် တိုက်ပွဲတွင် ယဲ့ချန်အနေဖြင့် များစွာသင်ယူခဲ့ရသည်။ သူ့အနေဖြင့် ဝိညာဥ်စစ်သည်တော်၏ စွမ်းဆောင်နိုင်စွမ်းကို ပိုမိုသိရှိလာရသည်။ ရန်သူနှင့် ဝိညာဥ်စစ်သည်တော်၏ နောက်ဆုံးတိုက်ပွဲတွင် ဝိညာဥ်စစ်သည်တော်၏ဓားချက်၌ ကောင်းကင်ဘုရင်နေဖြိုခွဲသိုင်းက ပေါင်းစပ်ပါဝင်နေခဲ့သည်။ ယဲ့ချန်သည် ဤတိုက်ပွဲကြောင့် ကျင့်ကြံရာတွင် ဉာဏ်အလင်းတစ်ခု ရရှိခဲ့သည်။
ယဲ့ချန်သာ ကောင်းကင်ဘုရင်နေဖြိုခွဲကျင့်စဥ်ကို ဝိညာဥ်စစ်သည်တော်ဖြင့် အသုံးပြုနိုင်ကြောင်းသိလျှင် လူတိုင်း တအံ့တသြဖြစ်ကုန်ကြပေမည်။ ထို့ကြောင့် ယဲ့ချန်မှာ တော်ဝင်ခြံဝန်းအတွင်း ဝိညာဥ်စစ်သည်တော်ကို မထုတ်ဖော်ရဲပေ။ သူက မြင်းထိုင်သဏ္ဍာန်ထိုင်၍ ကောင်းကင်ချီကို လည်ပတ်လိုက်သည်။ သူက လက်သီးချက်များထုတ်ဖော်၍ ကောင်းကင်ဘုရင်နေဖြိုခွဲကျင့်စဥ်ကို မသိမသာကျင့်ကြံနေခဲ့သည်။
ယဲ့ချန်အတွက် ဝိညာဥ်စစ်သည်တော်ကို သိုင်းပညာအသုံးပြုစေခြင်းက အလွန်ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
ယဲ့ချန်သည် အခြားလူများ၏ ကိုယ်တွင်းချီလည်ပတ်မှုကို မသိပေ။ သူ့အနေဖြင့် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကြောင့် ကောင်းကင်ဘုရင်နေဖြိုခွဲကျင့်စဥ်ကို လည်ပတ်တိုင်း ခန္ဓာကိုယ်တွင်း၌ ချီကြောကိုးခု ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။ ထိုချီကြောများက တူရိယာတစ်ခု၏ကြိုးများကဲ့သို့ တုန်ခါနေကာ အချင်းချင်းပဲ့တင်ထပ်နေကြသည်။ ချီကြောတိုင်း၏ဖွဲ့စည်းပုံက အလွန်ကွာခြားသော်လည်း ဒန်တန်အတွင်းမှ ကြယ်တာရာစက်ဝိုင်းတစ်ခုစီဖြင့် ချိတ်ဆက်နေခဲ့သည်။
ယဲ့ချန်သည် ချီကြောများ၏တုန်ခါမှုကို ရင်းနှီးလာလျှင် ကောင်းကင်ဘုရင်နေဖြိုခွဲကျင့်စဥ်ကို ကျင့်ကြံရန် ပိုမိုလွယ်ကူလာမည်ဟု ခံစားနေရသည်။
ဤသို့ဖြင့် ယဲ့ချန်က တစ်ညလုံး ကျင့်ကြံနေခဲ့သည်။ နံနက်စောစောတွင် ခြံဝန်းအတွင်း မြူများရစ်သိုင်းနေပြီး အနီးပတ်ဝန်းကျင်မှ ငှက်အော်သံများကို ကြည်နူးဖွယ်ကြားနေရသည်။ ကောင်းကင်ထက်တွင် နေမင်းကြီး ထွက်ပေါ်လာသဖြင့် မြူများက ရွှေရောင်လင်းလက်လာသည်။
"အမွေးပွလေး ရှောင်ရိ ငါတို့ဧကရာဇ်မင်ဝူကို သွားတွေ့ကြစို့။ မြို့တော်ကိုလည်း လည်ပတ်ကြမယ်"
ယဲ့ချန်က အဖော်နှစ်ယောက်ကို ခေါ်လိုက်သည်။ သူက မြို့တော်သို့ ရောက်ရှိချိန်မှစ၍ ပုန်းကွယ်နေခဲ့ရသည်။ လက်ရှိတွင် သူ၏ခွန်အားက တိုးတက်လာပြီး အမွေးပွလေးနှင့် သူ၏ဝိညာဥ်အသိစိတ်ကို ပေါင်းလိုက်လျှင် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်၏ စွမ်းအားမျိုး ပိုင်ဆိုင်နိုင်သည်။ အကယ်၍ ယဲ့ချန်က ထိုက်ရှန်းတောင်ဂိုဏ်းနှင့် ထိုက်ရီဓားဂိုဏ်းအတွင်း ဝင်ရောက်မည်ဆိုလျှင်ပင် ပြဿနာမဖြစ်နိုင်ပေ။ နန်မန်တိုင်းပြည်နှင့် ရန်ငြိုးရှိသော်လည်း ၎င်းက မိုင်ပေါင်းရှစ်ထောင်ကွာဝေးသဖြင့် နောက်ထပ်ကျင့်ကြံသူများ ထပ်မံစေလွှတ်နိုင်ဦးမည် မဟုတ်ပေ။
"အစ်ကိုကြီး မြို့ကို လည်ပတ်ကြမယ်ဆိုရင် ပျော်စရာကြီးဗျာ"
ရှောင်ရိက ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။
"ရှောင်ရိ မင်းရဲ့သိုင်းပညာက ဘယ်လိုလဲ"
ယဲ့ချန်က ရှောင်ရိ၏ခေါင်းကို ပုတ်၍ မေးလိုက်သည်။
ရှောင်ရိမှာ ချက်ချင်းစိတ်ဓာတ်ကျသွားပြီး မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။
ယဲ့ချန်သည် အမွေးပွလေးကို ကြည့်လိုက်သောအခါ သူမ၏အမူအရာကြောင့် ရှောင်ရိ၏ သိုင်းပညာသင်ကြားမှုက တိုးတက်ခြင်းမရှိကြောင်း နားလည်သွားခဲ့သည်။
"အစ်ကိုကြီး ကျွန်တော်က တုံးလွန်းတယ်"
ရှောင်ရိက တစ်ညလုံးလေ့ကျင့်သည့်တိုင်အောင် အလွယ်ဆုံးသိုင်းပညာကိုပင် မတတ်မြောက်ခဲ့ပေ။
"ကိစ္စမရှိပါဘူး။ ဆင်လည်းဆင့်အထွာ ဆိတ်လည်းဆိတ်အထွာပေါ့။ မင်းက သိုင်းပညာမတတ်ရင်တောင် အစွမ်းထက်ပြီးသားပါ"
ယဲ့ချန်က နှစ်သိမ့်လိုက်သည်။
"ဆင်လည်းဆင့်အထွာ ဆိတ်လည်းဆိတ်အထွာ"
ရှောင်ရိက ထိုစကားပုံကို ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ သူက ဤစကား၏အဓိပ္ပါယ်ကို နားမလည်သော်လည်း မျက်စိစုံမှိတ်ယုံကြည်သော အစ်ကိုကြီးပြောခဲ့သဖြင့် အဓိပ္ပါယ်များစွာရှိမည်ဟု လက်ခံလိုက်သည်။
"မှန်တယ်။ မင်းအနေနဲ့ သိုင်းပညာကို ဆက်လက်ကျင့်ကြံရင် တစ်နေ့မှာ အောင်မြင်ပါလိမ့်မယ်"
ယဲ့ချန်က ရှောင်ရိ၏ပခုံးကိုပုတ်၍ ပြောလိုက်သည်။
"ဟုတ်"
ရှောင်ရိက ခေါင်းညိတ်သည်။
ထို့နောက် ယဲ့ချန်တို့သုံးယောက်က ဆရာရွှမ်းယီထံ ခွင့်တောင်းကာ အပြင်သို့ထွက်လာခဲ့ကြသည်။
မြို့တော်တွင် တောင်ဝင်မျိုးနွယ်မှပိုင်ဆိုင်သော ခြံဝန်း၃၆ခု တည်ရှိသည်။ ၎င်းတို့တွင် ကိုယ်လုပ်တော်များ၊ သံတမန်များနှင့် မင်ဝူ၏ဧည့်သည်တော်များကို ထားသည်။ ယဲ့ချန်နေထိုင်သော ခြံဝန်းမှာ တော်ဝင်နန်းတော်၏အနီးတွင် တည်ရှိပေသည်။
အစောင့်အကြပ်များစွာ ချထားသော ခြံဝန်းအတွင်းမှ ထွက်ခွာပြီးနောက် ယဲ့ချန်သည် လူများပြွတ်သိပ်နေသော လမ်းမကြီးတစ်ခုပေါ် ရောက်လာခဲ့သည်။
အကယ်၍ သူတို့က လမ်းငါးပြဆက်သွားလျှင် ကျော်ကြားသော ပိုးတံတားလမ်းမကို ရောက်ပေလိမ့်မည်။ ထိုနေရာတွင် မြို့တော်တစ်ခုလုံး၏ အထက်တန်း ကြေးစားမယ်များရှိသည်။ ထို့ကြောင့် သူဌေးသားများပင်လျှင် ချွတ်ခြုံကျအောင် မွဲတေသွားနိုင်သည်။
ယဲ့ချန်သည် မင်ဝူကို သွားရောက်တွေ့ဆုံရန် အလျင်မလိုပေ။ သူက စည်ကားသောမြို့တော်ကို နံနက်ခင်းတွင် လည်ပတ်ပြီး နေ့လယ်ခင်းတွင် မင်ဝူကိုတွေ့မည်ဟု ဆုံးဖြတ်ထားသည်။ ပိုးတံတားလမ်းကိုတော့ သေချာပေါက်သွားမည် မဟုတ်ပေ။
နန်းမြို့တော်သည် ရှည်လျားသော သမိုင်းကြောင်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အဆောက်အအုံများက ရှေးဆန်သော ဗိသုကာလက်ရာကို ဖော်ကျူးနေသည်။ ကျင့်ကြံခြင်းက ပဓာနကျသော်လည်း ဤလောကတွင် လူအဖွဲ့အစည်းတစ်ခုက တိုးတက်လာနေခဲ့သည်။
ယဲ့ချန်သည် မြို့တော်အတွင်း လမ်းလျှောက်ရင်း လူအဖွဲ့အစည်းနှင့်တာအိုကို ဆက်စပ်တွေးတောနေသည်။ လူသားများမျိုးပွားခြင်း၊ စွမ်းရည်နှင့်အနုပညာများ ထွန်းကားလာခြင်းနှင့် ရှေ့ဆက်သွားနေသော လူအဖွဲ့အစည်းက တာအိုပင် ဖြစ်သည်။
ယဲ့ချန်၏အတွေးများကို ရိပ်စားမိသော အမွေးပွလေးကလည်း ပခုံးပေါ်တွင် ငြိမ်သက်စွာထိုင်၍ ချီစီးဆင်းမှုကို ခံစားနေသည်။
ထိုအချိန်တွင် ရှောင်ရိမှာ ယဲ့ချန်ပေးထားသော ငွေဖြင့် အစားအသောက်များဝယ်ယူနေပြီ ဖြစ်သည်။ သူသည် ဤငွေစများက တန်ဖိုးရှိကြောင်း နားလည်လာသည်။ သူစားချင်သမျှကို ငွေစများဖြင့် ပေးချေရယူနိုင်သည်။ ချီစုစည်းခြင်းဆေးတစ်လုံးက ငွေစငါးဆယ်နှင့်ညီမျှသည်ဟု ကြားဖူးထားသောကြောင့် အနာဂတ်တွင် သိုလှောင်အိတ်များများ လုယူရမည်ဟု ဆုံးဖြတ်လိုက်သည်။
အချိန်တိုအတွင်း ရှောင်ရိသည် ဘန်းမုန့်ရှစ်ဆယ်၊ အစာသွပ်မုန့်ခြောက်ဆယ်၊ အမဲကင်ငါးကတ်တီစသည်တို့ကို စားသောက်လိုက်သည်။ သူ့ကိုကြည့်နေသော လမ်းဘေးစျေးသည်များမှာ သားရဲတစ်ကောင်ကို မြင်တွေ့နေရသကဲ့သို့ မျက်လုံးပြူးနေကြသည်။ သူတို့၏တစ်သက်တွင် ကလေးတစ်ယောက်က ဤမျှအစားသောင်းကျန်းသည်ကို မမြင်ဖူးပေ။
***